နာတာရှည် မောပန်းနွမ်းနယ်သည့် ရောဂါစု
နာတာရှည် မောပန်းနွမ်းနယ်သည့် ရောဂါစု အကြောင်း သိကောင်းစရာ
နာတာရှည် မောပန်းနွမ်းနယ်သည့် ရောဂါစု Chronic Fatigue Syndrome (CFS) သို့မဟုတ် Myalgic Encephalomyelitis (ME) ဆိုသည်မှာ အနားယူသော်လည်း မသက်သာပဲ အနည်းဆုံး ၆ လကြာမြင့်စွာ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် နားမလည်နိုင်အောင် အားအင်ကုန်ခမ်းခြင်းတို့ကို ခံစားရသည့် ရောဂါတစ်မျိုး ဖြစ်သည်။
ME/CFS ခံစားနေရသူများသည် နေ့စဉ် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် သို့မဟုတ် အိပ်ရာမှ ထရန်ပင် ခက်ခဲမှုများနှင့် ကြုံတွေ့ရနိုင်သည်။ ၎င်းတို့ ခံစားရသည့် မောပန်းနွမ်းနယ်မှု ပမာဏသည် ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် ဦးနှောက်သုံး ရင်းနှီးရသည့် လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ပိုမိုပြင်းထန်လာလေ့ရှိသည်။ ME/CFS ဖြစ်ပွားရသည့် တိကျသော မူလအကြောင်းအရင်းကို မသိရသေးသော်လည်း ကျွမ်းကျင်သူများက ကူးစက်ရောဂါများနှင့် မျိုးရိုးဗီဇဆိုင်ရာ သက်ရောက်မှုများ ကဲ့သို့သော အကြောင်းအရင်းများ စုစည်းပေါင်းစပ်၍ ဖြစ်ပေါ်လာခြင်းဟု ယုံကြည်ကြသည်။
လက်ရှိတွင် ME/CFS အတွက် သီးသန့် ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးမရှိသေးပါ။ ကုသမှု နည်းလမ်းများသည် လူနေမှု ဘဝအရည်အသွေး တိုးတက်လာစေရန် လက္ခဏာများကို ထိန်းချုပ်နိုင်ရေးအပေါ် အဓိကထား လုပ်ဆောင်သည်။ သို့သော်လည်း ဆင်တူသော ရောဂါလက္ခဏာများ ပြသသည့် အခြားသော ကျန်းမာရေး ပြဿနာများကို ဖယ်ထုတ်နိုင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။
ရောဂါလက္ခဏာများ
FS ၏ ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး အလွန် ကွဲပြားနိုင်သည်။ အဓိက အတွေ့ရများသော လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် –
- အနည်းဆုံး ၆ လကြာမြင့်ခဲ့ပြီး အနားယူခြင်း သို့မဟုတ် အိပ်စက်ခြင်းဖြင့် သက်သာမသွားသော ပြင်းထန်သည့် မောပန်းနွမ်းနယ်မှု
- ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် ဦးနှောက်သုံး လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် အလွန်အမင်း မောပန်းနွမ်းနယ်လာခြင်း (Post-exertional malaise)
- မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတို့တွင် ခက်ခဲလာခြင်း
- ထိုင်ရာမှ သို့မဟုတ် အိပ်ရာမှ ထထိုင်/ထရပ်လိုက်သည့်အခါ မူးဝေခြင်း ပိုမိုဆိုးရွားလာခြင်း
- အိပ်စက်သော်လည်း အမောမပြေခြင်း၊ လန်းဆန်းမှု မရှိခြင်း
- အဆစ် သို့မဟုတ် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
အခြားသော ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –
- အသံ၊ အလင်း၊ အနံ့၊ အစားအသောက်နှင့် ဆေးဝါးများအပေါ် အာရုံခံစားမှု ပိုမိုလွယ်ကူလာခြင်း
