သွေးဆုံးချိန်ဝန်းကျင် ကာလ

အကျဉ်းချုပ်အကြောင်းအရာ

သွေးဆုံးခါနီးကာလ ဆိုသည်မှာ “သွေးဆုံးချိန်ဝန်းကျင်” ဟု အဓိပ္ပာယ်ရပြီး သင်၏ခန္ဓာကိုယ်သည် သွေးဆုံးရန် သဘာဝအတိုင်း ပြင်ဆင်နေသည့် အချိန်ကာလကို ဖော်ပြခြင်းဖြစ်ပါသည်၊၊ ၎င်းကို မျိုးပွားနိုင်သည့်နှစ်များ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း အချက်ပြသည့် သွေးဆုံးကူးပြောင်းချိန်ကာလဟုလည်း သိကြပါသည်၊၊

အမျိုးသမီးများသည် အသက်အရွယ် အမျိုးမျိုးတွင် သွေးဆုံးခါနီးကာလကို စတင်ခံစားရတတ်ပါသည်၊၊ အသက် ၄၀ ကျော်အရွယ်တွင် ရာသီသွေးမမှန်ခြင်း သို့မဟုတ် သွေးဆုံးတော့မည်ဖြစ်ကြောင်း အခြားသော အချက်ပြလက္ခဏာများကို စတင်ကြုံတွေ့ရနိုင်ပါသည်၊၊ သို့သော် အချို့သောအမျိုးသမီးများသည် အသက် ၃၀ နှစ်များ၏ အလယ်ပိုင်းလောက်ကပင် ထိုပြောင်းလဲမှုများကို သတိပြုမိတတ်ကြပါသည်၊၊

သွေးဆုံးခါနီးကာလတွင် အဓိက အမျိုးသမီးဟော်မုန်းဖြစ်သော အီစထရိုဂျင် (Estrogen) ပမာဏသည် ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်ဘဲ အတက်အကျ ဖြစ်နေတတ်ပါသည်၊၊ သင်၏ ရာသီစက်ဝန်းသည် ပိုရှည်လာခြင်း သို့မဟုတ် ပိုတိုသွားခြင်းများ ဖြစ်နိုင်ပြီး မျိုးဥအိမ်မှ မျိုးဥထွက်ခြင်း (Ovulate) မရှိဘဲ ရာသီလာခြင်းများကိုလည်း စတင်ကြုံတွေ့ရနိုင်ပါသည်၊၊ ထို့ပြင် မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ အိပ်စက်ရခက်ခဲခြင်းနှင့် ရုတ်တရက် အသားပူလာခြင်း မီးယပ်ချမ်းထခြင်း ကဲ့သို့သော သွေးဆုံးသည့်လက္ခဏာများကိုလည်း ခံစားရနိုင်ပါသည်၊၊ ဤလက္ခဏာများကို သက်သာစေမည့် ကုသမှုများ ရှိပါသည်၊၊

သွေးဆုံးခါနီးကာလသည် ပျမ်းမျှအားဖြင့် လေးနှစ်ခန့် ကြာမြင့်တတ်ပါသည်၊၊ အချို့သူများသည် ဤကူးပြောင်းချိန်ကာလတွင် လေးနှစ်ထက်ပို၍ ကြာနိုင်သော်လည်း အချို့သူများတွင်မူ လအနည်းငယ်သာ ကြာတတ်ပါသည်၊၊

သွေးဆုံးခါနီးကာလ (ကူးပြောင်းချိန်) ပြီးနောက်တွင် သွေးဆုံးသည့်အဆင့် သို့ ရောက်ရှိပါသည်၊၊ သွေးဆုံးချိန်တွင် သင်၏ ရာသီသွေး လုံးဝရပ်တန့်သွားပါသည်၊၊ ရာသီသွေး လုံးဝမလာဘဲ (၁၂) လ တိတိ ပြည့်သွားသောအခါ သွေးဆုံးသွားပြီဟု သတ်မှတ်ပါသည်၊၊

