အိုင်ဂျီအေကျောက်ကပ်ရောင်ရမ်းရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
IgA nephropathy (အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ) ကို Berger’s disease (ဘာဂါရောဂါ) ဟုလည်း ခေါ်ဆိုကြပြီး ၎င်းသည် ခန္ဓာကိုယ်အတွင်း ပိုးမွှားများကို တိုက်ဖျက်ပေးသည့် Immunoglobulin A (IgA) ဟုခေါ်သော ပရိုတင်းဓာတ်တစ်မျိုး ကျောက်ကပ်အတွင်း စုပုံလာခြင်းကြောင့် ဖြစ်ပွားသော ကျောက်ကပ်ဝေဒနာတစ်ခု ဖြစ်သည်။ ဤသို့ စုပုံလာခြင်းသည် ရောင်ရမ်းမှုကို ဖြစ်စေပြီး သွေးအတွင်းရှိ အညစ်အကြေးများကို စစ်ထုတ်ပေးနိုင်သော ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို တဖြည်းဖြည်းချင်း လျော့နည်းသွားစေသည်။
အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ၏ ဖြစ်စဉ်မှာ တစ်ဦးနှင့်တစ်ဦး မတူညီကြဘဲ အချို့သောသူများတွင် အခြားနောက်ဆက်တွဲပြဿနာများမရှိဘဲ ဆီးထဲတွင် သွေးပါခြင်းလက္ခဏာကိုသာ ခံစားရတတ်သည်။ အချို့သောသူများတွင်မူ ဆီးထဲသို့ ပရိုတင်းဓာတ်များ စိမ့်ထွက်ခြင်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် ပြဿနာများကို ရင်ဆိုင်ရနိုင်ပြီး နောက်ဆုံးတွင် ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်ပေါ်နိုင်သည်။
လက်ရှိတွင် အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေမည့် ကုသနည်းမရှိသေးသော်လည်း ဆေးဘက်ဆိုင်ရာ ကုသမှုများက ရောဂါပိုမိုဆိုးရွားမလာစေရန် နှေးကွေးပေးနိုင်သည်။ ကုသမှုသည် ရောင်ရမ်းမှုကို လျှော့ချရန်၊ ပရိုတင်းစိမ့်ထွက်မှုကို အနည်းဆုံးဖြစ်စေရန်နှင့် ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ရန် အဓိကထားသည်။ အချို့သောသူများတွင် ရောဂါအခြေအနေ ငြိမ်သက်သွားသော (remission) အဆင့်သို့ ရောက်ရှိနိုင်သည်။ ထို့အပြင် သွေးတိုးခြင်းနှင့် ကိုလက်စထရော ပမာဏကို ထိန်းချုပ်ခြင်းဖြင့်လည်း ရောဂါတိုးတက်မှုကို နှေးကွေးစေနိုင်သည်။
ရောဂါလက္ခဏာများ
အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါသည် ကနဦးအဆင့်များတွင် ရောဂါလက္ခဏာ မပြတတ်ဘဲ ဆယ်စုနှစ်တစ်ခု သို့မဟုတ် ထို့ထက်မက ကြာသည်အထိ သိသာထင်ရှားသော ကျန်းမာရေး ထိခိုက်မှုများကို ခံစားရခြင်း မရှိနိုင်ပါ။ တစ်ခါတစ်ရံတွင် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရာမှတစ်ဆင့် ဆီးထဲတွင် ပရိုတင်းဓာတ်နှင့် သွေးနီဥများ ပါဝင်နေသည်ကို အဏုကြည့်မှန်ပြောင်းအောက်တွင် တွေ့ရှိရခြင်းဖြင့် ရောဂါရှိမှန်း သိရှိရတတ်သည်။
ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- ဆီးထဲတွင် သွေးပါခြင်း။
- ဆီးထဲသို့ ပရိုတင်းဓာတ်များ စိမ့်ထွက်နေသဖြင့် ဆီးသည် အမြှုပ်များထနေခြင်း (Proteinuria)။
