ရင်သားနို့ပြွန် ပုံမှန်မဟုတ်စွာ ကျယ်ခြင်း (သို့မဟုတ်) ကြီးလာခြင်း။

ခြုံငုံသုံးသပ်ချက်

ရင်သားနို့ပြွန်ကျယ်ခြင်း (Mammary duct ectasia) ဆိုသည်မှာ နို့သီးခေါင်းအောက်ရှိ နို့ရည်သယ်ဆောင်သော ပြွန်များ ကျယ်လာပြီး အရည်များဖြင့် ပြည့်လာသည့် အခြေအနေတစ်ခုဖြစ်သည်။ ထိုပြွန်နံရံများ ထူလာနိုင်ပြီး ခပ်ပျစ်ပျစ် အရာဝတ္ထုများဖြင့် ပိတ်ဆို့သွားတတ်သည်။ အချို့အမျိုးသမီးများတွင် မည်သည့်လက္ခဏာမျှ မပြသော်လည်း၊ အချို့တွင်မူ ရင်သားနာကျင်ခြင်း၊ နို့သီးခေါင်းမှ အရည်ထွက်ခြင်း သို့မဟုတ် ပိတ်ဆို့နေသော ပြွန်ရောင်ရမ်းခြင်း (Periductal mastitis) တို့ကို ခံစားရနိုင်သည်။ ဤရောဂါသည် မည်သူ့တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက် ၄၅ နှစ်မှ ၅၅ နှစ်ကြား အမျိုးသမီးများ၊ အထူးသဖြင့် သွေးဆုံးခါနီးကာလတွင် ပိုမိုအဖြစ်များသည်။ သို့သော် သွေးဆုံးပြီးသူများနှင့် မည်သည့်အသက်အရွယ်၊ မည်သည့်လိင်တွင်မဆိုလည်း ဖြစ်ပွားနိုင်ပါသည်။
ဤအခြေအနေသည် ဆေးကုသမှုခံယူစရာမလိုဘဲ သူ့အလိုလို ပြန်လည်ကောင်းမွန်သွားနိုင်ပါသည်။ သို့သော် လက္ခဏာများ ဆက်လက်ရှိနေပါက ပိုးသတ်ဆေးများ သောက်ရန်လိုအပ်နိုင်သလို၊ ရောဂါဖြစ်နေသော နို့ပြွန်ကို ဖယ်ရှားရန် ခွဲစိတ်မှုလည်း လိုအပ်နိုင်ပါသည်။ ရင်သားတွင် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်ပါက စိုးရိမ်ပူပန်မိတတ်ကြသော်လည်း ရင်သားနို့ပြွန်ကျယ်ခြင်း သို့မဟုတ် နို့ပြွန်ရောင်ရမ်းခြင်းတို့သည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေခြင်း မရှိပါ။

ရောဂါလက္ခဏာများ

ရင်သားနို့ပြွန်ကျယ်ခြင်းသည် ရောဂါလက္ခဏာ မပြဘဲ ရှိနေနိုင်သော်လည်း အချို့သူများတွင် အောက်ပါလက္ခဏာများ ပေါ်ပေါက်နိုင်သည် –

  • နို့သီးခေါင်းတစ်ခု သို့မဟုတ် နှစ်ခုစလုံးမှ နောက်ကျုသော အဖြူရောင်၊ အစိမ်းရောင် သို့မဟုတ် အမည်းရောင် အရည်များ ထွက်ခြင်း။
  • နို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းဘေးတစ်ဝိုက် (Areola) နာကျင်ခြင်း။
  • နို့သီးခေါင်းနှင့် နို့သီးခေါင်းဘေးတစ်ဝိုက်ရှိ တစ်ရှူးများ နီမြန်းလာခြင်း။
  • ပိတ်ဆို့နေသော ပြွန်နှင့်နီးကပ်သော ရင်သားနေရာတွင် အလုံးအကျိတ် သို့မဟုတ် အသားထူလာခြင်း။
  • နို့သီးခေါင်း အတွင်းသို့ ချိုင့်ဝင်သွားခြင်း (Inverted nipple)။

