အကျဉ်းချုပ်

Osteosarcoma ဆိုသည်မှာ အရိုးဆဲလ်များ တည်ဆောက်ရာနေရာ၌ ဖြစ်ပွားတတ်သော အရိုးကင်ဆာ အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ၎င်းကို များသောအားဖြင့် ဆယ်ကျော်သက်များနှင့် ကလေးငယ်များတွင် တွေ့ရလေ့ရှိသော်လည်း လူငယ်ပိုင်းနှင့် သက်ကြီးပိုင်းများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ ၎င်းသည် ပုံမှန်အားဖြင့် ခြေထောက်ကဲ့သို့သော အရိုးရှည်များ သို့မဟုတ် တစ်ခါတစ်ရံ လက်မောင်းအရိုးများတွင် ဖြစ်ပွားလေ့ရှိသော်လည်း ခန္ဓာကိုယ်ရှိ မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်ပါသည်။

Osteosarcoma အတွက် ကုသမှုသည် ကင်ဆာအကျိတ်၏ အရွယ်အစား၊ စတင်ဖြစ်ပွားရာနေရာ၊ အမျိုးအစားနှင့် အဆင့် တို့အပြင် ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိ အပေါ်တွင်လည်း မူတည်ပါသည်။ ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)၊ ခွဲစိတ်ကုသခြင်းနှင့် အချို့အခြေအနေများတွင် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့သည် Osteosarcoma အတွက် အသုံးများသော ကုသမှုနည်းလမ်းများ ဖြစ်ကြပါသည်။ Osteosarcoma ကုသမှုတွင် နောက်ဆုံးပေါ် နည်းပညာများက ရောဂါ၏ ရှေ့လားရာ ကို ပိုမိုကောင်းမွန်စေရန် အထောက်အကူပြုပါသည်။ ကုသမှုခံယူပြီးနောက်တွင်လည်း ပုံမှန်ပြန်လည်စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ အကြောင်းမှာ ပြင်းထန်သော ကုသမှုများ၏ နောက်ဆက်တွဲသက်ရောက်မှုများသည် နောက်ပိုင်းအချိန်မှသာ ပေါ်ပေါက်လာတတ်သည့် အလားအလာရှိသောကြောင့် ဖြစ်ပါသည်။

လက္ခဏာများ

Osteosarcoma ဖြစ်ပွားပါက အောက်ပါ လက္ခဏာရပ်များနှင့် လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည် –

  • အကြောင်းရင်းမရှိဘဲ အရိုးကျိုးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း
  • အရိုးအနီးတစ်ဝိုက်တွင် ရောင်ရမ်းနေခြင်း
  • အရိုး သို့မဟုတ် အဆစ်များ နာကျင်ခြင်း

အကယ်၍ သင့်ကလေးတွင် ဤလက္ခဏာရပ်များကို အစဉ်တစိုက် သတိပြုမိနေပြီး စိုးရိမ်ပူပန်မှုရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ အားကစားကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာများကဲ့သို့သော အခြားအဖြစ်များသည့် ဝေဒနာများသည်လည်း Osteosarcoma နှင့် ဆင်တူသော ရောဂါလက္ခဏာများ ရှိနိုင်ပါသည်။

အကြောင်းအရင်းများ

Osteosarcoma ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရှိရသေးပါ။ ဤကင်ဆာအမျိုးအစားသည် အရိုးဆဲလ်များတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်သည့်အခါတွင် ဖြစ်ပွားတတ်ပါသည်။ Osteosarcoma သည် အရိုးဆဲလ်များ၏ ဒီအန်အေ (DNA) ပြောင်းလဲမှုများမှ စတင်ပါသည်။ ထိုပြောင်းလဲမှုကြောင့် ဆဲလ်များသည် အရိုးအသစ်များကို မထိန်းချုပ်နိုင်လောက်အောင် ပွားများထုတ်လုပ်လာပြီး နောက်ပိုင်းတွင် အကျိတ် (Tumor) အဖြစ်သို့ ပြောင်းလဲသွားပါသည်။ ဤအကျိတ်သည် ပုံမှန်မဟုတ်သော ဆဲလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အနီးနားရှိ ကျန်းမာသော တစ်ရှူးများကို ပျက်စီးစေနိုင်သလို၊ အကျိတ်မှ ကင်ဆာဆဲလ်များ ကွဲထွက်သွားကာ ခန္ဓာကိုယ်၏ အခြားနေရာများသို့လည်း ပျံ့နှံ့သွားနိုင်ပါသည်။ (Metastasis)

