ကျောက်ကပ်ကျောက်တည်ခြင်း
အကျဉ်းချုပ်
ကျောက်ကပ်ကျောက်များသည် ပုံသဏ္ဍာန်အမှန်မရှိသော အစိုင်အခဲများဖြစ်ပြီး သဲမှုန်အရွယ်မှ ဂေါက်သီးလုံးကြီးအထိ အရွယ်အစားအမျိုးမျိုးရှိနိုင်သည်။ ၎င်းတို့သည် ကျောက်ကပ်အတွင်းတွင် ဆီးထဲတွင်ရှိသော သတ္တုဓာတ်များနှင့် ဆားများစုပုံလာခြင်းကြောင့် ခဲပြီး ကျောက်အဖြစ်ပေါင်းစပ်လာခြင်းဖြစ်သည်။
ကျောက်ကပ်ကျောက်များသည် ကျောက်ကပ်နှင့် ဆီးအိမ်အပါအဝင် ဆီးလမ်းကြောင်း၏ မည်သည့်နေရာကိုမဆို ထိခိုက်စေနိုင်သည်။ ကျောက်၏ အရွယ်အစားပေါ် မူတည်၍ ရောဂါလက္ခဏာမပြခြင်းလဲ ရှိနိုင်ပါသည်။ သို့သော် ကျောက်တုံးငယ်များပင် ဆီးလမ်းကြောင်းမှ ဖြတ်သန်းသွားသောအခါ အလွန်အမင်း နာကျင်နိုင်သည်။ ထိုကဲ့သို့ မသက်မသာဖြစ်စေနိုင်သော်လည်း အစောပိုင်းတွင် တွေ့ရှိပြီး ကုသပါက ကျောက်ကပ်ကိုမထိခိုက်နိုင်ပါ။
ကျောက်ကပ်ကျောက်တည်ရခြင်း အကြောင်းရင်းများမှာ အစားအသောက်များ၊ ကိုယ်အလေးချိန်လွန်ကဲခြင်း၊ အချို့ရောဂါများ နှင့် ဖြည့်စွက်စာများနှင့် ဆေးဝါးများကြောင့်ဖြစ်တတ်ပါသည်။ ကျောက်၏အရွယ်အစားပေါ် မူတည်၍ အရည်များများသောက်သုံးခြင်းနှင့် အကိုက်အခဲပျောက်ဆေးများသောက်သုံးခြင်းသည် ပျောက်ကင်းမှုကို အထောက်အကူပြုနိုင်ပြီး ပုံမှန်အားဖြင့် သုံးပတ်အထိ ကြာမြင့်နိုင်ပါသည်။
အချို့ကိစ္စများတွင် ကျောက်အရွယ်အစားကြီးပါက ဆီးပြွန်တွင် ပိတ်မိနေနိုင်သည်။ ဆီးပြွန်ဆိုသည်မှာ ကျောက်ကပ်မှ ဆီးအိမ်သို့ ဆီးစီးဆင်းစေသော ပြွန်လမ်းကြောင်းဖြစ်သည်။ ဤသို့ဖြစ်သောအခါ ကျောက်သည် သွေးထွက်စေပြီး ဆီးပုံမှန်သွားခြင်းကို တားဆီးနိုင်သည်။ အလိုအလျောက်မထွက်ပဲ ပိတ်နေသောကျောက်များသည် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။ ကျောက်ကပ်ကျောက်မကြာခဏဖြစ်နိုင်ခြေ မြင့်မားသော လူများတွင် ကြိုတင်ကာကွယ်ကုသမှုပြုလုပ်သင့်ပါသည်။
ကျောက်ကပ်ကျောက် အမျိုးအစားများ
ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နိုင်သော ကျောက်အမျိုးအစားများစွာရှိသည်။ လူနာသည် ကျောက်ထုတ်ပြီးပါက ကျောက်ကို ဓာတ်ခွဲခန်းခွဲခြမ်းစိတ်ဖြာမှုအတွက် သိမ်းဆည်းနိုင်သည်။ လူတစ်ဦးတွင် မည်သည့်ကျောက်ကပ်ကျောက်မျိုးရှိသည်ကို နားလည်ခြင်းသည် ကျောက်တည်စေသော အကြောင်းရင်းကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုပြီး အနာဂတ်တွင် ကျောက်ကပ်ကျောက်များ ဖြစ်ပွားနိုင်ခြေကို မည်သို့လျှော့ချရမည်ကို သိရှိနိုင်သည်။
ကျောက်ကပ်ကျောက် အမျိုးအစားများမှာ-
ကယ်လ်စီယမ်ကျောက်များ- ကယ်လ်စီယမ်နှင့် အောက်ဆာလိတ်တို့ ဆီးထဲတွင် ရောနှောသွားသောအခါ ဤကျောက်ကပ်ကျောက်အမျိုးအစား ဖြစ်ပေါ်လာသည်။ ကယ်လ်စီယမ် အောက်ဆာလိတ်ကျောက်သည် ကျောက်ကပ်ကျောက်၏ အဖြစ်အများဆုံးပုံစံဖြစ်သည်။ လူတစ်ဦးတွင် အောက်ဆာလိတ်များစွာရှိပြီး ကယ်လ်စီယမ်ပမာဏနည်းပါးကာ ရေဓာတ်ကောင်းစွာမရရှိသည့်အခါ ၎င်းသည် ဖြစ်ပွားသည်။