- သွေးပါဝင်မှုကြောင့် ဆီးသည် ကိုလာ သို့မဟုတ် လက်ဖက်ရည်အရောင်ကဲ့သို့ ဖြစ်နေခြင်း။ အအေးမိခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ ဖြစ်ပြီးနောက် ဤကဲ့သို့ အရောင်ပြောင်းလဲမှုများ တွေ့ရတတ်သည်။
- နံရိုးအောက်ပိုင်း၊ နောက်ကျော၏ တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် နာကျင်ခြင်း။
- သွေးတိုးခြင်း။
- နုံးခွေခြင်းနှင့် အားနည်းသလို ခံစားရခြင်း။
- လက်နှင့် ခြေထောက်များ ရောင်ရမ်းခြင်း (Edema)။
အကယ်၍ ကျောက်ကပ်ပျက်စီးခြင်း (Renal failure) အဆင့်သို့ ရောက်ရှိပါက အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်-
- စိတ်ရှုပ်ထွေးခြင်း။
- အစာအိမ် ပြဿနာများ ဖြစ်ခြင်း။
- ပျို့အန်ခြင်း။
- အရေပြား ယားယံခြင်း သို့မဟုတ် အနီကွက်များ ထွက်ခြင်း။
- ကြွက်သားများ ကြွက်တက်ခြင်း။
- အစားအသောက် ပျက်ခြင်း။
- ခံတွင်း၌ သတ္တုအရသာ ခံစားရခြင်း။
သင့်တွင် အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ လက္ခဏာများရှိသည်ဟု သံသယရှိပါက ဆေးကုသမှုကို ချက်ချင်းခံယူရန် အလွန်အရေးကြီးသည်။ အထူးသဖြင့် ဆီးထဲတွင် သွေးပါသည်ကို တွေ့ရှိရပါက အခြားသော ရောဂါများကြောင့်လည်း ဖြစ်နိုင်သော်လည်း ၎င်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ခု၏ လက္ခဏာဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် ပြသသင့်သည်။ ထို့အပြင် ဆီးထဲတွင် သွေးခဏခဏပါခြင်း သို့မဟုတ် လက်နှင့် ခြေထောက်များ ရုတ်တရက် ရောင်ရမ်းလာခြင်းတို့သည် ကျောက်ကပ်ပြဿနာရှိနေခြင်း၏ အချက်ပြမှုများ ဖြစ်နိုင်ပါသည်။ ကျောက်ကပ်ပျက်စီးနေသူများအတွက် ကျောက်ကပ်ဆေးခြင်း (dialysis) သို့မဟုတ် ကျောက်ကပ်အစားထိုးခြင်းကဲ့သို့သော အချိန်မီကုသမှုများသည် အသက်ကယ်တင်နိုင်ရုံသာမက သက်တမ်းကိုလည်း များစွာတိုးစေနိုင်ပါသည်။
အကြောင်းရင်းများ
ကျောက်ကပ်သည် ကျောရိုး၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိသော ပဲစေ့သဏ္ဌာန် အင်္ဂါနှစ်ခုဖြစ်ပြီး Glomeruli ဟုခေါ်သော သေးငယ်သည့် သွေးကြောလေးများမှတစ်ဆင့် သွေးအတွင်းရှိ အညစ်အကြေးများ၊ ပိုလျှံနေသော ရေများနှင့် အခြားသော ပစ္စည်းများကို စစ်ထုတ်ပေးရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထိုသွေးကြောလေးများသည် စစ်ထုတ်ကိရိယာများအဖြစ် ဆောင်ရွက်ပြီး သန့်စင်ပြီးသော သွေးများကို ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးကာ အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ်ပေးသည်။ သို့သော် အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါတွင် Immunoglobulin A (IgA) ပရိုတင်းဓာတ်သည် ထိုသွေးကြောလေးများတွင် စုပုံလာကာ ရောင်ရမ်းမှုကို ဖြစ်စေပြီး စစ်ထုတ်နိုင်စွမ်းကို ထိခိုက်စေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်ကျန်းမာရေးကို ထိခိုက်လာစေသည်။
အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရှိရသေးသော်လည်း အချို့သော အချက်များသည် ၎င်းဖြစ်ပွားမှုနှင့် ဆက်စပ်နေသည်ကို တွေ့ရသည်-
- မျိုးရိုးဗီဇ: ဤရောဂါသည် အချို့သော မိသားစုများနှင့် အာရှနှင့် ဥရောပနွယ်ဖွားများကဲ့သို့သော အချို့သော လူမျိုးစုများတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရသည်။
- အသည်းရောဂါများ: အသည်းခြောက်ခြင်း (cirrhosis) နှင့် နာတာရှည် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ကူးစက်ခံရခြင်းတို့သည် အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါနှင့် ဆက်စပ်မှုရှိသည်။
- စီလီယက်ရောဂါ (Celiac disease): ဂျုံနှင့် ကောက်နှံအများစုတွင် ပါဝင်သော gluten ပရိုတင်းကို စားသုံးခြင်းကြောင့် ဖြစ်ပေါ်သော ဤအစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာသည်လည်း အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါနှင့် ဆက်စပ်မှု ရှိနိုင်ပါသည်။
- ပိုးဝင်ခြင်းများ: HIV နှင့် အချို့သော ဘက်တီးရီးယား ပိုးဝင်ခြင်းများသည်လည်း ဤရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်နေနိုင်ကြောင်း ယူဆရသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း အောက်ပါအချက်များရှိသူများတွင် ဖြစ်နိုင်ခြေ ပိုများကြောင်း တွေ့ရသည်-
- လိင်: မြောက်အမေရိကနှင့် အနောက်ဥရောပနိုင်ငံများတွင် အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါသည် အမျိုးသမီးများထက် အမျိုးသားများတွင် အနည်းဆုံး နှစ်ဆခန့် ပိုမိုဖြစ်ပွားလေ့ရှိသည်။
- လူမျိုးစု: ဤရောဂါသည် အာဖရိကန်-အမေရိကန် နွယ်ဖွားများထက် လူဖြူများနှင့် အာရှနွယ်ဖွားများတွင် ပိုမိုအဖြစ်များသည်။
- အသက်အရွယ်: ဤရောဂါသည် များသောအားဖြင့် အသက် ၁၅ နှစ်ဝန်းကျင်မှ ၃၅ နှစ်ဝန်းကျင်အတွင်း အများဆုံး စတင်ဖြစ်ပွားလေ့ရှိသည်။
- မိသားစုရာဇဝင်: မျိုးရိုးဗီဇဆိုင်ရာ အချက်များကြောင့် အချို့သော မိသားစုများတွင် ဤရောဂါ လိုက်ဖြစ်တတ်ကြောင်း အထောက်အထားများ ရှိပါသည်။
ရောဂါရှာဖွေခြင်း
အကယ်၍ သင်၏ဆီးထဲတွင် သွေးပါသည်ကို တွေ့ရှိပါက အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ ဖြစ်နိုင်ခြေရှိပါသည်။ သို့မဟုတ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတစ်ခုမှတစ်ဆင့် သင်၏ဆီးထဲတွင် ပရိုတင်း သို့မဟုတ် သွေးပါဝင်နေသည်ကို တွေ့ရှိနိုင်ပါသည်။ ထို့အပြင် အခြားသော စစ်ဆေးမှုများလည်း ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့မှာ-
