ခြုံငုံသုံးသပ်ချက် (Overview)

ဟာသဲလ်ဆဲလ်ကင်ဆာ (Hurthle Cell Cancer – HCC) သည် အလွန်ရှားပါးသော သိုင်းရွိုက်ကင်ဆာ အမျိုးအစားဖြစ်ပြီး အခြားသိုင်းရွိုက်ကင်ဆာများထက် ပိုမိုပြင်းထန်နိုင်ပါသည်။ သိုင်းရွိုက်ဂလင်းသည် လည်ပင်းတွင်ရှိသော လိပ်ပြာပုံသဏ္ဍာန် ဂလင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (Metabolism)၊ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုတို့အတွက် လိုအပ်သော ဟော်မုန်းများကို ထုတ်လုပ်ပေးရန် တာဝန်ရှိသည်။ ဤကင်ဆာအတွက် အသုံးအများဆုံး ကုသမှုများမှာ ခွဲစိတ်ခြင်းနှင့် ဆေးသွင်းကုသခြင်းတို့ ဖြစ်ကြသည်။

ရောဂါလက္ခဏာများ (Symptoms)

ဟာသဲလ်ဆဲလ်ကင်ဆာ (HCC) သည် အမြဲတမ်း ရောဂါလက္ခဏာ မပြတတ်သော်လည်း ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း သို့မဟုတ် ပုံရိပ်ဖော်စစ်ဆေးခြင်းတို့ဖြင့် ရောဂါကို သိရှိ နိုင်ပါသည်။ ဤရောဂါ၏ လက္ခဏာများသည် ဟာသဲလ်ဆဲလ်ကင်ဆာအတွက်သာ သီးသန့် ဖြစ် မနေဘဲ အခြားရောဂါများနှင့် မှားယွင်းနိုင်သောကြောင့် တိကျသော ရောဂါ ရှာဖွေမှု ရရှိရန် ကျွမ်းကျင် ပညာရှင် နှင့် ပြသရန် အကြံပြုလိုပါသည်။

ဟာသဲလ်ဆဲလ်ကင်ဆာ၏ လက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည် –

  • လည်ပင်း သို့မဟုတ် လည်ချောင်းတွင် နာကျင်သော အကျိတ်ဖြစ်ခြင်း။
  • စကားပြောခြင်း၊ အသက်ရှူခြင်း သို့မဟုတ် အစာမျိုခြင်းတို့တွင် ခက်ခဲခြင်း။
  • ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း။
  • အသံဝင်ခြင်း သို့မဟုတ် အသံပြောင်းလဲသွားခြင်း။

အကယ်၍ သင်သည် ပုံမှန်မဟုတ်သော လက္ခဏာများကို သတိပြုမိပြီး စိုးရိမ်ပူပန်မှုရှိပါက ဆရာဝန်နှင့် ရက်ချိန်းယူ၍ ပြသသင့်ပါသည်။

ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)

ဟာသဲလ်ဆဲလ်ကင်ဆာ ဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းကို မသိရှိရသေးပါ။ ယေဘုယျအားဖြင့် ကင်ဆာသည် ဆဲလ်များ၏ DNA မျိုးဗီဇပြောင်းလဲမှု (Mutation) ဖြစ်ပေါ်ရာမှ စတင်သည်။ ဤမျိုးဗီဇပြောင်းလဲမှုသည် ဆဲလ်များကို လျင်မြန်စွာ ပွားလာစေပြီး ကျန်းမာသောဆဲလ်များထက် ပိုမိုအသက်ရှည်စေကာ နောက်ပိုင်းတွင် အကျိတ် (Tumor) အဖြစ်သို့ ရောက်ရှိသွားသည်။ ထိုအကျိတ်သည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများကို ကျူးကျော်ဖျက်ဆီးခြင်း သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း (Metastasize) တို့ ဖြစ်ပေါ်နိုင်ပါသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

ဟာသဲလ်ဆဲလ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေသော အချက်များမှာ –

  • မိသားစုရာဇဝင်: သင့်မိဘ သို့မဟုတ် မောင်နှမများတွင် သိုင်းရွိုက်ကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိပါက ဤကင်ဆာဖြစ်ပွားရန် ပိုမိုနီးစပ်ပါသည်။
  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှု: အထူးသဖြင့် လည်ပင်းနှင့် ဦးခေါင်းပိုင်းကို X-ray သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးများဖြင့် ထိတွေ့ဖူးသူများ။
  • လိင်နှင့် အသက်အရွယ်: အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုအဖြစ်များပြီး အသက်ကြီးသူများတွင်လည်း ပိုမိုတွေ့ရှိရလေ့ရှိသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