အောက်ဆာလိတ်သည် အသည်းမှ နေ့စဉ်ထုတ်လုပ်ပြီး အစားအစာမှတစ်ဆင့် စုပ်ယူသော ဓာတုပစ္စည်းတစ်ခုဖြစ်သည်။ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများနှင့် ချောကလက်များသည် အောက်ဆာလိတ်ပမာဏ မြင့်မားစွာပါဝင်သော အစားအစာများထဲတွင် ပါဝင်သည်။ ဆီးထဲတွင် ကယ်လ်စီယမ်နှင့်အောက်ဆာလိတ်ပါဝင်မှုကို အစားအသောက်ပြောင်းလဲမှုများ၊ ဗီတာမင်ဒီ မြင့်မားသောဆေးများ၊ အူလမ်းကြောင်းကျော်ဖြတ်ခွဲစိတ်မှုနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါအမျိုးမျိုးကြောင့် မြင့်တက်နိုင်သည်။
ကယ်လ်စီယမ်ဖော့စဖိတ်ကျောက်များသည် ကယ်လ်စီယမ်ကျောက်အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် topiramate ကဲ့သို့သော ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် တက်ခြင်းဆေးဝါးအချို့ကြောင့်ဖြစ်ပေါ်နိုင်သည်။ ဤကျောက်ပုံစံသည် ကျောက်ကပ်ပြွန်အက်ဆစ်ဓာတ်များခြင်းကဲ့သို့သော ဇီဝဖြစ်စဉ်ဆိုင်ရာအခြေအနေများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။
Struvite ကျောက်များ- ဤကျောက်များသည် လျင်မြန်စွာ ကြီးထွားလာပြီး လက္ခဏာအနည်းငယ်သာပြပြီး ကြီးမားလာနိုင်သည်။ ဤကျောက်များသည် ဆီးလမ်းကြောင်းရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသည်။
ယူရစ်အက်ဆစ်ကျောက်များ- ယူရစ်အက်ဆစ်ကျောက်များသည်လည်း အဖြစ်များသောကျောက်အမျိုးအစားဖြစ်သည်။ နာတာရှည်ဝမ်းလျှောခြင်း သို့မဟုတ် အူလမ်းကြောင်းအလုပ်မလုပ်၍ ရေဓါတ်အလွန်အကျွံဆုံးရှုံးသူများ၊ ပရိုတင်းဓာတ်မြင့်မားသော အစားအစာများကို စားသုံးသူများနှင့် ဆီးချိုရောဂါ သို့မဟုတ် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာစုရှိသူများသည် ယူရစ်အက်ဆစ်ကျောက်များဖြစ်ပွားနိုင်ခြေရှိသည်။ မျိုးရိုးဗီဇဆိုင်ရာအချက်အချို့သည် ယူရစ်အက်ဆစ်ကျောက်များဖြစ်ပွားနိုင်ခြေကိုလည်း မြှင့်တင်ပေးနိုင်သည်။
ဆစ်စတင်ကျောက်များ- ဆစ်စတင်ယူရီးယားရောဂါရှိသူများသည် ဤကျောက်များဖြစ်ပွားလေ့ရှိသည်။ ဆစ်စတင်ယူရီးယား (Cystinuria) သည် ကျောက်ကပ်မှ အမိုင်နိုအက်ဆစ် အသားဓါတ်တစ်မျိုးကို အလွန်အကျွံထုတ်လွှတ်နေသည့် မျိုးရိုးလိုက်သည့် အခြေအနေတစ်ခုဖြစ်သည်။
လက္ခဏာများ
ကျောက်ကပ်ကျောက်သည် ဆီးပြွန်တွင် ပိတ်မိနေသောအခါ ဆီးပုံမှန်ဆီးစီးဆင်းမှုကို ပိတ်ဆို့နိုင်ပြီး ကျောက်ကပ်ကြီးလာခြင်းနှင့် ဆီးပြွန်ကျုံ့ခြင်းတို့ကို ဖြစ်စေပြီး ပြင်းထန်သောနာကျင်မှုကို ဖြစ်စေနိုင်သည်။ ကျောက်သည် ဆီးလမ်းကြောင်းတစ်လျှောက် ရွေ့လျားသွားသည်နှင့်အမျှ နာကျင်မှုသည် ကွဲပြားနိုင်သည်၊ ဥပမာ အခြားနေရာသို့ ရွေ့လျားခြင်း သို့မဟုတ် ပြင်းထန်မှုတိုးလာခြင်းတို့ဖြစ်သည်။
