မုန့်ချိုအိတ်အရည်အိတ်များ

အကျဉ်းချုပ်အကြောင်းအရာ

မုန့်ချိုအိတ် အရည်အိတ်များသည် မုန့်ချိုအိတ်အတွင်း ဖြစ်ပေါ်လာသော အရည်များပြည့်နေသည့် အိတ်များဖြစ်သည်။ မုန့်ချိုအိတ်သည် အသည်း၏အောက်၊ အစာအိမ်နှင့် ကျောရိုးဆစ်ကြားတွင်ရှိသည်။ မုန့်ချိုအိတ်သည် အစာခြေအင်ဇိုင်းများနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော ဟော်မုန်းများကို ထုတ်လုပ်ပေးသည်။ ထို့ပြင် အစာအိမ်မှ အက်ဆစ်များကို ဓာတ်ပြယ်စေသော ဘိုင်ကာဗွန်နိတ်များကိုလည်း ထုတ်လုပ်ပေးသည်။

မုန့်ချိုအိတ် အရည်အိတ်အများစုသည် ကင်ဆာမဟုတ်သော ရိုးရိုးအိတ်များဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် မုန့်ချိုအိတ်ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေရှိသည်။ အရည်အိတ်များကို အကြမ်းဖျင်းအားဖြင့် ကင်ဆာမဟုတ်သော အရည်အိတ်များနှင့် ကင်ဆာဖြစ်စေနိုင်သော အရည်အိတ်များဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ထိုအမျိုးအစားခွဲများအောက်တွင် အရည်အိတ်တုများ၊ အရည်ကြည်အိတ်များနှင့် အချွဲပါသော အရည်အိတ်များကဲ့သို့သော အခြားအမျိုးအစားများစွာ ရှိပါသေးသည်။

မုန့်ချိုအိတ် အရည်အိတ်များသည် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သည်။ အခြားရောဂါတစ်ခုခုအတွက် ဓာတ်မှန်ရိုက်စစ်ဆေးရာမှ တိုက်ဆိုင်စစ်ဆေးမိပြီး တွေ့ရှိရလေ့ရှိသည်။ အရည်အိတ်အများစုသည် အလိုအလျောက် ပျောက်ကင်းသွားတတ်သည်။ သို့သော် ကင်ဆာဖြစ်လာနိုင်သည့် အခြေအနေများကို စောင့်ကြည့်ရန် ဆရာဝန်က အနီးကပ်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုပါလိမ့်မည်။ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးရန်အတွက် အရည်အိတ်အတွင်းမှ အရည်ကို နမူနာယူ၍ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။

ရောဂါလက္ခဏာများ

မုန့်ချိုအိတ် အရည်အိတ်များ၏ ရောဂါလက္ခဏာများသည် လုံးဝမပြခြင်းမှ အသင့်အတင့် သို့မဟုတ် ပြင်းထန်သည်အထိ ကွဲပြားနိုင်သည်။ လက္ခဏာများသည် မုန့်ချိုအိတ်ရောင်ရမ်းခြင်း ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်မှ လအနည်းငယ်အကြာတွင် ပေါ်လာတတ်သည်။ အများအားဖြင့် တွေ့ရသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည် –

  • အစာအိမ်နေရာမှ တောက်လျှောက်နာကျင်ပြီး ကျောဘက်သို့ ပျံ့နှံ့သွားခြင်း
  • အကြောင်းရင်းရှာမရဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အစာစားပြီးပြီးချင်း ဗိုက်ပြည့်သည်ဟု ခံစားရခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • ဝမ်းဗိုက်လေပွခြင်း

အကယ်၍ လူတစ်ဦးသည် ဤလက္ခဏာများကို မကြာခဏ ခံစားနေရပါက တိကျသော ရောဂါရှာဖွေမှုနှင့် ကုသမှုခံယူရန် ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ဖြစ်ခဲသော်လည်း အရည်အိတ်ပေါက်ထွက်ပြီး ဝမ်းဗိုက်ခေါင်းအတွင်း ပိုးဝင်ခြင်းများ ဖြစ်စေနိုင်သည်။ ဖျားခြင်းနှင့် ဝမ်းဗိုက်နာကျင်မှု ကြာရှည်ခံစားရခြင်းကဲ့သို့သော ပိုးဝင်သည့် လက္ခဏာများ ခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

