ပါရာနီယိုပလက်စတစ် ရောဂါစု
ခြုံငုံသုံးသပ်ချက်
အာရုံကြောစနစ်ဆိုင်ရာ ပါရာနီယိုပလက်စတစ် ရောဂါစု (Paraneoplastic syndrome of the nervous system) ဆိုသည်မှာ ကင်ဆာကို တိုက်ဖျက်သော ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ဦးနှောက်၊ ကျောရိုးမကြီး၊ အစွန်အဖျားအာရုံကြောများ သို့မဟုတ် ကြွက်သားများ ပါဝင်သော ခန္ဓာကိုယ်၏ အာရုံကြောစနစ်ကို ပြန်လည်တိုက်ခိုက်သောအခါတွင် ဖြစ်ပွားခြင်းဖြစ်သည်။ အရေပြား၊ ဟော်မုန်း၊ သွေးနှင့် အဆစ်များကဲ့သို့သော အခြားအင်္ဂါအဖွဲ့အစည်းများကိုလည်း ထိခိုက်စေနိုင်သည်။
ဤရောဂါစုသည် ကင်ဆာဝေဒနာရှင်များတွင် ဖြစ်ပွားလေ့ရှိသည်။ ၎င်းသည် ထိခိုက်မိသော အာရုံကြောစနစ်၏ အစိတ်အပိုင်းအပေါ် မူတည်၍ ရောဂါလက္ခဏာများကို ပြသပြီး ထိုနေရာတွင် ချို့ယွင်းချက်များကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ကြွက်သားလှုပ်ရှားမှု သို့မဟုတ် ဟန်ချက်ညီမှု၊ အာရုံခံစားမှု၊ မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်မှု သို့မဟုတ် အိပ်စက်ခြင်းဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်သည်။
အာရုံကြောစနစ်ဆိုင်ရာ ပါရာနီယိုပလက်စတစ် ရောဂါစုသည် ရင်သား၊ အစာအိမ်၊ ပန်ကရိယ၊ ကျောက်ကပ်၊ သားဥအိမ်၊ အဆုတ်၊ ဝှေးစေ့၊ လင့်ဖ်ကျိတ် ကင်ဆာများ သို့မဟုတ် သွေးကင်ဆာကဲ့သို့သော အချို့သော ကင်ဆာအမျိုးအစားများတွင် အဖြစ်များလေ့ရှိသည်။
ကင်ဆာကို ကုသပြီးသည်နှင့် ဤရောဂါစုသည်လည်း ပြန်လည်သက်သာသွားနိုင်သည်။ သို့သော် အချို့သောအခြေအနေများတွင် အာရုံကြောစနစ်အပေါ် သက်ရောက်မှုအချို့မှာ ပြန်လည်ကောင်းမွန်လာခြင်း မရှိနိုင်တော့ပါ။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်များအတွင်း လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်ပြီး ကင်ဆာရောဂါ ရှာဖွေမတွေ့မီကပင် စတင်နိုင်သည်။ ထိခိုက်ခံရသော ခန္ဓာကိုယ်အစိတ်အပိုင်းများပေါ် မူတည်၍ အောက်ပါလက္ခဏာများကို တွေ့ရှိနိုင်သည်
- လမ်းလျှောက်ရာတွင် မတည်မငြိမ်ဖြစ်ခြင်း
- ကြွက်သားများနှင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်မှု ပုံမှန်မဟုတ်ခြင်း
- ပစ္စည်းများကို ကောက်ယူရာတွင် ခက်ခဲခြင်း သို့မဟုတ် လက်ချောင်းကလေးများဖြင့် ပြုလုပ်ရသော လှုပ်ရှားမှုများ ပုံမှန်မဟုတ်ခြင်း
- အစာမျိုရခက်ခဲခြင်း
- စကားပြောရာတွင် ဗလုံးဗထွေးဖြစ်ခြင်း သို့မဟုတ် ထစ်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း သို့မဟုတ် မှတ်သားမှုဆိုင်ရာ ပြဿနာများ