ကျောက်ကပ်ကျောက်သည် ကျောက်ကပ်အတွင်း ရွေ့လျားသွားသည်အထိ သို့မဟုတ် ဆီးပြွန်တစ်ခုထဲသို့ ဝင်ရောက်သည်အထိ ရောဂါလက္ခဏာများ မပြပါ။ ထိုကဲ့သို့ဖြစ်လာလျှင် အောက်ပါလက္ခဏာများ ခံစားရနိုင်ပါတယ်။
- ခန္ဓာကိုယ် ခါးအောက်ပိုင်း ဒါမှမဟုတ် ခါးဘေးဘက်တွင် ပြင်းထန်သောနာကျင်မှု
- ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံအထိ ပျံ့နှံ့သွားသောနာကျင်မှု
- ရံဖန်ရံခါဖြစ်ပေါ် ပြီး တစ်ခေါက်နှင့်တစ်ခေါက် ပြင်းထန်မှုကွဲပြားတဲ့နာကျင်မှု
- ဆီးသွားတဲ့အခါ နာကျင်ခြင်း
ထပ်တိုးလက္ခဏာတွေနဲ့ ရောဂါလက္ခဏာတွေများ-
- ဆီးထဲမှာသွေးပါခြင်း
- ဆီးအနံ့ဆိုးခြင်းနှင့် ဆီးမကြည်ခြင်း
- ဆီးမကြာခဏသွားဖို့လိုအပ်ခြင်း
- ဖျားနာခြင်းနဲ့ ချမ်းတုန်ခြင်း
- ပျို့အန်ခြင်း
ကျောက်ကပ်ကျောက်တည်ခြင်းရဲ့ လက္ခဏာတွေထဲက တစ်ခုခု ကြာရှည်နေလျှင် ဆရာဝန်ဆီကနေ ဆေးကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။ နာကျင်မှုပြင်းထန်လာပြီး ဖျားနာခြင်းနဲ့ ချမ်းတုန်ခြင်းများဖြစ်ပေါ်လာပါက ထိုကဲ့သို့လက္ခဏာများသည် ဆီးလမ်းကြောင်းပိုးဝင်လာခြင်းကြောင့်ဖြစ်နိုင်သဖြင့် အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်၊တိကျတဲ့ရောဂါရှာဖွေတွေ့ရှိခြင်းက သင့်တော်တဲ့ကုသမှုခံယူဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားဖို့ အထောက်အကူပြုနိုင်ပါတယ်။
လူတစ်ယောက်ဟာ သက်တောင့်သက်သာရှိတဲ့အနေအထားကို ရှာမတွေ့ပဲ အလွန်အမင်းနာကျင်ခြင်း၊ မူးခြင်း ဒါမှမဟုတ် အန်ခြင်းတွေကို ခံစားရလျှင် ချက်ချင်းဆေးကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။ ဆီးသွားရခက်ခဲခြင်း ဒါမှမဟုတ် ဆီးထဲမှာ သွေးပါခြင်းများသည်လဲ ချက်ချင်းဆေးကုသမှုခံယူသင့်သည့် အချက်များတွင်ပါဝင်ပါသည်။
ကျောက်တည်ခြင်းအကြောင်းရင်းများ
ကျောက်ကပ်ကျောက်တည်ခြင်းသည် ဆီးထဲတွင် အချို့သောဓာတုပစ္စည်းများရှိနေခြင်းကြောင့် ဖြစ်လေ့ရှိသည်။ ပုံမှန်အားဖြင့် ဤပစ္စည်းများသည် ဆီးလမ်းကြောင်းမှတစ်ဆင့် ပြဿနာမရှိဘဲ စီးဆင်းသည်။ သို့သော် ဆီးပမာဏ နည်းသွားသောအခါ ဤဓာတုပစ္စည်းများသည် စုစည်းလာပြီး နောက်ဆုံးတွင် ကျောက်များဖွဲ့စည်းခြင်းကို ဖြစ်ပေါ်စေသည်။ ဆီးနည်းခြင်းသည် ရေလုံလောက်စွာ မသောက်ခြင်းကြောင့် မကြာခဏဖြစ်လေ့ရှိသည်။
ဆီးတွင် ပုံဆောင်ခဲများ ကပ်မနေစေရန် ဓာတုပစ္စည်းများ ချို့တဲ့နိုင်ပြီး ကျောက်ကပ်ကျောက်များ ကြီးထွားရန် အကောင်းဆုံးပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်။ ကျောက်ဖြစ်စေသော ဓာတုပစ္စည်းများတွင် ကယ်လ်စီယမ်၊ အောက်ဆာလိတ်၊ ယူရစ်အက်ဆစ်၊ ဖော့စဖိတ်နှင့် ရှားပါးသော ဆစ်စတင်းနှင့် ဇန်သင်းတို့ ပါဝင်သည်။ ဤဓါတ်များနှင့် အခြားပစ္စည်းများသည် ခန္ဓာကိုယ်မှ ထုတ်လုပ်သော အညစ်အကြေးများထဲတွင် ပါဝင်သည်။