ရောဂါလက္ခဏာများ

သွေးဆုံးကူးပြောင်းချိန်ကာလတွင် သင့်ခန္ဓာကိုယ်သည် သိသာသော သို့မဟုတ် မသိသာသော ပြောင်းလဲမှု အမျိုးမျိုးကို ဖြတ်သန်းရနိုင်ပါသည်၊၊ သင်သည် အောက်ပါတို့ကို ကြုံတွေ့ရနိုင်ပါသည်-

  • ရာသီသွေးမမှန်ခြင်း။ မျိုးဥထွက်ချိန်မှာ ခန့်မှန်းရခက်ခဲလာသည်နှင့်အမျှ ရာသီလာသည့် ကြားကာလသည် ပိုရှည်လာခြင်း သို့မဟုတ် ပိုတိုသွားခြင်းများ ဖြစ်နိုင်ပါသည်၊၊ ရာသီသွေးဆင်းမှုမှာလည်း နည်းခြင်း သို့မဟုတ် များခြင်း ဖြစ်နိုင်ပြီး အချို့လများတွင် ရာသီကျော်သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်၊၊ အကယ်၍ သင်၏ ရာသီစက်ဝန်းမှာ ပုံမှန်ထက် ခုနစ်ရက် သို့မဟုတ် ခုနစ်ရက်ထက်ပို၍ စတင်ပြောင်းလဲလာပါက သွေးဆုံးခါနီးကာလ၏ အစောပိုင်းအဆင့်တွင် ရှိနေနိုင်ပါသည်၊၊ အကယ်၍ ရာသီလာသည့် ကြားကာလသည် ရက်ပေါင်း ၆၀ ထက်ပို၍ ကွာဟနေပါက သွေးဆုံးခါနီး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်၊၊
  • ရုတ်တရက် အသားပူလာခြင်းနှင့် အိပ်စက်မှုဆိုင်ရာ ပြဿနာများ။ သွေးဆုံးခါနီးကာလတွင် ရုတ်တရက် အသားပူလာခြင်းမှာ အဖြစ်များပြီး ဖြစ်ပွားသည့် အကြိမ်ရေ၊ ကြာချိန်နှင့် ပြင်းထန်မှုတို့ ကွဲပြားနိုင်ပါသည်၊၊ ထိုအခြေအနေကြောင့် အိပ်စက်မှု ပြဿနာများကိုပါ ဆက်လက်ဖြစ်ပေါ်စေပါသည်၊၊
  • စိတ်ခံစားချက် ပြောင်းလဲခြင်း။ စိတ်ခံစားချက် အတက်အကျဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျနိုင်ခြေ မြင့်မားခြင်းတို့ ဖြစ်နိုင်ပါသည်၊၊ ဤလက္ခဏာများသည် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသော ရုတ်တရက် အသားပူခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်၊၊ သို့သော် စိတ်ခံစားချက် မတည်ငြိမ်ခြင်းမှာ ဟော်မုန်းပြောင်းလဲမှုတစ်ခုတည်းကြောင့် မဟုတ်နိုင်ပါ၊၊
  • မိန်းမကိုယ်နှင့် ဆီးအိမ်ဆိုင်ရာ ပြဿနာများ။ အီစထရိုဂျင် ပမာဏ ကျဆင်းလာသောအခါ မိန်းမကိုယ်တစ်ရှူးများ၏ စိုစွတ်မှုနှင့် ရုန်းကန်နိုင်စွမ်း လျော့နည်းလာသဖြင့် လိင်ဆက်ဆံစဉ် နာကျင်မှု ဖြစ်စေနိုင်ပါသည်၊၊ အီစထရိုဂျင် နည်းပါးပါက မိန်းမကိုယ် သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများနိုင်ပါသည်၊၊ တစ်ရှူးများ လျော့ရဲလာခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်းလည်း ဖြစ်ပေါ်နိုင်ပါသည်၊၊
  • မျိုးအောင်နိုင်စွမ်း ကျဆင်းခြင်း။ မျိုးဥထွက်ခြင်းမှာ ပုံမှန်မဟုတ်တော့သဖြင့် ကိုယ်ဝန်ရနိုင်ခြေ ကျဆင်းသွားပါသည်၊၊ သို့သော် ရာသီလာနေသေးသရွေ့ ကိုယ်ဝန်ရနိုင်ခြေ ရှိနေပါသေးသည်၊၊ ကိုယ်ဝန်မရလိုပါက ရာသီသွေး လုံးဝရပ်တန့်သွားပြီး (၁၂) လ မပြည့်မချင်း သားဆက်ခြားနည်းလမ်းများကို အသုံးပြုပါ၊၊
  • လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ပြောင်းလဲခြင်း။ သွေးဆုံးခါနီးကာလတွင် လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒနှင့် နိုးကြားမှုများ အတက်အကျ ရှိနိုင်ပါသည်၊၊ သို့သော် သွေးဆုံးခါနီးကာလ မတိုင်မီက သင်၏ လိင်မှုဘဝသည် ကျေနပ်ဖွယ်ရှိခဲ့ပါက ဤကာလနှင့် ၎င်းနောက်ပိုင်းတွင်လည်း ဆက်လက်ကောင်းမွန်နေနိုင်ပါသည်၊၊
  • အရိုးသိပ်သည်းဆ လျော့နည်းခြင်း။ အီစထရိုဂျင် ပမာဏ လျော့နည်းလာသောအခါ အရိုးအသစ်ဖြစ်ပေါ်မှုထက် အရိုးဟောင်းပျက်စီးမှုက ပိုမိုမြန်ဆန်လာသဖြင့် အရိုးအားနည်းသည့်ရောဂါ အရိုးပွရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာပါသည်၊၊
  • ကိုလက်စထရော ပမာဏ ပြောင်းလဲခြင်း။ အီစထရိုဂျင် ကျဆင်းမှုသည် သွေးတွင်းကိုလက်စထရောအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါသည်၊၊ ၎င်းတွင် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသော “မကောင်းသော” ကိုလက်စထရော (LDL) မြင့်တက်လာခြင်းနှင့် “ကောင်းသော” ကိုလက်စထရော (HDL) ကျဆင်းသွားခြင်းတို့ ပါဝင်ပါသည်၊၊