အရိုးဆဲလ်ကင်ဆာ ပိုမိုဖြစ်လွယ်စေသောအချက်များ

အောက်ပါအချက်များသည် Osteosarcoma ဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားစေနိုင်သော အချက်များ ဖြစ်ပါသည် –

  • မျိုးရိုးဗီဇ (Hereditary): Retinoblastoma (မျက်လုံးကင်ဆာတစ်မျိုး)၊ Werner syndrome၊ Bloom syndrome၊ Li-Fraumeni syndrome နှင့် Rothmund-Thomson syndrome ကဲ့သို့သော မျိုးရိုးလိုက်တတ်သည့် ရောဂါဝေဒနာများ ရှိနေခြင်း။
  • အခြားသော ရောဂါဝေဒနာများ (Other diseases): Paget’s disease သို့မဟုတ် Fibrous dysplasia ကဲ့သို့သော အခြားအရိုးဆိုင်ရာ ရောဂါဝေဒနာများ ရှိနေခြင်း။
  • ဓာတ်ရောင်ခြည် (Radiation): အတိတ်ကာလတွင် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုတစ်မျိုးမျိုး ခံယူခဲ့ဖူးခြင်း။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ရောဂါလက္ခဏာများ၏ အကြောင်းရင်းကို သိရှိနိုင်ရန် ဦးစွာ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါမည်။

  • ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests): ဤစစ်ဆေးမှုများသည် ရောဂါလက္ခဏာဖြစ်ရသည့် အကြောင်းရင်းကို ပိုမိုနားလည်စေရန်၊ ကင်ဆာလက္ခဏာများ ရှိ၊ မရှိနှင့် ကင်ဆာပျံ့နှံ့မှု ရှိ၊ မရှိတို့ကို သိရှိနိုင်ရန် ပြုလုပ်ခြင်းဖြစ်ပြီး အောက်ပါတို့ ပါဝင်ပါသည် –
    • ဓာတ်မှန် (X-ray)
    • ကွန်ပျူတာဓာတ်မှန် (CT Scan)
    • သံလိုက်ဓာတ်မှန် (MRI)
    • Positron Emission Tomography (PET Scan)
    • အရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan)
  • အသားစယူ စစ်ဆေးခြင်း (Biopsy): အသားစယူခြင်းကို အကျိတ်၏ နမူနာတစ်ရှူးကို ဖယ်ရှား၍ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ ကင်ဆာ ရှိ၊ မရှိ၊ ကင်ဆာအဆင့်နှင့် ၎င်း၏ ပြင်းထန်မှုအဆင့် (Grade) တို့ကို ဆုံးဖြတ်ရန် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ Osteosarcoma ကို အောက်ပါ အသားစယူနည်းများဖြင့် ရောဂါရှာဖွေနိုင်ပါသည် –
    • အပ်ဖြင့် အသားစယူခြင်း (Needle biopsy): အရေပြားထဲသို့ အပ်ချောင်းငယ်လေး ထိုးသွင်းပြီး အကျိတ်ဆီသို့ ရောက်အောင်သွားကာ အကျိတ်တစ်ရှူး နမူနာအနည်းငယ်ကို ရယူခြင်း ဖြစ်ပါသည်။
    • ခွဲစိတ်၍ အသားစယူခြင်း (Surgical biopsy): ခွဲစိတ်ဆရာဝန်က အရေပြားကို လှီးဖြတ်ကာ အကျိတ်၏ အစိတ်အပိုင်းတစ်ခု (Incisional biopsy) သို့မဟုတ် အကျိတ်တစ်ခုလုံး (Excisional biopsy) ကို ထုတ်ယူခြင်း ဖြစ်ပါသည်။

