မျက်စိထဲတွင် အစက်အပြောက်များ မြင်ရခြင်း

အကျဉ်းချုပ်အကြောင်းအရာ

မျက်စိထဲတွင် အစက်အပြောက်များ မြင်ရခြင်းသည် ကြည်လင်သော မိုးကောင်းကင်၊ ဗလာစာရွက် သို့မဟုတ် အဖြူရောင် နံရံတစ်ခုခုကို စိုက်ကြည့်သောအခါ သိသာလာတတ်သည့် သေးငယ်သော ပုံသဏ္ဌာန်များ သို့မဟုတ် အစက်အပြောက်များ ဖြစ်ပါသည်၊၊ ၎င်းတို့သည် မျက်လုံး လှုပ်ရှားသည့်အခါ လိုက်ပါလှုပ်ရှားလေ့ရှိပြီး၊ ၎င်းတို့ကို တိုက်ရိုက်စိုက်ကြည့်ရန် ကြိုးစားသောအခါတွင် လျှင်မြန်စွာ လွင့်ထွက်သွားသကဲ့သို့ ဖြစ်တတ်ပါသည်၊၊

မျက်စိအတွင်း အစက်အပြောက် မြင်ရခြင်း အများစုမှာ အသက်အရွယ်ကြီးရင့်လာမှုကြောင့် မျက်လုံးအတွင်းရှိ ဂျယ်လ်ကဲ့သို့သော အရာဝတ္ထုဖြစ်သည့် ဗစ်ထရီးယပ်စ် အရည်ပျော်ခြင်းနှင့် ကျုံ့ခြင်းတို့မှ စတင်ဖြစ်ပေါ်ပါသည်၊၊ ဤပြောင်းလဲမှုများကြောင့် ဗစ်ထရီးယပ်စ်အတွင်း ကော်လာဂျင် အမျှင်များ စုဖွဲ့လာပြီး မြင်လွှာပေါ်သို့ အရိပ်များ ကျရောက်စေပါသည်၊၊ ထိုသို့ ကျရောက်လာသော အရိပ်များကို အစက်အပြောက်များ မြင်ရခြင်းဟု ခေါ်ဆိုပါသည်၊၊

အကယ်၍ သင်သည် မျက်စိအတွင်း အစက်အပြောက်များ ရုတ်တရက် တိုးပွားလာသည်ဟု ခံစားရပါက၊ အထူးသဖြင့် အလင်းတန်းများ မြင်ရခြင်း သို့မဟုတ် အမြင်အာရုံ ဆုံးရှုံးခြင်းတို့နှင့် တွဲဖက်ဖြစ်ပေါ်ပါက မျက်စိအထူးကု ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ရန် လိုအပ်ပါသည်၊၊ ဤလက္ခဏာများသည် အရေးပေါ် ကုသမှုလိုအပ်သော ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခု ဖြစ်နိုင်ပါသည်၊၊

ရောဂါလက္ခဏာများ

မျက်စိအတွင်း အစက်အပြောက် မြင်ရခြင်းသည် အောက်ပါ လက္ခဏာများဖြင့် ပြသနိုင်ပါသည်၊၊

  • သင်၏ မြင်ကွင်းအတွင်းတွင် အနက်ရောင် အစက်အပြောက်များ သို့မဟုတ် ကြည်လင်သော အမျှင်တန်းလေးများကဲ့သို့ မြင်ရသော သေးငယ်သည့် ပုံသဏ္ဌာန်များ၊၊
  • မျက်လုံး လှုပ်ရှားသည့်အတိုင်း လိုက်ပါ ရွေ့လျားနေပြီး တိုက်ရိုက် စိုက်ကြည့်ရန် ခက်ခဲသော အစက်အပြောက်များ၊၊
  • ပြာလွင်သော ကောင်းကင် သို့မဟုတ် အဖြူရောင် နံရံကဲ့သို့သော ရိုးရှင်းပြီး အလင်းရောင် ကောင်းစွာရသည့် နောက်ခံတစ်ခုကို စိုက်ကြည့်သည့်အခါ ထိုအစက်အပြောက်များကို ပိုမို သိသာစွာ မြင်ရခြင်း၊၊
  • ထိုသေးငယ်သော ပုံသဏ္ဌာန်များ သို့မဟုတ် အမျှင်တန်းလေးများသည် မြင်ကွင်းအတွင်းမှ တဖြည်းဖြည်း အနည်ထိုင်သွားခြင်း သို့မဟုတ် လွင့်ပါးသွားခြင်း၊၊