ကျောက်တည်ရန်ပိုမိုလွယ်ကူစေသော အကြောင်းအရာများ
မည်သူမဆို ကျောက်ကပ်ကျောက်တည်နိုင်သော်လည်း၊ အောက်ပါအချက်များသည် လူတစ်ဦး၏ ကျောက်တည်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။
- မိသားစုရာဇဝင်- လူတစ်ဦးသည် ယခင်က ကျောက်တစ်လုံး သို့မဟုတ် တစ်ခေါက်ထက်ပို၍ ကျောက်တည်ဖူးပါက နောက်ထပ်ကျောက်တစ်လုံးဖြစ်နိုင်ခြေ ပိုများသည်။ မိသားစုဝင်တစ်ဦးတွင် ကျောက်ကပ်ကျောက်တည်ခြင်းသည်လည်း ၎င်းတို့ဖြစ်ပွားနိုင်ခြေကို တိုးစေသည်။
- ရေဓာတ်ခန်းခြောက်ခြင်း- ပူပြင်းခြောက်သွေ့သောနေရာများတွင် နေထိုင်သူများ သို့မဟုတ် ချွေးအလွန်အကျွံထွက်သူများသည် အခြားသူများထက် ပိုမိုကျောက်တည်နိုင်သည်။ယေဘုယျအားဖြင့် ရေကို လုံလောက်စွာ မသောက်ခြင်းသည် လူတစ်ဦးအား ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။
- အစားအစာများ- အသား၊ ငါး၊ ပဲနှင့် အခြားပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများတွင် ဖော့စဖိတ်ကဲ့သို့သော ကျောက်များကို ဖွဲ့စည်းပေးသော အရာများ ပါဝင်သော အစားအစာများ စားသုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သည်။ ထို့အပြင်၊ အစားအစာတွင် ဆားများလွန်းခြင်းသည် ကျောက်ကပ်မှ စစ်ထုတ်ရမည့် ကယ်လ်စီယမ်ပမာဏကိုလည်း မြင့်တက်စေပြီး ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေသည်။ သကြားဓာတ်များသော အစားအစာအတွက်လည်း အလားတူပင်ဖြစ်သည်။
- အဝလွန်ခြင်း- ကိုယ်အလေးချိန် အလွန်အကျွံတက်ခြင်း သို့မဟုတ် BMI မြင့်မားသူများသည် ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားနိုင်ခြေ ပိုများသည်။
- အစာခြေစနစ်ဆိုင်ရာရောဂါများနှင့် ခွဲစိတ်ကုသမှု- အစာအိမ်လမ်းကြောင်း ခွဲစိတ်ကုသမှု၊ အူလမ်းကြောင်းရောင်ရမ်းခြင်း သို့မဟုတ် နာတာရှည်ဝမ်းလျှောခြင်း အပါအဝင် အခြေအနေများသည် ခန္ဓာကိုယ်၏ အစာခြေစနစ်ကို ထိခိုက်စေနိုင်သည်။ ဤအခြေအနေများသည် ကယ်လ်စီယမ်နှင့် ရေစုပ်ယူမှုကို ထိခိုက်စေပြီး ဆီးထဲတွင် ဓာတုပစ္စည်းများ ပမာဏကို မြင့်တက်စေပြီး ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြစ်စေနိုင်သည်။
- အခြားရောဂါအခြေအနေများ- ကျောက်ကပ်ပြွန်အက်ဆစ်ဓာတ်များခြင်း၊၊ ပါရာသိုင်းရွိုက်ဂလင်း အလွန်အမင်း များပြားခြင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကဲ့သို့သောအခြေအနေများသည် ကျောက်ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။
