အစွန်အဖျားအာရုံကြောအကျိတ်
အကျဉ်းချုပ်အကြောင်းအရာ
အစွန်အဖျားအာရုံကြောအကျိတ်ဆိုသည်မှာ ဦးနှောက်မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ အချက်ပြချက်များ ပေးပို့သော အာရုံကြောများအတွင်း သို့မဟုတ် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်လာသည့် အကျိတ်အမျိုးအစား ဖြစ်ပါသည်၊၊ ထိုအာရုံကြောများ၏ လုပ်ဆောင်ချက်မှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် အခြားလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ကြွက်သားများကို ထိန်းညှိပေးခြင်းအပြင် မျက်တောင်ခတ်ခြင်းနှင့် အစာမျိုခြင်းတို့ကိုပါ ထိန်းချုပ်ပေးခြင်း ဖြစ်ပါသည်၊၊
အစွန်အဖျားအာရုံကြောအကျိတ် အများစုမှာ ကင်ဆာမဟုတ်သော အကျိတ်များ ဖြစ်ကြသော်လည်း ၎င်းတို့သည် ခန္ဓာကိုယ်အတွင်း ကြီးထွားလာသောအခါ ဝေဒနာခံစားရခြင်း၊ အာရုံကြောများ ပျက်စီးခြင်းနှင့် လုပ်ဆောင်ချက်များ ဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်၊၊
အစွန်အဖျားအာရုံကြောအကျိတ်မှာ အဓိကအားဖြင့် နှစ်မျိုးရှိပါသည်-
- အာရုံကြောအတွင်း ဖြစ်သော အကျိတ်များ (Intraneural tumors)။ အာရုံကြော၏ အတွင်းပိုင်း၌ ကြီးထွားလာပြီး အာရုံကြောကို ပျက်စီးစေပါသည်၊၊
- အာရုံကြောပြင်ပ၌ ဖြစ်သော အကျိတ်များ (Extraneural tumors)။ အာရုံကြောကို ဖိမိခြင်းဖြင့် အာရုံကြော ပျက်စီးမှုကို ဖြစ်စေပါသည်၊၊
အစွန်အဖျားအာရုံကြောအကျိတ် အမျိုးအစားများ
- နားအာရုံခံ အာရုံကြောအကျိတ် (Acoustic neuroma)။ အတွင်းနားနှင့် ဦးနှောက်ကို ဆက်သွယ်ပေးထားသော အာရုံကြောတွင် ဖြစ်ပေါ်သည့် ကင်ဆာမဟုတ်သော အကျိတ် ဖြစ်ပါသည်၊၊
- ဒက်စမွိုက် အကျိတ် (Desmoid tumors)။ တွယ်ဆက်တစ်ရှူးများတွင် ဖြစ်ပေါ်သော ကင်ဆာမဟုတ်သည့် အကျိတ်ဖြစ်ပြီး များသောအားဖြင့် ဝမ်းဗိုက်၊ လက်မောင်းနှင့် ခြေထောက်တို့တွင် တွေ့ရတတ်ပါသည်၊၊
- ပြင်းထန်သော အစွန်အဖျားအာရုံကြော အကျိတ် (Malignant peripheral nerve sheath tumors)။ ၎င်းသည် အာရုံကြောအစွပ်လွှာတွင် ဖြစ်ပေါ်သော ကင်ဆာအမျိုးအစားဖြစ်ပြီး ကျောရိုးအာရုံကြောမကြီးကို ထိခိုက်စေနိုင်ပါသည်၊၊
- အာရုံကြောအမျှင်အကျိတ် (Neurofibroma)။ အရေပြားပေါ်တွင် သို့မဟုတ် အရေပြားအောက်တွင် ပျော့ပျောင်းသော အဖုအကျိတ်များအဖြစ် တွေ့ရတတ်ပြီး အာရုံကြောမကြီး သို့မဟုတ် အာရုံကြောငယ်များတွင် ဖြစ်ပေါ်နိုင်ပါသည်၊၊
