သစ်စိမ်းကျိုး အရိုးကျိုးခြင်း

ခြုံငုံသုံးသပ်ချက်

သစ်စိမ်းကျိုး အရိုးကျိုးခြင်း (Greenstick fracture) ဆိုသည်မှာ အရိုးတစ်ခုသည် အပိုင်းပိုင်း ပြတ်ထွက်သွားခြင်းမျိုး မဟုတ်ဘဲ သစ်ပင်မှ သစ်ကိုင်းစိမ်းလေးတစ်ခုကို ချိုးလိုက်သကဲ့သို့ အရိုးကွေးသွားပြီး တစ်စိတ်တစ်ပိုင်းသာ အက်ကွဲသွားခြင်းကို ဆိုလိုသည်။
ကလေးငယ်များ၏ အရိုးများသည် လူကြီးများထက် ပို၍ပျော့ပျောင်းပြီး ကွေးလွယ်ဆန့်လွယ်သောကြောင့် ဤသို့အရိုးကျိုးခြင်းမျိုးကို အသက် ၁၀ နှစ်အောက် ကလေးများတွင် အတွေ့ရများသည်။ ထိုသို့ကျိုးသည့်အခါ အရိုးသည် ကွေးသွားပြီး အက်ရုံသာ အက်သွားသဖြင့် ရောဂါရှာဖွေရန် ခက်ခဲတတ်ပါသည်။
အရိုးပြန်လည်ကျက်စေရန်နှင့် အကယ်၍ ကလေးထပ်မံလဲကျပါက အရိုးလုံးဝ ပြတ်ထွက်သွားခြင်းမှ ကာကွယ်ရန် သစ်စိမ်းကျိုးခြင်းကို ပုံမှန်အားဖြင့် ကျောက်ပတ်တီး (Cast) ဖြင့် ငြိမ်အောင် ထိန်းထားလေ့ရှိသည်။ ကျောက်ပတ်တီးသည် ကျိုးသွားသော အရိုးအစိတ်အပိုင်းများကို စုစည်းပေးထားခြင်းဖြင့် အရိုးကျက်နှုန်းကို ပိုမိုမြန်ဆန်စေပါသည်။

ရောဂါလက္ခဏာများ

အရိုးကျိုးသည့် အတိုင်းအတာပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်ပါသည်။ အရိုးအက်ရုံမျှသာဆိုလျှင် အညိုအမည်းစွဲခြင်း သို့မဟုတ် အကြောယောင်ခြင်းနှင့် မှားယွင်းတတ်ပါသည်။ ပြင်းထန်သော သစ်စိမ်းကျိုးခြင်းများတွင်မူ သိသာသော ပုံသဏ္ဌာန်ပျက်ယွင်းမှုနှင့်အတူ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
သစ်စိမ်းကျိုးခြင်း၏ လက္ခဏာများမှာ –

  • ထိခိုက်မိသောနေရာတွင် နာကျင်ခြင်း၊ အညိုအမည်းစွဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း။
  • အရိုးကျိုးသည့်နေရာတွင် ပုံသဏ္ဌာန် ပျက်နေခြင်း။
  • နာကျင်မှု ခံစားရခြင်း။

အကယ်၍ သင်၏ကလေးသည် ထိခိုက်မိသော လက်ခြေတွင် ဆက်တိုက်နာကျင်နေပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။ အထူးသဖြင့် ကလေးသည် အလေးအပင် မမနိုင်ခြင်း၊ ပြင်းထန်စွာ နာကျင်နေခြင်း၊ ပုံစံပျက်နေခြင်း သို့မဟုတ် သိသိသာသာ ရောင်ရမ်းနေခြင်းများရှိပါက ချက်ချင်း ဆေးကုသမှု ခံယူရန် အလွန်အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အရိုးကို ကွေးသွားစေသော မည်သည့်တွန်းအားမဆို သစ်စိမ်းကျိုးခြင်းကို ဖြစ်စေနိုင်ပါသည်။ လက်ရိုး သို့မဟုတ် ခြေရိုးကဲ့သို့ ရှည်လျားသော အရိုးများအပေါ် သက်ရောက်သည့်အားကြောင့် အရိုးသည် အပိုင်းပိုင်း ပြတ်မသွားဘဲ တစ်ဖက်တွင်သာ အက်ကွဲသွားခြင်း ဖြစ်သည်။
သစ်စိမ်းကျိုးခြင်းသည် အားကစားလုပ်ခြင်း၊ ကားအက်စီးဒင့်ဖြစ်ခြင်းနှင့် လဲကျခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ကလေးသူငယ်များတွင် လဲကျခြင်းမှာ အရိုးကျိုးရသည့် အဓိကအကြောင်းရင်းဖြစ်ပြီး ခြေထောက်ထက် လက်ရိုးကျိုးခြင်းက ပို၍အဖြစ်များသည်။ အကြောင်းမှာ ကလေးများ လဲကျသည့်အခါ အရှိန်သတ်ရန် လက်ဖြင့် မြေပြင်ကို အလိုအလျောက် ထောက်လိုက်မိသောကြောင့် ဖြစ်သည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ

ကလေးငယ်များ၏ အရိုးများသည် လူကြီးများထက် ပို၍ပျော့ပျောင်းပြီး နူးညံ့သောကြောင့် သစ်စိမ်းကျိုးခြင်း ဖြစ်နိုင်ခြေ ပိုများသည်။ အရိုးသည် အပိုင်းပိုင်း ကွဲထွက်မည့်အစား ကွေးသွားပြီး အက်ရုံသာ အက်သွားခြင်းမျိုး ဖြစ်သည်။ သစ်စိမ်းကျိုးခြင်း အများစုသည် အသက် ၁၀ နှစ်အောက် ကလေးများတွင်သာ ဖြစ်ပွားလေ့ရှိပါသည်။

ရောဂါရှာဖွေခြင်း

ကိုယ်ကာယစစ်ဆေးမှုပြုလုပ်စဉ်အတွင်း ဆရာဝန်သည် ထိခိုက်မိသောနေရာ၌ နာကျင်မှု ရှိ၊ မရှိ၊ ရောင်ရမ်းခြင်း၊ ပုံသဏ္ဌာန်ပျက်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် ပွင့်ထွက်နေသော ဒဏ်ရာ ရှိ၊ မရှိတို့ကို စစ်ဆေးပါလိမ့်မည်။ အာရုံကြော ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးရန်အတွက် သင့်ကလေးကို လက်ချောင်းလေးများဖြင့် ပုံစံအမျိုးမျိုး ပြုလုပ်ခိုင်းခြင်း သို့မဟုတ် လှုပ်ရှားခိုင်းခြင်းမျိုး ပြုလုပ်နိုင်ပါသည်။ ထို့အပြင် ကျိုးသွားသောနေရာ၏ အထက်နှင့် အောက်ရှိ အဆစ်များကိုလည်း ဆရာဝန်က စစ်ဆေးပါလိမ့်မည်။
သစ်စိမ်းကျိုးခြင်း အများစုကို ဓာတ်မှန် (X-ray) ရိုက်ခြင်းဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်ပါသည်။ အခြေအနေကို နှိုင်းယှဉ်ကြည့်နိုင်ရန်အတွက် ဆရာဝန်သည် မထိခိုက်ဘဲ ကောင်းမွန်နေသော အခြားတစ်ဖက်မှ ခြေလက်ကိုလည်း ဓာတ်မှန်ရိုက်ရန် တောင်းဆိုနိုင်ပါသည်။

ကုသခြင်း

အရိုးစနစ်တကျ ပြန်လည်ကျက်စေရန်အတွက် အရိုးကို လက်ဖြင့် ပြန်လည်တည့်မတ်ပေးရန် (Manual realignment) လို၊ မလိုမှာ သစ်စိမ်းကျိုးခြင်း၏ ပြင်းထန်မှုအပေါ် မူတည်ပါသည်။ ထိုသို့ အရိုး ပြန်တည့်ပေးရန် လိုအပ်ပါက ကလေးအား အကိုက်အခဲပျောက်ဆေး သို့မဟုတ် စိတ်ငြိမ် ဆေးများ ပေးပြီးမှ လုပ်ဆောင်ပါလိမ့်မည်။
သစ်စိမ်းကျိုးခြင်းများသည် နောင်တွင် အရိုးတစ်ခုလုံး ပြတ်ထွက်သွားနိုင်သည့် အန္တရာယ် မြင့်မားသောကြောင့် ကုသနေစဉ်အတွင်း အရိုးမလှုပ်ရှားနိုင်စေရန် ကျောက်ပတ်တီး (Cast) ဖြင့် ငြိမ်အောင် ထိန်းထားလေ့ရှိပါသည်။
အချို့သောအခြေအနေများတွင် (အထူးသဖြင့် အရိုးပြန်ကျက်လုနီးပါး ဖြစ်နေချိန်တွင်) ချွတ်၍ ရသော အရိုးထောက်ကိရိယာ (Splint) ကို အသုံးပြုခြင်းကလည်း ထိရောက်မှုရှိပါသည်။ ၎င်းကိရိယာ၏ အားသာချက်မှာ ကလေးအား ရေချိုးချိန်တွင် ခေတ္တချွတ်ထားခွင့် ပြုနိုင်ခြင်း ဖြစ်သည်။ ရက်သတ္တပတ်များ အနည်းငယ် ကြာသောအခါတွင် အရိုးတည့်မတည့်၊ စနစ်တကျ ပြန်ကျက်နေခြင်း ရှိ၊ မရှိနှင့် ကျောက်ပတ်တီးကို မည်သည့်အချိန်တွင် ချွတ်နိုင်မည်ကို သိရှိနိုင်ရန် ဓာတ်မှန်ပြန်ရိုက်ရန် လိုအပ်ပါသည်။ သစ်စိမ်းကျိုးခြင်း လုံးဝပျောက်ကင်းရန် ကြာမြင့်ချိန်မှာ ကလေး၏ အသက်အရွယ်နှင့် အရိုးကျိုးသည့် အမျိုးအစားပေါ် မူတည်၍ ကွဲပြားနိုင်သော်လည်း ယေဘုယျအားဖြင့် ၄ ပတ်မှ ၈ ပတ်ခန့် ကြာမြင့်တတ်ပါသည်။

Doctors who treat this condition