- ခေါင်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
- လည်ပင်း သို့မဟုတ် ဂျိုင်းကြားရှိ တက်စေ့များ ရောင်ရမ်းနာကျင်ခြင်း
- အမြင်အာရုံ ပြဿနာများ ဖြစ်ပေါ်ခြင်း
- ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အလွန်အမင်း အောင့်ခြင်း/လေပွခြင်းနှင့် အူလမ်းကြောင်း မအီမသာဖြစ်သည့် ရောဂါစု (IBS)
- မေ့လဲခြင်းနှင့် အားနည်းခြင်း
- စိုးရိမ်ပူပန်လွန်ခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် စိတ်ခံစားချက် အပြောင်းအလဲဖြစ်ခြင်း
အကယ်၍ သင်သည် နာတာရှည် မောပန်းနွမ်းနယ်သည့် ရောဂါစု၏ လက္ခဏာများကို ခံစားနေရပါက (အထူးသဖြင့် ၆ လထက်ပို၍ မပြတ်ဖြစ်ပေါ်နေပါက) မှန်ကန်သော ရောဂါအမည်သတ်မှတ်ခြင်းနှင့် ကုသမှုအတွက် ကျန်းမာရေးစောင့်ရှောက်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ အထူးသဖြင့် မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည့် အခြားသော ကျန်းမာရေး အခြေအနေများစွာရှိသောကြောင့် အခြား မူလအကြောင်းအရင်းများကို ဖယ်ထုတ်စစ်ဆေးရန် လိုအပ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ME/CFS ဖြစ်ပွားရသည့် တိကျသော မူလအကြောင်းအရင်းကို မသိရသေးပါ။ သုတေသနပြုချက်များအရ အောက်ပါ အကြောင်းအရင်းများသည် CFS ဖြစ်ပွားမှုကို အထောက်အကူပြုနိုင်သည် –
- ကူးစက်ရောဂါများ – ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် ပိုးဝင်ရောဂါများမှ ပြန်လည်သက်သာလာပြီးနောက် ME/CFS ဖြစ်ပွား ကျန်ရစ်ခဲ့နိုင်သည်။
- ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ – ပြင်းထန်သော စိတ်ဖိစီးမှု ခံစားရသူများ၊ ခွဲစိတ်ကုသမှု ခံယူထားသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးသူများတွင် ME/CFS ဖြစ်ပွားလာသည်ကို တွေ့ရသည်။
- စွမ်းအင် အသုံးပြုမှုဆိုင်ရာ ပြဿနာများ – ခန္ဓာကိုယ်မှ စွမ်းအင် ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်း ပုံစံပြောင်းလဲသွားခြင်း (ဥပမာ – ကာဘိုဟိုက်ဒရိတ်နှင့် အဆီများကို စွမ်းအင်အဖြစ် ပြောင်းလဲရန် ခက်ခဲခြင်း) သည် ME/CFS သို့ ဦးတည်နိုင်သည်။
- မျိုးရိုးဗီဇ – ဤအခြေအနေသည် မျိုးရိုးလိုက်သည့် သဘောသဘာဝ ရှိနိုင်သည်။ မိသားစုဝင်များအကြား ဆက်ခံပါလာနိုင်သည်။
- အခြားအချက်များ – သွေးဖိအားနည်းခြင်း၊ စိတ်ဖိစီးမှုနှင့် ကိုယ်ခံအားစနစ် ပြောင်းလဲမှုများလည်း ပါဝင်နိုင်သည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
အောက်ပါ အချက်များသည် ME/CFS ဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်သည် –
- အသက်အရွယ် – ဤရောဂါသည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များကို ထိခိုက်နိုင်သော်လည်း အသက် ၄၀ မှ ၆၀ အကြား လူများတွင် ပိုမိုအတွေ့ရများသည်။