- အချို့သော ဖြည့်စွက်စာများနှင့် ဆေးဝါးများ- ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။ ၎င်းတို့ထဲတွင် ဆီးဆေးများ၊ ကယ်လ်စီယမ်အခြေခံ အစာအိမ်အက်ဆစ်ပျောက်ဆေးများ၊ အစားအသောက်ဖြည့်စွက်စာများ၊ ဝမ်းနုတ်ဆေးများ၊ ဗီတာမင်စီ အများအပြားသောက်ခြင်း နှင့် HIV ကုသမှုဆေးများ၊ တက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် စိတ်ကျရောဂါကို ကုသရာတွင် အသုံးပြုသော အခြားဆေးဝါးများနှင့် အချို့သော ပဋိဇီဝဆေးများ ပါဝင်သည်။
ရောဂါရှာဖွေခြင်း
ကျောက်ကပ်ကျောက်တည်ခြင်းကို ရောဂါရှာဖွေရာတွင် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များသည် ပုံမှန်အားဖြင့် လူနာခံစားနေရသော လက္ခဏာများကို မေးမြန်းခြင်းနှင့် ဆေးမှတ်တမ်း ရာဇဝင်များကို ပြန်လည်သုံးသပ်ခြင်းတို့ဖြင့် စတင်လေ့ရှိပါသည်။ ၎င်းအပြင် ရောဂါကို အတည်ပြုနိုင်ရန် အောက်ပါစစ်ဆေးမှု တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
သွေးစစ်ခြင်း (Blood testing): သွေးစစ်ခြင်းဖြင့် ကျောက်ကပ် မည်မျှကောင်းမွန်စွာ အလုပ်လုပ်နေသည်ကို သိရှိနိုင်သလို၊ ပိုးဝင်ခြင်း ရှိ၊ မရှိနှင့် သွေးအတွင်း ကယ်လ်စီယမ် သို့မဟုတ် ယူရစ်အက်စစ် (Uric acid) များလွန်းခြင်းကဲ့သို့ ကျောက်တည်ခြင်းကို ဖြစ်စေနိုင်သည့် ဓာတုဗေဒဆိုင်ရာ ပြဿနာများကို ရှာဖွေနိုင်ပါသည်။ ဤရလဒ်များပေါ်မူတည်၍ ဆရာဝန်သည် နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များကို ဆုံးဖြတ်ပါလိမ့်မည်။
- ဆီးစစ်ခြင်း (Urine testing): ဤစစ်ဆေးမှုသည် ပိုးဝင်သည့်လက္ခဏာများနှင့် ကျောက်တည်စေတတ်သော ဓာတုပစ္စည်းများ၏ ပမာဏကို စစ်ဆေးခြင်း ဖြစ်သည်။ ဆရာဝန်သည် (၂) ရက်ဆက်တိုက် ဆီးနမူနာယူရန် တောင်းဆိုနိုင်ပါသည်။ (၂၄) နာရီအတွင်း ထွက်ရှိသော ဆီးကို စုဆောင်းစစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ်မှ ကျောက်တည်စေသော သတ္တုဓာတ်များကို အလွန်အကျွံ စွန့်ထုတ်နေသလား သို့မဟုတ် ကျောက်မတည်အောင် တားဆီးပေးသည့် ဓာတုပစ္စည်းများ ထွက်ရှိမှု နည်းပါးနေသလား ဆိုသည်ကို သိရှိနိုင်ပါသည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging): ဓာတ်မှနတ်မှန် (X-ray)၊ ကွန်ပြူတာဓာတ်မှန် (CT scan) နှင့် အာထရာဆောင်း (Ultrasound) တို့ကို အသုံးပြု၍ ကျောက်ကပ်ကျောက်၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ တည်နေရာနှင့် အရေအတွက်တို့ကို မြင်တွေ့နိုင်ပါသည်။ ဤစစ်ဆေးမှုများသည် မည်သည့်ကုသမှု အမျိုးအစား လိုအပ်သည်ကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုပါသည်။ အလွန်သေးငယ်သော ကျောက်များကိုမူ မြန်နှုန်းမြင့် CT scan များဖြင့် ရှာဖွေဖော်ထုတ်နိုင်ပါသည်။ အာထရာဆောင်း (Ultrasound) သည် နာကျင်မှုမရှိဘဲ လျင်မြန်လွယ်ကူသော စစ်ဆေးမှုတစ်ခု ဖြစ်သည်။ သာမန် ဝမ်းဗိုက်ဓာတ်မှန် (X-rays) ရိုက်ခြင်းသည် အလွန်သေးငယ်သော ကျောက်များကို မမြင်နိုင်သောကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကို စစ်ဆေးရန်အတွက် အသုံးနည်းလာပြီ ဖြစ်သည်။
