ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါ

Golfer’s elbow

အကျဉ်းချုပ်အကြောင်းအရာ

ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါ (Golfer’s elbow) ကို Medial epicondylitis သို့မဟုတ် Medial elbow tendinopathy ဟုလည်း ခေါ်ဆိုပြီး တံတောင်ဆစ် အတွင်းဘက်ရှိ အရိုးနှင့် လက်ဖျံကြွက်သားများကို ဆက်သွယ်ပေးထားသော အရွတ် မူမမှန် ပြောင်းလဲယိုယွင်းလာခြင်းကြောင့် ဖြစ်ပွားသည့် ဝေဒနာတစ်ခု ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ဒီအရွတ်ဟာ လက်ကောက်ဝတ်နှင့် လက်ချောင်းများကို ကွေးဆန့်လှုပ်ရှားနိုင်အောင် ထိန်းချုပ်ပေးထားတာ ဖြစ်ပါတယ်။

ဂေါက်သီးရိုက် အားကစားသမားများ သို့မဟုတ် တင်းနစ်ရိုက် အားကစားသမားများကဲ့သို့ ကစားသမားသုံး ပစ္စည်းများကို လက်ကောက်ဝတ်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်အသုံးပြုရသူများတွင် ဒီရောဂါ ဖြစ်ပွားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ဒီရောဂါဟာ တင်းနစ်ရိုက်သမား တံတောင်ဆစ်နာ ရောဂါ (Tennis elbow) နှင့် တူညီလုနီးပါး ဖြစ်နေရခြင်း ဖြစ်ပါတယ်။ ထူးခြားသည့် တစ်ခုတည်းသော ကွာခြားချက်မှာ တင်းနစ်ရိုက်သမား တံတောင်ဆစ်နာခြင်းသည် တံတောင်ဆစ်၏ အပြင်ဘက်တွင် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နာကျင်မှုသည် အချို့သော အခြေအနေများတွင် လက်ဖျံနှင့် လက်ကောက်ဝတ် အထိပါ ပျံ့နှံ့သွားနိုင်ပါတယ်။

ရောဂါလက္ခဏာများ

ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • တံတောင်ဆစ် အတွင်းဘက် နေရာတွင် နာကျင်ခြင်း၊ ကိုင်ကြည့်ပါက စူးရှစွာ နာကျင်ခြင်းတို့ ဖြစ်ပေါ်ပြီး လက်ဖျံ အတွင်းဘက်အထိပါ နာကျင်မှု ပျံ့နှံ့သွားနိုင်သည်။
  • လက်သီးဆုပ်လိုက်သည့်အခါ တံတောင်ဆစ်တွင် တောင့်တင်းမှုကို ခံစားရနိုင်သည်။
  • လက်နှင့် လက်ကောက်ဝတ် အားနည်းလာနိုင်သည်။
  • လက်သန်း သို့မဟုတ် လက်သူကြွယ် (သို့မဟုတ် နှစ်ချောင်းလုံး) တွင် ထုံကျင်ခြင်း သို့မဟုတ် စူးစူးရှရှကျင်ခြင်းစသည့် ခံစားချက် ဖြစ်ပေါ်နိုင်သည်။

ဆရာဝန်နှင့် မပျက်မကွက် ပြသသင့်သည့် အခြေအနေများ –

  • တံတောင်ဆစ် နာကျင်မှု စွဲမြဲစွာ ခံစားနေရခြင်း
  • တံတောင်ဆစ် ရောင်ရမ်းလာခြင်း
  • နေ့စဉ် ပုံမှန် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အကန့်အသတ် ဖြစ်လာခြင်း
  • တံတောင်ဆစ် ပုံစံ ပျက်ယွင်းသွားခြင်း
  • တံတောင်ဆစ် အရိုးကျိုးသွားသည်ဟု သံသယရှိခြင်း

အကြောင်းရင်းများ

မှားယွင်းသော လှုပ်ရှားမှုများဖြင့် လက်ကောက်ဝတ်နှင့် လက်ချောင်းများကို ထပ်ခါတလဲလဲ သို့မဟုတ် အလွန်အကျွံ အသုံးပြုခြင်းကြောင့် အရွတ်တွင် ဒဏ်ရာသေးလေးများ ဖြစ်ပေါ်ကာ ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါကို ဦးတည်စေပါသည်။

ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါကို ဖြစ်စေနိုင်သည့် အခြားသော လှုပ်ရှားမှုများ သို့မဟုတ် အလုပ်အကိုင်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • ပစ်ပေါက်ရသည့် အားကစားများ – ပစ်ပေါက်ခြင်း (ဥပမာ – မြားပစ်၊ ဘောလုံး သို့မဟုတ် လှံတံပစ်) သို့မဟုတ် ဘောလုံးပစ်ပေးခြင်း (ဥပမာ – ဘေ့စ်ဘော သို့မဟုတ် ဆော့ဖ်ဘော) စသည့် အားကစားများ ပြုလုပ်စဉ် မှားယွင်းသော နည်းစနစ် သို့မဟုတ် လှုပ်ရှားမှုများ ပြုလုပ်မိခြင်း။
  • အလေးမ လေ့ကျင့်ခန်းများ – လေးလံသော အလေးများကို မယူရာတွင် မှားယွင်းသော နည်းစနစ်များ အသုံးပြုမိခြင်း။
  • တံတောင်ဆစ်၊ လက်ဖျံနှင့် လက်ကောက်ဝတ် နေရာများကို ထပ်ခါတလဲလဲ အားစိုက်ရသည့် အလုပ်အကိုင်များ – ဥပမာ – စာရိုက်သည့်အခါ ကီးဘုတ်ကို ခပ်ပြင်းပြင်း ရိုက်လေ့ရှိသော ရုံးဝန်ထမ်းများ၊ လေးလံသော အစားအသောက် လင်ဗန်းများကို မယူရသော စားပွဲထိုးများ၊ လက်သမားများ၊ ပိုက်ပြင်ဆရာများ သို့မဟုတ် ဆောက်လုပ်ရေး လုပ်သားများ။

အသက် ၄၀ နှင့်အထက် ရှိသူများ၊ ဝလွန်သူများ၊ ဆေးလိပ်သောက်သူများနှင့် လက်မောင်းကို ထပ်ခါတလဲလဲ အသုံးပြု၍ အလုပ်လုပ်ရသူများသည် ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြသည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် သင့် ဆေးမှတ်တမ်းများကို အကဲဖြတ်စစ်ဆေးပြီး ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပါလိမ့်မည်။ ထိုသို့ ပြုလုပ်ရာတွင် တံတောင်ဆစ် အဆစ်ကို လှုပ်ရှားစေခြင်းနှင့် အဆစ်ပေါ်သို့ ဖိအားပေး စမ်းသပ်ခြင်းတို့ ပါဝင်ပြီး ယင်းသည် နာကျင်မှု သို့မဟုတ် တောင့်တင်းမှုကို ဖြစ်ပေါ်စေနိုင်သည်။

အဆစ်ရောင်ရောဂါ၊ အရိုးကျိုးခြင်း သို့မဟုတ် အာရုံကြော ညှပ်ခြင်းစသည့် အခြားသော မူမမှန်မှုများကို ရှာဖွေသိရှိနိုင်ရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ရန် တောင်းဆိုနိုင်ပါသည် –