- လိင် – အမျိုးသမီးများသည် အမျိုးသားများထက် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
- အခြား ကျန်းမာရေး ပြဿနာများ – Fibromyalgia (ကြွက်သားနှင့် အရိုးအဆစ် နာကျင်သည့်ရောဂါ) သို့မဟုတ် Postural orthostatic tachycardia syndrome – POTS (မတ်တပ်ရပ်လျှင် နှလုံးခုန်နှုန်း မြန်သည့်ရောဂါ) ကဲ့သို့သော ရှုပ်ထွေးသည့် ရောဂါရာဇဝင် ရှိဖူးသူများတွင် ME/CFS ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ME/CFS ကို တိတိကျကျ စစ်ဆေးဖော်ထုတ်နိုင်သည့် အထူးဓာတ်ခွဲစစ်ဆေးမှုမျိုး မရှိသေးသော်လည်း၊ ဆင်တူသော လက္ခဏာများ ရှိသည့် အခြားရောဂါများကို ဖယ်ထုတ်ရန်နှင့် ဖြစ်နိုင်ချေရှိသော အကြောင်းအရင်းများကို ရှာဖွေရန် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းနှင့် စိတ်ကျန်းမာရေး ဆန်းစစ်ခြင်းတို့ကိုလည်း ပြုလုပ်ရန် လိုအပ်ပါသည်။
ရောဂါအမည် သတ်မှတ်ရာတွင် အထောက်အကူဖြစ်စေရန် ME/CFS နှင့် ဆက်စပ်နေသော မောပန်းနွမ်းနယ်မှုကို သီးသန့် လမ်းညွှန်ချက်များအတိုင်း သတ်မှတ်ထားသည်။
- ရောဂါအမည်တပ်ခြင်းဆိုင်ရာ စံနှုန်းများ (Diagnostic criteria): ME/CFS တွင်ဖြစ်သော မောပန်းနွမ်းနယ်မှုသည် ရောဂါမဖြစ်မီက ပုံမှန်လုပ်ဆောင်နိုင်ခဲ့သော လှုပ်ရှားမှုများကို မလုပ်ဆောင်နိုင်တော့သည့်အထိ အလွန်အမင်း ပြင်းထန်သော သဘောသဘာဝ ရှိသည်။ ထို့အပြင် အောက်ပါ အချက်များနှင့်လည်း ကိုက်ညီရမည် –
- အသစ် သို့မဟုတ် တိကျစွာ စတင်ဖြစ်ပေါ်လာခြင်း
- အနားယူလိုက်သော်လည်း သိသိသာသာ သက်သာမသွားခြင်း
- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ အားစိုက်ထုတ်မှုများ ပြုလုပ်သည့်အခါ ပိုမိုဆိုးရွားလာခြင်း
အမေရိကန် ဆေးပညာအင်စတီကျု (Institute of Medicine) မှ သတ်မှတ်ထားသော ရောဂါအမည်တပ်ခြင်း စံနှုန်းများနှင့် ကိုက်ညီစေရန်အတွက် လူနာသည် အောက်ပါ လက္ခဏာ ၂ ခုအနက် အနည်းဆုံး ၁ ခုကိုလည်း ပြသရမည် –
- မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် ဂရုစိုက်နိုင်စွမ်းတို့တွင် ပြဿနာများ ရှိခြင်း
- အိပ်ရာမှ သို့မဟုတ် ထိုင်နေရာမှ ထရပ်လိုက်သည့်အခါ မူးဝေခြင်း ပိုမိုဆိုးရွားလာခြင်း
ရောဂါအမည်တပ် စံနှုန်းများနှင့် ကိုက်ညီရန်အတွက် လူနာသည် ဖော်ပြပါ လက္ခဏာများအနက် အနည်းဆုံး ၁ ခုကို အနည်းဆုံး ၆ လကြာ ပြသရမည်ဖြစ်သည်။ ထိုလက္ခဏာသည် အချိန်၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပေါ်နေရမည်ဖြစ်ပြီး ပြင်းထန်မှုအဆင့်မှာ မအီမသာဖြစ်ရုံမှသည် အလွန်အမင်း သို့မဟုတ် ပြင်းထန်သော အဆင့်တွင် ရှိရမည်။
ကျန်းမာရေး အခြေအနေအချို့သည် ME/CFS နှင့် ဆင်တူသော လက္ခဏာများကို ပြသနိုင်သည်။ ၎င်းတို့မှာ –
