အစာခြေလမ်းကြောင်း (GI) သွေးထွက်ခြင်း
ခြုံငုံသုံးသပ်ချက်
အစာခြေလမ်းကြောင်း (GI) သွေးထွက်ခြင်းသည် သင်၏ အစာခြေစနစ်အတွင်း ပြဿနာတစ်စုံတစ်ရာ ရှိနေချိန်တွင် ဖြစ်ပွားတတ်ပါသည်။ အစာခြေလမ်းကြောင်း သွေးထွက်ခြင်း၏ လက္ခဏာများသည် သွေးထွက်သည့်နေရာနှင့် ပြင်းထန်မှုအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ သွေးသည် အစာဟောင်းအိမ် (Rectum) သို့မဟုတ် အူမကြီးအောက်ပိုင်းမှ လာပါက ဝမ်းနှင့်အတူ ရောပါလာခြင်း သို့မဟုတ် ဝမ်းအပြင်ဘက်တွင် ကပ်ပါလာခြင်းတို့ကြောင့် တောက်ပြောင်သော အနီရောင်ကို တွေ့ရတတ်ပါသည်။ သွေးထွက်ရသည့် အကြောင်းရင်းမှာ အမြဲတမ်း စိုးရိမ်ရသည့် အခြေအနေမဟုတ်သော်လည်း မည်သည့်နေရာမှ ထွက်သည်ကို သိရှိရန်မှာ အလွန်အရေးကြီးပါသည်။ အစာခြေလမ်းကြောင်းတွင် အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်နှင့် စအိုတို့ ပါဝင်ပါသည်။ သွေးထွက်သည့် ပမာဏမှာ အနည်းငယ်မှသည် အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ပြင်းထန်နိုင်ပါသည်။
လိုအပ်ပါက အဆင့်မြင့် ပုံရိပ်ဖော်နည်းပညာ (Imaging technology) ကို အသုံးပြု၍ သွေးထွက်ရသည့် အကြောင်းရင်းကို တိကျစွာ ရှာဖွေနိုင်ပါသည်။ ကုသမှုပုံစံကို သွေးထွက်သည့် နေရာပေါ်မူတည်၍ ဆုံးဖြတ်မည် ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
အစာခြေလမ်းကြောင်း သွေးထွက်ခြင်းသည် သိသာထင်ရှားစွာ (Overt) ပြသနိုင်သကဲ့သို့ မသိမသာ ခိုအောင်းနေခြင်း (Occult) မျိုးလည်း ဖြစ်နိုင်ပါသည်။ လက္ခဏာများသည် ပါးစပ်မှ စအိုအထိ သွေးထွက်သည့်နေရာနှင့် ပြင်းထန်မှုအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
သိသာထင်ရှားသော သွေးထွက်ခြင်း
- သွေးအန်ခြင်း: အနီရောင် သို့မဟုတ် ကော်ဖီမှုန့်ကဲ့သို့ ညိုမည်းသော အရောင်ဖြစ်နိုင်သည်။
- မည်းနက်၍ ကတ္တရာစေးကဲ့သို့ ဝမ်းသွားခြင်း: ဝမ်းသည် မည်းနက်ပြီး စေးကပ်နေတတ်သည်။
- စအိုမှ သွေးထွက်ခြင်း: ဝမ်းအတွင်း သို့မဟုတ် ဝမ်းနှင့်အတူ သွေးပါခြင်း။
မသိမသာ ခိုအောင်းနေသော သွေးထွက်ခြင်း
- ခေါင်းထဲပေါ့ပါးနေခြင်း သို့မဟုတ် မူးဝေခြင်း။
- အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အသက်ပြင်းပြင်း ရှူရန်ခက်ခြင်း။
- မူးလဲခြင်း (သတိလစ်ခြင်း)။
- ရင်ဘတ်အောင့်ခြင်း။
- ဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်မအီမသာဖြစ်ခြင်း။