- ပုံမှန်မဟုတ်ဘဲ အလိုအလျောက် လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း
- အမြင်အာရုံ ပုံမှန်မဟုတ်ခြင်း
- အိပ်စက်မှုဆိုင်ရာ အနှောင့်အယှက်များ ဖြစ်ခြင်း
- အတက်ရောဂါ ဖြစ်ခြင်း
- စိတ်ချောက်ချားခြင်း
ပါရာနီယိုပလက်စတစ် ရောဂါစု အမျိုးအစားများ
အာရုံကြောစနစ်ဆိုင်ရာ ပါရာနီယိုပလက်စတစ် ရောဂါစု အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်
- ဦးနှောက်ငယ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမမှန်ခြင်း (Cerebellar ataxia) – ဟန်ချက်ညီမှု၊ ကြွက်သား တင်းအားနှင့် လှုပ်ရှားမှုများကို ထိန်းချုပ်ပေးသော ဦးနှောက်ငယ်ရှိ နဗ်ဆဲလ်များ ပျက်စီးခြင်း ဖြစ်သည်။ လက္ခဏာများအနေဖြင့် လမ်းလျှောက်ရာတွင် မတည်ငြိမ်ခြင်း၊ ကြွက်သားတင်းအား လျော့နည်းခြင်း၊ မျက်စိလှုပ်ရှားမှုဆိုင်ရာ ပြဿနာများရှိခြင်းနှင့် ကြွက်သားများ ဟန်ချက်ညီစွာ မလှုပ်ရှားနိုင်ခြင်းတို့ ပါဝင်နိုင်သည်။
- လင်းဘစ် စနစ် ရောင်ရမ်းခြင်း (Limbic encephalitis) – စိတ်ခံစားမှု၊ မှတ်ဉာဏ်နှင့် အမူအကျင့်များကို ထိန်းချုပ်သော လင်းဘစ် စနစ် ရောင်ရမ်းခြင်း ဖြစ်သည်။ လက္ခဏာများအနေဖြင့် စိတ်နေစိတ်ထား ပြောင်းလဲခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် တက်ခြင်းတို့ ပါဝင်နိုင်သည်။
- ဦးနှောက်နှင့် ကျောရိုးမကြီး ရောင်ရမ်းခြင်း (Encephalomyelitis) – ထိခိုက်မိသော နေရာပေါ် မူတည်၍ လက္ခဏာများ ကွဲပြားနိုင်သည်။
- မျက်စိနှင့် ကြွက်သား လှုပ်ခါခြင်းဆိုင်ရာ ရောဂါစု (Opsoclonus–myoclonus) – ဦးနှောက်ငယ်၏ အစိတ်အပိုင်း ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်ပြီး မျက်စိ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားခြင်းနှင့် ကိုယ်ထည် သို့မဟုတ် ခြေလက်များတွင် အလိုအလျောက် ကြွက်သားများ တုန်ခါခြင်းတို့ကို ဖြစ်စေသည်။
- ကိုယ်လက်တောင့်တင်းခြင်းဆိုင်ရာ ရောဂါစု (Stiff man syndrome) – ကျောရိုးနှင့် ခြေလက်များတွင် ကြွက်သားများ တောင့်တင်းခြင်းကို ဖြစ်ပေါ်စေပြီး နာကျင်စေသော ကြွက်သားကျုံ့ခြင်းများကိုလည်း ဖြစ်စေသည်။
- ကျောရိုးမကြီး ဒဏ်ရာရခြင်း (Myelopathy) – ကျောရိုးမကြီး ထိခိုက်မိသော အဆင့်ပေါ် မူတည်၍ ဝမ်း သို့မဟုတ် ဆီး မထိန်းနိုင်ခြင်း၊ ထိခိုက်သည့်နေရာတွင် ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ ဖြစ်နိုင်သည်။
