အဆီကျိတ် ရောဂါ အကြောင်း သိကောင်းစရာ
အဆီကျိတ် (Lipoma) ဆိုသည်မှာ အရေပြားအောက်တွင် ဖြစ်ပေါ်တတ်သော အဝိုင်းပုံ သို့မဟုတ် ဘဲဥပုံသဏ္ဍာန်ရှိသည့် အဆီဖတ်အကျိတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ကင်ဆာမဟုတ်သော သာမန်ပျော့ပြောင်းသည့် တစ်ရှူးကျိတ် (benign soft tissue tumor) တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို ဘေးဥပဒ်တစ်စုံတစ်ရာ မဖြစ်စေပါ။ ပုံမှန်အားဖြင့် တဖြည်းဖြည်းနှင့် နှေးကွေးစွာ ကြီးထွားလာတတ်သည်။
အဆီကျိတ်များကို ထိတွေ့ကြည့်ပါက မာကျောခြင်း သို့မဟုတ် နာကျင်ခြင်း မရှိဘဲ ပျော့ပျောင်း၍ ရော်ဘာကဲ့သို့ ရုန်းအားရှိပြီး အလွယ်တကူ ရွှေ့လျားနိုင်သည်။ ၎င်းတို့ကို အလတ်တန်းစား အသက်အရွယ်များတွင် အများဆုံး တွေ့ရှိရလေ့ရှိသည်။ အဆီကျိတ်များသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သော်လည်း လည်ပင်း၊ လက်မောင်း၊ ပုခုံး၊ ကျောနှင့် ခန္ဓာကိုယ်ကိုယ်ထည်ပိုင်းတို့တွင် အဖြစ်အများဆုံး ဖြစ်သည်။
အဆီကျိတ်တစ်ခုတွင် သန့်စင်သော အဆီများသာ ပါဝင်လေ့ရှိသော်လည်း အချို့သော အဆီကျိတ်များတွင် သွေးကြောများ သို့မဟုတ် အခြားတစ်ရှူးများကိုပါ တွေ့ရတတ်သည်။ အဆီကျိတ် အမျိုးအစားများစွာ ရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- အတွေ့ရအများဆုံး အဆီကျိတ် (Conventional lipoma): အဖြူရောင် အဆီဆဲလ်များ (White fat cells) ပါဝင်ပြီး အဖြစ်အများဆုံး အမျိုးအစား ဖြစ်သည်။ အဖြူရောင် အဆီဆဲလ်သည် ခန္ဓာကိုယ်အတွက် စွမ်းအင်ကို သိုလှောင်ပေးသည်။
- သွေးကြောပါ အဆီကျိတ် (Angiolipoma): ဤအမျိုးအစားတွင် အဆီနှင့်အတူ သွေးကြောများပါ ပူးတွဲပါဝင်သည်။ ၎င်းသည် မကြာခဏ နာကျင်ကိုက်ခဲမှုကို ဖြစ်စေတတ်သည်။
- အမျှင်တစ်ရှူးပါ အဆီကျိတ် (Fibrolipoma): ဤအဆီကျိတ် အမျိုးအစားသည် အဆီနှင့် အမျှင်တစ်ရှူး (fibrous tissue) တို့ဖြင့် ဖွဲ့စည်းထားသည်။
- အညိုရောင် အဆီကျိတ် (Hibernoma): ဤထူးခြားသော အဆီကျိတ်တွင် အညိုရောင် အဆီများ (brown fat) ပါဝင်သည်။ အခြားအဆီကျိတ်အများစုတွင် အဖြူရောင်အဆီများသာ ရှိတတ်ကြသည်။ အညိုရောင် အဆီဆဲလ်များသည် အပူဓာတ်ကို ထုတ်ပေးပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးရန် ကူညီပေးသည်။
- သွေးဆဲလ်ထုတ်တစ်ရှူးပါ အဆီကျိတ် (Myelolipoma): ဤအဆီကျိတ်များတွင် အဆီနှင့် သွေးဆဲလ်များကို ထုတ်လုပ်ပေးသော တစ်ရှူးများကို တွေ့ရှိရသည်။
- ဆဲလ်ရှည် အဆီကျိတ် (Spindle cell lipoma): ဤအဆီကျိတ်အတွင်းရှိ အဆီဆဲလ်များသည် အနံထက် အလျားက ပိုမိုရှည်လျားသော ပုံသဏ္ဍာန် ရှိကြသည်။