မုန့်ချိုအိတ် အရည်အိတ်များကို အမျိုးအစားများစွာ ခွဲခြားနိုင်သည်။ သို့သော် အများစုမှာ ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရပါ။ မုန့်ချိုအိတ် အရည်အိတ်တု ဟုခေါ်သော အမျိုးအစားမှာမူ မုန့်ချိုအိတ်အတွင်းရှိ ဟာကွက် သို့မဟုတ် နေရာလွတ်တစ်ခုတွင် ဖြစ်ပေါ်လာပြီး အမျှင်တစ်ရှူးများဖြင့် ဖုံးအုပ်ထားသည်။ ထို အရည်အိတ်တုများ အတွင်း၌ ရောင်ရမ်းနေသော မုန့်ချိုအိတ်အရည်များ၊ အထူးသဖြင့် အစာခြေအင်ဇိုင်းများနှင့် တစ်ရှူးအစအနများ ပါရှိသည်။ အရည်အိတ်တုများသည် ရောဂါတစ်ခုခုကြောင့် သို့မဟုတ် ယာဉ်တိုက်မှုကဲ့သို့သော ထိခိုက်ဒဏ်ရာရမှုများကြောင့် ဖြစ်ပွားနိုင်သည်။ မုန့်ချိုအိတ် အရည်အိတ်တုများသည် ကင်ဆာမဟုတ်သော ရိုးရိုးအိတ်များဖြစ်သည်။

ဗွန်ဟစ်ပဲလ်လင်ဒေါ ရောဂါ (von Hippel-Lindau) နှင့် ကျောက်ကပ်တွင် အရည်အိတ်များတည်သော ရောဂါကဲ့သို့သော ရှားပါးရောဂါအချို့သည်လည်း မုန့်ချိုအိတ် အရည်အိတ်များကို ဖြစ်စေနိုင်သည်။ ဗွန်ဟစ်ပဲလ်လင်ဒေါ ရောဂါသည် မျိုးရိုးလိုက်သော ရှားပါးရောဂါတစ်ခုဖြစ်ပြီး မုန့်ချိုအိတ်အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအမျိုးမျိုးတွင် အကျိတ်များ ဖြစ်ပေါ်စေတတ်သည်။

ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ

မုန့်ချိုအိတ် အရည်အိတ်တုများသည် မုန့်ချိုအိတ်ရောင်ရမ်းခြင်း (ရုတ်တရက် သို့မဟုတ် နာတာရှည်) ၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။ မုန့်ချိုအိတ်ရောင်ရမ်းခြင်းသည် အရက်အလွန်အကျွံသောက်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်းတို့ကြောင့် ဖြစ်ပွားသည်။ မုန့်ချိုအိတ်ရောင်ရမ်းဖူးသူများသည် မုန့်ချိုအိတ် အရည်အိတ်ဖြစ်နိုင်ခြေ ပိုများသည်။ ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရခြင်းကြောင့်လည်း အရည်အိတ်တုများ ဖြစ်ပေါ်လာနိုင်သည်။

ရောဂါရှာဖွေခြင်း

များသောအားဖြင့် မုန့်ချိုအိတ် အရည်အိတ်များသည် အခြားရောဂါများနှင့် လက္ခဏာဆင်တူသောကြောင့် ရောဂါရှာဖွေရန် ခက်ခဲသည်။ သို့သော် ခေတ်မီသော ဓာတ်မှန်နည်းပညာများကြောင့် ယခင်ကထက် ရောဂါရှာဖွေတွေ့ရှိမှု ပိုမိုများပြားလာသည်။ မုန့်ချိုအိတ် အရည်အိတ်အများစုကို အခြားရောဂါအခြေအနေများအတွက် ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်စစ်ဆေးရာမှ တွေ့ရှိရလေ့ရှိသည်။

ရောဂါရှာဖွေမှုကို လူနာအား စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါလက္ခဏာများကို ဆန်းစစ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ ရာဇဝင်များကို မေးမြန်းခြင်းတို့ဖြင့် စတင်သည်။ ရောဂါကို အတည်ပြုရန်နှင့် ကုသရာတွင် အထောက်အကူဖြစ်စေရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်နိုင်သည် –

