သွေးလွှတ်ကြောများ ရောင်ရမ်းသော ရောဂါ

ခြုံငုံသုံးသပ်ချက်

Giant cell arteritis ကို Temporal arteritis (သို့မဟုတ်) Horton’s arteritis ဟုလည်း ခေါ်ဆိုကြပြီး ၎င်းသည် သွေးလွှတ်ကြောများ ရောင်ရမ်းသော ရောဂါတစ်ခု ဖြစ်သည်။ နားထင်ဘေးရှိ သွေးလွှတ်ကြောများ (Temporal arteries) တွင် အဖြစ်အများဆုံးဖြစ်သည်။ ဤသွေးကြောရောင်ရမ်းမှုသည် နားထင်သွေးကြောများသာမက အမြင်အာရုံကို ထိခိုက်စေနိုင်သည့် မျက်လုံးနောက်ဘက်ရှိ သွေးလွှတ်ကြောများ (Posterior ciliary arteries) အထိပါ ပျံ့နှံ့သွားနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်၏ အကြီးဆုံးသွေးလွှတ်ကြောကြီး (Aorta) နှင့် ၎င်း၏ ခွဲထွက်နေသော သွေးကြောခက်များကိုပါ ထိခိုက်စေနိုင်ပြီး ပြင်းထန်သော ကျန်းမာရေး နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။

ဤရောဂါသည် အများအားဖြင့် ခေါင်းကိုက်ခြင်း၊ ဦးရေပြား နာကျင်ခြင်း၊ မေးရိုးနာခြင်းနှင့် အမြင်အာရုံ ပြဿနာများကို ဖြစ်စေသည်။ အချိန်မီ ရောဂါရှာဖွေကုသမှု မခံယူပါက မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ရုတ်တရက် အမြင်ကွယ်ခြင်း၊ သွေးကြောဖောင်းခြင်း (Aneurysm)၊ လေဖြတ်ခြင်း သို့မဟုတ် ခဏတာ လေဖြတ်သကဲ့သို့ ဖြစ်ခြင်း (TIA) တို့ကို ဖြစ်ပေါ်စေနိုင်သည်။
Corticosteroid ဆေးဝါးများဖြင့် ချက်ချင်းကုသခြင်းသည် ရောဂါလက္ခဏာများကို သက်သာစေပြီး အမြင်အာရုံ ထိခိုက်မှုကို ကာကွယ်ပေးနိုင်သည်။ ဆေးကုသမှု ခံယူပြီး ရက်အနည်းငယ်အတွင်း လူနာသည် နေထိုင်ကောင်းလာမည် ဖြစ်သော်လည်း ကုသမှု ခံယူပြီးနောက်တွင်လည်း ရောဂါပြန်ဖြစ်တတ်ခြင်းမှာ သဘာဝပင် ဖြစ်သည်။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန် ဆရာဝန်နှင့် ပုံမှန်ပြသရန် လိုအပ်ပါသည်။

ရောဂါလက္ခဏာများ

အဓိက လက္ခဏာမှာ နားထင်နှစ်ဖက်လုံးတွင် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်သည်။ ၎င်းခေါင်းကိုက်ခြင်းမှာ တဖြည်းဖြည်း ပိုဆိုးလာခြင်း၊ ခဏတာ သက်သာသွားခြင်း သို့မဟုတ် တစ်လှည့်စီ ဖြစ်ပေါ်ခြင်းမျိုး ရှိနိုင်သည်။
အခြားသော လက္ခဏာများမှာ –

  • ဦးရေပြား သို့မဟုတ် နားထင်ကို ကိုင်ကြည့်လျှင် နာကျင်ခြင်း။
  • ပါးစပ်ဟလျှင် သို့မဟုတ် အစာဝါးလျှင် မေးရိုးနာကျင်ခြင်း။
  • ဖျားခြင်း။
  • နုံးခွေခြင်း။
  • အစာစားချင်စိတ် မရှိခြင်း။
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း။
  • အမြင်အာရုံ ဝေဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း သို့မဟုတ် ခဏတာ အမြင်ကွယ်ခြင်း။ (ကုသမှု မခံယူပါက အပြီးတိုင် အမြင်ကွယ်သွားနိုင်သည်။)

Polymyalgia rheumatica ဟုခေါ်သော ဆက်စပ်ရောဂါတစ်ခုကြောင့် လည်ပင်း၊ ပုခုံး သို့မဟုတ် တင်ပါးများတွင် နာကျင်ခြင်းနှင့် တောင့်တင်းခြင်းများ ဖြစ်ပေါ်တတ်သည်။ Giant cell arteritis ရှိသူ ၅၀ ရာခိုင်နှုန်းခန့်တွင် ဤရောဂါကို တွဲဖက်တွေ့ရတတ်သည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