- မျိုးရိုးလိုက် အာရုံကြောအကျိတ်ရောဂါ (Neurofibromatosis)။ မျိုးရိုးဗီဇဆိုင်ရာ ရောဂါစုကြောင့် ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးနှင့် အာရုံကြောတစ်ရှူးများပေါ်တွင် အကျိတ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်၊၊
- ရှဝမ်နိုးမား အကျိတ် (Schwannoma)။ အာရုံကြောအစွပ်လွှာတွင် ဖြစ်ပေါ်သော အကျိတ်ဖြစ်ပါသည်၊၊ ကင်ဆာမဟုတ်သော ဤအကျိတ်သည် လူကြီးများတွင် အဖြစ်အများဆုံး ဖြစ်သော်လည်း မည်သည့်အသက်အရွယ်မဆို၊ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပါသည်၊၊
ရောဂါလက္ခဏာများ
အစွန်အဖျားအာရုံကြောအကျိတ်သည် အဓိကအာရုံကြောကို တိုက်ရိုက်ထိခိုက်စေခြင်း သို့မဟုတ် ပတ်ဝန်းကျင်ရှိ အာရုံကြောများ၊ သွေးကြောများနှင့် တစ်ရှူးများကို ဖိမိခြင်းကြောင့် လက္ခဏာများ ပြတတ်ပါသည်၊၊ အကျိတ်ကြီးထွားလာသည်နှင့်အမျှ လက္ခဏာများမှာ ပိုမိုထင်ရှားလာနိုင်ပါသည်၊၊
အကျိတ်ဖြစ်သည့်နေရာနှင့် ထိခိုက်သွားသော တစ်ရှူးများပေါ်မူတည်၍ လက္ခဏာများ ကွဲပြားနိုင်ပါသည်-
- အရေပြားအောက်တွင် အဖုအကျိတ်ဖြစ်ခြင်း သို့မဟုတ် ဖောရောင်ခြင်း
- ကျဉ်တောင့်တောင့် ဖြစ်ခြင်း
- နာကျင်ခြင်း သို့မဟုတ် ထုံကျင်ခြင်း
- ဟန်ချက်ပျက်ခြင်း
- အားနည်းခြင်း
- ထိခိုက်နေသောနေရာ၏ လုပ်ဆောင်ချက်များ ဆုံးရှုံးခြင်း
အထူးသဖြင့် အဖုအကျိတ်မှာ အလွန်လျင်မြန်စွာ ကြီးထွားလာပါက ကျွမ်းကျင်ပညာရှင်နှင့် ချက်ချင်း ပြသသင့်ပါသည်၊၊
ဖြစ်ပွားရသောအကြောင်းရင်းများ
အစွန်အဖျားအာရုံကြောအကျိတ် အများစုမှာ ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရသေးပါ၊၊ ၎င်းမှာ မရင့်ကျက်သေးသော မျိုးဗီဇကြောင့် ဖြစ်နိုင်သလို ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်၊၊ အချို့သော ရောဂါများမှာမူ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်များနှင့် ဆက်စပ်နေပါသည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
အောက်ပါအခြေအနေရှိသူများတွင် ဤအကျိတ်များ ဖြစ်ပွားနိုင်ခြေ ပိုများပါသည်-
- မျိုးရိုးလိုက် အာရုံကြောအကျိတ်ရောဂါ ရှိခြင်း။ ပုံမှန်အားဖြင့် ဤအကျိတ်များသည် ကင်ဆာမဟုတ်သော်လည်း ခန္ဓာကိုယ်ရှိ အာရုံကြောများပေါ်တွင် သို့မဟုတ် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်တတ်ပါသည်၊၊ ဖြစ်သည့်နေရာပေါ်မူတည်၍ လက္ခဏာအမျိုးမျိုး ပြနိုင်ပါသည်၊၊
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့မိခြင်း။ ယခင်က ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူဖူးသည့် ရာဇဝင်ရှိပါက အစွန်အဖျားအာရုံကြောအကျိတ် ဖြစ်နိုင်ခြေ ပိုများပါသည်၊၊