အနာဂတ်တွင် ပြုလုပ်မည့် ကင်ဆာခွဲစိတ်မှုများကို အနှောင့်အယှက်မဖြစ်စေရန်အတွက် မည်သည့် အသားစယူနည်းကို အသုံးပြုသင့်သည်ဆိုသည်ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ အသားစမယူမီ Osteosarcoma ကုသမှုတွင် ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်နှင့် ဦးစွာပြသသင့်ပါသည်။

ကုသခြင်း

Osteosarcoma အတွက် ခွဲစိတ်ကုသခြင်း (Surgery) နှင့် ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) တို့မှာ အသုံးအများဆုံး ကုသမှုနည်းလမ်းများ ဖြစ်ကြပါသည်။ အချို့သော အခြေအနေများတွင် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy) ကိုလည်း အသုံးပြုနိုင်ပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

ခွဲစိတ်မှုကို အဓိကအားဖြင့် ကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားရန် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ၎င်းသည် ကင်ဆာအကျိတ်၏ အရွယ်အစားနှင့် တည်နေရာကဲ့သို့သော အချက်များစွာပေါ်တွင် မူတည်ပါသည်။ Osteosarcoma ကို ကုသရန် အောက်ပါခွဲစိတ်မှု နည်းပညာများကို အသုံးပြုပါသည်။

  • ခြေလက်ကို ထိန်းသိမ်းသော ခွဲစိတ်မှု (Limb-sparing surgery): ခြေလက်၏ လုပ်ဆောင်ချက်များကို မထိခိုက်စေဘဲ ကင်ဆာကို ဖယ်ရှားခြင်း ဖြစ်ပါသည်။ သို့သော် ၎င်းသည် ကင်ဆာပြန့်နှံ့မှု အခြေအနေနှင့် ကြွက်သား သို့မဟုတ် တစ်ရှူး မည်မျှအထိ ဖယ်ရှားလိုက်ရသည်ဆိုသည့် အချက်ပေါ်တွင် မူတည်ပါသည်။ အရိုး၏ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားလိုက်ရပါက ဆရာဝန်သည် အရိုးအစားထိုးခြင်း (Bone grafting) သို့မဟုတ် အတုပြုလုပ်ထားသော အရိုး (Prosthetics) များ အသုံးပြု၍ အရိုးပြန်လည်တည်ဆောက်ပေးပါမည်။
  • ခြေလက်ဖြတ်တောက်ခြင်း (Amputation): ခြေလက်တစ်ခုလုံးကို ဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုကို ဖြစ်စေ ဖယ်ရှားခြင်း ဖြစ်ပါသည်။ ခြေလက်၏ လုပ်ဆောင်ချက်များကို ပြန်လည်ရရှိစေရန် အတုပြုလုပ်ထားသော အဆစ် (Prosthetic joint) ကို အသုံးပြုနိုင်ပါသည်။
  • ခြေကျင်းဝတ်ကို ဒူးအဖြစ် ပြောင်းလဲပေးသော ခွဲစိတ်မှု (Rotationplasty): ဤခွဲစိတ်မှုကို ခန္ဓာကိုယ် ကြီးထွားဆဲကလေးငယ်များတွင် ပြုလုပ်လေ့ရှိပါသည်။ ကင်ဆာအကျိတ်၊ ၎င်း၏ ပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် ဒူးအဆစ်တို့ကို ဖယ်ရှားလိုက်ပြီးနောက်၊ ခြေကျင်းဝတ်ကို ဒူးအဆစ်နေရာတွင် အစားထိုးနိုင်ရန် ခြေထောက်ကို လှည့်၍ ပြန်လည်ဆက်ပေးခြင်း ဖြစ်ပါသည်။ ၎င်းနောက် ခြေထောက်အောက်ပိုင်းအတွက် ခြေတု (Prosthesis) ကို အသုံးပြုရမည်ဖြစ်ပြီး၊ ဤလုပ်ငန်းစဉ်ကြောင့် လူနာသည် နေ့စဉ်လူမှုဘဝ လှုပ်ရှားမှုများနှင့် အားကစားများကိုပါ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)