  • ဓာတ်မှန်ရိုက်ခြင်း (X-ray)
  • အာထရာဆောင်း (Ultrasound) / ကွန်ပျူတာဓာတ်မှန် (CT scan) / သံလိုက်ဓာတ်မှန် (MRI)
  • ကြွက်သား အာရုံကြော လျှပ်စစ်ဓာတ် စစ်ဆေးခြင်း (Electromyography – EMG)
  • H2: ကုသခြင်းအနားယူခြင်း – အနည်းဆုံး ၆ ပတ်ခန့် အနာကျက်စေရန် ကူညီပေးပြီး တံတောင်ဆစ်ကို အလေးမခြင်းနှင့် အလွန်အကျွံ အသုံးပြုသည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်းမှ တားဆီးပေးသည်။
  • ရေခဲကပ်ခြင်း – ရောင်ရမ်းမှုကို ကာကွယ်ရန် သို့မဟုတ် လျှော့ချနိုင်ရန် နိုးကြားနေစဉ်အတွင်း ၂ နာရီလျှင် မိနစ် ၂၀ ကြာ ရေခဲကပ်ပေးပါ။
  • မြှောက်ထားခြင်း – လှဲလျောင်းနေသည့်အခါ သင့်တောင်တောင်ဆစ်အောက်တွင် ခေါင်းအုံးခံ၍ မြှောက်ထားပေးပါ။
  • ကြွက်သား ဆန့်ထုတ်ခြင်းနှင့် သန်မာစေခြင်း – နာကျင်မှု လျော့ပါးသွားပြီးနောက် ထိခိုက်ထားသည့် အရွတ်နှင့် ဆက်စပ်နေသော ကြွက်သားများကို ဆန့်ထုတ်ပေးသည့်နှင့် သန်မာစေသည့် သီးသန့် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းသည် အနာကျက်သည့် ဖြစ်စဉ်ကို အထောက်အကူပြုပါလိမ့်မည်။
  • တံတောင်ဆစ် ထိန်းပတ် (Golfer’s elbow brace) အသုံးပြုခြင်း – အရွတ်နှင့် ကြွက်သားများပေါ်ရှိ ဖိအားကို လျှော့ချရန် ဖိအားလျော့ ထိန်းပတ် (Counterforce brace) ကို အသုံးပြုရန် ဆရာဝန်မှ အကြံပြုနိုင်သည်။
  • ဆိုင်ဝယ် အကိုက်အခဲပျောက်ဆေးများ – Ibuprofen၊ Naproxen sodium သို့မဟုတ် Acetaminophen ကဲ့သို့ ဆေးဝါးများကို သောက်သုံးနိုင်သည်။
  • သွေးဥမွှား ကြွယ်ဝသော ပလာစမာ ထိုးနှံခြင်း (Platelet-Rich Plasma – PRP) – ဒီနည်းလမ်းသည် သင့်ထံမှ သွေးအနည်းငယ်ကို ရယူပြီး ထိုသွေးထဲမှ သွေးဥမွှားများနှင့် ရောင်ရမ်းမှု ဆန့်ကျင်သည့် အချက်အလက်များကို ထိခိုက်ထားသည့် နေရာသို့ ပြန်လည် ထိုးနှံပေးခြင်း ဖြစ်သည်။
  • ပြင်ပမှ စွမ်းအင်လှိုင်းသုံး ကုသခြင်း (Extracorporeal shockwave therapy – ESWT) နှင့် လေဆာ ကုထုံး (Laser therapy)
  • ခွဲစိတ်ကုသခြင်း – ခွဲစိတ်ခြင်းမဟုတ်သော ကုသမှုများဖြင့် လှုပ်ရှားနိုင်စွမ်း တိုးတက်မလာခြင်းနှင့် နာကျင်မှု လျော့ပါးမသွားခြင်းများ ဖြစ်ပေါ်မှသာ ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါအတွက် ခွဲစိတ်ရန် ညွှန်းဆိုလေ့ ရှိသည်။ ပျက်စီးနေသော တစ်ရှူးများကို ဖယ်ရှားပြီး အရွတ်ကို ပြန်လည် ပြင်ဆင်ရန် ဆရာဝန်မှ ခွဲစိတ်ကုသမှုကို အကြံပြုနိုင်သည်။ ခွဲစိတ်မှုအပြီးတွင် ပြန်လည်ကောင်းမွန်လာစေရန် ပြန်လည်သန်စွမ်းရေးကုထုံး (Physical therapy) ခံယူရမည် ဖြစ်သည်။

အကယ်၍ ဂေါက်သီးရိုက်သမား တံတောင်ဆစ်နာ ရောဂါကို မကုသဘဲ ထားရှိပါက ရေရှည် တံတောင်ဆစ် နာကျင်ခြင်းနှင့် အရာဝတ္ထုများကို ဆုပ်ကိုင်သည့် အားအင် အမြဲတမ်း လျော့နည်းသွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ သင့် နာကျင်မှု ဝေဒနာ သက်သာသွားပါက ပုံမှန် လှုပ်ရှားမှုများကို ပြန်လည် စတင်ဆောင်ရွက်နိုင်ပါပြီ။

Doctors who treat this condition