ရင်သားနို့ပြွန်ကျယ်ခြင်းမှတစ်ဆင့် Mastitis ဟုခေါ်သော ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်ပွားနိုင်ပြီး ရင်သားနာကျင်ခြင်း၊ နို့သီးခေါင်းတစ်ဝိုက် ရောင်ရမ်းခြင်းနှင့် ဖျားခြင်းတို့ကို ဖြစ်စေနိုင်သည်။
အကယ်၍ သင့်ရင်သားတွင် အလုံးအကျိတ်အသစ်တွေ့ခြင်း၊ နို့သီးခေါင်းမှ အရည်များအလိုလိုထွက်ခြင်း၊ အရေပြားနီမြန်းရောင်ရမ်းခြင်း သို့မဟုတ် နို့သီးခေါင်း ချိုင့်ဝင်သွားခြင်းစသည့် မပျောက်ကင်းဘဲ ဆက်ရှိနေသော အပြောင်းအလဲများကို သတိပြုမိပါက ဆရာဝန်နှင့် ပြသဆွေးနွေးပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ရင်သားအတွင်းရှိ တစ်ရှူးများတွင် နို့ရည်ကို နို့သီးခေါင်းဆီသို့ သယ်ဆောင်ပေးသော သေးငယ်သည့် နို့ပြွန်ကွန်ရက်များ ပါရှိသည်။ ရင်သားနို့ပြွန်ကျယ်ခြင်းသည် နို့သီးခေါင်းအောက်ရှိ နို့ပြွန်တစ်ခု ပြန့်ကားလာပြီး ထူလာခြင်းဖြစ်သည်။ ၎င်းသည် စေးကပ်သောအရာများ စုပုံလာခြင်းကြောင့် ပိတ်ဆို့နိုင်ပြီး နောက်ဆုံးတွင် အရည်များပြည့်ကာ ရောင်ရမ်းမှုကို ဖြစ်စေသည်။
ဖြစ်ပွားရသည့် အတိအကျကို မသိရသေးသော်လည်း ကျွမ်းကျင်သူများက အောက်ပါအချက်များနှင့် ဆက်စပ်နိုင်သည်ဟု ယူဆကြသည်

  • အသက်အရွယ်အရ ရင်သားတစ်ရှူးများ ပြောင်းလဲခြင်း: အသက်ကြီးလာသည်နှင့်အမျှ ရင်သားရှိ ဂလင်းတစ်ရှူးများသည် အဆီတစ်ရှူးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤပုံမှန်ပြောင်းလဲမှုများကြောင့် တစ်ခါတစ်ရံ နို့ပြွန်ပိတ်ဆို့ခြင်းနှင့် ရောင်ရမ်းခြင်းတို့ ဖြစ်ပွားနိုင်သည်။
  • ဆေးလိပ်သောက်ခြင်း: ဆေးလိပ်သောက်ခြင်းသည် နို့ပြွန်များကို ကျယ်လာစေနိုင်ပြီး ရောင်ရမ်းမှုနှင့် ရင်သားနို့ပြွန်ကျယ်ခြင်းကို ဖြစ်စေနိုင်သည်။
  • နို့သီးခေါင်း ချိုင့်ဝင်ခြင်း: အသစ်ဖြစ်ပေါ်လာသော နို့သီးခေါင်းချိုင့်ဝင်မှုသည် နို့ပြွန်များကို ပိတ်ဆို့စေပြီး ပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်။ နို့သီးခေါင်း ချိုင့်ဝင်ခြင်းသည် တစ်ခါတစ်ရံတွင် ကင်ဆာကဲ့သို့သော ပိုမိုပြင်းထန်သည့် နောက်ကွယ်မှ ရောဂါတစ်ခု၏ လက္ခဏာလည်း ဖြစ်နိုင်ပါသည်။

ရောဂါရှာဖွေခြင်း

သင်၏ ကျန်းမာရေးမှတ်တမ်းနှင့် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးမှု ရလဒ်များအပေါ် မူတည်၍ ဆရာဝန်သည် အောက်ပါနောက်ထပ်စစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်နိုင်ပါသည် –