- အိပ်စက်မှုဆိုင်ရာ ပုံမှန်မဟုတ်ခြင်းများ (Sleep disorders) – အိပ်စက်မှု စစ်ဆေးခြင်း (Sleep study) ပြုလုပ်ခြင်းဖြင့် လေပြွန်ပိတ်၍ အသက်ရှူရပ်ခြင်း (Obstructive sleep apnea)၊ အိပ်ချိန် ကြွက်သား ဂနာမငြိမ်ဖြစ်သည့် ရောဂါစု (Restless legs syndrome) သို့မဟုတ် အိပ်မပျော်သည့်ရောဂါ (Insomnia) တို့သည် အိပ်စက်နိုင်စွမ်းကို နှောင့်ယှက်နေသလားဆိုသည်ကို စိစစ်နိုင်သည်။ အိပ်စက်မှု ပြဿနာများသည် မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်သည်။
- အခြား ဆေးဝါးဆိုင်ရာ အခြေအနေများ – သွေးစစ်ဆေးခြင်းဖြင့် သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါနှင့် သိုင်းရွိုက်ဟော်မုန်း အထွက်နည်းခြင်း (Underactive thyroid) ကဲ့သို့သော အခြားရောဂါများကြောင့် မောပန်းနွမ်းနယ်မှု ဖြစ်နေသလားဆိုသည်ကို စိစစ်နိုင်သည်။
- စိတ်ကျန်းမာရေး ပြဿနာများ – ကျန်းမာရေးစောင့်ရှောက်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် စိုးရိမ်ပူပန်လွန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း အပါအဝင် စိတ်ကျန်းမာရေး အခြေအနေများကြောင့် မောပန်းနွမ်းနယ်မှု ဖြစ်နေသလားဆိုသည်ကို ဖော်ထုတ်နိုင်သည်။
ME/CFS ဝေဒနာရှင်များသည် အိပ်စက်မှု ပုံမှန်မဟုတ်ခြင်း၊ အူလမ်းကြောင်း မအီမသာဖြစ်သည့် ရောဂါစု (IBS) သို့မဟုတ် Fibromyalgia (ကြွက်သားနှင့် အရိုးအဆစ် နာကျင်သည့်ရောဂါ) ကဲ့သို့သော အခြား ကျန်းမာရေး ပြဿနာများကို မကြာခဏ ပူးတွဲခံစားရလေ့ရှိသည်။ သုတေသီအချို့က ME/CFS နှင့် Fibromyalgia တို့သည် ဆင်တူသော လက္ခဏာများစွာကို ပြသသောကြောင့် မူလအကြောင်းအရင်း တစ်ခုတည်းမှ မြစ်ဖျားခံလာခြင်း ဖြစ်နိုင်သည်ဟုပင် သီအိုရီထုတ်ထားကြသည်။
ကုသခြင်း (Treatment)
ME/CFS အတွက် တိကျသော ပျောက်ကင်းအောင် ကုသသည့် နည်းလမ်း မရှိသေးပါ။ ဖြစ်ရပ်အများစုတွင် အဆိုးရွားဆုံး သို့မဟုတ် နေ့စဉ်ဘဝကို အနှောင့်အယှက် အပေးဆုံး လက္ခဏာများကို အရင်ဆုံး ကုသပေးရသည်။ ကုသမှု ရွေးချယ်စရာများတွင် အိပ်စက်မှု အလေ့အထများကို ပြောင်းလဲခြင်း၊ ဆေးဝါးများ သောက်သုံးခြင်းနှင့် လှုပ်ရှားမှုများကို စနစ်တကျ ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။
- ဆေးဝါးများ (Medications): ရောဂါလက္ခဏာများကို ကုသရန်အတွက် အောက်ပါ ဆေးဝါးများကို ညွှန်းဆိုနိုင်ပါသည် –
- နာကျင်မှုအတွက် – စတီရွိုက်မပါသော အရောင်ကျ အကိုက်အခဲပျောက်ဆေးများ (NSAIDs) ကို နာကျင်မှုအတွက် ညွှန်းဆိုနိုင်သည်။ ပုံမှန်သောက်နေကျ NSAIDs ဖြစ်သည့် Ibuprofen နှင့် Naproxen sodium တို့ ထိရောက်မှုမရှိပါက Fibromyalgia အတွက် သောက်သုံးရသော Prescription ဆေးများဖြစ်သည့် Gabapentin, Amitriptyline, Pregabalin နှင့် Duloxetine တို့ကို သောက်သုံးနိုင်ပါသည်။
- မတ်တပ်ရပ်လျှင် ခံစားရသည့် ဝေဒနာများ (Orthostatic intolerance) – မတ်တပ်ရပ်သည့်အခါ သို့မဟုတ် မတ်မတ်ထိုင်သည့်အခါ မူးဝေခြင်း သို့မဟုတ် ပျို့အန်ခြင်း ခံစားရသည့် ME/CFS ဝေဒနာရှင်များအတွက် နှလုံးခုန်နှုန်း သို့မဟုတ် သွေးဖိအားကို ထိန်းချုပ်ပေးသော ဆေးဝါးများသည် အကျိုးကျေးဇူး ရှိနိုင်သည်။
