အကျဉ်းချုပ်အကြောင်းအရာ
အသည်းသွေးကြောအကျိတ် (Liver hemangioma သို့မဟုတ် Hepatic hemangioma) ဆိုသည်မှာ အသည်းတွင် ဖြစ်ပွားလေ့ရှိသော အဖြစ်အများဆုံး ကင်ဆာမဟုတ်သည့် အကျိတ်အမျိုးအစား ဖြစ်သည်။ ဤစိုးရိမ်စရာမရှိသော အကျိတ် (Benign mass) သည် အသည်းသွေးလွှတ်ကြောမှ ပုံမှန်မဟုတ်သော သွေးကြောများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အသည်းသွေးကြောအကျိတ် အများစုသည် အသက်အန္တရာယ် မရှိသည့်အပြင် ရောဂါလက္ခဏာများလည်း ပြသလေ့မရှိဘဲ မည်သည့် ကုသမှု သို့မဟုတ် ပြုပြင်စွက်ဖက်မှုကိုမျှ လိုအပ်မည် မဟုတ်ပေ။ မကုသဘဲ ထားရှိပါကလည်း ကင်ဆာရောဂါသို့ ပြောင်းလဲသွားမည် မဟုတ်ပေ။ အချို့သော အခြေအနေများတွင် အကျိတ်သည် အလွန်အမင်း ကြီးထွားလာသည့်အခါမှသာ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည်။
အသည်းသွေးကြောအကျိတ်သည် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထိ ထိခိုက်ဖြစ်ပွားနိုင်သည်။ အသည်းသွေးကြောအကျိတ် အများအပြားကို အခြားသော အခြေအနေများအတွက် စမ်းသပ်စစ်ဆေးစဉ် မတော်တဆ တွေ့ရှိလေ့ရှိကြသည်။ ဤသည်ကို အကျိတ်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း အသည်းတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ညွှန်းဆိုခြင်း မရှိသကဲ့သို့ အသည်းကိုလည်း ထိခိုက်စေမည် မဟုတ်ပါ။
ရောဂါလက္ခဏာများ
အသည်းသွေးကြောအကျိတ် ဖြစ်ပွားမှု အများစုတွင် မည်သည့် ရောဂါလက္ခဏာမျှ ပေါ်ပေါက်လာခြင်း မရှိပါ။ ရောဂါလက္ခဏာ ပြသသော အချို့သော ဖြစ်စဉ်များတွင် တွေ့ရသည့် လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည် –
• ဝမ်းဗိုက် ညာဘက်အထက်ပိုင်း နာကျင်ခြင်း
• အစားအနည်းငယ် စားပြီးနောက် ဗိုက်ပြည့်လွယ်ခြင်း
• ပျို့အန်ချင်စိတ် ဖြစ်ခြင်းနှင့် အန်ခြင်း
• အစားစားပြီးနောက် လေပွခြင်း
• အစာစားချင်စိတ် လျော့နည်းခြင်း
သင့်တွင် အသည်းသွေးကြောအကျိတ် ရှိနေသည့်တိုင် ဆင်တူသော ရောဂါလက္ခဏာများ ပေါ်ပေါက်နိုင်သော်လည်း ယင်းသည် အခြားသော အခြေအနေတစ်ခုကြောင့် ဖြစ်ပွားရခြင်း ဖြစ်နိုင်သည်။ အသည်းသွေးကြောအကျိတ်များသည် ရောဂါလက္ခဏာ ပြသခဲသဖြင့် ဤလက္ခဏာများသည် ပုံမှန်အားဖြင့် ရောဂါတစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ အခြားတစ်စုံတစ်ခု၏ ရလဒ်လည်း ဖြစ်နိုင်သည်။
ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပြီး တစ်နေ့တာ လှုပ်ရှားမှုများကို ထိခိုက်လာပါက ကျန်းမာရေး စောင့်ရှောက်မှု ပေးသူထံ ပြသရန် ညွှန်ကြားထားသည်။
အကြောင်းရင်းများ