- လန်ဘာ့အီတန် ကြွက်သားအားနည်းရောဂါစု (Lambert–Eaton myasthenic syndrome) – အာရုံကြောနှင့် ကြွက်သားကြား ဆက်သွယ်မှု လွဲမှားခြင်း ဖြစ်သည်။ လက္ခဏာများအနေဖြင့် လမ်းလျှောက်ရခက်ခဲခြင်း၊ အစာမျိုရခက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် စကားပြောရခက်ခြင်းတို့ ပါဝင်နိုင်သည်။ ဤရောဂါစုသည် အဆုတ်ကင်ဆာနှင့် အများဆုံး ဆက်စပ်လေ့ရှိသည်။
- ကြွက်သားအားပျော့ရောဂါ (Myasthenia gravis) – အာရုံကြောနှင့် ကြွက်သားကြား ဆက်သွယ်မှု ပုံမှန်မဟုတ်ခြင်း ဖြစ်ပြီး များသောအားဖြင့် ရင်သားအတွင်းရှိ သိုင်းမတ်စ်ကျိတ် (Thymus gland) ကင်ဆာနှင့် ဆက်စပ်လေ့ရှိသည်။ မျက်စိကြွက်သား အားနည်းခြင်း၊ မျက်နှာအမူအရာ ပြောင်းလဲခြင်း၊ အစာမျိုရခက်ခြင်း၊ စကားဗလုံးဗထွေးဖြစ်ခြင်းနှင့် အစာဝါးရခက်ခြင်းတို့ ဖြစ်နိုင်သည်။
- အိုင်ဇက် ရောဂါစု (Neuromyotonia / Isaac’s syndrome) – လှုပ်ရှားမှုများကို ထိန်းချုပ်ပေးသော ဦးနှောက်နှင့် ကျောရိုးမကြီး၏ ပြင်ပရှိ နဗ်ဆဲလ်များတွင် လှုံ့ဆော်မှုများ ပုံမှန်မဟုတ်ခြင်း ဖြစ်သည်။
- အစွန်အဖျား အာရုံကြောများ ထိခိုက်ခြင်း (Peripheral neuropathy) – ဦးနှောက်နှင့် ကျောရိုးမကြီးမှ ကြွက်သားများဆီသို့ သတင်းအချက်အလက် ပေးပို့နိုင်ခြင်း မရှိသောအခါ ဖြစ်ပေါ်သည်။ လက္ခဏာများသည် ထိခိုက်ခံရသော အာရုံကြောတည်နေရာပေါ် မူတည်သည်။
- အလိုအလျောက် အာရုံကြောစနစ် ချို့ယွင်းခြင်း (Dysautonomia) – အတွင်းအင်္ဂါများကို ထိန်းချုပ်ပေးသော အလိုအလျောက် အာရုံကြောစနစ် ချို့ယွင်းခြင်း ဖြစ်သည်။ သွေးဖိအားနည်းခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ပါဝင်နိုင်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
ပါရာနီယိုပလက်စတစ် ရောဂါစုသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရန် ကြိုးစားနေသော ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် (အင်တီဘော်ဒီများနှင့် တီဆဲလ်များ) ကြောင့် ဖြစ်ပေါ်လာသော အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်သည်။ ဤအခြေအနေသည် ကင်ဆာရှိနေခြင်း၊ ကင်ဆာ၏ နောက်ဆက်တွဲ ပြဿနာများ သို့မဟုတ် ကင်ဆာကုသမှု၏ ဘေးထွက်ဆိုးကျိုးများကြောင့် တိုက်ရိုက်ဖြစ်ပွားခြင်း မဟုတ်ပါ။
ရောဂါရှာဖွေခြင်း
ပါရာနီယိုပလက်စတစ် ရောဂါစု၏ လက္ခဏာများ ရှိ၊ မရှိ သိရှိနိုင်ရန် ဆရာဝန်သည် လူနာ၏ ဆေးမှတ်တမ်းအပြည့်အစုံကို မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစစ်ဆေးခြင်းတို့ကို ပြုလုပ်ပါမည်။