ကင်ဆာဆေးသွင်းကုထုံးတွင် ဆေးဝါးများကို သွေးပြန်ကြောမှတစ်ဆင့် သော်လည်းကောင်း၊ ပါးစပ်မှသော်လည်းကောင်း သို့မဟုတ် နှစ်မျိုးလုံးတွဲ၍သော်လည်းကောင်း အသုံးပြုပါသည်။ ကင်ဆာအကျိတ်ကို သေးငယ်သွားစေရန်နှင့် ခြေလက်ကို ခွဲစိတ်မှုမှ သက်သာစေရန် ခွဲစိတ်မှုမတိုင်မီ (Neoadjuvant therapy) ကုသမှုပေးနိုင်ပါသည်။ အကယ်၍ ကင်ဆာသည် အလွန်ပြင်းထန်ပါက ကင်ဆာဆေးက ထိရောက်မှုမရှိနိုင်ပါ။ ထိုသို့သော အခြေအနေမျိုးတွင် ဆရာဝန်များသည် ကင်ဆာဆေးအစီအစဉ် အမျိုးမျိုးကို ပေါင်းစပ်အသုံးပြုခြင်း သို့မဟုတ် ကင်ဆာအားလုံးကို ဖယ်ရှားနိုင်ရန် ပိုမိုကျယ်ပြန့်သော ခွဲစိတ်မှုကို အကြံပြုနိုင်ပါသည်။ ခွဲစိတ်မှုအပြီးတွင်လည်း ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို အမြစ်ပြတ်ချေမှုန်းရန် ကင်ဆာဆေးကို အသုံးပြုနိုင်ပါသည်။ အကယ်၍ Osteosarcoma သည် ပြန်လည်ဖြစ်ပွားခြင်း သို့မဟုတ် ပျံ့နှံ့သွားခြင်းရှိပါက ရောဂါကျွမ်းလာမှုကို နှေးကွေးစေရန် ကင်ဆာဆေးကို အသုံးပြုနိုင်ပါသည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)

ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာကို ဖျက်ဆီးရန် ဓာတ်မှန်ရောင်ခြည် (X-rays) နှင့် ပရိုတွန် (Protons) များမှတစ်ဆင့် စွမ်းအားမြင့် စွမ်းအင်တန်းများကို အသုံးပြုပါသည်။ ၎င်းကို ခွဲစိတ်မှု မပြုလုပ်နိုင်သော အခြေအနေများ သို့မဟုတ် ခွဲစိတ်ဆရာဝန်က ကင်ဆာကို လုံးဝဥဿုံ မဖယ်ရှားနိုင်သော အခြေအနေများတွင် အသုံးပြုပါသည်။

လူနာကို စားပွဲပေါ်တွင် လှဲလျောင်းနေစေပြီး စက်ပစ္စည်းကို ခန္ဓာကိုယ်ပတ်လည်တွင် ရွှေ့လျားကာ ကုသခြင်း ဖြစ်ပါသည်။ အနီးနားရှိ ကျန်းမာသော ဆဲလ်များကို မထိခိုက်စေရန် ဓာတ်ရောင်ခြည်တန်းကို Osteosarcoma ရှိသည့် နေရာသို့သာ ပစ်မှတ်ထား၍ လုပ်ဆောင်ပါသည်။

Doctors who treat this condition