အသည်းသွေးကြောအကျိတ် ဖြစ်ပွားရသည့် အကြောင်းအရင်းများကို မသိရပေ။ မျိုးရိုးဗီဇများသည် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည်ဟု သုတေသနများက ညွှန်းဆိုထားသည်။ ယင်းသည် မွေးရာပါ ပါရှိလာခြင်း သို့မဟုတ် မျိုးရိုးလိုက်ခြင်း ဖြစ်နိုင်သည်။ လူကြီးများနှင့် ကလေးများ နှစ်ဦးလုံးတွင် ဖြစ်ပွားနိုင်သည်။
အသည်းသွေးကြောအကျိတ် အများစုသည် အနံအားဖြင့် ပျမ်းမျှ အရွယ်အစား ၃ စင်တီမီတာ သို့မဟုတ် အကြမ်းအားဖြင့် ၁.၅ လက်မခန့် ရှိကြသည်။ ယင်းသည် ပုံမှန်မဟုတ်သော သွေးကြော အစုအဝေး တစ်ခုတည်းမှ စတင်၍ ပေါ်ပေါက်လာလေ့ရှိသည်။ အဖြစ်နည်းသော အခြေအနေများတွင် သေးငယ်သော သွေးကြောအကျိတ်များသည် ၁၀ စင်တီမီတာ သို့မဟုတ် ယင်းထက်ပို၍ ကြီးထွားနိုင်သည့် “အလွန်ကြီးမားသော သွေးကြောအကျိတ်များ” (Giant hemangiomas) အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ အချို့သော အခြေအနေများတွင် သွေးကြောအကျိတ်များသည် အစုအဝေးလိုက် ဖြစ်ပေါ်နိုင်သည်။
သွေးကြောအကျိတ် အများစုမှာ အဘယ်ကြောင့် ကြီးထွားလာခြင်း မရှိဘဲ ရောဂါလက္ခဏာများလည်း မပြသရသနည်း ဆိုသည့် အကြောင်းအရင်းကို မသိရပေ။ လူနည်းစုတွင်သာ အသည်းသွေးကြောအကျိတ်မှ ရောဂါလက္ခဏာများကို ခံစားရမည်ဖြစ်ပြီး ဆေးဝါးကုသမှုကို လိုအပ်မည်ဖြစ်သည်။
ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ
အသည်းသွေးကြောအကျိတ်သည် မည်သူမဆို ဖြစ်ပွားနိုင်သော်လည်း ဖြစ်နိုင်ခြေကို မြှင့်တက်စေသည့် အချက်များ ရှိသည်၊ ဥပမာ –
• အသက်အရွယ် – အသည်းသွေးကြောအကျိတ်သည် အသက် ၃၀၊ ၄၀ နှင့် ၅၀ အရွယ်များတွင် အဖြစ်အများဆုံး ဖြစ်သည်။
• လိင် – အမျိုးသားများထက် အမျိုးသမီးများတွင် သုံးဆ ပိုမိုဖြစ်ပွားနိုင်သည်။ အထူးသဖြင့် အမျိုးသမီး အပျိုဖော်ဝင်ချိန်တွင် အီစထရိုဂျင် ဟော်မုန်း (Estrogen) မြင့်တက်လာခြင်းသည် အသည်းသွေးကြောအကျိတ် ဖြစ်ပေါ်နိုင်ခြေနှင့် မြန်ဆန်စွာ ကြီးထွားလာနိုင်ခြေကို မြှင့်တက်စေသည်။
• ကိုယ်ဝန်ဆောင်ခြင်း – အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်တက်လာခြင်းသည် အသည်းသွေးကြောအကျိတ် ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။ ကိုယ်ဝန် မဆောင်ဖူးသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ကိုယ်ဝန်ဆောင်ဖူးသော အမျိုးသမီးများတွင် အသည်းသွေးကြောအကျိတ် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