အကယ်၍ သင်သည် အောက်ပါ လက္ခဏာတစ်ခုခုကို ခံစားရပါက မျက်စိအထူးကု ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ပါ၊၊

  • မျက်စိအတွင်း အစက်အပြောက်များ တိုးပွားလာခြင်း၊၊
  • အစက်အပြောက်သစ်များ ရုတ်တရက် ပေါ်လာခြင်း၊၊
  • အစက်အပြောက်များ မြင်ရသော မျက်လုံးတွင် အလင်းတန်းများ မြင်ရခြင်း၊၊
  • အမြင်အာရုံ ဝေဝါးခြင်း သို့မဟုတ် မြင်ကွင်း၏ တစ်စိတ်တစ်ပိုင်းကို မီးခိုးရောင် လိုက်ကာဖြင့် ကာထားသကဲ့သို့ ဖြစ်နေခြင်း၊၊
  • ဘေးပတ်ဝန်းကျင် မြင်ကွင်းများ ဆုံးရှုံးခြင်း၊၊

နာကျင်မှုမရှိသော ဤလက္ခဏာများသည် ချက်ချင်း ကုသမှု ခံယူရမည့် ပြင်းထန်သော မျက်စိရောဂါဖြစ်သည့် မြင်လွှာပေါက်ပြဲခြင်း သို့မဟုတ် မြင်လွှာကွာခြင်းတို့ ဖြစ်နိုင်ပါသည်၊၊

အကြောင်းရင်းများ

မျက်စိအတွင်း အစက်အပြောက် မြင်ရခြင်းသည် အသက်အရွယ်ကြောင့် ဖြစ်သော ဗစ်ထရီးယပ်စ် ပြောင်းလဲမှုများ သို့မဟုတ် အောက်ပါ ရောဂါများနှင့် အခြေအနေများကြောင့် ဖြစ်နိုင်ပါသည်၊၊

  • အသက်အရွယ်ကြောင့် ဖြစ်သော ပြောင်းလဲမှုများ။ မျက်လုံးအတွင်းရှိ ဂျယ်လ်ကဲ့သို့သော အရာဝတ္ထုဖြစ်သည့် ဗစ်ထရီးယပ်စ်သည် အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်၊၊ ၎င်းသည် တဖြည်းဖြည်း အရည်ပျော်ပြီး ကျုံ့သွားကာ မျက်လုံးအတွင်းပိုင်းမှ ထွက်သွားတတ်ပါသည်၊၊ ဗစ်ထရီးယပ်စ်အတွင်းရှိ ကော်လာဂျင် အမျှင်များ စုဖွဲ့သွားခြင်းက မြင်လွှာပေါ်သို့ အရိပ်များ ကျစေပြီး အစက်အပြောက်များအဖြစ် မြင်ရခြင်း ဖြစ်ပါသည်၊၊
  • ရောင်ရမ်းခြင်း။ မျက်လုံး၏ နောက်ပိုင်းတွင် ရောင်ရမ်းခြင်းကြောင့် အစက်အပြောက်များ မြင်ရနိုင်ပါသည်၊၊ ဤသို့ ရောင်ရမ်းခြင်းသည် ပိုးဝင်ခြင်း၊ ကိုယ်ခံအားစနစ် ချို့ယွင်းသော ရောဂါများ သို့မဟုတ် ရောင်ရမ်းမှုဆိုင်ရာ ရောဂါများကြောင့် ဖြစ်နိုင်ပါသည်၊၊
  • သွေးထွက်ခြင်း။ ဗစ်ထရီးယပ်စ်အတွင်း သွေးဆဲလ်များ ရှိနေခြင်းကြောင့်လည်း အစက်အပြောက်များ မြင်ရတတ်ပြီး၊ ၎င်းကို မြင်လွှာပေါက်ပြဲခြင်း၊ ကွာခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောပိတ်ဆို့ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်၊၊ ဤအခြေအနေသည် ဆီးချိုကြောင့် ဖြစ်သော မြင်လွှာပျက်စီးသည့် ရောဂါနှင့် အများဆုံး ဆက်စပ်နေပါသည်၊၊
  • မြင်လွှာပေါက်ပြဲခြင်း။ ဗစ်ထရီးယပ်စ် ကျုံ့သွားသောအခါ မြင်လွှာကို ဆွဲငင်သကဲ့သို့ ဖြစ်စေပြီး မြင်လွှာပေါက်ပြဲခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်၊၊ စနစ်တကျ ကုသမှု မခံယူပါက မြင်လွှာကွာကျခြင်းအထိ ဖြစ်ပေါ်နိုင်ပြီး အမြင်အာရုံ ထာဝရ ဆုံးရှုံးစေနိုင်ပါသည်၊၊
  • မျက်စိခွဲစိတ်မှုနှင့် ဆေးဝါးများ။ ဗစ်ထရီးယပ်စ်အတွင်းသို့ ထိုးသွင်းရသော အချို့သော မျက်စိဆေးဝါးများသည် လေပူဖောင်းလေးများ ဖြစ်ပေါ်စေပြီး ယာယီအားဖြင့် အရိပ်များကဲ့သို့ မြင်ရတတ်ပါသည်၊၊ ထို့အပြင် အချို့သော ဗစ်ထရီးယပ်စ်နှင့် မြင်လွှာခွဲစိတ်မှုများတွင် အသုံးပြုသော ဆီလီကွန်ဆီ ပူဖောင်းများကိုလည်း မျက်လုံးမှ ပြန်လည် မစုပ်ယူမီအထိ အစက်အပြောက်များအဖြစ် မြင်ရနိုင်ပါသည်၊၊