သွေးဆုံးခါနီး လက္ခဏာများကို ခံစားရသော အချို့အမျိုးသမီးများသည် ဆရာဝန်နှင့် ပြသတတ်ကြသော်လည်း အချို့မှာမူ ထိုပြောင်းလဲမှုများကို သည်းခံနေထိုင်ကြသည် သို့မဟုတ် ဆေးကုသမှု ခံယူရလောက်အောင် မပြင်းထန်တတ်ကြပါ၊၊

အကယ်၍ ရုတ်တရက် အသားပူခြင်း၊ စိတ်ခံစားချက် ပြောင်းလဲခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ပြောင်းလဲခြင်းတို့ကြောင့် သင်၏ နေထိုင်မှုဘဝ သို့မဟုတ် ကျန်းမာပျော်ရွှင်မှုကို ထိခိုက်လာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ၊၊

ဖြစ်ပွားရသောအကြောင်းရင်းများ

သွေးဆုံးခါနီးကာလကို ဖြတ်သန်းနေချိန်တွင် သင့်ခန္ဓာကိုယ်မှ ထုတ်လုပ်သော အရေးကြီး အမျိုးသမီးဟော်မုန်းနှစ်မျိုးဖြစ်သည့် အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း (Progesterone) ပမာဏမှာ အတက်အကျ ဖြစ်နေပါသည်၊၊ သွေးဆုံးခါနီးကာလတွင် ကြုံတွေ့ရသော ပြောင်းလဲမှု အများစုမှာ အီစထရိုဂျင် ပမာဏ ကျဆင်းသွားခြင်းကြောင့် ဖြစ်ပါသည်၊၊

ဖြစ်နိုင်ခြေရှိသောအချက်များ

သွေးဆုံးခြင်းမှာ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါသည်၊၊ သို့သော် အချို့သော အမျိုးသမီးများသည် အခြားသူများထက် ပိုမိုစောစီးစွာ ကြုံတွေ့ရနိုင်ပါသည်၊၊ အောက်ပါအချက်များသည် သွေးဆုံးခါနီးကာလကို ပိုမိုစောစီးစွာ စတင်စေနိုင်ပါသည်-

  • ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်သော အမျိုးသမီးများသည် ဆေးလိပ်မသောက်သူများထက် (၁) နှစ်မှ (၂) နှစ်ခန့် ပိုမိုစောစီးစွာ သွေးဆုံးတတ်ပါသည်၊၊
  • မိသားစုရာဇဝင်။ မိသားစုအတွင်း စောစီးစွာ သွေးဆုံးသည့် ရာဇဝင်ရှိပါက သင်လည်း ထိုသို့ဖြစ်နိုင်ခြေ ရှိပါသည်၊၊
  • ကင်ဆာကုသမှုများ။ ကင်ဆာအတွက် ဓာတုကုထုံး (Chemotherapy) ခံယူခြင်းနှင့် တင်ပါးဆုံကွင်း ဓာတ်ရောင်ခြည်ကုထုံး ခံယူခြင်းတို့သည် စောစီးစွာ သွေးဆုံးခြင်းနှင့် ဆက်စပ်နေပါသည်၊၊
  • သားအိမ်ထုတ်ခြင်း (Hysterectomy)။ သားအိမ်တစ်ခုတည်းကိုသာ ထုတ်ပြီး မျိုးဥအိမ်များကို ချန်ထားသော ခွဲစိတ်မှုသည် သွေးဆုံးခြင်းကို ချက်ချင်းမဖြစ်စေပါ၊၊ ရာသီသွေး မလာတော့သော်လည်း သင်၏ မျိုးဥအိမ်များက အီစထရိုဂျင်ကို ဆက်လက်ထုတ်ပေးနေဆဲ ဖြစ်ပါသည်၊၊ သို့သော် ဤကဲ့သို့သော ခွဲစိတ်မှုမျိုးသည် ပုံမှန်ထက် စောစီးစွာ သွေးဆုံးစေနိုင်ပါသည်၊၊ ထို့ပြင် မျိုးဥအိမ် တစ်ဖက်ကို ထုတ်လိုက်ခြင်းသည် ကျန်ရှိသော မျိုးဥအိမ်၏ လုပ်ဆောင်ချက်ကို သတ်မှတ်ထားသည်ထက် စောစီးစွာ ရပ်တန့်သွားစေနိုင်ပါသည်၊၊

ရောဂါရှာဖွေခြင်း

သွေးဆုံးခါနီးကာလသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသော အပြောင်းအလဲတစ်ခုဖြစ်ပြီး စစ်ဆေးမှုတစ်ခုတည်းဖြင့် အတည်မပြုနိုင်ပါ။ သင်၏အသက်အရွယ်၊ ယခင်ရာသီလာခဲ့သည့် ရာဇဝင်နှင့် သင်သတိပြုမိသော လက္ခဏာများ သို့မဟုတ် ကိုယ်ခန္ဓာအပြောင်းအလဲများ စသည့်အချက်အလက်များကို ဆရာဝန်က ထည့်သွင်းစဉ်းစားမည် ဖြစ်ပါသည်။

အချို့သော ဆရာဝန်များသည် သင်၏ ဟော်မုန်းပမာဏကို စစ်ဆေးနိုင်ပါသည်။ သို့သော် ဟော်မုန်းပမာဏကို ပြောင်းလဲစေနိုင်သော သိုင်းရွိုက် (Thyroid) ကျန်းမာရေးကို စစ်ဆေးရန်မှလွဲ၍ သွေးဆုံးခါနီးကာလကို ဆန်းစစ်ရန်အတွက် ဟော်မုန်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ခဲပြီး အကူအညီဖြစ်စေမှုလည်း နည်းပါးပါသည်။

ကုသခြင်း

သွေးဆုံးခါနီးကာလ၏ လက္ခဏာများကို ကုသရာတွင် ဆေးဝါးများဖြင့် ကုသခြင်းက အဓိကဖြစ်ပါသည်။