ရောဂါရှာဖွေခြင်း
အစွန်အဖျားအာရုံကြောအကျိတ်ကို တိကျစွာ ရောဂါရှာဖွေနိုင်ရန် ကျွမ်းကျင်ပညာရှင်သည် ရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ လူနာ၏ ကျန်းမာရေးရာဇဝင်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အာရုံကြောဆိုင်ရာ စစ်ဆေးမှုအပါအဝင် အထွေထွေစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်၊၊ ရောဂါလက္ခဏာများ၏ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် တောင်းဆိုပါလိမ့်မည်-
- ပုံရိပ်ဖော်စစ်ဆေးမှုများ။ အကျိတ်၏ ပမာဏနှင့် အတိုင်းအတာကို သိရှိရန် အသုံးပြုပါသည်၊၊ ၎င်းတို့တွင်-
- သံလိုက်ဓာတ်မှန် (MRI)။ သံလိုက်လှိုင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ အာရုံကြောများနှင့် ပတ်ဝန်းကျင်ရှိ တစ်ရှူးများကို အသေးစိတ် သုံးဖက်မြင် (၃-ဒီ) ပုံရိပ်များ ဖော်ထုတ်ခြင်းဖြစ်ပါသည်၊၊
- ကွန်ပျူတာဓာတ်မှန် (CT)။ ဓာတ်မှန်ရိပ်များစွာကို ရိုက်ကူးပြီး ကွန်ပျူတာ အကူအညီဖြင့် အသေးစိတ်ပုံရိပ်များ ဖော်ထုတ်ခြင်းဖြစ်ပါသည်၊၊ ၎င်းသည် အကျိတ်က လူနာအပေါ် မည်သို့သက်ရောက်မှုရှိနေသည်ကို ကျွမ်းကျင်ပညာရှင်က ဆန်းစစ်နိုင်ရန် ကူညီပေးပါသည်၊၊
- ကြွက်သားလျှပ်စစ်လှိုင်းတိုင်းတာခြင်း (EMG)။ ဤစစ်ဆေးမှုတွင် ကျွမ်းကျင်ပညာရှင်က အပ်ငယ်တစ်ချောင်းကို ကြွက်သားထဲသို့ ထည့်သွင်းပြီး လူနာက ကြွက်သားကို လှုပ်ရှားရန် ကြိုးစားချိန်တွင် ဖြစ်ပေါ်လာသော လျှပ်စစ်စီးဆင်းမှု အခြေအနေကို မှတ်တမ်းတင်ခြင်းဖြစ်ပါသည်၊၊
- အာရုံကြောလျှပ်စစ်စီးဆင်းမှု စစ်ဆေးခြင်း။ လျှပ်စစ်အချက်ပြချက်များသည် အာရုံကြောဆဲလ်များမှတစ်ဆင့် ကြွက်သားများဆီသို့ မည်သည့်အရှိန်ဖြင့် သွားလာသည်ကို တိုင်းတာခြင်းဖြစ်ပါသည်၊၊ ဤစစ်ဆေးမှုကို EMG နှင့်အတူ တွဲဖက်လုပ်ဆောင်လေ့ရှိပါသည်၊၊
- အကျိတ်မှ အသားစယူစစ်ဆေးခြင်း။ ဆဲလ်နမူနာကို စနစ်တကျ ရယူစစ်ဆေးနိုင်ရန် အပ်ဖြင့် အသားစယူခြင်းကို အကြံပြုနိုင်ပါသည်၊၊ အကျိတ်၏ အရွယ်အစားနှင့် တည်နေရာပေါ်မူတည်၍ ထုံဆေး သို့မဟုတ် မေ့ဆေး လိုအပ်နိုင်ပါသည်၊၊
- အာရုံကြော အသားစယူစစ်ဆေးခြင်း။ လူနာတွင် အာရုံကြောအားနည်းခြင်း ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာခြင်း သို့မဟုတ် အာရုံကြောအကျိတ်နှင့်တူသော သွားဖုံးရောင်ခြင်းကဲ့သို့ အခြေအနေများရှိပါက အာရုံကြောမှ အသားစယူစစ်ဆေးခြင်းကို ပြုလုပ်နိုင်ပါသည်၊၊
ကုသခြင်း