- ဆီးစစ်ခြင်း (Urine tests): ဓာတ်ခွဲခန်းတွင် ဆီးနမူနာကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးကာ ကျောက်ကပ်၏ လုပ်ဆောင်ချက်ကို အကဲဖြတ်ခြင်းနှင့် ကျောက်ကပ်မှ စွန့်ထုတ်လိုက်သော ပရိုတင်းပမာဏကို တိုင်းတာခြင်းတို့ ပြုလုပ်နိုင်သည်။ အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ ဖြစ်ပွားပါက ဆီးထဲတွင် သွေးပါဝင်နေခြင်း သို့မဟုတ် ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်လေးများ (glomeruli) ရောင်ရမ်းနေသည့် အခြားအချက်ပြလက္ခဏာများကို ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိနိုင်သည်။
- သွေးစစ်ခြင်း (Blood examination): Estimated glomerular filtration rate (eGFR) ဆိုသည်မှာ သင့်ကျောက်ကပ်က သွေးကို မိနစ်တိုင်းတွင် မည်မျှနှုန်းဖြင့် စစ်ထုတ်ပေးနေသည်ကို အကဲဖြတ်ရန် အသုံးပြုသော သွေးစစ်ဆေးမှုတစ်ခုဖြစ်သည်။ ၎င်းသည် ကျောက်ကပ်၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ အဖိုးတန်သော အချက်အလက်များကို ပေးစွမ်းနိုင်ပြီး ကျောက်ကပ်ကျန်းမာရေးကို ရှာဖွေဖော်ထုတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့တွင် ကူညီပေးသည်။
- ကျောက်ကပ် အသားစယူ စစ်ဆေးခြင်း (Kidney biopsy): ဤလုပ်ငန်းစဉ်သည် အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ ရှိမရှိကို အတည်ပြုနိုင်သည့် အတိကျဆုံး နည်းလမ်းဖြစ်သည်။ ၎င်းသည် အထူးပြုလုပ်ထားသော အပ်တစ်ချောင်းကို အသုံးပြု၍ ကျောက်ကပ်တစ်ရှူး နမူနာအနည်းငယ်ကို ထုတ်ယူကာ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း ဖြစ်သည်။ ဤတစ်ရှူးပိုင်းခြား စိတ်ဖြာမှုမှတစ်ဆင့် အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါကို တိကျစွာ ရောဂါရှာဖွေနိုင်သည်။
- Iothalamate clearance test: ဤစစ်ဆေးမှုကိုလည်း သင့်ဆရာဝန်က အကြံပြုနိုင်ပါသည်။ ၎င်းသည် အထူးပြုလုပ်ထားသော ဆေးရည် (contrast agent) တစ်မျိုးကို အသုံးပြု၍ သင့်ကျောက်ကပ်က အညစ်အကြေးများကို မည်မျှထိရောက်စွာ စစ်ထုတ်ပေးနေသည်ကို စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်သည်။
ကုသမှု
အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍ မရနိုင်ပါ။ ထို့အပြင် ဤရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ သင့်ကျန်းမာရေးကို မည်သို့သက်ရောက်မှုရှိမည်ကို အတိအကျ ခန့်မှန်းရန်လည်း မဖြစ်နိုင်ပါ။ အချို့သော လူနာများသည် ၎င်းတို့၏ ရောဂါပိုမိုဆိုးရွားလာခြင်း ရှိ၊ မရှိ သိရှိရန်အတွက် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်သာ လိုအပ်ပါသည်။
အခြားသောသူများအတွက်မူ ဆေးဝါးများသည် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်နှင့် ရောဂါပိုမိုဆိုးရွားမလာစေရန် ကူညီပေးနိုင်သည်။
အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါအတွက် ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည်-