လက်တွေ့စမ်းသပ်စစ်ဆေးခြင်း
အာရုံကြောအထူးကုဆရာဝန်သည် မှတ်ဉာဏ်နှင့် စိတ်နေစိတ်ထားကို စစ်ဆေးမည့်အပြင် ကြွက်သားတင်းအား သို့မဟုတ် အားအင်၊ တုံ့ပြန်မှုများ၊ အထိအတွေ့အာရုံ၊ အကြားအာရုံ၊ အမြင်အာရုံ၊ ဟန်ချက်ညီမှုနှင့် ပေါင်းစပ်လှုပ်ရှားနိုင်မှုတို့ကို အကဲဖြတ်ရန် ကိုယ်ခန္ဓာကို စစ်ဆေးပါမည်။ ဤအကဲဖြတ်ချက်သည် သင်၏ အာရုံကြောတုံ့ပြန်မှုများကို သိရှိနိုင်ရန် ကူညီပေးပါမည်။
ဓာတ်ခွဲခန်းစစ်ဆေးမှုများ
အောက်ပါဓာတ်ခွဲခန်းစစ်ဆေးမှုများ လိုအပ်နိုင်သည်
- သွေးစစ်ခြင်း။ ဤရောဂါစုနှင့် ဆက်စပ်လေ့ရှိသော အင်တီဘော်ဒီများ၊ ပိုးဝင်ခြင်း၊ ဟော်မုန်းမညီမျှခြင်း သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းချက်များကဲ့သို့သော ရောဂါလက္ခဏာဖြစ်စေသည့် အကြောင်းရင်းများကို ရှာဖွေရန် အသုံးပြုသည်။
- ခါးဆူးဆီ ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)။ ကိုယ်ခံအားစနစ်နှင့်ဆိုင်သော ရောဂါများကို ညွှန်ပြသည့် အင်တီဘော်ဒီများ ရှိ၊ မရှိ ခွဲခြမ်းစိတ်ဖြာရန် အာရုံကြောဆရာဝန်က ကျောရိုးအတွင်းသို့ အပ်ထိုးသွင်းကာ ခါးဆူးဆီ (CSF) နမူနာကို ရယူပါမည်။
ပုံရိပ်ဖော် စစ်ဆေးမှုများ
အကျိတ် သို့မဟုတ် အာရုံကြောစနစ်ကို ပြဿနာဖြစ်စေသော အခြားအကြောင်းရင်းများကို ရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်
- စီတီစကန် (CT)။ အထူးအိတ်စ်ရေးကို အသုံးပြု၍ တစ်ရှူးများ၏ အလွှာလိုက် ပုံရိပ်များကို ဖော်ထုတ်ပေးသည်။
- အမ်အာအိုင် (MRI)။ သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ တစ်ရှူးများ၏ သုံးဖက်မြင် (3D) ပုံရိပ်များကို ကြည့်ရှုသည်။
- ပက်စကန် (PET)။ အကျိတ်များကို ရှာဖွေခြင်း၊ သွေးစီးဆင်းမှုကို ကြည့်ရှုခြင်း၊ တစ်ရှူးများ၏ ဇီဝကမ္မဖြစ်စဉ်ကို တိုင်းတာခြင်းနှင့် အတက်ရောဂါဖြစ်စေသော ဦးနှောက်အတွင်းရှိ ကွဲလွဲချက်များကို စစ်ဆေးခြင်းတို့ ပြုလုပ်သည်။ ခန္ဓာကိုယ်အတွင်းသို့ ရေဒီယိုသတ္တိကြွ ဒြပ်ပေါင်းများ ထိုးသွင်းခြင်းဖြင့် ခန္ဓာကိုယ်၏ သုံးဖက်မြင် ပုံရိပ်များကို ဖော်ထုတ်ပေးသည်။
- PET နှင့် CT တွဲဖက်စစ်ဆေးခြင်း။ ပါရာနီယိုပလက်စတစ် အာရုံကြောဆိုင်ရာ ရောဂါရှိသူများတွင် တွေ့ရလေ့ရှိသော သေးငယ်သည့် ကင်ဆာများကို ပိုမိုရှာဖွေတွေ့ရှိနိုင်ရန် PET နှင့် CT စစ်ဆေးမှုများကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။