သွေးလွှတ်ကြောများ အဘယ်ကြောင့် ရောင်ရမ်းရသည်ကို အတိအကျ မသိရသေးသော်လည်း ခန္ဓာကိုယ်၏ ခုခံအားစနစ်က မိမိ၏ သွေးကြောနံရံများကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့်ဟု ယူဆကြသည်။ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကလည်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။
သွေးကြောများ ရောင်ရမ်းလာသောအခါ သွေးကြောနံရံများ ဖောင်းကြွလာပြီး သွေးစီးဆင်းရာ လမ်းကြောင်း ကျဉ်းသွားခြင်းကြောင့် ခန္ဓာကိုယ် တစ်ရှူးများဆီသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ လုံလောက်စွာ မရောက်ရှိတော့ပေ။ ဤသို့ ရောင်ရမ်းခြင်းသည် နားထင်ရှိ သွေးလွှတ်ကြောများတွင် အဖြစ်အများဆုံး ဖြစ်သည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ

  • အသက်အရွယ်: အသက် ၅၀ အောက်များတွင် ဖြစ်ခဲသည်။ အများအားဖြင့် အသက် ၇၀ နှင့် ၈၀ ကြားတွင် လက္ခဏာများ စတင်ပြလေ့ရှိသည်။
  • လိင်: အမျိုးသားများထက် အမျိုးသမီးများတွင် ဖြစ်နိုင်ခြေ ၂ ဆ ပိုများသည်။
  • မျိုးရိုး: မိသားစုအတွင်း ဤရောဂါရာဇဝင် ရှိခြင်း။
  • လူမျိုး: စကင်ဒီနေးဗီးယန်း သို့မဟုတ် ဥရောပမြောက်ပိုင်း မျိုးနွယ်စုဝင် လူဖြူများတွင် အဖြစ်အများဆုံး ဖြစ်သည်။ (ကမ္ဘာတစ်ဝှမ်း အချက်အလက်များအရ လူဖြူ ၁၀၀,၀၀၀ လျှင် ၁၅ ဦးမှ ၂၅ ဦးခန့်တွင် တွေ့ရတတ်ပြီး အခြားလူမျိုးစုများတွင်မူ ဖြစ်ပွားမှု သိသိသာသာ နည်းပါးသည်။)
  • အခြားကျန်းမာရေး အခြေအနေ: Polymyalgia rheumatica ရောဂါရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်သည်။

ရောဂါရှာဖွေခြင်း

Giant cell arteritis ၏ ကနဦးလက္ခဏာများသည် အခြားသော အဖြစ်များသည့် ရောဂါဝေဒနာများနှင့် ဆင်တူနေတတ်သဖြင့် တိကျသောရောဂါရှာဖွေမှုရရှိရန် စိန်ခေါ်မှုရှိနိုင်ပါသည်။ အခြားသော ဖြစ်နိုင်ခြေရှိသည့် အကြောင်းအရင်းများကို ဖယ်ထုတ်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အောက်ပါလုပ်ဆောင်ချက်များကို လုပ်ဆောင်ပါလိမ့်မည် –
ကိုယ်ကာယ စစ်ဆေးခြင်း (Physical examination): နားထင်သွေးလွှတ်ကြောများ (Temporal arteries) ကို အထူးအလေးပေး၍ တစ်ကိုယ်လုံးရှိ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စစ်ဆေးပါလိမ့်မည်။ အဆိုပါသွေးကြောတစ်ခု သို့မဟုတ် နှစ်ခုလုံးသည် ထိတွေ့လျှင် နာကျင်ခြင်း၊ သွေးခုန်နှုန်း အားနည်းခြင်း သို့မဟုတ် ကြိုးတစ်ချောင်းကဲ့သို့ တောင့်တင်းနေခြင်းမျိုး ဖြစ်နေတတ်ပါသည်။
သွေးစစ်ခြင်း (Blood test): ရောဂါရှာဖွေရန်နှင့် ကုသမှုရလဒ်များကို စောင့်ကြည့်ရန် အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါသည် –

  • Erythrocyte sedimentation rate (ESR): သွေးပြွန်အတွင်း သွေးနီဥများ မည်မျှမြန်မြန် အနည်ထိုင်သနည်းဆိုသည်ကို တိုင်းတာခြင်းဖြစ်သည်။ သွေးနီဥများ အနည်ထိုင်နှုန်း မြန်ခြင်းသည် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုရှိနေခြင်း၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ထို့အပြင် သွေးအားနည်းရောဂါ ရှိမရှိ စစ်ဆေးရန် သွေးနီဥများထဲရှိ အောက်ဆီဂျင် သယ်ဆောင်ပေးသော ဟေမိုဂလိုဘင် (Hemoglobin) ပမာဏကိုလည်း တိုင်းတာပါလိမ့်မည်။
  • C-reactive protein (CRP): ရောင်ရမ်းမှုရှိသည့်အခါ အသည်းမှ ထုတ်လုပ်ပေးသော ဓာတ်ပစ္စည်းကို တိုင်းတာခြင်း ဖြစ်သည်။

ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging tests): ရောဂါကို ရှာဖွေဖော်ထုတ်ရန်နှင့် ကုသမှုထိရောက်မှုကို စောင့်ကြည့်ရန် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည် –