ဖြစ်နိုင်ခြေရှိသော အကြောင်းအချက်များ

မျက်စိအတွင်း အစက်အပြောက် မြင်ရခြင်း ဖြစ်နိုင်ခြေကို မြင့်မားစေသော အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်၊၊

  • အသက် ၅၀ ကျော်လာခြင်း၊၊
  • ယခင်က မျက်စိ ထိခိုက်ဒဏ်ရာ ရဖူးခြင်း၊၊
  • အတွင်းတိမ် ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ ပြဿနာများ၊၊
  • ဆီးချိုရောဂါကြောင့် မြင်လွှာ သွေးကြောများ ပျက်စီးသည့် ရောဂါရှိခြင်း၊၊
  • မိသားစုအတွင်း မြင်လွှာပေါက်ပြဲခြင်း သို့မဟုတ် ကွာခြင်း ရာဇဝင်ရှိခြင်း၊၊
  • အဝေးမှုန်ခြင်း၊၊
  • မျက်စိအတွင်းပိုင်း ရောင်ရမ်းဖူးသော ရာဇဝင်ရှိခြင်း၊၊

ရောဂါရှာဖွေခြင်း

မျက်စိအထူးကု ဆရာဝန်သည် မျက်စိအတွင်း အစက်အပြောက်များ မြင်ရခြင်း၏ အကြောင်းရင်းကို သိရှိနိုင်ရန် မျက်စိကို သေချာစွာ စစ်ဆေးပါလိမ့်မည်၊၊ ဤသို့စစ်ဆေးရာတွင် ယေဘုယျအားဖြင့် မျက်စဉ်းခတ်၍ သူငယ်အိမ်ကို ချဲ့ခြင်း ပါဝင်ပြီး ၎င်းသည် မျက်လုံး၏ အလယ်ရှိ အနက်ရောင်အပိုင်းကို ကျယ်သွားစေပါသည်၊၊ ထိုသို့ သူငယ်အိမ်ချဲ့ခြင်းသည် အထူးကု ဆရာဝန်အနေဖြင့် မျက်လုံး၏ နောက်ပိုင်းနှင့် ဗစ်ထရီးယပ်စ် အရည်တို့ကို ပိုမို ကောင်းမွန်စွာ မြင်နိုင်ရန် ကူညီပေးပါသည်၊၊