ဟာသဲလ်ဆဲလ်ကင်ဆာကို ရောဂါရှာဖွေရန်အတွက် အောက်ပါလုပ်ငန်းစဉ်များကို အကြံပြုနိုင်ပါသည် –

  • ကိုယ်ခန္ဓာကို စစ်ဆေးခြင်း (Physical Examination): ကျွမ်းကျင်ပညာရှင်က လည်ပင်းနှင့် ပြန်ရည်ကျိတ်များကို စမ်းသပ်စစ်ဆေးခြင်း ဖြစ်သည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Diagnostic Imaging Procedure): ကင်ဆာ၏ ပမာဏနှင့် ပျံ့နှံ့မှုကို သိရှိနိုင်ရန် PET scan၊ စီတီစကင် (CT) နှင့် အမ်အာအိုင် (MRI) တို့ကို ပြုလုပ်ခြင်း ဖြစ်သည်။
  • သွေးစစ်ဆေးခြင်း: သိုင်းရွိုက်၏ လုပ်ဆောင်ချက်များကို စစ်ဆေးရန် ကျွမ်းကျင်ပညာရှင်က ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုပါလိမ့်မည်။
  • အာထရာဆောင်းရိုက်ခြင်း (Ultrasound): အသံလှိုင်းများကို အသုံးပြု၍ သိုင်းရွိုက်ဂလင်း သို့မဟုတ် အင်္ဂါအစိတ်အပိုင်း၏ ပုံရိပ်ကို ဖော်ထုတ်ခြင်း ဖြစ်သည်။
  • အသားစယူစစ်ဆေးခြင်း (Tissue Biopsy): ကင်ဆာအဆင့်နှင့် သိုင်းရွိုက်ဆဲလ် ပုံမှန်မဟုတ်မှု အမျိုးအစားကို သိရှိနိုင်ရန် တစ်ရှူးနမူနာကို ရယူ၍ ရောဂါဗေဒ (Pathology) ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်း ဖြစ်သည်။
  • လည်ချောင်းကြည့် မှန်ပြောင်းကြည့်ခြင်း (Laryngoscopy): အထူးကင်မရာကို အသုံးပြု၍ အသံအိုး (Larynx) ကို စစ်ဆေးသည့် လုပ်ငန်းစဉ် ဖြစ်သည်။

ကုသမှု (Treatment)

ဟာသဲလ်ဆဲလ်ကင်ဆာအတွက် အသုံးအများဆုံး ကုသမှုမှာ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ ကုသမှုနည်းလမ်းများကို ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ရမည် ဖြစ်သည်။

ခွဲစိတ်ကုသခြင်း (Surgery)

  • သိုင်းရွိုက်ဂလင်း ဖယ်ရှားခြင်း (Thyroidectomy): သိုင်းရွိုက်ဂလင်း တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ ခွဲစိတ်မှုအပြီးတွင် သိုင်းရွိုက်ဟော်မုန်း ပမာဏကို ပုံမှန်ဖြစ်စေရန် ဆေးဝါးများ ညွှန်ကြားပါလိမ့်မည်။

အခြားကုထုံးများ

  • ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ကုထုံး (Radioactive iodine therapy): လူနာသည် ရေဒီယိုသတ္တိကြွ ပါဝင်သော အရည် သို့မဟုတ် ဆေးတောင့်ကို သောက်ရခြင်းဖြစ်သည်။ အိုင်အိုဒင်းဓာတ်သည် ခွဲစိတ်ပြီးနောက် ကျန်ရှိနေသော မည်သည့် သိုင်းရွိုက်တစ်ရှူးကိုမဆို ဖျက်ဆီးပစ်ရန် ကူညီပေးသည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): ကင်ဆာဆဲလ်များကို သတ်ရန် စွမ်းအားမြင့် စွမ်းအင်လှိုင်းများကို အသုံးပြုခြင်း ဖြစ်သည်။ ဤကုထုံးကို ခွဲစိတ်မှုနှင့် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကုထုံးတို့ ပြုလုပ်ပြီးနောက် ကင်ဆာဆဲလ်များ ကျန်ရှိနေပါက သို့မဟုတ် ကင်ဆာပျံ့နှံ့သွားပါက အသုံးပြုနိုင်သည်။
  • ပစ်မှတ်ထားကုထုံး (Targeted Drug Therapy): ကင်ဆာဆဲလ် များရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို ပစ်မှတ်ထားသော ကုထုံး ဖြစ်ပြီး အဆင့်မြင့်ကင်ဆာများကို ကုသရာတွင် အသုံးပြုသည်။ အခြားကုသမှုများ ပြုလုပ်ထားသော်လည်း ကင်ဆာဆဲလ်များ ပြန်လည်ဖြစ်ပေါ်လာပါက ဤကုထုံးကို အကြံပြုနိုင်ပါသည်။

Doctors who treat this condition