ပိုင်းလိုနိုက်ဒယ် အရေပြားအိတ်

အကျဉ်းချုပ်အကြောင်းအရာ

ပိုင်းလိုနိုက်ဒယ် အရေပြားအိတ် ဆိုသည်မှာ မြီးညောင့်ရိုးအနီးတွင် ဖြစ်ပေါ်တတ်ပြီး အမွှေးအမျှင်များနှင့် အရေပြားဆဲလ်သေများဖြင့် ပြည့်နေသော အိတ်သဏ္ဌာန် အကျိတ်တစ်ခု ဖြစ်ပါသည်၊၊ ဤအရေပြားအိတ်များသည် များသောအားဖြင့် အမွှေးအမျှင်များ အရေပြားအတွင်းသို့ ထိုးဝင်ပြီး ပိတ်မိနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်၊၊ အကယ်၍ ပိုးဝင်သွားပါက ပြင်းထန်သော နာကျင်မှုကို ဖြစ်စေနိုင်ပါသည်၊၊

နာကျင်မှုဖြစ်စေသော အရေပြားအိတ်များအတွက် ကုသမှုခံယူရန် လိုအပ်ပါသည်၊၊ ဤအိတ်များသည် တစ်ကြိမ်တည်းဖြစ်ပြီး ပျောက်ကင်းသွားနိုင်သကဲ့သို့ ခဏခဏလည်း ပြန်ဖြစ်နိုင်ပါသည်၊၊ အကယ်၍ ကုသမှုမခံယူဘဲ ထားရှိပါက နာတာရှည်ဖြစ်သွားပြီး ပြည်တည်နာများနှင့် အရေပြားအတွင်း လမ်းကြောင်းများ ဖြစ်ပေါ်လာနိုင်ပါသည်၊၊

ရောဂါလက္ခဏာများ

ဤအရေပြားအိတ်သည် ကနဦးတွင် မည်သည့်လက္ခဏာမှ မပြဘဲ ရှိနေနိုင်ပါသည်၊၊ သို့သော် အိတ်အတွင်း ပိုးဝင်သွားပါက ပတ်ဝန်းကျင် အရေပြားများ ဖောရောင်လာပြီး နာကျင်မှုကို ဖြစ်စေပါသည်၊၊ ပိုးဝင်နေသော အရေပြားအိတ်၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ထိခိုက်မိသော နေရာတွင် နာကျင်ခြင်း
  • အရေပြား ရောင်ရမ်းခြင်း
  • အလွန်အမင်း နုံးချိခြင်း
  • ဖျားခြင်း
  • ပျို့ခြင်း
  • တင်ပါးဆုံကြား အပေါ်ဘက်နားတွင် ချိုင့်ခွက်ကဲ့သို့ ဖြစ်နေခြင်း
  • အရေပြားမှ အနံ့နံသော ပြည်များ ထွက်ခြင်း

အကယ်၍ သင်သည် ဤလက္ခဏာများကို ခံစားနေရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ၊၊

ဖြစ်ပွားရသောအကြောင်းရင်းများ

ပိုင်းလိုနိုက်ဒယ် အရေပြားအိတ် အများစုသည် ကျွတ်ထွက်နေသော အမွှေးအမျှင်များ အရေပြားအတွင်းသို့ ထိုးဝင်ခြင်းကြောင့် ဖြစ်ပွားရပါသည်၊၊ ပွတ်တိုက်မှုနှင့် ဖိအားများဖြစ်စေသော တင်းကျပ်သည့် အဝတ်အစားများ ဝတ်ဆင်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အချိန်အတော်ကြာ ထိုင်နေခြင်းတို့က အမွှေးအမျှင်များကို အရေပြားအတွင်းသို့ ရောက်သွားစေရန် တွန်းပို့သကဲ့သို့ ဖြစ်စေပါသည်၊၊

ခန္ဓာကိုယ်သည် ထိုအမွှေးအမျှင်ကို ပြန်လည်တွန်းထုတ်ရန် ကြိုးစားသည့်အနေဖြင့် ၎င်း၏ပတ်ပတ်လည်တွင် အိတ်တစ်ခုသဏ္ဌာန် တည်ဆောက်လိုက်ခြင်း ဖြစ်ပါသည်၊၊ ဤအရေပြားအိတ်များသည် များသောအားဖြင့် မြီးညောင်းရိုးနေရာတွင် ဖြစ်ပေါ်လေ့ရှိပါသည်၊၊

ဖြစ်နိုင်ခြေရှိသောအချက်များ

အောက်ပါအချက်များသည် ပိုင်းလိုနိုက်ဒယ် အရေပြားအိတ် ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်-

  • ကိုယ်အလေးချိန် လွန်ကဲခြင်း
  • လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံရှိခြင်း
  • အချိန်ကြာမြင့်စွာ ထိုင်ရခြင်း
  • ကိုယ်ခန္ဓာတွင် မာကျောပြီး ထူထဲသော အမွှေးအမျှင်များရှိခြင်း
  • တင်းကျပ်သော အဝတ်အစားများ ဝတ်ဆင်ခြင်း
  • အသက် ၂၀ မှ ၃၅ နှစ်ကြားရှိသော အမျိုးသားများတွင် ပိုမိုအဖြစ်များခြင်း