- ထွက်လာသော ကျောက်များကို ဓာတ်ခွဲစစ်ဆေးခြင်း (Analysis of passed stones): ဆီးထဲမှတစ်ဆင့် ပါလာသော ကျောက်များကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့် ၎င်း၏ ပါဝင်ဖွဲ့စည်းမှုကို သိရှိနိုင်ပါသည်။ ဤရလဒ်သည် ကျောက်တည်ရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန်နှင့် နောင်တွင် ထပ်မံကျောက်မတည်စေရန် ကာကွယ်ရေးအစီအစဉ်များ ချမှတ်ရန်အတွက် အသုံးပြုနိုင်ပါသည်။ ကျောက်များကို ဖမ်းယူနိုင်ရန်အတွက် လူနာအား ဇကာ (Strainer) ကို အသုံးပြု၍ ဆီးသွားရန် တောင်းဆိုနိုင်ပါသည်။
ကုသခြင်း
ရောဂါရှာဖွေမှုရလဒ်သည် ကျောက်ကပ်ကျောက်တည်ခြင်းအတွက် သင့်လျော်သော ကုသမှုကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ကုသမှုသည် လူနာတွင်ရှိသော ကျောက်အမျိုးအစားနှင့် ဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းပေါ် မူတည်၍ ကွဲပြားလေ့ရှိပြီး ဆေးဝါးဖြင့်ကုသခြင်းမှသည် ခွဲစိတ်ကုသခြင်းအထိ ရှိနိုင်ပါသည်။
လက္ခဏာ အနည်းငယ်သာရှိသော သေးငယ်သည့် ကျောက်များ
ကျောက်ကပ်ကျောက်တည်ကြောင်း သိရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ကုသမှုအမှန်တကယ် လိုအပ်ခြင်း ရှိ၊ မရှိ ဆန်းစစ်ပါလိမ့်မည်။ အခြေအနေအများစုတွင် သေးငယ်သော ကျောက်များသည် ဆီးသွားခြင်းမှတစ်ဆင့် သဘာဝအတိုင်း ထွက်သွားနိုင်ပါသည်။ သို့သော် ၎င်းသည် နာကျင်သောဖြစ်စဉ်တစ်ခု ဖြစ်နိုင်သဖြင့် ဆရာဝန်မှ အောက်ပါတို့ကို အကြံပြုနိုင်ပါသည် –
- ရေသောက်ခြင်း: ဆီးကို ကျဲသွားစေရန်နှင့် ကျောက်များ ထပ်မံမတည်စေရန် တစ်နေ့လျှင် ရေ (၁.၈) လီတာမှ (၃.၆) လီတာအထိ သောက်ရန် အကြံပြုနိုင်ပါသည်။ ရည်ရွယ်ချက်မှာ ဆီးကို ကြည်လင်စေရန် ဖြစ်သည်။ အကယ်၍ (၄) ပတ်မှ (၆) ပတ်အတွင်း ကျောက်မထွက်ပါက ဆရာဝန်နှင့် ပြန်လည်တိုင်ပင်သင့်ပါသည်။
- အကိုက်အခဲပျောက်ဆေးများ: သေးငယ်သောကျောက်များ ထွက်လာစဉ် ခံစားရသော နာကျင်မှုကို သက်သာစေရန် Ibuprofen သို့မဟုတ် Naproxen sodium ကဲ့သို့သော ဆေးဝါးများကို ညွှန်ကြားနိုင်ပါသည်။
- ဆေးဝါးဖြင့် ကုသခြင်း (Medical therapy): Tamsulosin ကဲ့သို့သော Alpha blockers ဆေးဝါးများသည် ဆီးပြွန်ရှိ ကြွက်သားများကို ပြေလျော့စေသဖြင့် ကျောက်ကို ပိုမိုမြန်ဆန်စွာနှင့် နာကျင်မှုနည်းပါးစွာ ထွက်စေရန် ကူညီပေးပါသည်။
ကြီးမားသော ကျောက်များနှင့် ရောဂါလက္ခဏာပြသော ကျောက်များ
ကျောက်ကပ်ကျောက်တည်ခြင်းအတွက် အသုံးပြုသော ခွဲစိတ်မှုအများစုမှာ သေးငယ်သော ဒဏ်ရာဖြင့် ခွဲစိတ်သည့် (Minimally invasive) နည်းလမ်းများ ဖြစ်ပါသည်။ သွေးထွက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်သော ကြီးမားသည့် ကျောက်များအတွက် ခွဲစိတ်ရန် အကြံပြုလေ့ရှိပါသည်။ အသုံးများသော နည်းလမ်းများမှာ –