ကုသမှုနည်းလမ်းသည် အာရုံကြောနှင့် တစ်ရှူးများကို ထိခိုက်နေသော အကျိတ်အမျိုးအစားနှင့် ခံစားနေရသော လက္ခဏာများပေါ်တွင် မူတည်ပါသည်၊၊ ကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- စောင့်ကြည့်စစ်ဆေးခြင်း။ အကယ်၍ အကျိတ်သည် သေးငယ်ပြီး ကြီးထွားမှု အလွန်နှေးကွေးပါက အနီးကပ်စောင့်ကြည့်ခြင်း ဖြစ်ပါသည်၊၊ အကျိတ်၏ အရွယ်အစားကို ဆန်းစစ်နိုင်ရန် ပုံရိပ်ဖော်စစ်ဆေးမှုများ (CT သို့မဟုတ် MRI) နှင့်အတူ ပုံမှန်တိုင်ပင်ဆွေးနွေးရန် အကြံပြုပါလိမ့်မည်၊၊
- ခွဲစိတ်ကုသခြင်း။ ပတ်ဝန်းကျင်ရှိ အာရုံကြောများနှင့် ကျန်းမာသော တစ်ရှူးများကို ထိခိုက်မှုမရှိစေဘဲ အကျိတ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါသည်၊၊ အကယ်၍ အကျိတ်ကို လုံးဝဖယ်ရှား၍မရပါက ခွဲစိတ်ဆရာဝန်များသည် တတ်နိုင်သမျှ အများဆုံး ဖယ်ရှားပေးပါလိမ့်မည်၊၊ အကျိတ်၏ တည်နေရာနှင့် အရွယ်အစားပေါ်မူတည်၍ ခွဲစိတ်မှုကြောင့် အာရုံကြော ထိခိုက်မှုအချို့ ရှိနိုင်ပါသည်၊၊ ယခုအခါ နောက်ဆုံးပေါ် နည်းပညာများဖြင့် ခက်ခဲသောနေရာရှိ အကျိတ်များကိုပင် ဖယ်ရှားနိုင်ပြီဖြစ်ပါသည်၊၊ အဏုစကုပ်သုံး၍ ခွဲစိတ်ခြင်း (Microsurgery) သည် အကျိတ်နှင့် ကျန်းမာသောတစ်ရှူးကို ခွဲခြားရန် ပိုမိုလွယ်ကူစေပါသည်၊၊ သို့သော် အကျိတ်ပြန်ဖြစ်နိုင်ခြေ အနည်းငယ် ရှိနိုင်ပါသည်၊၊
- ဓာတ်ရောင်ခြည်ဖြင့် တိကျစွာ ခွဲစိတ်ကုသခြင်း (Stereotactic radiosurgery)။ ဦးနှောက်အတွင်း သို့မဟုတ် အနီးရှိ အချို့သော အာရုံကြောအကျိတ်များကို ကုသရန်အတွက် ခွဲစိတ်ရာမလိုဘဲ ဓာတ်ရောင်ခြည်ကို အကျိတ်ဆီသို့ တိုက်ရိုက် ပေးပို့ကုသခြင်း ဖြစ်ပါသည်၊၊ ၎င်းတွင် ကုသသည့်နေရာ၌ ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်၊၊
- စံသတ်မှတ်ထားသော ကင်ဆာကုထုံးများ။ ပြင်းထန်သောအကျိတ်များ (ကင်ဆာကျိတ်များ) အတွက် ခွဲစိတ်ခြင်း၊ ဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ကုသခြင်းတို့ကို အသုံးပြုပါသည်၊၊ သို့သော် ကုသပြီးနောက်တွင် အကျိတ်ပြန်ဖြစ်နိုင်ခြေ ရှိပါသေးသည်၊၊
- ပြန်လည်သန်စွမ်းရေး ကုသမှု။ လူနာအနေဖြင့် ထိခိုက်သွားသော အာရုံကြောများ၏ လုပ်ဆောင်ချက်နှင့် လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိစေရန် ရုပ်ပိုင်းဆိုင်ရာနှင့် လုပ်ငန်းခွင်ဆိုင်ရာ ကုထုံးပညာရှင်များက ခွဲစိတ်မှုအပြီးတွင် ကူညီပေးပါလိမ့်မည်၊၊ အချို့သောအခြေအနေများတွင် အနာကျက်စေရန်အတွက် လက် သို့မဟုတ် ခြေထောက်ကို ပုံသေထားရန် အထောက်အကူပြု ကိရိယာများကို အသုံးပြုနိုင်ပါသည်၊၊
