အကျဉ်းချုပ်အကြောင်းအရာ
ခြေဖဝါးပြားခြင်း (Flat feet သို့မဟုတ် pes planus) ဆိုသည်မှာ မတ်တပ်ရပ်နေစဉ် ခန္ဓာကိုယ်အလေးချိန်ကို ထောက်ကူပေးထားသည့် ခြေဖဝါးအကွေး လျော့နည်းသွားခြင်း သို့မဟုတ် မရှိခြင်းနှင့် ဆက်စပ်နေသော ခြေဖဝါးပုံစံမမှန်သည့် အခြေအနေတစ်ခုဖြစ်ပါသည်၊၊ ခြေဖဝါးပြားသူများသည် မတ်တပ်ရပ်သည့်အခါ ခြေဖဝါးမှာ အပြင်ဘက်သို့ ဦးတည်နေပြီး ခြေဖဝါးအောက်ခြေတစ်ခုလုံးမှာ မြေပြင်နှင့် ထိကပ်နေတတ်ပါသည်၊၊
ကလေးဘဝတွင် ခြေဖဝါးအကွေးများ မဖြစ်ပေါ်လာသည့်အခါ ခြေဖဝါးပြားခြင်း ဖြစ်ပေါ်လာနိုင်ပါသည်၊၊ ထို့ပြင် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အသက်ကြီးလာသည်နှင့်အမျှ သဘာဝအလျောက် ပွန်းစားယိုယွင်းခြင်းတို့ကြောင့်လည်း နောက်ပိုင်းတွင် ဖြစ်ပွားနိုင်ပါသည်၊၊
ပုံမှန်အားဖြင့် ခြေဖဝါးပြားခြင်းမှာ နာကျင်မှုမရှိတတ်ပါ၊၊ အကယ်၍ နာကျင်မှုမရှိပါက ကုသမှုခံယူရန် မလိုအပ်ပါ၊၊ သို့သော် သင်၏ခြေဖဝါးပြားခြင်းကြောင့် နာကျင်မှုခံစားရပြီး သင်၏လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေပါက ကျွမ်းကျင်ပညာရှင်နှင့် ပြသစစ်ဆေးရန် လိုအပ်နိုင်ပါသည်၊၊
ရောဂါလက္ခဏာများ
ခြေဖဝါးပြားသော လူနာများသည် များသောအားဖြင့် မည်သည့်လက္ခဏာမျှ မခံစားရတတ်ပါ၊၊ သို့သော် အချို့သူများတွင် ခြေဖဝါးနာကျင်ခြင်း၊ အထူးသဖြင့် ဖနောင့် သို့မဟုတ် ခြေဖဝါးအကွေးနေရာများတွင် နာကျင်ခြင်းမျိုး ရှိတတ်ပါသည်၊၊ လှုပ်ရှားမှုပြုလုပ်ပါက နာကျင်မှု ပိုဆိုးလာနိုင်ပါသည်၊၊ ခြေကျင်းဝတ်အတွင်းဘက်တစ်လျှောက်တွင်လည်း ရောင်ရမ်းမှု ဖြစ်ပေါ်နိုင်ပါသည်၊၊
အကယ်၍ သင် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦးဦးတွင် ခြေဖဝါးမသက်မသာဖြစ်ခြင်း၊ အထူးသဖြင့် သင်ပြုလုပ်လိုသော အရာများကို မလုပ်နိုင်လောက်အောင် ဖြစ်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ၊၊
ဖြစ်ပွားရသောအကြောင်းရင်းများ
ခြေဖဝါးအကွေးမှာ ပုံမပေါ်သေးသောကြောင့် ကလေးငယ်များနှင့် လမ်းလျှောက်စအရွယ်ကလေးများတွင် ခြေဖဝါးပြားခြင်းမှာ အဖြစ်များပါသည်၊၊ လူအများစုတွင် ခြေဖဝါးအကွေးမှာ ကလေးဘဝတစ်လျှောက်တွင် ဖြစ်ပေါ်လာလေ့ရှိသော်လည်း အချို့သူများတွင်မူ မည်သည့်အခါမျှ ဖြစ်ပေါ်မလာတတ်ပါ၊၊ ခြေဖဝါးအကွေးမရှိသူများသည် ပြဿနာများ ခံစားရနိုင်သကဲ့သို့ မခံစားရဘဲလည်း ရှိနိုင်ပါသည်၊၊