အသံလှိုင်းဖြင့် ကျောက်ချေခြင်း (ESWL):ဤလုပ်ငန်းစဉ်သည် စွမ်းအင်မြင့် ရှော့ခ်လှိုင်း (Shock waves) များကို အသုံးပြု၍ ကျောက်ကပ်အတွင်းရှိ ကျောက်များကို အစိတ်စိတ်အမွှာမွှာ ချေဖျက်ပစ်ခြင်း ဖြစ်သည်။ ထိုသို့ ချေဖျက်ပြီးနောက် သေးငယ်သွားသော ကျောက်စလေးများသည် ဆီးလမ်းကြောင်းမှတစ်ဆင့် ပိုမိုချောမွေ့စွာ ထွက်သွားနိုင်မည် ဖြစ်သည်။ ဤကုသမှုသည် ပုံမှန်အားဖြင့် (၄၅) မိနစ်မှ မိနစ် (၆၀) ခန့် ကြာမြင့်တတ်ပြီး လူနာအတွက် နာကျင်မှု ခံစားရနိုင်ပါသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ထုံဆေး (Local anesthesia) အသုံးပြု၍ ပြုလုပ်လေ့ရှိသည်။
ရှော့ခ်လှိုင်းဖြင့် ကျောက်ချေခြင်းသည် ရောဂါလက္ခဏာများကို သက်သာစေသည့်အပြင် ခန္ဓာကိုယ်ကို ဓားထက်ဖြင့် ခွဲစိတ်ရသော ပိုမိုပြင်းထန်သည့် ကျောက်ထုတ်ခြင်း လုပ်ငန်းစဉ်များကို ရှောင်ရှားနိုင်ရန် ကူညီပေးသည်။ ESWL ကုသမှုခံယူပြီးနောက် ဆီးထဲတွင် သွေးပါခြင်း၊ ကျော သို့မဟုတ် ဝမ်းဗိုက်တွင် ညိုမဲစွဲခြင်း၊ ကျောက်ကပ်နှင့် အနီးနားရှိ အင်္ဂါအစိတ်အပိုင်းများ ပတ်လည်တွင် သွေးထွက်ခြင်း၊ ကျောက်စလေးများ ဆီးလမ်းကြောင်းအတွင်းမှ ဖြတ်သန်းသွားစဉ် မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်းများ ဖြစ်ပေါ်တတ်သည်ကို သတိပြုရန် လိုအပ်ပါသည်။ ကျောက်ကပ်ကျောက်တည်သော ကလေးငယ်အများစုကို ဤ ESWL နည်းလမ်းဖြင့်သာ အဓိကထား ကုသလေ့ရှိသည်။
- ကျောဘက်မှတစ်ဆင့် ကျောက်ထုတ်ခြင်း (Percutaneous nephrolithotomy): ဤလုပ်ငန်းစဉ်တွင် ကျောဘက်၌ သေးငယ်သော ခွဲစိတ်ရာတစ်ခု ပြုလုပ်ပြီး ထိုနေရာမှတစ်ဆင့် ကျောက်ကပ်အတွင်းသို့ ပြွန်တစ်ခုကို တိုက်ရိုက်ထည့်သွင်းပါသည်။ ထို့နောက် အသံလွန်လှိုင်းသုံး စမ်းသပ်ကိရိယာ (Ultrasonic probe) ကို အသုံးပြု၍ ကျောက်များကို အမှုန့်ဖြစ်အောင် ချေဖျက်ပြီးနောက် ဆီးလမ်းကြောင်းအတွင်း ကျောက်စများ ကျန်ရစ်ခြင်း မရှိစေရန်အတွက် ၎င်းတို့ကို စုပ်ထုတ်ဖယ်ရှားပါသည်။ ဤလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် လူနာကို မေ့ဆေးပေးထားမည်ဖြစ်ပြီး ခွဲစိတ်မှုအပြီး ပြန်လည်နာလန်ထူနိုင်ရန်အတွက် ဆေးရုံတွင် တစ်ရက်မှ နှစ်ရက်အထိ ဆေးရုံတက်ရန် လိုအပ်ပါသည်။ အခြားသော ကုသမှုနည်းလမ်းများဖြင့် ကျောက်ကပ်ကျောက်ကို မဖယ်ရှားနိုင်သည့် အခြေအနေမျိုးတွင် ဤနည်းလမ်းကို အသုံးပြုရန် အကြံပြုလေ့ရှိပါသည်။ ၎င်းမှ ကျောက် အရေအတွက် အလွန်များနေခြင်း၊ ကျောက် အရွယ်အစား အလွန်ကြီးမားခြင်း သို့မဟုတ် အလွန်လေးလံနေခြင်း၊ ကျောက်တည်ရှိသည့် တည်နေရာမှာ အခြားနည်းဖြင့် ထုတ်ယူရန် ခက်ခဲခြင်း စသည့် အခြေအနေများဖြစ်ပါသည်။