  • ကွန်ပျူတာ ဓာတ်မှန် – ဤစစ်ဆေးမှုသည် မုန့်ချိုအိတ် အရည်အိတ်၏ အရွယ်အစားနှင့် ပုံသဏ္ဌာန်အကြောင်း အသေးစိတ် အချက်အလက်များကို ပေးနိုင်သည်။ ၎င်းသည် ဓာတ်ရောင်ခြည်ကို အသုံးပြု၍ ခန္ဓာကိုယ်၏ ပုံရိပ်များကို ရယူခြင်းဖြစ်သည်။
  • သံလိုက် ဓာတ်မှန် – ဤသည်မှာ ခန္ဓာကိုယ်တွင်းအင်္ဂါများ၏ အသေးစိတ်ပုံရိပ်ကို ဖန်တီးရန် သံလိုက်လှိုင်းများကို အသုံးပြုသော နည်းလမ်းဖြစ်သည်။ ဤနည်းလမ်းသည် အရည်အိတ်၏ ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိကဲ့သို့သော အသေးစိတ် အချက်အလက်များကို ဖော်ပြနိုင်သည်။
  • မုန့်ချိုအိတ်နှင့် သည်းခြေလမ်းကြောင်းကြည့် သံလိုက်ဓာတ်မှန် – ဤစစ်ဆေးမှုသည် မုန့်ချိုအိတ်နှင့် သည်းခြေပြွန် လမ်းကြောင်းများကို စစ်ဆေးသည်။ ဆေးရည် ထိုး၍ စစ်ဆေးခြင်းဖြစ်ပြီး အင်္ဂါအစိတ်အပိုင်းများနှင့် သွေးကြောများ၏ ပုံရိပ်များကို ပိုမိုရှင်းလင်းစွာ မြင်ရစေသည်။ ဤစစ်ဆေးမှုသည် မုန့်ချိုအိတ် အရည်အိတ်ကို စောင့်ကြည့်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။
  • မှန်ပြောင်းအသုံးပြု အသံလှိုင်းဓာတ်မှန် – ဤနည်းလမ်းကို အခြားဓာတ်မှန်များ ရိုက်ပြီးနောက် ထပ်မံစစ်ဆေးရန် အသုံးပြုလေ့ရှိသည်။ မုန့်ချိုအိတ် အရည်အိတ်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာရန်နှင့် အရည်အိတ်တု ဟုတ်မဟုတ် ခွဲခြားရန် အသုံးပြုသည်။ ကင်ဆာလက္ခဏာ ရှိမရှိ သိရှိရန်အတွက် အရည်အိတ်မှ အရည်ကို နမူနာယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်သည်။

လူနာ၏ အသက်၊ ကျား/မ ဖြစ်ခြင်းနှင့် အရည်အိတ်တည်ရှိရာ နေရာတို့သည် အရည်အိတ်အမျိုးအစားနှင့် သင့်လျော်သော ကုသမှုကို ဆုံးဖြတ်ရာတွင် ဆရာဝန်ကို ကူညီပေးနိုင်သည်။

  • အရည်အိတ်တုများ – မုန့်ချိုအိတ် ရောင်ရမ်းခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်ပေါ်လာတတ်သည်။ ၎င်းတို့သည် ကင်ဆာမဟုတ်သော အိတ်များဖြစ်သည်။
  • အရည်ကြည်အိတ်များ – အများစုမှာ အန္တရာယ်မရှိဘဲ ကင်ဆာအဖြစ်သို့ ပြောင်းလဲခဲသည်။ အသက် ၆၀ ကျော် အမျိုးသမီးများတွင် အဖြစ်များသည်။ ၎င်းတို့သည် ကြီးထွားလာပြီး ဘေးနားရှိ အင်္ဂါများကို ဖိမိကာ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနှင့် ဗိုက်ပြည့်အင့်ခြင်းများကို ဖြစ်စေနိုင်သည်။
  • အချွဲပါသော အရည်အိတ်များ – ၎င်းတို့သည် မုန့်ချိုအိတ်၏ ကိုယ်ထည် သို့မဟုတ် အမြီးပိုင်းတွင် စတင်ဖြစ်ပွားလေ့ရှိပြီး ကင်ဆာအကြိုအဆင့် အသားလုံးများဖြစ်သည်။ ကုသမှုမခံယူဘဲထားသော သို့မဟုတ် နောက်ကျမှတွေ့ရှိသော အရည်အိတ်ကြီးများသည် ကင်ဆာအဖြစ် ပြောင်းလဲပြီး ဖြစ်နိုင်သည်။ အမျိုးသားများထက် အမျိုးသမီးများ၊ အထူးသဖြင့် သက်လတ်ပိုင်းအရွယ်များတွင် ပိုမိုအဖြစ်များသည်။
  • ပြွန်လမ်းကြောင်းအတွင်း ဖြစ်ပေါ်သော အကျိတ်များ – ကင်ဆာအကြိုအဆင့် သို့မဟုတ် ကင်ဆာဖြစ်နိုင်ခြေရှိသည်။ မုန့်ချိုအိတ်၏ ပင်မပြွန် သို့မဟုတ် ယင်းမှခွဲထွက်သော ပြွန်များတွင် စတင်ဖြစ်ပွားသည်။ တည်နေရာနှင့် အခြားအန္တရာယ်အကြောင်းရင်းများပေါ် မူတည်၍ ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်သည်။ အသက် ၅၀ ကျော် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် ဖြစ်ပွားနိုင်သည်။
  • အစိုင်အခဲနှင့် အရည် ရောနေသော အသားလုံးများ – ရှားပါးပြီး အချို့သော အခြေအနေများတွင် ကင်ဆာဖြစ်နိုင်သည်။ အသက် ၃၅ နှစ်အောက် အမျိုးသမီးများတွင် အဖြစ်များပြီး မုန့်ချိုအိတ်၏ ကိုယ်ထည် သို့မဟုတ် အမြီးပိုင်းတွင် တွေ့ရလေ့ရှိသည်။
  • အာရုံကြောနှင့် ဟော်မုန်းဆိုင်ရာ အကျိတ်များ – အခြား မုန့်ချိုအိတ် အရည်အိတ်များနှင့် မှားယွင်းတတ်ပြီး ကင်ဆာအကြိုအဆင့် သို့မဟုတ် ကင်ဆာဖြစ်နိုင်သည်။ အရည်အိတ်ကဲ့သို့သော အစိတ်အပိုင်းများ ပါဝင်နိုင်သော်လည်း ယေဘုယျအားဖြင့် အစိုင်အခဲဖြစ်သည်။