အချို့ကလေးများတွင် ပျော့ပြောင်းသော ခြေဖဝါးပြားခြင်း ရှိတတ်ပြီး ၎င်းမှာ ကလေးထိုင်နေချိန် သို့မဟုတ် ခြေဖျားထောက်ရပ်ချိန်တွင်သာ ခြေဖဝါးအကွေးကို မြင်ရပြီး မတ်တပ်ရပ်လိုက်လျှင် ပျောက်ကွယ်သွားခြင်း ဖြစ်ပါသည်၊၊ ကလေးအများစုမှာ မည်သည့်ပြဿနာမျှမရှိဘဲ ဤအခြေအနေမှ ပျောက်ကင်းသွားတတ်ကြပါသည်၊၊
ဤလက္ခဏာစုသည် ခြေဖဝါးမပြားသောသူများတွင်လည်း ဖြစ်ပေါ်လာနိုင်ပါသည်၊၊ ထိခိုက်ဒဏ်ရာရထားသော ခြေဖဝါးအကွေးများသည် ရုတ်တရက် နိမ့်ဆင်းသွားနိုင်ပါသည်၊၊ သို့မဟုတ် နှစ်ရှည်လများ ယိုယွင်းလာပြီးနောက်တွင်လည်း နိမ့်ဆင်းသွားခြင်း ဖြစ်နိုင်ပါသည်၊၊ ခြေဖဝါးအကွေးကို ထောက်ကူပေးထားပြီး ခြေကျင်းဝတ်အတွင်းဘက်တစ်လျှောက်ရှိနေသော အကြော သည် အချိန်ကြာလာသည်နှင့်အမျှ အားနည်းလာခြင်း သို့မဟုတ် ပြဲထွက်သွားခြင်းမျိုး ရှိနိုင်ပါသည်၊၊ ရောဂါပြင်းထန်မှု မြင့်တက်လာပါက ခြေဖဝါးတွင် အဆစ်ရောင်ခြင်း ဖြစ်ပေါ်လာနိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
အောက်ပါအချက်များကြောင့် ခြေဖဝါးပြားနိုင်ခြေ ပိုများနိုင်ပါသည်-
- ဒေါင်းရောဂါစု
- ခြေဖဝါး သို့မဟုတ် ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာရခြင်း
- လေးဖက်နာ အဆစ်ရောင်ရောဂါ
- ဦးနှောက်ကြောင့်ဖြစ်သော လှုပ်ရှားမှုမသန်စွမ်းခြင်း
- အရိုးကျိုးခြင်း
- အသက်ကြီးလာခြင်း
- အလွန်အမင်း ဝခြင်း
- ဆီးချိုရောဂါ
- ကိုယ်ဝန်ဆောင်ခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် သင့်ခြေဖဝါးများ မည်သို့အလုပ်လုပ်သည်ကို သိရှိနိုင်ရန် ရှေ့ဘက်နှင့် နောက်ဘက်တို့မှ စစ်ဆေးနေစဉ်အတွင်း သင့်အား ခြေဖျားထောက်ရပ်ခိုင်းပါလိမ့်မည်၊၊ ဆရာဝန်သည် သင်၏ခြေကျင်းဝတ် ကြံ့ခိုင်မှုကို ဆန်းစစ်ပြီး ပြဿနာ၏ အဓိကအရင်းအမြစ်ကို ရှာဖွေပါလိမ့်မည်၊၊ သင့်ဖိနပ်၏ ပွန်းစားမှုပုံစံသည်လည်း သင့်ခြေဖဝါးအကြောင်း အသေးစိတ်အချက်အလက်များကို ပေးနိုင်ပါသည်၊၊
ခြေဖဝါးနာကျင်ရသည့် အခြေခံအကြောင်းရင်းကို ဖော်ထုတ်ရန် အောက်ပါပုံရိပ်ဖော်စစ်ဆေးမှုများက အထောက်အကူပြုနိုင်ပါသည်-
- ဓာတ်မှန်ရိုက်ခြင်း။ ရေဒီယိုသတ္တိကြွလှိုင်း အနည်းငယ်ကို အသုံးပြု၍ ခြေဖဝါးရှိ အရိုးများနှင့် အဆစ်များကို ရိုးရှင်းစွာ ပုံဖော်ခြင်းဖြစ်ပါသည်၊၊ ၎င်းသည် အရိုးများ၏ အစီအစဉ်မှန်ကန်မှုကို ဆန်းစစ်ရန်နှင့် အဆစ်ရောင်ခြင်းကို ဖော်ထုတ်ရန်အတွက် အလွန်အသုံးဝင်ပါသည်၊၊
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။ ဤစစ်ဆေးမှုသည် ခြေဖဝါးကို ထောင့်ပေါင်းစုံမှ ဓာတ်မှန်ရိုက်ကူးခြင်းဖြစ်ပြီး သာမန်ဓာတ်မှန်ထက် ပိုမိုအသေးစိတ်သော ပုံရိပ်များကို ဖော်ထုတ်ပေးပါသည်၊၊
