အရိုးနှင့်အရိုးနုပျက်စီးခြင်းရောဂါ
အကျဥ်းချုပ်
အရိုးနှင့် အရိုးနုပျက်စီးခြင်းရောဂါ (Osteochondritis dissecans) ဆိုသည်မှာ အဆစ်ရှိ အရိုးနုအောက်ရှိ အရိုးအစိတ်အပိုင်းထံသို့ သွေးစီးဆင်းမှု လုံလောက်စွာမရှိတော့ဘဲ အရိုးဆဲလ်များ သေဆုံးသွားခြင်း ဖြစ်သည်။ ထိုသို့ အရိုးနှင့် အရိုးနုများ ပျက်စီးဆုံးရှုံးသွားခြင်းကြောင့် နာကျင်မှုကို ခံစားရနိုင်သည့်အပြင် အဆစ်အမြစ် လှုပ်ရှားမှုများကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါသည်။
ဤရောဂါသည် ကလေးငယ်များနှင့် လူပျိုဖော်၊ အပျိုဖော်ဝင်စ လူငယ်များတွင် အဖြစ်အများဆုံး ဖြစ်သည်။ အဆစ်အမြစ် ဒဏ်ရာရရှိပြီးနောက် သို့မဟုတ် ခုန်ခြင်းနှင့် ပြေးခြင်းကဲ့သို့ အဆစ်များကို ထိခိုက်စေနိုင်သော ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများကို လအတော်ကြာ ပြုလုပ်ပြီးနောက်တွင် ရောဂါလက္ခဏာများ စတင်ပြသလာတတ်သည်။ တံတောင်ဆစ်၊ ခြေကျင်းဝတ်နှင့် အခြားအဆစ်များတွင်လည်း ဖြစ်ပွားနိုင်သော်လည်း ဒူးဆစ်တွင် အဖြစ်အများဆုံး ဖြစ်သည်။
ဆရာဝန်များသည် ပျက်စီးသွားသော အစိတ်အပိုင်း၏ အရွယ်အစား၊ အရိုးအပိုင်းအစမှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝအက်ကွဲထွက်သွားခြင်း ရှိမရှိ နှင့် မူလနေရာတွင် ဆက်ရှိနေခြင်း ရှိမရှိတို့အပေါ် မူတည်၍ ရောဂါအဆင့်ကို သတ်မှတ်ကြသည်။ အက်ကွဲနေသော အရိုးနှင့် အရိုးနုအပိုင်းအစမှာ မူလနေရာတွင်ပင် ရှိနေပါက ရောဂါလက္ခဏာကို အနည်းငယ်သာ ခံစားရခြင်း သို့မဟုတ် လုံးဝမခံစားရခြင်းတို့ ဖြစ်နိုင်ပါသည်။ အရိုးများ ဖွံ့ဖြိုးဆဲဖြစ်သော ကလေးငယ်များတွင်မူ ထိုပျက်စီးမှုမှာ အလိုအလျောက် ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။
သို့သော် ထိုအရိုးအပိုင်းအစမှာ ပြုတ်ထွက်သွားပြီး အဆစ်အတွင်း လှုပ်ရှားနေသော အစိတ်အပိုင်းများကြားတွင် ညပ်နေပါက သို့မဟုတ် နာတာရှည် နာကျင်မှုကို ခံစားနေရပါက ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
ဖြစ်ပွားသည့် အဆစ်အမြစ် အမျိုးအစားပေါ်မူတည်၍ အရိုးနှင့် အရိုးနုပျက်စီးခြင်းရောဂါ (Osteochondritis dissecans) ၏ လက္ခဏာများကို အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည်။
- နာကျင်ခြင်း – လှေကားတက်ခြင်း၊ တောင်တက်ခြင်း သို့မဟုတ် အားကစားလုပ်ခြင်းကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည့်အခါတွင် နာကျင်မှု ပိုမိုဆိုးရွားလာတတ်ပါသည်။