- ဆဲလ်ပုံစံစုံ အဆီကျိတ် (Pleomorphic lipoma): ဤအဆီကျိတ်အတွင်း၌ အရွယ်အစားနှင့် ပုံသဏ္ဍာန် အမျိုးမျိုးကွဲပြားနေသော အဆီဆဲလ်များကို တွေ့ရတတ်သည်။
အဆီကျိတ်အများစုသည် ကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော် အဆီကျိတ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလျှင်၊ နာကျင်ကိုက်ခဲမှု ရှိလာလျှင် သို့မဟုတ် အရွယ်အစား ကြီးထွားလာပါက ဆရာဝန်က ပြင်ပလူနာအဖြစ် ခွဲစိတ်ဖယ်ရှားပေးနိုင်သည်။
ရောဂါလက္ခဏာများ
အဆီကျိတ်များသည် များသောအားဖြင့် နာကျင်မှုမရှိတတ်သော်လည်း အာရုံကြောပေါ်သို့ ဖိမိနေပါက သို့မဟုတ် အဆစ်အမြစ်များနှင့် နီးကပ်စွာ ဖြစ်ပေါ်လာပါက အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အဆီကျိတ်ရှိနေသည်ကို သတိမထားမိဘဲ နေတတ်ကြသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် အောက်ပါအတိုင်း ဖြစ်တတ်သည်။
- အကာအကွယ်အမြှေးပါရှိခြင်း (Encapsulated): ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများဆီသို့ ပျံ့နှံ့သွားခြင်း မရှိပေ။
- နာကျင်ခြင်း (Pain): ဖြစ်ပွားသည့် တည်နေရာ၊ အရွယ်အစားနှင့် သွေးကြောများ ပါဝင်မှုအပေါ် မူတည်၍ အချို့သော အဆီကျိတ်များသည် နာကျင်ခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ အကယ်၍ အဆီကျိတ်သည် ကြီးထွားလာပြီး ဘေးနားရှိ အာရုံကြောများကို ဖိမိပါက သို့မဟုတ် သွေးကြောများ အမြောက်အမြား ပါဝင်နေပါက နာကျင်လာနိုင်သည်။
- ပုံသဏ္ဍာန် (Shape): အဝိုင်း သို့မဟုတ် ဘဲဥပုံသဏ္ဍာန်များသည် အဖြစ်အများဆုံး ပုံသဏ္ဍာန်များ ဖြစ်သည်။ ရော်ဘာကဲ့သို့ ရုန်းအားရှိသော အဆီဖတ်အကျိတ်များသည် ပုံမှန်အားဖြင့် ဘယ်ညာညီညာစွာ တည်ရှိတတ်ကြသည်။
- အရွယ်အစား (Size): ပုံမှန်အားဖြင့် အဆီကျိတ်များသည် အချင်း ၅ စင်တီမီတာ (၂ လက်မ) အောက်သာ ရှိတတ်သော်လည်း ထို့ထက် ပိုမိုကြီးထွားလာနိုင်သည်။
အဆီကျိတ်များသည် ယေဘုယျအားဖြင့် စိုးရိမ်ရသော ကျန်းမာရေးအခြေအနေ မဟုတ်ပါ။ သို့သော် မိမိခန္ဓာကိုယ်တွင် အဖုအကျိတ်များ သို့မဟုတ် ဖောရောင်ခြင်းများကို တွေ့ရှိပါက ဆရာဝန်နှင့် ပြသသင့်သည်။
အဆီကျိတ်နှင့် ဆင်တူသော်လည်း ကင်ဆာအကျိတ်ဖြစ်သည့် ‘အဆီဆဲလ်ကင်ဆာ (Liposarcoma)’ ကဲ့သို့သော ပြင်းထန်သည့် ရောဂါအခြေအနေများကို ကင်းစင်စေရန် စစ်ဆေးမှုခံယူခြင်းက အရေးကြီးပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
အဆီကျိတ်များ အဘယ်ကြောင့် ကြီးထွားလာရသည်ကို ဆရာဝန်များ တိကျစွာ မသိရှိကြသေးပေ။ ၎င်းတို့သည် မျိုးရိုးလိုက်တတ်သည်။ အကယ်၍ မိသားစုဝင်တစ်ဦးဦးတွင် အဆီကျိတ်ရှိပါက မိမိတွင်လည်း ဖြစ်ပွားနိုင်ခြေ ပိုများသည်။