ကုသခြင်း

မျက်စိအတွင်း အစက်အပြောက် မြင်ရခြင်း အများစုမှာ ကုသမှု ခံယူရန် မလိုအပ်ပါ၊၊ သို့သော် ဆီးချိုကြောင့် သွေးထွက်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းကဲ့သို့သော အခြေခံ ရောဂါများကြောင့် ဖြစ်ပါက ထိုရောဂါများကို ကုသရန် လိုအပ်ပါသည်၊၊ ဤအစက်အပြောက်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပြီး ၎င်းတို့နှင့် အသားကျရန် အချိန်ယူရသော်လည်း ၎င်းတို့ကြောင့် နောက်ထပ် ပြဿနာများ မဖြစ်နိုင်ကြောင်း သေချာသွားသည့်အခါ သင်သည် ၎င်းတို့ကို သတိမပြုမိဘဲ သဘာဝအတိုင်း နေသားကျသွားနိုင်ပါသည်၊၊ အစက်အပြောက်များကြောင့် အမြင်အာရုံကို သိသိသာသာ အနှောင့်အယှက် ဖြစ်စေသော ရှားပါးသည့် အခြေအနေများတွင် သင်နှင့် သင်၏ မျက်စိအထူးကု ဆရာဝန်သည် ဗစ်ထရီးယပ်စ် ခွဲစိတ်ခြင်း သို့မဟုတ် လေဆာဖြင့် ကုသခြင်းတို့ကို စဉ်းစားနိုင်သော်လည်း ဤနည်းလမ်းများဖြင့် ကုသမှု ခံယူရခြင်းမှာ အလွန်နည်းပါးပါသည်၊၊

  • ဗစ်ထရက်တိုမီ (ဗစ်ထရီးယပ်စ်ကို ဖယ်ထုတ်ခြင်း)။ ကျွမ်းကျင်သော မျက်စိအထူးကု ဆရာဝန်မှ ပြုလုပ်သော ဤခွဲစိတ်မှုသည် မျက်လုံးတွင် သေးငယ်သော ဓားရာပေး၍ ဗစ်ထရီးယပ်စ်ကို ဖယ်ထုတ်ခြင်း ဖြစ်ပါသည်၊၊ ဖယ်ထုတ်လိုက်သော ဗစ်ထရီးယပ်စ်နေရာတွင် မျက်လုံး၏ ပုံသဏ္ဌာန် မပျက်စေရန် အထူးပြုလုပ်ထားသော အရည်တစ်မျိုးဖြင့် အစားထိုးပါသည်၊၊ ခွဲစိတ်မှုသည် အစက်အပြောက် အားလုံးကို မဖယ်ရှားနိုင်ခြင်း သို့မဟုတ် ခွဲစိတ်ပြီးနောက် အသစ်များ ထပ်မံ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကို သတိပြုရန် အရေးကြီးပါသည်၊၊ ဤခွဲစိတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ပိုးဝင်ခြင်း၊ သွေးထွက်ခြင်းနှင့် မြင်လွှာ ပေါက်ပြဲခြင်းတို့ ဖြစ်နိုင်ပါသည်၊၊
  • ဗစ်ထရိုလိုင်ဆစ် (လေဆာဖြင့် ကုသခြင်း)။ ဤနည်းလမ်းတွင် မျက်စိအထူးကု ဆရာဝန်သည် ဗစ်ထရီးယပ်စ်အတွင်းရှိ အစက်အပြောက်များကို အထူးပြုလုပ်ထားသော လေဆာဖြင့် ပစ်မှတ်ထား၍ ကုသခြင်း ဖြစ်ပါသည်၊၊ ဤလေဆာ ကုသမှုသည် အစက်အပြောက်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေပြီး ၎င်းတို့ မြင်ရမှုကို လျော့နည်းစေနိုင်ပါသည်၊၊ သို့သော် ရလဒ်များမှာ လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ အချို့မှာ အမြင်အာရုံ တိုးတက်လာသော်လည်း အချို့မှာ ထူးခြားမှု မရှိသည်ကို တွေ့ရပါသည်၊၊ လေဆာကို တိကျစွာ မပစ်မှတ်နိုင်ပါက မြင်လွှာကို ထိခိုက်စေနိုင်သဖြင့် ဤကုသမှုတွင် အထူးသတိထားရန် လိုအပ်ပါသည်၊၊

Doctors who treat this condition