- ရောင်ရမ်းခြင်းနှင့် ထိလျှင်နာခြင်း – ထိခိုက်မိသော အဆစ်တစ်ဝိုက်ရှိ အရေပြားမှာ ရောင်ရမ်းနေခြင်း သို့မဟုတ် ဖိကြည့်ပါက နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။
- အဆစ်အတွင်းမှ အသံမြည်ခြင်း သို့မဟုတ် လှုပ်ရှား၍မရခြင်း – ပြုတ်ထွက်နေသော အရိုးအပိုင်းအစသည် အဆစ်လှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေပါက အဆစ်အတွင်းမှ အသံမြည်ခြင်း သို့မဟုတ် အဆစ်မှာ တစ်နေရာတည်းတွင် ကြပ်၍ လှုပ်ရှားမရဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
- အဆစ်အားနည်းခြင်း – အဆစ်သည် မခိုင်ခံ့တော့ဘဲ ချည့်နဲ့သွားသကဲ့သို့ ခံစားရနိုင်ပါသည်။
- လှုပ်ရှားမှုကန့်သတ်ချက်ရှိခြင်း – ထိခိုက်မိသော လက်ခြေ သို့မဟုတ် အစိတ်အပိုင်းကို အဆုံးထိ ဆန့်ထုတ်နိုင်စွမ်း မရှိတော့ခြင်းမျိုး ဖြစ်နိုင်ပါသည်။
အကယ်၍ သင်၏ ဒူးဆစ်၊ တံတောင်ဆစ် သို့မဟုတ် အခြားအဆစ်များတွင် စွဲမြဲစွာ နာကျင်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ထို့အပြင် အဆစ်ကို အပြည့်အဝ လှုပ်ရှား၍မရခြင်း သို့မဟုတ် အဆစ်ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်ထံ သွားရောက်ပြသရန် သို့မဟုတ် ဆက်သွယ်အကြောင်းကြားရန် လိုအပ်ပါသည်။
အကြောင်းအရင်းများ
အရိုးနှင့် အရိုးနုပျက်စီးခြင်းရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်း အတိအကျကိုမူ ယခုထက်တိုင် ရှင်းလင်းစွာ မသိရှိရသေးပါ။ သို့သော် သတိမမူမိလောက်သည့် သေးငယ်သော အရိုးထိခိုက်မှုများ ထပ်ခါတလဲလဲ ဖြစ်ပေါ်ခြင်းကြောင့် ထိခိုက်မိသော အရိုး၏ အဆုံးအပိုင်းသို့ သွေးစီးဆင်းမှု လျော့နည်းသွားခြင်းက ရောဂါဖြစ်ပွားမှုကို အားပေးသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။
မျိုးရိုးလိုက်သော အရိုးနှင့် အရိုးနုပျက်စီးခြင်းရောဂါ (Familial osteochondritis dissecans) မှာမူ အရိုးနုတည်ဆောက်ရာတွင် အဓိကကျသော Aggrecan ဟုခေါ်သည့် ပရိုတင်းကို ထုတ်လုပ်ပေးသော ACAN မျိုးဗီဇ (Gene) ပြောင်းလဲမှုကြောင့် ဖြစ်ပွားနိုင်ပါသည်။ ထိုသို့ မျိုးဗီဇပြောင်းလဲမှုကြောင့် ပရိုတင်းသည် အရိုးနုကို ကောင်းမွန်စွာ မထုတ်လုပ်နိုင်တော့ဘဲ အရိုးနုများ အားနည်းလာခြင်းနှင့် ပုံစံမမှန်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။ သို့သော် ထိုသို့ အားနည်းပြီး ပုံစံမမှန်သော အရိုးနုများက အရိုးအစိတ်အပိုင်းများ ကွဲထွက်ခြင်းနှင့် အနာတရဖြစ်ခြင်းတို့ကို မည်သို့ဖြစ်စေသည်ဆိုသော အချက်မှာမူ ရှင်းလင်းစွာ မသိရသေးပါ။
အရိုးနှင့် အရိုးနုပျက်စီးခြင်းရောဂါ ပိုမိုဖြစ်ပွားစေလွယ်သောအချက်များ
ဤရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို မည်သူမဆို ဖြစ်ပွားနိုင်သော်လည်း၊ အသက် (၁၀) နှစ်မှ (၂၀) နှစ်အတွင်းရှိ အားကစားကို အထူးတစိုက် လေ့ကျင့်ကစားသူ ကလေးငယ်များနှင့် လူငယ်များတွင် အဖြစ်များဆုံး ဖြစ်သည်ကို တွေ့ရှိရပါသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ကာယပိုင်းဆိုင်ရာ စစ်ဆေးမှုပြုလုပ်စဉ်အတွင်း ထိခိုက်မိထားသော အဆစ်ကို ဖိကြည့်၍ နာကျင်မှု ရှိမရှိ သို့မဟုတ် ရောင်ရမ်းမှု ရှိမရှိကို စစ်ဆေးမည် ဖြစ်သည်။ အချို့သောအခြေအနေများတွင် အဆစ်အတွင်း၌ ပြုတ်ထွက်နေသော အရိုးအပိုင်းအစကို စမ်းသပ်မိနိုင်ပါသည်။ ထို့အပြင် ဆရာဝန်သည် အဆစ်တစ်ဝိုက်ရှိ အရွတ်များနှင့် အခြားဖွဲ့စည်းပုံများကိုလည်း စစ်ဆေးမည် ဖြစ်ပါသည်။
ထို့ပြင် အဆစ်သည် ပုံမှန်အတိုင်း လွယ်ကူစွာ လှုပ်ရှားနိုင်ခြင်း ရှိမရှိကို သိရှိနိုင်ရန်အတွက် ထိခိုက်ထားသော အဆစ်ကို အဘက်ဘက်သို့ လှုပ်ရှားကြည့်ရန် ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။
ပုံရိပ်ဖော်စစ်ဆေးခြင်း
ဆရာဝန်သည် အောက်ပါ စစ်ဆေးမှုများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
- ဓာတ်မှန်ရိုက်ခြင်း (X-rays): ဓာတ်မှန်ရိုက်ခြင်းဖြင့် အဆစ်အတွင်းရှိ အရိုးများ ပုံမှန်မဟုတ်သည်ကို တွေ့ရှိနိုင်ပါသည်။
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI): ၎င်းသည် ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်စက်ကွင်းကို အသုံးပြု၍ အရိုးနှင့် အရိုးနုများ အပါအဝင် မာကျောသော တစ်ရှူးများနှင့် ပျော့ပျောင်းသော တစ်ရှူးများ၏ တိကျသော ပုံရိပ်များကို ဖော်ထုတ်ပေးနိုင်ပါသည်။ အကယ်၍ ဓာတ်မှန်ရလဒ်တွင် ပုံမှန်ဖြစ်နေသော်လည်း ရောဂါလက္ခဏာများ ဆက်လက်ခံစားနေရပါက ဆရာဝန်သည် MRI ရိုက်ရန် အကြံပြုနိုင်ပါသည်။
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan): ဤနည်းလမ်းသည် ကွဲပြားသော ထောင့်ပေါင်းစုံမှ ရိုက်ကူးထားသည့် ဓာတ်မှန်ပုံရိပ်များကို ပေါင်းစပ်ကာ ခန္ဓာကိုယ်အတွင်းပိုင်း ဖွဲ့စည်းပုံများကို အပိုင်းလိုက် ပုံရိပ်ဖော်ပေးခြင်း ဖြစ်သည်။ CT scan အသုံးပြုခြင်းဖြင့် အရိုးဖွဲ့စည်းပုံကို အသေးစိတ် မြင်တွေ့နိုင်သောကြောင့် အဆစ်အတွင်း ပြုတ်ထွက်နေသော အရိုးအပိုင်းအစများ မည်သည့်နေရာတွင် တိတိကျကျရှိနေသည်ကို ဆရာဝန်က ရှာဖွေဖော်ထုတ်နိုင်ပါသည်။
ကုသခြင်း