အချို့သော ရောဂါအခြေအနေများကြောင့် ခန္ဓာကိုယ်တွင် အဆီကျိတ်များစွာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာနိုင်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- ဒါကမ် ရောဂါ (Dercum’s disease): အလွန်ရှားပါးသော ရောဂါတစ်ခုဖြစ်ပြီး လက်မောင်း၊ ခြေထောက်နှင့် ကိုယ်ထည်ပိုင်းတို့တွင် နာကျင်တတ်သော အဆီကျိတ်များစွာ ကြီးထွားလာစေသည်။ ၎င်းကို Anders’ syndrome သို့မဟုတ် adiposis dolorosa ဟုလည်း ခေါ်ဆိုသည်။
- ဂါ့ဒ်နာ ရောဂါစု (Gardner syndrome): မျိုးရိုးလိုက်တတ်သော အူမကြီးအသားပိုရောဂါ (familial adenomatous polyposis – FAP) တစ်မျိုးဖြစ်ပြီး အဆီကျိတ်များနှင့် အခြားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေသည်။
- မျိုးရိုးလိုက် အဆီကျိတ်များစွာဖြစ်ခြင်း (Hereditary multiple lipomatosis): မိသားစုအတွင်း မျိုးရိုးလိုက်တတ်သော မျိုးရိုးဗီဇဆိုင်ရာ ရောဂါအခြေအနေတစ်ခု ဖြစ်ပြီး familial multiple lipomatosis ဟုလည်း ခေါ်ဆိုသည်။
- မက်ဒီလန့် ရောဂါ (Madelung’s disease): အရက် အလွန်အမင်း သောက်သုံးသော အမျိုးသားများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ လည်ပင်းနှင့် ပုခုံးတစ်ဝိုက်တွင် အဆီကျိတ်များ စုပြုံဖြစ်ပေါ်တတ်ပြီး multiple symmetric lipomatosis ဟုလည်း ခေါ်ဆိုသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
အဆီကျိတ် ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသော အချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- အသက်အရွယ်: အဆီကျိတ်သည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက် ၄၀ မှ ၆၀ ကြား လူလတ်ပိုင်းများတွင် အဖြစ်အများဆုံး ဖြစ်သည်။
- လိင်: ကျားမ မရွေး အဆီကျိတ်ဖြစ်ပွားနိုင်သော်လည်း အမျိုးသမီးများတွင် အမျိုးသားများထက် ပိုမိုဖြစ်ပွားလေ့ရှိသည်။
- မျိုးရိုးဗီဇ: အဆီကျိတ်များသည် မိသားစုအတွင်း မျိုးရိုးလိုက်တတ်ကြသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
အဆီကျိတ်ကို တိကျစွာ ရောဂါရှာဖွေနိုင်ရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါသည်။
- ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးခြင်း (Physical Examination): ဆရာဝန်သည် အကျိတ်ကို ကိုင်တွယ်စမ်းသပ်ပြီး နာကျင်ခြင်း သို့မဟုတ် ထိလျှင်နာသော လက္ခဏာ (tender) ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။
