အစာခြေလမ်းကြောင်း အသားမျှင်အကျိတ်
ခြုံငုံသုံးသပ်ချက်
အစာခြေလမ်းကြောင်း အသားမျှင်အကျိတ် (GIST) ဆိုသည်မှာ အစာခြေလမ်းကြောင်း (GI tract) အတွင်း၌ အကျိတ်ဖြစ်ပေါ်တတ်သော ရှားပါးရောဂါတစ်မျိုး ဖြစ်သည်။ ၎င်းသည် အစာခြေလမ်းကြောင်း၏ နံရံရှိ အစာများကို ရွှေ့လျားပေးသော အထူးအာရုံကြောဆဲလ်များ (Special nerve cells) ပုံမှန်မဟုတ်ဘဲ ဖွံ့ဖြိုးလာပြီး ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားသောအခါတွင် ဖြစ်ပွားတတ်သည်။
GIST အကျိတ်သည် အစာခြေလမ်းကြောင်းအတွင်း သို့မဟုတ် အနီးအနားရှိ မည်သည့်နေရာတွင်မဆို စတင်နိုင်သော်လည်း အများအားဖြင့် အူသိမ်တွင် စတင်လေ့ရှိပြီး ထက်ဝက်ကျော်မှာ အစာအိမ်တွင် စတင်ဖြစ်ပေါ်တတ်သည်။
ဤအကျိတ်များသည် သေးငယ်ပြီး အန္တရာယ်မရှိသော အဆင့်မှသည် ကြီးမားပြီး ကင်ဆာအဆင့်အထိ အမျိုးမျိုး ရှိနိုင်ပါသည်။ အချို့သူများတွင် မည်သည့်လက္ခဏာမျှ မပြသော်လည်း အချို့သူများတွင် နေထိုင်မကောင်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် သွေးထွက်ခြင်းတို့ကို ခံစားရနိုင်ပါသည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် အကျိတ်၏ အရွယ်အစားနှင့် ဝမ်းဗိုက် (သို့မဟုတ်) ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် တည်ရှိနေသော နေရာပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ တစ်ခါတစ်ရံ သေးငယ်သော GIST အကျိတ်များကို သတိမထားမိဘဲ အခြားရောဂါတစ်ခုအတွက် စစ်ဆေးမှုပြုလုပ်မှသာ တိုက်ဆိုင်စွာ တွေ့ရှိတတ်သည်။ အကယ်၍ ရောဂါဖြစ်ပွားပါက အောက်ပါလက္ခဏာများ ပြသနိုင်သည် –
- ပြင်းထန်စွာ ဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်မအီမသာဖြစ်ခြင်း။
- ဝမ်းအတွင်း သွေးပါခြင်း သို့မဟုတ် သွေးအန်ခြင်း။
- ဝမ်းဗိုက်အတွင်း ပုံမှန်မဟုတ်သော အလုံးအကျိတ် စမ်းမိခြင်း။
- အစာစားပြီးနောက် ပိုမိုဆိုးရွားလာသော ဗိုက်အောင့်ဝေဒနာ။
- နုံးခွေခြင်း။
- ပျို့အန်ခြင်း။
- အစာစားချင်စိတ် မရှိခြင်း။
- အနည်းငယ်မျှ စားရုံဖြင့် ဗိုက်ပြည့်သွားသလို ခံစားရခြင်း။
- ကိုယ်အလေးချိန် ကျဆင်းခြင်း။
- အစာမျိုရ ခက်ခဲခြင်း။
GIST သည် ရှားပါးသော အခြေအနေဖြစ်ပြီး မည်သူမဆို ဖြစ်နိုင်သော်လည်း အသက် ၄၀ အောက် လူငယ်များတွင် ဖြစ်ခဲပါသည်။ အကျိတ်အများစု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို တိကျစွာ မသိရသေးပါ။ အလွန်ရှားပါးသော အခြေအနေများတွင်မူ မျိုးရိုးလိုက်တတ်ပြီး မိသားစုဝင် အများအပြားတွင် တွေ့ရှိရတတ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်း
အစာခြေလမ်းကြောင်း နံရံရှိ ဆဲလ်များ မျိုးဗီဇပြောင်းလဲမှု (Mutation) ဖြစ်ပေါ်ကာ ထိန်းချုပ်မရဘဲ ပွားများလာခြင်းကြောင့် GIST ဟုခေါ်သော ဆဲလ်အစုအဝေး အကျိတ်တစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအကျိတ်သည် ပုံမှန်ဆဲလ်များကို ကျူးကျော်ဖျက်ဆီးတတ်သည်။ GIST အကျိတ်အများစုတွင် KIT ဟုခေါ်သော မျိုးဗီဇပြောင်းလဲမှုကို တွေ့ရပြီး ၎င်းက ဆဲလ်များကို ပုံမှန်မဟုတ်ဘဲ ပွားများစေကာ အကျိတ်ကို ကြီးထွားစေခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ
GIST ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အချက်အချို့မှာ –
- အသက်အရွယ်: အသက် ၅၀ နှင့် အထက်ရှိသူများသည် အသက် ၄၀ အောက် လူငယ်များထက် ဖြစ်နိုင်ခြေ ပိုများသည်။
- မိသားစုလိုက်ဖြစ်သော GIST ရောဂါစု (Familial GIST syndrome): မိဘများထံမှ မျိုးဗီဇပြောင်းလဲမှု (အထူးသဖြင့် KIT မျိုးဗီဇ ချို့ယွင်းချက်) ကို အမွေဆက်ခံရသူများတွင် ဤရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။
- Neurofibromatosis type 1: အရေပြား၊ ဦးနှောက်၊ မျက်လုံးနှင့် အခြားအစိတ်အပိုင်းများရှိ အာရုံကြောဆဲလ်များကို ထိခိုက်စေသော မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။
Carney-Stratakis syndrome: ဤရှားပါးသော မျိုးရိုးဗီဇအခြေအနေရှိသူများသည် GIST နှင့် အခြားသော အာရုံကြောအကျိတ်များ ဖြစ်နိုင်ခြေ ပိုများသည်။
အကယ်၍ မိသားစုအတွင်း အထက်ပါ ရောဂါရာဇဝင်များ ရှိပါက ဆေးဘက်ဆိုင်ရာ အကြံဉာဏ် ရယူသင့်ပါသည်။ GIST သည် မျိုးရိုးလိုက်နိုင်သော်လည်း ရောဂါဖြစ်ပွားမှု အများစုမှာမူ မျိုးရိုးကြောင့်မဟုတ်ဘဲ ဆဲလ်များ အလိုအလျောက် ပြောင်းလဲမှုကြောင့်သာ ဖြစ်ပွားခြင်း ဖြစ်ပါသည်။
ရောဂါရှာဖွေခြင်း
GIST ရောဂါရှာဖွေမှုကို ပုံမှန်အားဖြင့် ကိုယ်ကာယစစ်ဆေးခြင်းနှင့် ရောဂါရာဇဝင်များကို ဆန်းစစ်ခြင်းဖြင့် စတင်ပါသည်။ အကယ်၍ GIST ဖြစ်နိုင်သည်ဟု သံသယရှိပါက အောက်ပါစစ်ဆေးမှုများ လိုအပ်နိုင်ပါသည်
- ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging tests): အာထရာဆောင်း (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် PET Scan တို့ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်း အကျိတ်ရှိ၊ မရှိ၊ ပြန့်နှံ့မှု အခြေအနေနှင့် ကုသမှုထိရောက်မှုတို့ကို စစ်ဆေးခြင်း ဖြစ်သည်။
- အစာခြေလမ်းကြောင်း အထက်ပိုင်း မှန်ပြောင်းကြည့်ခြင်း (Upper endoscopy): EGD ဟုလည်း ခေါ်ဆိုပြီး ပါးစပ်မှတစ်ဆင့် ပြွန်ချောင်းလေးထည့်ကာ အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်အစပိုင်းရှိ ပုံမှန်မဟုတ်သော လက္ခဏာများကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။
- မှန်ပြောင်းအာထရာဆောင်း (Endoscopic ultrasound – EUS): အစာအိမ်အတွင်းပိုင်းရှိ အကျိတ်၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို အသံလှိုင်းများ အသုံးပြု၍ အသေးစိတ် တိုင်းတာခြင်း ဖြစ်သည်။
- အပ်ဖြင့် တစ်ရှူးစယူခြင်း (Fine-needle aspiration biopsy): EUS-FNA ဟုလည်း ခေါ်ပြီး အပ်အပေါက်ပါသော အပ်ဖြင့် အကျိတ်အတွင်းမှ ဆဲလ်အနည်းငယ်ကို ဓာတ်ခွဲစစ်ဆေးရန် ယူခြင်းဖြစ်သည်။ တစ်ခါတစ်ရံ အပ်ဖြင့် လုံလောက်သော ဆဲလ်ပမာဏကို မရရှိပါက ခွဲစိတ်၍ အသားစယူရန် လိုအပ်နိုင်ပါသည်။