• ဟော်မုန်း အစားထိုး ကုသမှု – သွေးဆုံးချိန် လက္ခဏာများအတွက် ဟော်မုန်း အစားထိုး ကုသမှု (အီစထရိုဂျင် သို့မဟုတ် အီစထရိုဂျင်နှင့် ပရိုဂျက်စတင် ပေါင်းစပ်ထားသော ဆေး) ညွှန်ကြားခြင်း ခံရသော အမျိုးသမီးများတွင် မခံယူသူများထက် အသည်းသွေးကြောအကျိတ်ကို ပိုမို စစ်ဆေးတွေ့ရှိနိုင်သည်။
ရောဂါရှာဖွေခြင်း
အသည်းသွေးကြောအကျိတ်များကို အသည်းနှင့် ပတ်သက်သည့် အခြားသော ကျန်းမာရေး ပြဿနာများကို စမ်းသပ်စစ်ဆေးစဉ် မကြာခဏ တွေ့ရှိရလေ့ရှိသည်။ ရောဂါအဖြေရှာခြင်းကို အတည်ပြုရန်အတွက် ပြုလုပ်လေ့ရှိသည့် အတွေ့ရများသော စမ်းသပ်မှုများတွင် အောက်ပါတို့ ပါဝင်သည် –
• အာထရာဆောင်း ရိုက်ခြင်း (Ultrasound) – အသည်း၏ ပိုမိုရှင်းလင်းသော ပုံရိပ်များကို ပေးစွမ်းသည်။ လုပ်ဆောင်စဉ်အတွင်း ခန္ဓာကိုယ် တစ်ရှူးများကို ကြိမ်နှုန်းမြင့် အသံလှိုင်းများ အသုံးပြု၍ စမ်းသပ်ပြီး ယင်းမှ ပြန်လာသော အသံလှိုင်း အချက်ပြမှုများကို ဖမ်းယူကာ ပုံရိပ်များအဖြစ် ပြောင်းလဲပေးသည်။
• ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း (CT scan) – X-ray နှင့် နည်းပညာကို အသုံးပြု၍ ခန္ဓာကိုယ် ကန့်လန့်ဖြတ် ပုံရိပ်များကို ဖန်တီးပေးသည်။ အသေးစိတ် စစ်ဆေးနိုင်ရန်အတွက် စက်သည် အသည်း၏ အလွန်သေးငယ်သော အစိတ်အပိုင်းများကို ဖော်ပြပေးသည့် ဓာတ်ပုံများကို ရိုက်ကူးပေးသည်။
• သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – သံလိုက်အိမ်မြှောင်ကြီး၊ ရေဒီယိုလှိုင်းများနှင့် ကွန်ပျူတာကို အသုံးပြု၍ အသည်း၏ တိကျသော ပုံရိပ်များကို ထုတ်လုပ်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် ဓာတ်ရောင်ခြည်ကို အသုံးပြုခြင်း မရှိပါ။
• စကင်ဖတ်စစ်ဆေးခြင်း (Scintigraphy) – Technetium-99m (Tc-99m) ဟုခေါ်သော ဓာတ်ရောင်ခြည်ပြ ပြဒါးဒြပ်စင်ကို အသုံးပြု၍ သွေးကြောအကျိတ်၏ ပုံရိပ်ကို ဖန်တီးပေးသည့် နျူကလီးယား စကင်ဖတ်မှုတစ်ခု ဖြစ်သည်။
အချို့သော အခြေအနေများတွင် ဆရာဝန်သည် ရောဂါအဖြေရှာခြင်းကို အတည်ပြုရန်အတွက် ထပ်ဆောင်း ပုံရိပ်ဖော် စမ်းသပ်မှုများနှင့် သွေးစစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်နိုင်သည်။ လူနာ၏ ဆေးဝါးကုသမှု ရာဇဝင်နှင့် အခြားသော ဖြစ်နိုင်ခြေ အချက်များသည်လည်း မှန်ကန်သော ရောဂါအဖြေရှာခြင်းအတွက် အထောက်အကူပြုသည်။
ကုသခြင်း