- ပုံရိပ်ဖော် စမ်းသပ်စစ်ဆေးမှုများ (Imaging tests): အကျိတ်၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အာထရာဆောင်း (Ultrasound)၊ သံလိုက်ဓာတ်မှန် (MRI scan) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) တို့ကို ရိုက်ကူးရန် ညွှန်ကြားနိုင်သည်။ ဤပုံရိပ်ဖော် စစ်ဆေးမှုများသည် အဆိုပါအကျိတ်မှာ အဆီကျိတ် (lipoma) လား သို့မဟုတ် အရည်အိတ် (cyst) လားဆိုသည်ကို ခွဲခြားသိရှိနိုင်ရန် ဆရာဝန်အား ကူညီပေးသည်။ ထို့ပြင် အကျိတ်၏ တည်နေရာ၊ မည်မျှနက်ရှိုင်းသည်၊ အာရုံကြောများနှင့် အခြားတစ်ရှူးများကို ဖိမိနေခြင်း ရှိ၊ မရှိ တို့ကို သိရှိရန်အတွက်လည်း အသုံးပြုနိုင်သည်။
- အသားစယူ စစ်ဆေးခြင်း (Biopsy): ဤနည်းလမ်းသည် အဆီကျိတ်မှာ ကင်ဆာမဟုတ်ကြောင်း အတည်ပြုပေးသည်။ ဆရာဝန်သည် အဆီကျိတ်မှ အသားစနမူနာ အနည်းငယ်ကို ရယူပြီး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်ဖြစ်သည်။
အဆီကျိတ်နှင့် ဆင်တူသောအကျိတ်သည် အဆီဆဲလ်ကင်ဆာ (liposarcoma) ဖြစ်ခဲပါသည်။ အဆီတစ်ရှူးများတွင် ဖြစ်ပွားတတ်သော အဆီဆဲလ်ကင်ဆာများသည် လျင်မြန်စွာ ကြီးထွားလာတတ်ပြီး အရေပြားအောက်တွင် ရွှေ့လျား၍မရတတ်ဘဲ ပုံမှန်အားဖြင့် ထိလျှင် နာကျင်တတ်ကြသည်။ အကယ်၍ ဆရာဝန်က အဆီဆဲလ်ကင်ဆာဟု သံသယရှိပါက အသားစယူခြင်း၊ MRI သို့မဟုတ် CT scan ရိုက်ခြင်းတို့ကို လုပ်ဆောင်လိမ့်မည် ဖြစ်သည်။
ကုသခြင်း (Treatment)
အဆီကျိတ်များသည် ပုံမှန်အားဖြင့် မည်သည့်ကုသမှုမျှ ခံယူရန် မလိုအပ်ပါ။ သို့သော် အဆီကျိတ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလျှင်၊ နာကျင်ကိုက်ခဲမှု ရှိလာလျှင် သို့မဟုတ် အရွယ်အစား ကြီးထွားလာပါက ဆရာဝန်က ၎င်းကို ဖယ်ရှားပစ်ရန် အကြံပြုနိုင်သည်။ အဆီကျိတ် ကုသမှုပုံစံများတွင် အောက်ပါတို့ ပါဝင်သည်။
- ခွဲစိတ်ဖယ်ရှားခြင်း (Surgical removal): အဆီကျိတ်အများစုကို ခွဲစိတ်သည့်နည်းလမ်းဖြင့် ဖယ်ရှားကြသည်။ ဖယ်ရှားပြီးနောက် ပြန်ဖြစ်ပွားခဲသည်။ ခွဲစိတ်ပြီးနောက် သွေးခြေဥခြင်းနှင့် အမာရွတ်ထင်ကျန်ခြင်းတို့သည် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ ဒဏ်ရာအသေးဆုံး ခွဲစိတ်ထုတ်ယူခြင်း (minimal excision extraction) ဟုခေါ်သော နည်းလမ်းကို အသုံးပြုပါက အမာရွတ်ထင်ကျန်မှုကို လျှော့ချနိုင်သည်။
- အဆီစုပ်ထုတ်ခြင်း (Liposuction): အဆီကျိတ်ကို ဖယ်ရှားရန်အတွက် အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပြီး ဤနည်းလမ်းတွင် သေးသွယ်သော အပ်နှင့် ဆေးထိုးပြွန်ရှည်ကို အသုံးပြု၍ အဆီဖတ်များကို စုပ်ထုတ်ခြင်း ဖြစ်သည်။