ကုသမှု

ကုသမှုအစီအစဉ်သည် လူနာခံစားရသော လက္ခဏာများ၊ အရည်အိတ်အမျိုးအစား၊ အရွယ်အစားနှင့် ၎င်း၏ လက္ခဏာရပ်များပေါ်တွင် မူတည်သည်။ ကုသမှု ရွေးချယ်စရာများတွင် ဘာမျှမလုပ်ဘဲ စောင့်ကြည့်ခြင်း၊ အသေးစား ခွဲစိတ်ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းတို့ ပါဝင်သည်။

  • စောင့်ကြည့်စစ်ဆေးခြင်း – ရောဂါလက္ခဏာမပြသော ကင်ဆာမဟုတ်သည့် အရည်အိတ်များသည် ကုသမှုမလိုအပ်ပါ။ အရည်အိတ် ကြီးလာခြင်း သို့မဟုတ် အလိုအလျောက် ပျောက်ကင်းသွားခြင်း ရှိမရှိ သိရှိရန် ဆရာဝန်က ဂရုတစိုက် စောင့်ကြည့်စစ်ဆေးရန် အကြံပြုနိုင်သည်။ အရည်ကြည်အိတ်များသည် ကင်ဆာဖြစ်ခဲသောကြောင့် ရောဂါလက္ခဏာ မပြမချင်း သို့မဟုတ် မကြီးထွားလာမချင်း လျစ်လျူရှုထားနိုင်သည်။ အရွယ်အစားကြီးမားသော အရည်အိတ်တုဖြစ်လျှင်ပင် နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက်သရွေ့ ကုသမှုမလိုဘဲ ထားနိုင်သည်။
  • အရည်စုပ်ထုတ်ခြင်း – အရွယ်အစား ၆ စင်တီမီတာထက် ပိုကြီးပြီး ရောဂါလက္ခဏာ ကြာရှည်ခံစားရစေသော အရည်အိတ်များကို စုပ်ထုတ်ပစ်ရန် လိုအပ်သည်။ အရည်အိတ်ကို ရှင်းလင်းရန်အတွက် အာထရာဆောင်း ကိရိယာတပ်ဆင်ထားသော မှန်ပြောင်းနှင့် အပ်တစ်ချောင်းကို အသုံးပြုသည်။ သေးငယ်ပြီး ပျော့ပြောင်းသော ပိုက် (မှန်ပြောင်း) ကို ပါးစပ်မှတစ်ဆင့် အစာအိမ်နှင့် အူသိမ်သို့ ထည့်သွင်းသည်။ တစ်ခါတစ်ရံတွင် အရေပြားမှတစ်ဆင့် ဖောက်၍ အရည်စုပ်ထုတ်ရန် လိုအပ်တတ်သည်။ မှန်ပြောင်းဖြင့် အရည်စုပ်ထုတ်ခြင်းသည် ခွဲစိတ်မှုကြီးကြီးမားမား လုပ်စရာမလိုခြင်း၊ ပြဿနာနည်းပါးခြင်း၊ ပြင်ပပိုက် တပ်ဆင်ရန် မလိုခြင်းနှင့် ရေရှည်အောင်မြင်မှုနှုန်း မြင့်မားခြင်းတို့ကြောင့် လူကြိုက်များလာသည်။
  • ခွဲစိတ်ကုသခြင်း – ကြီးမားသော အရည်အိတ်တုများ သို့မဟုတ် မအီမသာဖြစ်မှုနှင့် အခြားလက္ခဏာများကို ဖြစ်စေသော အရည်ကြည်အိတ်များသည် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။ သို့သော် လူနာသည် မုန့်ချိုအိတ်ရောင်ရမ်းခြင်း ဆက်လက်ဖြစ်ပွားနေပါက အရည်အိတ်တု ပြန်ဖြစ်နိုင်သည်။ ယေဘုယျအားဖြင့် ကင်ဆာ သို့မဟုတ် ကင်ဆာအကြိုအဆင့်ဟု သံသယရှိသော အရည်အိတ်များကို ခွဲစိတ်ဖယ်ရှားရမည်ဖြစ်သည်။

Doctors who treat this condition