ကုသမှု
ကုသမှုတွင် ကင်ဆာကို ပျောက်ကင်းအောင် ကုသခြင်း သို့မဟုတ် ပါရာနီယိုပလက်စတစ် ရောဂါလက္ခဏာများကို ဖြစ်စေသော ကိုယ်ခံအားတုံ့ပြန်မှုကို ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။ ရောဂါအမျိုးအစားပေါ် မူတည်၍ ကုသမှုများမှာ အောက်ပါအတိုင်း ဖြစ်သည် –
ဆေးဝါးများ
- ကော့တီကိုစတီရွိုက်များ (Corticosteroids) (ဥပမာ – ပရက်ဒနီဆိုလုံး)။ ရောဂါကြောင့်ဖြစ်သော ရောင်ရမ်းမှုကို ရပ်တန့်ပေးသော်လည်း ရေရှည်အသုံးပြုပါက အရိုးပွခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးခြင်း၊ ကိုလက်စထရော မြင့်တက်ခြင်း စသည့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။
- ကိုယ်ခံအားစနစ်ကို ထိန်းချုပ်သောဆေးများ (Immunosuppressants)။ ရောဂါဖြစ်စေသော သွေးဖြူဥအရေအတွက် ထွက်ရှိမှုကို လျှော့ချပေးသည်။
- အတက်ကျဆေးများ။ အတက်ရောဂါနှင့် ဆက်စပ်သော ဝေဒနာများကို ထိန်းချုပ်ရန် ဦးနှောက်၏ လုပ်ဆောင်ချက်များကို စီမံပေးသည်။
- အာရုံကြောနှင့် ကြွက်သားကြား ဆက်သွယ်မှု ကောင်းမွန်စေသောဆေးများ။ ကြွက်သားများ၏ လုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေသည်။
အခြားဆေးဘက်ဆိုင်ရာ ကုသမှုများ
- သွေးရည်ကြည် လဲလှယ်ခြင်း (Plasmapheresis)။ သွေးဆဲလ်များထဲမှ သွေးရည်ကြည် (Plasma) ကို စက်ဖြင့် သီးခြားခွဲထုတ်သော လုပ်ထုံးလုပ်နည်းဖြစ်သည်။ စက်သည် သွေးနီဥနှင့် သွေးဖြူဥများကို ခွဲထုတ်ပြီး ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးသည်။ မလိုအပ်သော အင်တီဘော်ဒီများ ပါဝင်နေသည့် သွေးရည်ကြည်အပိုင်းကို ဖယ်ထုတ်ပြီး အခြားအစားထိုးရည်ကို ပြန်လည်ထိုးသွင်းပေးသည်။
- သွေးကြောထဲသို့ အင်မြူနိုဂလိုဗျူလင် ထိုးသွင်းခြင်း (IVIg)။ ကျန်းမာသော အင်တီဘော်ဒီများ ပါဝင်သည့် အင်မြူနိုဂလိုဗျူလင်များကို ပမာဏများများ ပေးခြင်းဖြင့် မလိုအပ်သော အင်တီဘော်ဒီများ ဖယ်ရှားမှုကို မြန်ဆန်စေသည်။
အခြားကုထုံးများ
အကယ်၍ ပါရာနီယိုပလက်စတစ် ရောဂါစုကြောင့် မသန်စွမ်းမှု ဖြစ်ပေါ်လာပါက အောက်ပါကုထုံးများကို ခံယူနိုင်သည်
- ကာယကုထုံး (Physical therapy)။ ထိခိုက်သွားသော ကြွက်သားများ၏ အားအင်နှင့် လုပ်ဆောင်ချက်များကို ပြန်လည်ကောင်းမွန်စေရန် ဖြစ်သည်။
- စကားပြောကုထုံး (Speech therapy)။ စကားပြောခြင်း သို့မဟုတ် အစာမျိုခြင်းဆိုင်ရာ ပြဿနာရှိသော လူနာများ ကြွက်သားများကို ပြန်လည်ထိန်းချုပ်နိုင်စေရန် ကူညီပေးသည်။