- အာထရာဆောင်းရိုက်ခြင်း။ အကြောထိခိုက်မှုရှိသည်ဟု သံသယရှိသောအခါ အသုံးပြုနိုင်ပါသည်၊၊ အာထရာဆောင်းသည် အသံလှိုင်းများကို အသုံးပြု၍ ခန္ဓာကိုယ်ရှိ နူးညံ့သော တစ်ရှူးများကို တိကျသောပုံရိပ်များ ဖော်ထုတ်ပေးခြင်း ဖြစ်ပါသည်၊၊
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း။ ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်ဓာတ်ကို အသုံးပြု၍ အရိုးနှင့် နူးညံ့သော တစ်ရှူးနှစ်မျိုးစလုံး၏ အသေးစိတ် ပုံရိပ်များကို ဖော်ထုတ်ပေးပါသည်၊၊
ကုသခြင်း
ခြေဖဝါးပြားခြင်းမှာ နာကျင်မှုမရှိပါက ကုသမှုခံယူရန် မလိုအပ်ပါ၊၊
ကုထုံးများ
နာကျင်မှုရှိသော ခြေဖဝါးပြားခြင်းအတွက် ဆရာဝန်က အောက်ပါတို့ကို အကြံပြုနိုင်ပါသည်-
- ခြေဖဝါးအကွေးအထောက်အကူပြု ကိရိယာများ။ အရောင်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အထောက်အကူပြု ကိရိယာများသည် ခြေဖဝါးပြားခြင်းကြောင့် ဖြစ်ပေါ်သော မသက်မသာဖြစ်မှုကို လျော့နည်းစေနိုင်ပါသည်၊၊ တစ်ခါတစ်ရံတွင် သင့်ခြေဖဝါးနှင့် အံကိုက်ဖြစ်အောင် အထူးပြုလုပ်ထားသော ကိရိယာများကို အသုံးပြုရန် အကြံပြုတတ်ပါသည်၊၊ ဤကိရိယာများသည် ခြေဖဝါးပြားခြင်းကို လုံးဝပျောက်ကင်းစေမည်မဟုတ်သော်လည်း ရောဂါလက္ခဏာများကို မကြာခဏ သက်သာစေပါသည်၊၊
- အကြောလျှော့လေ့ကျင့်ခန်းများ။ ခြေဖဝါးပြားသူအချို့တွင် ဖနောင့်ကြောတိုနေခြင်းမျိုး ရှိတတ်ပါသည်၊၊ ထိုအကြောများကို ဆွဲဆန့်ပေးသော လေ့ကျင့်ခန်းများသည် အကျိုးရှိနိုင်ပါသည်၊၊
- ရုပ်ပိုင်းဆိုင်ရာ ကုထုံး။ အချို့သော အပြေးသမားများအတွက် ခြေဖဝါးပြားခြင်းမှာ အလွန်အမင်း အသုံးပြုမှုကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာများအတွက် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်၊၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်က လမ်းလျှောက်ပုံ တိုးတက်ကောင်းမွန်စေရန်နှင့် ခြေဖဝါးရှိ ကြွက်သားများနှင့် အကြောများကို သန်မာစေမည့် လေ့ကျင့်ခန်းများကို လမ်းညွှန်ပေးနိုင်ပါသည်၊၊
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်းကို ခြေဖဝါးပြားခြင်းသက်သက်အတွက်သာ ပြုလုပ်ခြင်းမဟုတ်ပါ၊၊ ခွဲစိတ်မှုမဟုတ်သော ကုသနည်းများဖြင့် ကြိုးစားပြီးနောက်တွင်လည်း လှုပ်ရှားမှုများကို အမြဲတစေ အနှောင့်အယှက်ဖြစ်စေသော နာကျင်မှုများရှိနေပါက ခွဲစိတ်မှုမှာ ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါသည်၊၊ နာကျင်မှုကို ဖြစ်စေသော အရိုးနှင့် အကြောဆိုင်ရာ ပြဿနာများကို ခွဲစိတ်မှုမှတစ်ဆင့် ပြုပြင်နိုင်ပါသည်၊၊