  • နို့သီးခေါင်းနှင့် နို့သီးခေါင်းတစ်ဝိုက်ကို အာထရာဆောင်းရိုက်ခြင်း (Nipple and areola ultrasound): အသံလှိုင်းများကို အသုံးပြု၍ ရင်သားတစ်ရှူး၏ ပုံရိပ်များကို ဖော်ထုတ်ခြင်း ဖြစ်သည်။ ၎င်းသည် နို့သီးခေါင်းအောက်ရှိ နို့ပြွန်များကို ဆရာဝန်က စစ်ဆေးနိုင်စေပြီး သံသယဖြစ်ဖွယ် နေရာများကို အသေးစိတ် အာရုံစိုက်ကြည့်ရှုနိုင်စေပါသည်။
  • ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram): ရင်သားဓာတ်မှန်မှ ရရှိသော ပုံရိပ်များကို အသုံးပြု၍ ရင်သားတစ်ရှူးများကို ဆန်းစစ်ခြင်း ဖြစ်သည်။ ရောဂါရှာဖွေရေးအတွက် ရိုက်ကူးသော ဓာတ်မှန်သည် ပုံမှန်စစ်ဆေးမှု (Screening) ထက် ရင်သား၏ သတ်မှတ်ထားသော နေရာတစ်ခုကို ပိုမိုအသေးစိတ် မြင်တွေ့နိုင်စေပါသည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI): ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်များကို အသုံးပြု၍ သင့်ရင်သား၏ တိကျသေချာသော ပုံရိပ်များကို ဖော်ထုတ်ပေးခြင်း ဖြစ်သည်။

ကုသခြင်း

ရင်သားနို့ပြွန်ကျယ်ခြင်းအတွက် ကုသမှု အမြဲတမ်း မလိုအပ်သော်လည်း သင့်တွင် ခံစားနေရသော လက္ခဏာများကြောင့် အဆင်မပြေဖြစ်ပါက အောက်ပါကုသမှု နည်းလမ်းများကို အသုံးပြုနိုင်ပါသည်

  • ပိုးသတ်ဆေးများ (Antibiotics): ရင်သားနို့ပြွန်ကျယ်ခြင်းကြောင့် ပိုးဝင်ခြင်း ဖြစ်ပွားပါက ဆရာဝန်က ပိုးသတ်ဆေးကို ၁၀ ရက်မှ ၁၄ ရက်အထိ သောက်ရန် ညွှန်ကြားနိုင်ပါသည်။ ရောဂါလက္ခဏာများ သက်သာသွားစေကာမူ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်ရန် အလွန်အရေးကြီးပါသည်။
  • အကိုက်အခဲပျောက်ဆေးများ (Pain medication): ရင်သားနာကျင်ကိုက်ခဲမှု ခံစားရပါက Acetaminophen သို့မဟုတ် Ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သုံးစွဲနိုင်ပါသည်။ သို့သော် မိမိနှင့် အသင့်တော်ဆုံးဆေးဖြစ်စေရန် ဆရာဝန်၏ အကြံပြုချက်ကို လိုက်နာရန် အရေးကြီးပါသည်။
  • ခွဲစိတ်ကုသခြင်း (Surgery): အကယ်၍ ပြည်တည်နာ ဖြစ်ပေါ်လာခြင်း သို့မဟုတ် ပိုးသတ်ဆေးနှင့် ကိုယ်တိုင်စောင့်ရှောက်မှု နည်းလမ်းများဖြင့် မသက်သာပါက ရောဂါဖြစ်နေသော နို့ပြွန်ကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်ပါသည်။ ဤလုပ်ငန်းစဉ်ကို နို့သီးခေါင်းဘေးရှိ အသားအရောင်ရင့်သော နေရာ (Areola) အနားသတ်တွင် အပေါက်အနည်းငယ် ဖောက်၍ ပြုလုပ်လေ့ရှိသည်။ ရင်သားနို့ပြွန်ကျယ်ခြင်းကို ကုသရန်အတွက် ခွဲစိတ်မှု ပြုလုပ်ရခြင်းမှာ အလွန်ရှားပါးပါသည်။

Doctors who treat this condition