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ထိခိုက်နေသော အရေပြားကို စမ်းသပ်စစ်ဆေးခြင်း၊ သင်ခံစားနေရသော လက္ခဏာများ၊ ကျန်းမာရေးရာဇဝင်နှင့် နေထိုင်မှုပုံစံ အလေ့အထများကို မေးမြန်းခြင်းဖြင့် ဤအရေပြားအိတ်ရောဂါ ရှိ၊ မရှိကို အတည်ပြုနိုင်ပါသည်။

ကုသခြင်း

ဤအရေပြားအိတ်ကို ဖယ်ရှားရန် ခွဲစိတ်မှုလိုအပ်ခြင်း ရှိ၊ မရှိမှာ သင်၏ရောဂါလက္ခဏာ မည်မျှပြင်းထန်သည်အပေါ် မူတည်ပါသည်။ ခွဲစိတ်ကုသခြင်းအပြင် အခြားသော ကုသမှုပုံစံများလည်း ရှိနိုင်ပါသည်၊၊ ဥပမာအားဖြင့်-

  • အရေပြားအိတ်အတွင်းမှ အရည်ထုတ်ခြင်း။ ဤလုပ်ဆောင်ချက်ကို ဆရာဝန်၏ ဆေးခန်းတွင်ပင် တိုက်ရိုက်လုပ်ဆောင်နိုင်ပါသည်။ ပိုးဝင်နေသော အရေပြားအိတ်ကို သေးငယ်သော ဓားရာပေး၍ ဖွင့်ပြီးအတွင်းရှိ အရည်များကို ထုတ်ပစ်ခြင်း ဖြစ်ပါသည်။
  • ဆေးထိုး၍ ကုသခြင်း။ မပြင်းထန်သော သို့မဟုတ် အသင့်အတင့်ရှိသော အရေပြားအိတ်များကို အက်စစ်ဓာတ်ပါဝင်သော ဓာတုပစ္စည်းတစ်မျိုးကို ထိုးသွင်းခြင်းဖြင့် ကုသနိုင်သကဲ့သို့ ကာကွယ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။
  • ပိုးသတ်ဆေးများ။ အရေပြားယားယံရောင်ရမ်းခြင်းကို ပိုးသတ်ဆေးများဖြင့် ကုသနိုင်ပါသည်။ သို့သော် ပိုးသတ်ဆေးတစ်ခုတည်းဖြင့် ဤအရေပြားအိတ်ကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပါ။
  • လေဆာဖြင့် ကုသခြင်း။ အရေပြားအတွင်းသို့ ပြန်လည်ထိုးဝင်ပြီး အရေပြားအိတ်များ ထပ်မံဖြစ်ပေါ်စေနိုင်သည့် အမွှေးအမျှင်များကို လေဆာဖြင့် ဖယ်ရှားပစ်နိုင်ပါသည်။
  • ခေတ်မီလေဆာစနစ်ဖြင့် ကုသခြင်း (SiLaC)။ ၎င်းမှာ ခန္ဓာကိုယ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသော အဆင့်မြင့် ခွဲစိတ်ကုသမှုနည်းလမ်းသစ်တစ်ခု ဖြစ်ပါသည်။ အထူးပြုလုပ်ထားသော လေဆာမျှင်ကို အသုံးပြု၍ အရေပြားအောက်ရှိ လမ်းကြောင်းကို အတွင်းပိုင်းမှ အပူပေးကာ ပိတ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းသည် ကြီးမားသော ခွဲစိတ်ဒဏ်ရာများ ရရှိခြင်းမှ ကင်းဝေးစေပြီး ပြန်လည်ကျန်းမာလာမည့် အချိန်ကိုလည်း သိသိသာသာ လျှော့ချပေးပါသည်။

အကယ်၍ သင်သည် နာတာရှည် အရေပြားအိတ်ဖြစ်နေပါက သို့မဟုတ် ပိုမိုဆိုးရွားလာပြီး အရေပြားအောက်တွင် လမ်းကြောင်းများ ဖြစ်ပေါ်နေပါက ၎င်းမှာ ပြင်းထန်သောအခြေအနေဖြစ်သဖြင့် အရေပြားအိတ်တစ်ခုလုံးကို ဖြတ်ထုတ်ဖယ်ရှားရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။ ထိုသို့ ခွဲစိတ်ပြီးနောက်တွင် ဆရာဝန်သည် ခွဲစိတ်ဒဏ်ရာကို ဂွမ်းထည့်ရန်အတွက် ပွင့်လျက်အတိုင်း ထားရှိနိုင်သကဲ့သို့ ချုပ်ရိုးဖြင့် ပိတ်ခြင်း သို့မဟုတ် ခန္ဓာကိုယ်၏ ကျန်းမာသော နေရာမှ အရေပြားကို ယူ၍ ဖာထေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါသည်။

Doctors who treat this condition