- စိတ်ဓာတ်ကျခြင်း – ME/CFS ကဲ့သို့သော နာတာရှည် ရောဂါ ခံစားနေရသူ အများအပြားသည် စိတ်ဓာတ်ကျခြင်းနှင့်လည်း ရုန်းကန်နေရတတ်သည်။ စိတ်ဓာတ်ကျ သက်သာဆေးများကို အိပ်စက်မှု၊ နာကျင်မှုနှင့် မောပန်းနွမ်းနယ်မှုများကို ထိန်းချုပ်ရန်အတွက် အသုံးပြုနိုင်သည်။
- လှုပ်ရှားမှုနှင့် အနားယူမှုကို မျှတအောင် ထိန်းညှိခြင်း (Pacing for post-exertional malaise): လှုပ်ရှားမှု ပြုလုပ်ပြီးနောက် ပြင်းထန်စွာ မောပန်းနွမ်းနယ်ခြင်း (Post-exertional malaise) သည် ပုံမှန်အားဖြင့် လှုပ်ရှားမှု ပြုလုပ်ပြီး ၁၂ နာရီမှ ၂၄ နာရီအတွင်း စတင်လေ့ရှိပြီး ရက်ပေါင်းများစွာ သို့မဟုတ် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်တတ်သည်။ ၎င်းသည် ကိုယ်လက်လှုပ်ရှားမှုနှင့် ဦးနှောက်သုံး လှုပ်ရှားမှုများကြောင့် မောပန်းနွမ်းနယ်သည့် လက္ခဏာများ ပိုမိုဆိုးရွားလာသည့် အခြေအနေတစ်ခု ဖြစ်သည်။
ဤလက္ခဏာကို ဖြေရှင်းရန်အတွက် ကျန်းမာရေးစောင့်ရှောက်သူများသည် “Pacing” (အရှိန်အဟုန် ထိန်းညှိခြင်း) ဟုခေါ်သော နည်းဗျူဟာတစ်ခုကို အကြံပြုလေ့ရှိသည်။ Pacing ဆိုသည်မှာ Post-exertional malaise ၏ ဆိုးကျိုးများကို လျှော့ချပေးနိုင်ရန် အနားယူချိန်နှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန်များကို သေချာစွာ ထိန်းချုပ်စောင့်ကြည့်ပြီး မျှတအောင် ပြုလုပ်ပေးခြင်းဖြစ်သည်။
နေ့စဉ် ပြုလုပ်ခဲ့သော လှုပ်ရှားမှုများနှင့် ခံစားရသော လက္ခဏာများကို မှတ်တမ်းစာအုပ်တွင် ရေးသွင်းထားခြင်းသည် မိမိ၏ အလွန်အမင်း လှုပ်ရှားနိုင်စွမ်း စိစစ်သတ်မှတ်ချက် (Threshold) ကို စောင့်ကြည့်ရန်နှင့် ဖော်ထုတ်ရန်အတွက် အသုံးဝင်သည်။ လူနာသည် သက်သာလာသည်နှင့်အမျှ Post-exertional malaise မဖြစ်ပွားဘဲ လေ့ကျင့်ခန်းများကို ပိုမိုဘေးကင်းစွာ ပြုလုပ်နိုင်လာမည်ဖြစ်သည်။
- အိပ်စက်မှု ပြဿနာများကို ဖြေရှင်းခြင်း လေပြွန်ပိတ်၍ အသက်ရှူရပ်သည့် ရောဂါ (Sleep apnea) ရှိပါက ကုသရာတွင် ပုံမှန်အားဖြင့် လူနာ အိပ်ပျော်နေစဉ် မျက်နှာဖုံးမှတစ်ဆင့် လေဖိအားပေးသည့် စက် (CPAP) ကို အသုံးပြုရသည်။
သို့သော် ဆေးဝါးများ မညွှန်းမီ သို့မဟုတ် အခြား ကုသမှုပုံစံများ မစတင်မီ ကျန်းမာရေးစောင့်ရှောက်သူသည် အိပ်စက်မှု ကောင်းမွန်စေရန် အိမ်၌ ပြုလုပ်နိုင်သော အိပ်စက်မှုဆိုင်ရာ အလေ့အထများကို အကြံပြုနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည် –
- နေ့စဉ် ပုံမှန် အိပ်ချိန်နှင့် နိုးထချိန် စယန္တရားတစ်ခု ထူထောင်ထားခြင်း
- မအိပ်မီအချိန်များတွင် ကဖိန်းဓာတ်နှင့် အယ်လ်ကိုဟော သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း
- နေ့ခင်းဘက်တွင် မိနစ် ၃၀ ထက် ပို၍ ဘယ်တော့မှ မအိပ်ခြင်း