အရိုးနှင့် အရိုးနုပျက်စီးခြင်းရောဂါ (Osteochondritis dissecans) အတွက် ကုသမှုသည် နာကျင်မှုကို သက်သာစေရန်နှင့် ထိခိုက်သွားသော အဆစ်ကို ပုံမှန်လုပ်ဆောင်ချက်အတိုင်း ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်သည့်အပြင်၊ နောင်တွင် အဆစ်ရောင်ခြင်း (Osteoarthritis) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးရန်အတွက်လည်း ဖြစ်ပါသည်။ လူနာအားလုံးအတွက် တပြေးညီ ထိရောက်မှုရှိသည့် သီးသန့်ကုသနည်းဟူ၍ မရှိပါ။ အရိုးများ ဖွံ့ဖြိုးဆဲဖြစ်သော ကလေးငယ်များတွင်မူ အဆစ်ကို အနားပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပျက်စီးသွားသော အရိုးအစိတ်အပိုင်းများကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။
ရောဂါကုထုံးများ
ဆရာဝန်သည် အစောပိုင်းကာလတွင် ခွဲစိတ်ရန်မလိုသော စောင့်ကြည့်ကုသနည်းများကို ပထမဦးစွာ အကြံပြုနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည် –
- အဆစ်ကို အနားပေးခြင်း – အကယ်၍ သင်၏ဒူးဆစ်တွင် နာကျင်မှု ခံစားနေရပါက ခုန်ခြင်းနှင့် ပြေးခြင်းကဲ့သို့သော အားကစားများကို ရှောင်ကြဉ်ပါ။ နာကျင်မှုကြောင့် လမ်းလျှောက်ရာတွင် ထောက်၍မရပါက အချိန်အတန်ကြာ ချိုင်းထောက် အသုံးပြုရန် လိုအပ်နိုင်ပါသည်။ ထို့အပြင် ဆရာဝန်က အဆစ်ကို မလှုပ်ရှားစေရန် အထောက်အကူပြု ကိရိယာ (Brace)၊ ကျောက်ပတ်တီး (Cast) သို့မဟုတ် ကျပ်စည်းခြင်း (Splint) တို့ကို ရက်သတ္တပတ် အနည်းငယ်ကြာ အသုံးပြုရန် အကြံပြုနိုင်ပါသည်။
- ကာယကုထုံး (Physical therapy) – ဤကုထုံးတွင် အဓိကအားဖြင့် အကြောဆန့်ခြင်း၊ အဆစ်လှုပ်ရှားမှု ပိုမိုကောင်းမွန်စေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ထိခိုက်မိထားသော အဆစ်ကို ထောက်ပံ့ပေးထားသည့် ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။ ခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင်လည်း ကာယကုထုံးကို ဆက်လက်လုပ်ဆောင်ရန် အကြံပြုလေ့ ရှိပါသည်။
ခွဲစိပ်ကုသခြင်း
အကယ်၍ အဆစ်အတွင်း၌ ပြတ်ထွက်နေသော အရိုးအပိုင်းအစရှိနေခြင်း၊ အရိုးများ ဖွံ့ဖြိုးမှု ရပ်တန့်သွားပြီးနောက်တွင်လည်း ထိခိုက်မိသောနေရာမှာ ဆက်လက်ပျက်စီးနေခြင်း သို့မဟုတ် (၄) လမှ (၆) လအထိ စောင့်ကြည့်ကုသနည်းများဖြင့် ကုသသော်လည်း ထိရောက်မှုမရှိခြင်း စသည့်အခြေအနေများတွင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။ မည်သည့်ခွဲစိတ်မှုအမျိုးအစားကို ပြုလုပ်မည်ဆိုသည်မှာ ထိခိုက်ဒဏ်ရာ၏ အရွယ်အစား၊ ရောဂါအဆင့်နှင့် လူနာ၏ အရိုးဖွံ့ဖြိုးမှု အခြေအနေတို့အပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ပါသည်။