သွေးထွက်ခြင်းသည် ရုတ်တရက်နှင့် အလွန်မြန်ဆန်ပါက ရှော့ခ် (Shock) ဖြစ်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။ အကယ်၍ ရှော့ခ်ဖြစ်သည့် လက္ခဏာများ ခံစားရပါက အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ဆိုသင့်ပါသည်။ ရှော့ခ်ဖြစ်ခြင်း၏ လက္ခဏာများမှာ –
- သွေးဖိအား ကျဆင်းခြင်း။
- ဆီးသွားနည်းခြင်း သို့မဟုတ် လုံးဝမသွားခြင်း။
- နှလုံးခုန် မြန်ခြင်း။
- သတိလစ်ခြင်း။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
အစာခြေလမ်းကြောင်း အထက်ပိုင်း သွေးထွက်ရခြင်း အကြောင်းရင်းများ:
- အစာအိမ်နှင့် အူလမ်းကြောင်းအနာ (Peptic ulcers): အစာခြေလမ်းကြောင်း အထက်ပိုင်း သွေးထွက်ရခြင်း၏ အဓိကလက်သည်ဖြစ်ပြီး အစာအိမ်နှင့် အူသိမ်အထက်ပိုင်း နံရံများတွင် ဖြစ်ပေါ်သောအနာများ ဖြစ်သည်။ ၎င်းသည် ဘက်တီးရီးယား သို့မဟုတ် အကိုက်အခဲပျောက်ဆေးများကြောင့် ဖြစ်ပေါ်တတ်ပါသည်။
- Mallory-Weiss tears: အစာရေမျိုပြွန် နံရံတွင် ပြဲသွားခြင်း ဖြစ်သည်။ အရက်အလွန်အကျွံ သောက်သူများတွင် အဖြစ်များပြီး သွေးအမြောက်အမြား ထွက်နိုင်ပါသည်။
- Esophageal varices: အစာရေမျိုပြွန်အတွင်းရှိ သွေးပြန်ကြောများ ပုံမှန်မဟုတ်ဘဲ ဖောင်းကြွနေခြင်း ဖြစ်သည်။ အသည်းရောဂါ ပြင်းထန်သူများတွင် အဖြစ်များသည်။
- အစာရေမျိုပြွန် ရောင်ရမ်းခြင်း (Esophagitis): အများအားဖြင့် GERD ရောဂါကြောင့် ဖြစ်ပွားတတ်ပါသည်။
အစာခြေလမ်းကြောင်း အောက်ပိုင်း သွေးထွက်ရခြင်း အကြောင်းရင်းများ:
- Diverticular Disease: အစာခြေလမ်းကြောင်းတွင် အိတ်ငယ်လေးများ ဖြစ်ပေါ်ခြင်း (Diverticulosis) ဖြစ်သည်။ အဆိုပါအိတ်များ ရောင်ရမ်းပါက Diverticulitis ဟု ခေါ်သည်။
- အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ (IBD): Ulcerative colitis နှင့် Crohn’s disease တို့ ပါဝင်ပြီး အူမကြီးနှင့် အစာခြေလမ်းကြောင်း တလျှောက်တွင် ရောင်ရမ်းမှုနှင့် အနာများကို ဖြစ်စေသည်။
အကျိတ်များ: အစာရေမျို၊ အစာအိမ်၊ အူမကြီး သို့မဟုတ် အစာဟောင်းအိမ်တို့တွင် ဖြစ်ပေါ်သော ရိုးရိုးအကျိတ် သို့မဟုတ် ကင်ဆာကျိတ်များကြောင့် သွေးထွက်နိုင်ပါသည်။ - အူမကြီး အသားပို (Colon Polyps): အူမကြီးနံရံတွင် ဖြစ်ပေါ်သော ဆဲလ်စုများ ဖြစ်သည်။ အချို့မှာ ကင်ဆာအဆင့်သို့ ကူးပြောင်းနိုင်ပါသည်။
- လိပ်ခေါင်း (Hemorrhoids): အစာဟောင်းအိမ် အောက်ပိုင်း သို့မဟုတ် စအိုရှိ သွေးပြန်ကြောများ ဖောင်းကြွခြင်း ဖြစ်သည်။