- အသားစကို ဓာတ်ခွဲစစ်ဆေးခြင်း: ရရှိလာသော အသားစကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်းဖြစ်ပြီး၊ ကင်ဆာဟု သံသယရှိပါက ခုခံအားစနစ်ဆိုင်ရာ စစ်ဆေးမှု (Immunohistochemistry) နှင့် မျိုးဗီဇဆိုင်ရာ စစ်ဆေးမှု (Molecular genetic testing) တို့ကို ပြုလုပ်ကာ ကုသမှုအစီအစဉ် ရေးဆွဲပါလိမ့်မည်။
ကုသခြင်း
GIST ကို ကုသရာတွင် အကျိတ်၏ အရွယ်အစား၊ တည်နေရာ၊ စစ်ဆေးမှုရလဒ်နှင့် လူနာ၏ ကျန်းမာရေးအခြေအနေအပေါ် မူတည်၍ ဆုံးဖြတ်သည်။ အဓိက ကုသမှုများမှာ ပစ်မှတ်ထား ကုသသည့်နည်းလမ်း (Targeted drug therapy) နှင့် ခွဲစိတ်ကုသခြင်း တို့ ဖြစ်ကြသည်။
အချို့သောအခြေအနေများတွင် “စောင့်ကြည့်ခြင်း” (Watchful waiting) ကို ပြုလုပ်နိုင်ပါသည်။ အကျိတ်သည် အလွန်သေးငယ်ပြီး လျင်မြန်စွာ ကြီးထွားခြင်းမရှိပါက တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပုံမှန်စစ်ဆေးမှု ပြုလုပ်ပြီး လက္ခဏာအသစ်များ ပေါ်ပေါက်လာမှသာ ကုသမှုပေးခြင်း ဖြစ်သည်။
ခွဲစိတ်ကုသခြင်း
အခြားနေရာသို့ ပြန့်နှံ့ခြင်းမရှိသေးသော အကျိတ်များအတွက် ခွဲစိတ်ကုသမှုကို အကြံပြုလေ့ရှိသည်။
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic surgery): သေးငယ်သော အကျိတ်များအတွက် ဗိုက်ကို အနည်းငယ်သာ ခွဲစိပ်၍ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် နာကျင်မှုနည်းပြီး ပြန်လည်ကျန်းမာလာမှု မြန်ဆန်စေပါသည်။
- အကျိတ်ကြီးမားပါက: အကျိတ်သည် အလွန်ကြီးမားနေလျှင် သို့မဟုတ် အနီးနားရှိ အင်္ဂါများကို ထိခိုက်နေလျှင် ခွဲစိတ်ရလွယ်ကူစေရန် အကျိတ်ကို ဦးစွာသေးငယ်သွားစေသည့် ဆေးဝါးများ (Neoadjuvant therapy) ပေးပြီးမှသာ ခွဲစိတ်မှုကို ပြုလုပ်လေ့ရှိသည်။
ပစ်မှတ်ထား ကုသသည့်နည်းလမ်း
ဤနည်းလမ်းသည် GIST ဆဲလ်များ ပွားများမှုကို အားပေးသော Tyrosine kinase အင်ဇိုင်းကို ပိတ်ဆို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းသည် ပုံမှန်ဆဲလ်များကို ထိခိုက်မှုနည်းစေပြီး ကင်ဆာဆဲလ်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်သည်။
- Imatinib (အီမာတီနစ်): သောက်ဆေးတစ်မျိုးဖြစ်ပြီး ပထမဦးစားပေးအနေဖြင့် အသုံးပြုသည်။ ၎င်းကို ခွဲစိတ်ပြီးနောက် ရောဂါပြန်မဖြစ်အောင် ကာကွယ်ရန်၊ ခွဲစိတ်ရလွယ်အောင် အကျိတ်ကို သေးငယ်စေရန်နှင့် ပြန့်နှံ့နေသော GIST များကို ကုသရန် အသုံးပြုသည်။
- အခြားဆေးဝါးများ: အကယ်၍ Imatinib နှင့် မသက်သာပါက Sunitinib, Regorafenib နှင့် Ripretinib ကဲ့သို့သော အခြားပစ်မှတ်ထားဆေးဝါးများကို အသုံးပြုနိုင်ပါသည်။
F2: GIST သည် ကုသမှုခံယူပြီးနောက် ပြန်လည်ဖြစ်ပွားနိုင်ခြေ ရှိသောကြောင့် ဆရာဝန်နှင့် ပုံမှန်နောက်ဆက်တွဲ ပြသရန်နှင့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန် အလွန်အရေးကြီးပါသည်။