  • Doppler ultrasound: အသံလှိုင်းများကို အသုံးပြု၍ သွေးကြောများအတွင်း သွေးစီးဆင်းပုံ ပုံရိပ်များကို ဖော်ထုတ်ခြင်းဖြစ်သည်။
  • Magnetic resonance angiography (MRA): MRI စက်နှင့် ဆေးရည် (Contrast agent) တစ်မျိုးကို တွဲဖက်အသုံးပြု၍ သွေးကြောပုံရိပ်များကို အသေးစိတ် ရယူခြင်းဖြစ်သည်။
  • Positron emission tomography (PET): သွေးလွှတ်ကြောမကြီး (Aorta) ကဲ့သို့သော အရေးကြီးသွေးကြောကြီးများတွင် ရောင်ရမ်းမှုရှိနေသည်ဟု သံသယရှိပါက ဆရာဝန်က ဤစစ်ဆေးမှုကို အကြံပြုနိုင်ပါသည်။ ဤစစ်ဆေးမှုသည် သွေးကြောကြီးများအတွင်း ရောင်ရမ်းနေသော နေရာများကို အသေးစိတ် မြင်တွေ့နိုင်ရန် ကူညီပေးပါသည်။

အသားစယူ စစ်ဆေးခြင်း

နားထင်သွေးလွှတ်ကြောမှ အသားစယူစစ်ဆေးခြင်းသည် Giant cell arteritis ရောဂါရှာဖွေရန် စိတ်ချရဆုံးသော နည်းလမ်းဖြစ်သည်။ နားရှေ့ရှိ အရေပြားအနီးမှ သွေးကြောအစိတ်အပိုင်း အနည်းငယ်ကို ထုံဆေးအသုံးပြု၍ ဖြတ်ယူစစ်ဆေးခြင်း ဖြစ်သည်။ ဓာတ်ခွဲခန်းတွင် အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုသောအခါ ရောင်ရမ်းနေသော ဆဲလ်ကြီးများ (Giant cells) ကို တွေ့ရှိရတတ်ပါသည်။

ကုသခြင်း

အဓိက ကုသမှုမှာ Prednisone ကဲ့သို့သော Corticosteroid ဆေးဝါးများကို ပမာဏများများ ပေး၍ ကုသခြင်းဖြစ်သည်။ အမြင်အာရုံ ဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် အသားစစစ်ဆေးချက် အဖြေမထွက်မီကပင် ဆရာဝန်က ဆေးကို ကြိုတင်ညွှန်ကြားနိုင်ပါသည်။ အချိန်မီ ကုသမှုရရှိရန်မှာ အလွန်အရေးကြီးပါသည်။

ဆေးစသောက်ပြီး ရက်အနည်းငယ်အတွင်း လူနာသည် နေထိုင်ကောင်းလာမည် ဖြစ်သော်လည်း ဆေးမသောက်မီကပင် အမြင်အာရုံ ဆုံးရှုံးသွားခဲ့ပါက အမြင်အာရုံ ပြန်လည်ကောင်းမွန်လာရန် ခဲယဉ်းနိုင်ပါသည်။ ရောဂါမရှိသော ကျန်မျက်စိတစ်ဖက်ကမူ အမြင်အာရုံ ပြောင်းလဲမှုများကို အနည်းငယ် အစားထိုး ကူညီပေးနိုင်ပါသည်။

လူနာသည် ဆေးကို ၁ နှစ်မှ ၂ နှစ် သို့မဟုတ် ထို့ထက်ပို၍ သောက်သုံးရန် လိုအပ်နိုင်ပါသည်။ ပထမလ ကုသမှုပြီးနောက်တွင် ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်သည့် အနိမ့်ဆုံးပမာဏအထိ ဆေးပမာဏကိုဆရာဝန်က တဖြည်းဖြည်း လျှော့ချသွားပါလိမ့်မည်။

ဆေးပမာဏ လျှော့ချသည့် အဆင့်တွင် ခေါင်းကိုက်ခြင်းကဲ့သို့သော လက္ခဏာများ ပြန်လည် ပေါ်ပေါက်လာနိုင်ပါသည်။ ထိုအချိန်တွင် Polymyalgia rheumatica (ကြွက်သားနာကျင်တောင့်တင်းခြင်း) လက္ခဏာများကိုလည်း ခံစားရတတ်ပါသည်။ ထိုအခါ ဆေးပမာဏ အနည်းငယ် ပြန်တိုးခြင်းဖြင့် ထိန်းချုပ်နိုင်ပါသည်။ အချို့သော အခြေအနေများတွင် ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသည့် Methotrexate ဆေးကိုလည်း တွဲဖက် အသုံးပြုနိုင်ပါသည်။

Corticosteroids ဆေးများသည် အရိုးပွခြင်း၊ သွေးတိုးခြင်းနှင့် ကြွက်သားအားနည်းခြင်း ကဲ့သို့သော ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဆရာဝန်က အရိုးသိပ်သည်းဆကို စစ်ဆေးခြင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီ အားဆေးများ သောက်ရန် အကြံပြုခြင်း သို့မဟုတ် အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးသည့် အခြားဆေးများကို ညွှန်ကြားခြင်းများ ပြုလုပ်နိုင်ပါသည်။

Doctors who treat this condition