- သွေးတိုးထိန်းဆေးများ: ACE inhibitors နှင့် Angiotensin Receptor Blockers (ARBs) ဟု ခေါ်ဆိုသော ဆေးဝါးများကို အသုံးပြုခြင်းဖြင့် သွေးဖိအားကို လျှော့ချနိုင်ပြီး ခန္ဓာကိုယ်မှ ပရိုတင်းဓာတ် ဆုံးရှုံးမှုကို သက်သာစေနိုင်သည်။
- ကိုလက်စထရော ထိန်းဆေးများ: ဤဆေးဝါးအမျိုးအစားသည် သင့်တွင် လွန်ကဲနေသော ကိုလက်စထရော ပမာဏကို စီမံခန့်ခွဲပေးနိုင်ပြီး ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ပေးနိုင်သည်။
- ဆီးဆေးများ (Diuretics): ဤဆေးများသည် လက်နှင့် ခြေထောက်များတွင် ဖြစ်ပေါ်သော ဖောရောင်ခြင်း (edema) ကို လျှော့ချရန် ကူညီပေးနိုင်သည်။
- ကိုယ်ခံအားစနစ် ထိန်းချုပ်ဆေးများ (Immunosuppressants): ၎င်းတို့ကို ကိုယ်ခံအားစနစ် ငြိမ်သက်စေသော ဆေးဝါးများဟုလည်း ခေါ်ဆိုကြသည်။ ၎င်းတို့တွင် စတီးရွိုက် (Corticosteroids) နှင့် ခန္ဓာကိုယ်၏ ခုခံကာကွယ်မှုကို အားနည်းစေနိုင်သည့် အခြားသော အစွမ်းထက်ဆေးဝါးများ ပါဝင်သည်။ ၎င်းတို့သည် ကျောက်ကပ်ရှိ သွေးကြောငယ်လေးများကို တိုက်ခိုက်နေသည့် ကိုယ်ခံအားစနစ်မှ ပရိုတင်းဓာတ်များ ထုတ်လုပ်မှုကို တားဆီးပေးနိုင်သည်။ ဤဆေးဝါးများ၏ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ ပိုးဝင်နိုင်ခြေ မြင့်မားခြင်း၊ သွေးတိုးခြင်းနှင့် သွေးတွင်းသကြားဓာတ် မြင့်မားခြင်းတို့ ဖြစ်သည်။ သင်က ဤဆေးကို ရွေးချယ်သည့်အခါ သင့်ဆရာဝန်က လိုအပ်သော အကြံဉာဏ်များ ပေးပါလိမ့်မည်။ လက်ရှိတွင် ဆန်းသစ်သော ကုထုံးများစွာမှာ အတည်ပြုချက် ရရှိထားပြီးဖြစ်သလို အချို့မှာလည်း စမ်းသပ်စစ်ဆေးဆဲ အဆင့်တွင် ရှိပါသည်။ အိုင်ဂျီအေ ကျောက်ကပ်ရောင်ရမ်းရောဂါ ကုသမှု၏ နောက်ဆုံးပေါ် တိုးတက်ပြောင်းလဲမှုများအကြောင်းကို သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
- အိုမီဂါ-သရီး ဖက်တီးအက်စစ် (Omega-3 fatty acids): ဤအကျိုးပြု အဆီဓာတ်များသည် ဘေးထွက်ဆိုးကျိုး မရှိဘဲ ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်လေးများ ရောင်ရမ်းမှုကို လျော့ကျစေနိုင်သည်။ အိုမီဂါ-သရီးကို ငါးကြီးဆီ (fish oil) ဖြည့်စွက်စာများတွင် ရရှိနိုင်သည်။ သို့သော် မိမိဘာသာ ဝယ်ယူသောက်သုံးခြင်းထက် ဆရာဝန်ညွှန်ကြားသည့် ငါးကြီးဆီဆေးတောင့်များ သောက်သုံးခြင်းက သင့်အတွက် အကျိုးရှိ၊ မရှိကို ဆရာဝန်အား မေးမြန်းပါ။
ကုသမှု၏ အဓိက ရည်ရွယ်ချက်မှာ သင့်အား ကျောက်ကပ်အစားထိုးခြင်း သို့မဟုတ် ကျောက်ကပ်ဆေးခြင်းတို့ ပြုလုပ်ရန် မလိုအပ်စေရန် ဖြစ်သည်။ သို့သော်လည်း အကယ်၍ သင့်ကျောက်ကပ်က ၎င်းဘာသာ ထိရောက်စွာ အလုပ်မလုပ်နိုင်တော့ပါက ထိုလုပ်ငန်းစဉ် နှစ်ခုလုံးသည် အသက်ကို ကယ်တင်နိုင်သည့် နည်းလမ်းများ ဖြစ်လာပါလိမ့်မည်။