  • ဟော်မုန်းဖြင့် ကုသခြင်း (Hormone therapy)။ သွေးဆုံးခါနီးနှင့် သွေးဆုံးချိန်တွင် ခံစားရသော ရုတ်တရက် အသားပူခြင်းနှင့် ညဘက် ချွေးထွက်ခြင်းတို့အတွက် အထိရောက်ဆုံး ကုသမှုမှာ အီစထရိုဂျင် (Estrogen) ဖြင့် ကုသခြင်းဖြစ်ပြီး ၎င်းကို သောက်ဆေး၊ ကပ်ခွာ၊ ဖြန်းဆေး၊ ဂျယ်လ် သို့မဟုတ် ခရင်မ် ပုံစံများဖြင့် အသုံးပြုနိုင်ပါသည်။ သင်၏ ကိုယ်ပိုင်ကျန်းမာရေးရာဇဝင်နှင့် မိသားစုရာဇဝင်အပေါ် မူတည်၍ ရောဂါလက္ခဏာ သက်သာစေရန် အနည်းဆုံးလိုအပ်သော အီစထရိုဂျင် ပမာဏကိုသာ အသုံးပြုရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ အကယ်၍ သင့်တွင် သားအိမ်ရှိနေသေးပါက အီစထရိုဂျင်နှင့်အတူ ပရိုဂျက်စတင် (Progestin) ဆေးကိုပါ တွဲဖက်သောက်ရန် လိုအပ်ပါမည်။ ခန္ဓာကိုယ်အတွင်းရှိ အီစထရိုဂျင်သည် အရိုးသိပ်သည်းဆ လျော့နည်းခြင်းကို တားဆီးပေးနိုင်ပါသည်။
  • မိန်းမကိုယ်အတွက် အီစထရိုဂျင်အသုံးပြုခြင်း။ မိန်းမကိုယ်အတွင်းသို့ တိုက်ရိုက်ထည့်ရသော ဆေးတောင့်၊ ကွင်း သို့မဟုတ် ခရင်မ်များကို အသုံးပြု၍ အီစထရိုဂျင်ကို ရရှိနိုင်ပါသည်။ ဤနည်းလမ်းတွင် အီစထရိုဂျင် ပမာဏ အနည်းငယ်သာ ထွက်ရှိပြီး ၎င်းကို မိန်းမကိုယ်တစ်ရှူးများက စုပ်ယူပါသည်။ ၎င်းသည် မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်းနှင့် အချို့သော ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်ပါသည်။
  • စိတ်ကျရောဂါကုဆေးများ။ SSRIs ဟုခေါ်သော စိတ်ကျရောဂါကုဆေး အုပ်စုဝင် အချို့သောဆေးဝါးများသည် သွေးဆုံးချိန်တွင် ရုတ်တရက် အသားပူခြင်းကို လျော့နည်းစေနိုင်ပါသည်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် စိတ်ကျဆေး လိုအပ်နေသူများ သို့မဟုတ် အီစထရိုဂျင် ဆေးမသောက်နိုင်သော အမျိုးသမီးများအတွက် ဤဆေးများသည် အသားပူခြင်းကို သက်သာစေနိုင်ပါသည်။
  • ဂါဘာပင်တင် (Gabapentin)။ ဂါဘာပင်တင် ဆေးသည် အတက်ရောဂါကို ကုသရန် အတည်ပြုထားသော ဆေးဖြစ်သော်လည်း ၎င်းသည် ရုတ်တရက် အသားပူခြင်းကို လျှော့ချရာတွင်လည်း အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာရှိပြီး အီစထရိုဂျင်ဖြင့် မကုသနိုင်သော အမျိုးသမီးများအတွက် ဤဆေးသည် အကျိုးရှိနိုင်ပါသည်။

မည်သည့်ကုသမှုနည်းလမ်းကိုမဆို မဆုံးဖြတ်မီ သင်ရွေးချယ်နိုင်သော နည်းလမ်းများ၊ တစ်ခုချင်းစီ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်းကို ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပါ။

Doctors who treat this condition