- စအိုကွဲခြင်း (Anal Fissures): စအိုနံရံတွင် အက်ကွဲကြောင်းငယ်လေးများ ဖြစ်ပေါ်ခြင်း။
- Proctitis: အစာဟောင်းအိမ် နံရံရောင်ရမ်းခြင်းကြောင့် သွေးထွက်ခြင်း။
ရောဂါရှာဖွေခြင်း
ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုပြုလုပ်စဉ်အတွင်း ဆရာဝန်သည် သင်၏ယခင်က သွေးထွက်ဖူးသည့် ရာဇဝင်အပါအဝင် ကျန်းမာရေးမှတ်တမ်းများကို မေးမြန်းပါလိမ့်မည်။ ထို့အပြင် ကိုယ်ကာယစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့်အတူ အောက်ပါ ရောဂါရှာဖွေရေး လုပ်ငန်းစဉ်များကို အကြံပြုနိုင်ပါသည် –
- သွေးစစ်ခြင်း: သွေးနီဥ၊ သွေးဖြူဥ အရေအတွက် စစ်ဆေးခြင်း၊ သွေးခဲမှုနှုန်း တိုင်းတာခြင်း၊ သွေးခဲဆဲလ် (Platelet) အရေအတွက်နှင့် အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်းတို့ ပါဝင်နိုင်ပါသည်။
- ဝမ်းအတွင်း သွေးပါမပါ စစ်ဆေးခြင်း (Fecal Occult Blood Test – FOBT): ဝမ်းနမူနာအတွင်း မျက်စိဖြင့်မမြင်နိုင်သော သွေးခြေရာများ ရှိ၊ မရှိကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ဖြစ်သည်။
- နှာခေါင်းမှတစ်ဆင့် အစာအိမ်ဆေးခြင်း (Nasogastric Lavage): နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ပြွန်ချောင်းထည့်ကာ အစာအိမ်အတွင်းရှိ အရာဝတ္ထုများကို ထုတ်ယူခြင်းဖြင့် သွေးထွက်သည့်နေရာကို ရှာဖွေရာတွင် အထောက်အကူပြုသည်။
- အစာခြေလမ်းကြောင်း ဓာတ်မှန်ရိုက်ခြင်း (GI X-rays): ဗေရီယမ် (Barium) ဆေးရည်ကို အသုံးပြု၍ အစာခြေလမ်းကြောင်း အထက်ပိုင်း သို့မဟုတ် အောက်ပိုင်းကို ဓာတ်မှန်ရိုက်၍ ပုံရိပ်ဖော်ခြင်း ဖြစ်သည်။
- ကွန်ပျူတာဓာတ်မှန် (CT Scan): အူလမ်းကြောင်း၏ အစိတ်အပိုင်းများကို သုံးဖက်မြင် (3D) ပုံရိပ်များဖြင့် အသေးစိတ် ကြည့်ရှုခြင်း ဖြစ်သည်။
- အစာခြေလမ်းကြောင်း အထက်ပိုင်း မှန်ပြောင်းကြည့်ခြင်း (Upper Endoscopy): ကင်မရာပါသော ပြွန်ချောင်းလေးကို ပါးစပ်မှတစ်ဆင့် ထည့်သွင်းကာ အစာခြေလမ်းကြောင်း အထက်ပိုင်းကို စစ်ဆေးခြင်း ဖြစ်သည်။
- အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy): အစာဟောင်းအိမ် (Rectum) မှတစ်ဆင့် ကင်မရာပါသော ပြွန်ချောင်းကို ထည့်သွင်း၍ အူမကြီးနှင့် အစာဟောင်းအိမ်တို့ကို ကြည့်ရှုခြင်း ဖြစ်သည်။
- Sigmoidoscopy: အစာဟောင်းအိမ်နှင့် ၎င်းနှင့်ဆက်နေသော အူမကြီးအောက်ပိုင်း (Sigmoid colon) ကိုသာ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။