အသည်းသွေးကြောအကျိတ် အများစုသည် သေးငယ်ပြီး မည်သည့် ကုသမှုကိုမျှ လိုအပ်မည် မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ယင်းအလိုအလျောက် ပျောက်ကင်းသွားနိုင်သည်။ သို့သော်လည်း ဆရာဝန်က ယင်းကို စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ရန် အကြံပြုနိုင်သည်။ အပြောင်းအလဲများကို စောင့်ကြည့်ရန်အတွက် တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပုံရိပ်ဖော် စကင်ရိုက်ယူရန် ညွှန်ကြားထားသည်။ သွေးကြောအကျိတ် အများစုသည် မည်သည့်အခါမျှ ပြောင်းလဲခြင်း သို့မဟုတ် ကြီးထွားလာခြင်း မရှိပေ။ ကြီးထွားလာပါကလည်း ပုံမှန်အားဖြင့် နှစ်စဉ် ၂ မီလီမီတာခန့်ဖြင့် ဖြေးဖြေးချင်းသာ ဖြစ်ပေါ်လေ့ရှိသည်။
အသည်းသွေးကြောအကျိတ်များသည် ပိုမိုစေ့စပ်သော စောင့်ကြည့်မှုနှင့် ကုသမှုကို လိုအပ်နိုင်သည်။ အသည်းသွေးကြောအကျိတ်များအတွက် ကုသမှု နည်းလမ်းများသည် တည်နေရာ၊ အကျိတ်၏ အရွယ်အစား၊ သွေးကြောအကျိတ် အရေအတွက်နှင့် လူနာ၏ ယေဘုယျ ကျန်းမာရေး အခြေအနေပေါ် မူတည်၍ ကွဲပြားသည်။
အသည်းသွေးကြောအကျိတ် ရှိသူများအတွက် ဖြစ်နိုင်ခြေရှိသော ကုသမှုများတွင် အောက်ပါတို့ ပါဝင်သည် –
• အသည်းသွေးကြောအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း – သွေးကြောအကျိတ်သည် အသည်းမှ လွယ်ကူစွာ ခွဲထွက်နိုင်ပါက အကျိတ်ကို ဖယ်ရှားရန် ဆရာဝန်က ခွဲစိတ်မှု ပြုလုပ်ရန် အကြံပြုနိုင်သည်။
• သွေးကြောအကျိတ် ပါဝင်သော အသည်း၏ အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်း – အကျိတ်သည် အသည်းအတွင်း၌ အလွန်တွယ်ကပ်နေပါက ဆရာဝန်က ယင်းကို အသည်း၏ အစိတ်အပိုင်းနှင့်အတူ ပူးတွဲ ဖယ်ရှားရန် အကြံပြုနိုင်သည်။
• သွေးကြောအကျိတ်၏ သွေးထောက်ပံ့မှုကို ပိတ်ဆို့ခြင်း – အသည်းသွေးလွှတ်ကြော ချည်နှောင်ခြင်း (Hepatic artery ligation) နှင့် သွေးကြော ပိတ်ဆို့ခြင်း (Arterial embolization) တို့မှတစ်ဆင့် သွေးစီးဆင်းမှု မရှိပါက သွေးကြောအကျိတ်သည် ဆက်လက်ကြီးထွားခြင်း ရပ်တန့်သွားနိုင်သည် သို့မဟုတ် ကျုံ့သွားနိုင်သည်။ ယင်းသည် အနီးနားရှိ သွေးကြောများထံမှ ရယူနိုင်သဖြင့် ကျန်းမာသော အသည်းတစ်ရှူးများကို ထိခိုက်မှု မရှိပေ။
• အသည်း အစားထိုး ခွဲစိတ်မှု – သွေးကြောအကျိတ်များသည် အလွန်များပြားပြီး ကြီးမားနေသည့်အပြင် အခြားသော နည်းလမ်းများဖြင့် ကုသ၍ မရနိုင်သော အခြေအနေများတွင် ဆရာဝန်က အသည်းကို ဖယ်ရှား၍ အလှူရှင်ထံမှ ရရှိသော အသည်းဖြင့် အစားထိုး ခွဲစိတ်မှု ပြုလုပ်ရန် အကြံပြုနိုင်သည်။
• ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy) – ပိုမိုဘေးကင်းပြီး ပိုမိုထိရောက်သော ကုသမှုများ ရရှိနိုင်သဖြင့် ဤနည်းလမ်းသည် အများအားဖြင့် နောက်ဆုံး ရွေးချယ်မှု ဖြစ်သည်။ သွေးကြောအကျိတ်၏ ဆဲလ်များကို ထိခိုက်ဒဏ်ရာရစေရန်အတွက် X-rays ကဲ့သို့သော ပြင်းထန်သည့် စွမ်းအင်ရောင်ခြည်များကို ဓာတ်ရောင်ခြည် ကုထုံးတွင် အသုံးပြုသည်။