- မှန်ပြောင်းကြည့်၍ ကျောက်ထုတ်ခြင်း (Ureteroscopy): ဤခွဲစိတ်မှုပြုလုပ်ရန်အတွက် ယူရီတာရိုစကုပ် (Ureteroscope) ဟုခေါ်သော သေးငယ်သည့် မှန်ပြောင်းကြည့်ကိရိယာကို ဆီးလမ်းကြောင်း (Urethra) မှတစ်ဆင့် ထည့်သွင်းကာ ဆီးအိမ်ကို ဖြတ်ကျော်၍ ဆီးပြွန် (Ureter) အတွင်းသို့ ပို့ဆောင်ပါသည်။ ကျောက်တည်ရှိရာနေရာကို တွေ့ရှိပြီးပါက ခွဲစိတ်သုံး ဇကာကွက် (Surgical basket) ကဲ့သို့သော အထူးကိရိယာများဖြင့် ကျောက်ကို ဖမ်းယူဖယ်ရှားခြင်း သို့မဟုတ် လေဆာ (Laser) အသုံးပြု၍ အပိုင်းအစလေးများဖြစ်အောင် ချေဖျက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထိုသို့ သေးငယ်သွားသော ကျောက်စလေးများသည် ဆီးလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ လွယ်ကူစွာ ထွက်သွားနိုင်မည် ဖြစ်သည်။ ခွဲစိတ်မှုအပြီးတွင် ရောင်ရမ်းမှုကို လျော့ကျစေရန်နှင့် ပြန်လည်ကျန်းမာလာစေရန်အတွက် ဆရာဝန်သည် ဆီးပြွန်အတွင်း၌ စတန့် (Stent) ဟုခေါ်သော အထောက်အကူပြုပိုက်လေးကို ထည့်သွင်းထားနိုင်ပါသည်။ ဤလုပ်ငန်းစဉ်အတွင်း လူနာ၏ အခြေအနေပေါ်မူတည်၍ မေ့ဆေး (General anesthetic) သို့မဟုတ် ထုံဆေး (Local anesthetic) လိုအပ်နိုင်ပါသည်။
- ပါရာသိုင်းရွိုက် ဂလင်း ခွဲစိတ်ခြင်း: ပါရာသိုင်းရွိုက်ဂလင်း (Parathyroid glands) များသည် လည်ပင်းရှိ အာဒမ်၏အသီး (Adam’s apple) အောက်ဘက်၊ သိုင်းရွိုက်ဂလင်း (Thyroid gland) ၏ ထောင့်လေးထောင့်တွင် တည်ရှိသော ဂလင်းလေးများ ဖြစ်ကြပါသည်။ ပါရာသိုင်းရွိုက်ဂလင်းတစ်ခုခုတွင် သေးငယ်သော အန္တရာယ်မရှိသည့် အကျိတ် (Benign tumor) တစ်ခု ဖြစ်ပေါ်လာသောအခါ သို့မဟုတ် အခြားသော အခြေခံကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဤဂလင်းများမှ ပါရာသိုင်းရွိုက်ဟော်မုန်းများကို အလွန်အကျွံ ထုတ်လုပ်လာသည့်အခါ ပါရာသိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်ခြင်း (Hyperparathyroidism) ဖြစ်ပွားနိုင်ပါသည်။
ပါရာသိုင်းရွိုက်ဂလင်းများ အလုပ်လုပ်လွန်းပါက ပါရာသိုင်းရွိုက်ဟော်မုန်းများ အလွန်အကျွံ ထွက်ရှိလာပြီး ၎င်းမှတစ်ဆင့် သွေးတွင်းရှိ ကယ်လ်စီယမ်ဓာတ်ကို မြင့်တက်စေပါသည်။ ဤသို့ သွေးတွင်းကယ်လ်စီယမ် မြင့်မားခြင်းကြောင့် ကျောက်ကပ်ကျောက်များ (အထူးသဖြင့် ကယ်လ်စီယမ် ဖော့စဖိတ် ကျောက်များ – Calcium phosphate stones) ကို ဖြစ်ပေါ်စေပါသည်။ ကျောက်ကပ်ကျောက်တည်ခြင်းမှ ကာကွယ်ရန်အတွက် ဂလင်းပေါ်တွင် ဖြစ်ပေါ်နေသော အကျိတ်ကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်ပါသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ပါရာသိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်ခြင်းကို ဖြစ်စေသော အခြားအခြေခံအကြောင်းရင်းများကို ရှာဖွေကုသရန်လည်း အကြံပြုနိုင်ပါသည်။