- ဆေးတောင့်မှန်ပြောင်းကြည့်ခြင်း (Capsule Endoscopy): ကင်မရာအသေးစားလေး ပါဝင်သော ဆေးတောင့်ကို မျိုချရခြင်း ဖြစ်သည်။ ၎င်းသည် အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားစဉ် ဓာတ်ပုံများစွာ ရိုက်ကူးပြီး ခါးတွင်ပတ်ထားသော စက်အတွင်းသို့ ပေးပို့သည်။ ၎င်းသည် အူသိမ်ကို စစ်ဆေးရန် အလွန်အသုံးဝင်သည်။
- ပူဖောင်းပါသော မှန်ပြောင်းကြည့်ခြင်း (Balloon Enteroscopy): အူသိမ်၏ ရောက်ရှိရန်ခက်ခဲသော နေရာများကို စစ်ဆေးနိုင်ရန် ထိပ်တွင် ပူဖောင်းငယ်လေးများ ပါရှိသော မှန်ပြောင်းပြွန်ကို အသုံးပြုခြင်း ဖြစ်သည်။
- သွေးကြောပုံရိပ်ဖော်ခြင်း (Angiography): သွေးလွှတ်ကြောအတွင်းသို့ ဆေးရည်ထိုးသွင်းကာ ဓာတ်မှန်ရိုက်ခြင်းဖြင့် သွေးထွက်နေသော သွေးကြောများကို ရှာဖွေကုသခြင်း ဖြစ်သည်။
- Radionuclide Scan: ဘေးကင်းသော ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်ကို အသုံးပြု၍ သွေးနီဥများ၏ တည်နေရာကို ပုံရိပ်ဖော် စစ်ဆေးခြင်း ဖြစ်သည်။
ကုသခြင်း
အစာခြေလမ်းကြောင်း သွေးထွက်ခြင်းသည် အများအားဖြင့် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားတတ်ပါသည်။ သွေးထွက်ခြင်း ဆက်လက်ဖြစ်ပွားနေပါက ဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသမှု ကွဲပြားပါလိမ့်မည်။ ရောဂါရှာဖွေနေစဉ်အတွင်းမှာပင် ဆေးပေးခြင်း သို့မဟုတ် ကုသမှုများကို တစ်ပါတည်း လုပ်ဆောင်နိုင်ပါသည်။ ဥပမာ – အစာအိမ်နာကြောင့် သွေးထွက်ခြင်းကို မှန်ပြောင်းကြည့်နေစဉ်အတွင်းမှာပင် ကုသနိုင်သကဲ့သို့၊ အူမကြီး အသားပိုများကိုလည်း မှန်ပြောင်းကြည့်ရင်း ဖယ်ရှားနိုင်ပါသည်။
အစာခြေလမ်းကြောင်း အထက်ပိုင်း သွေးထွက်ခြင်းအတွက် အစာအိမ်အက်ဆစ် ထုတ်လုပ်မှုကို လျှော့ချပေးသော Proton Pump Inhibitor (PPI) ဆေးကို သွေးကြောသွင်းဆေးအဖြစ် ပေးနိုင်ပါသည်။ သွေးထွက်သည့်နေရာကို သိရှိပြီးနောက် PPI ဆေးကို ဆက်သောက်ရန် လို၊ မလို ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မည်။ သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးဆက် လက်ထွက်နေခြင်းရှိ ပါက သွေးကြောသွင်းပုလင်း (IV fluids) ချိတ်ခြင်းနှင့် သွေးသွင်းခြင်းများ လိုအပ်နိုင်ပါသည်။ အကယ်၍ သင်သည် Aspirin ကဲ့သို့သော သွေးကျဆေးများ သို့မဟုတ် အကိုက်အခဲပျောက်ဆေးများ သောက်သုံးနေပါက ၎င်းတို့ကို ခေတ္တရပ်နားရန် လိုအပ်နိုင်ပါသည်။
