အကျဉ်းချုပ်အကြောင်းအရာ
အတက်ရောဂါ သို့မဟုတ် အတက်ရောဂါစုဆိုသည်မှာ ထပ်တလဲလဲတက်ခြင်းကို ဖြစ်စေသည့် နာတာရှည် ဦးနှောက်ရောဂါအခြေအနေတစ်မျိုးဖြစ်သည်၊၊ အတက်ရောဂါအမျိုးအစား အမျိုးမျိုးရှိပြီး အချို့သူများတွင် ဖြစ်ရသည့်အကြောင်းရင်းကို ရှာဖွေတွေ့ရှိနိုင်သော်လည်း အချို့တွင်မူ အကြောင်းရင်းကို မသိရှိနိုင်ပေ၊၊ ဤအာရုံကြောဆိုင်ရာရောဂါသည် ကျား၊မ၊ လူမျိုး၊ နောက်ခံလူမျိုးစုနှင့် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အတော်အတန်အဖြစ်များသော ရောဂါဖြစ်သည်၊၊ အတက်ရောဂါဖောင်ဒေးရှင်း၏ အဆိုအရ လူ ၂၆ ဦးလျှင် ၁ ဦးတွင် ဤရောဂါဖြစ်ပွားနိုင်ခြေရှိသည်ဟု ခန့်မှန်းရသည်၊၊
တက်ခြင်း၏ လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး သိသိသာသာ ကွဲပြားနိုင်သည်၊၊ အချို့သူများသည် တက်နေစဉ်အတွင်း သတိလစ်သွားနိုင်သော်လည်း အချို့မှာမူ သတိရှိနေနိုင်သည်၊၊ အချို့သော တက်ခြင်းအမျိုးအစားများတွင် ခေတ္တခဏ ငေးငိုင်သွားခြင်းမျိုး ဖြစ်နိုင်ပြီး အချို့မှာမူ လက် သို့မဟုတ် ခြေထောက်များ ထပ်တလဲလဲ ဆတ်ခနဲလှုပ်ခြင်း၊ တစ်ကိုယ်လုံးအတောင့်လိုက်တက်ခြင်း သို့မဟုတ် အကြောဆွဲခြင်းများအဖြစ် ပြသနိုင်သည်၊၊ တစ်ကြိမ်တည်း တက်ရုံဖြင့် အတက်ရောဂါရှိသည်ဟု ပုံသေမမှတ်ယူနိုင်ကြောင်း သတိပြုရန် အရေးကြီးသည်၊၊ အတက်ရောဂါဟု ရောဂါရှာဖွေအတည်ပြုရန်အတွက် ပုံမှန်အားဖြင့် အနည်းဆုံး ၂၄ နာရီခြားပြီး အခြားထင်ရှားသော အခြေခံအကြောင်းရင်းမရှိဘဲ အလိုအလျောက်တက်ခြင်း အနည်းဆုံး နှစ်ကြိမ် ဖြစ်ပွားရန် လိုအပ်သည်၊၊
အတက်ရောဂါအတွက် ကုသမှုတွင် အများအားဖြင့် ဆေးဝါးများအသုံးပြုခြင်း သို့မဟုတ် အချို့သောဖြစ်ရပ်များတွင် တက်ခြင်းကို ထိန်းချုပ်ရန် ခွဲစိတ်ကုသခြင်းတို့ ပါဝင်သည်၊၊ အချို့သူများသည် တစ်သက်တာကုသမှု ခံယူရန်လိုအပ်သော်လည်း အချို့မှာမူ နောက်ပိုင်းတွင် လုံးဝပြန်မတက်တော့ဘဲ နေနိုင်သည်၊၊ အတက်ရောဂါရှိသော ကလေးငယ်များသည် အသက်ကြီးလာသည်နှင့်အမျှ ရောဂါအခြေအနေ ပျောက်ကင်းသွားနိုင်သည်၊၊ အတက်ရောဂါသည် ထိခိုက်ပျက်စီးနေသော ဦးနှောက်ဆဲလ်များကြောင့် ဖြစ်ပေါ်လာပြီး ထိုဆဲလ်များသည် ပုံမှန်မဟုတ်သော လျှပ်စစ်အချက်ပြမှုများကို ထုတ်လွှတ်ကာ ဦးနှောက်အတွင်း မထိန်းချုပ်နိုင်သော လျှပ်စစ်လှုပ်ရှားမှုများကို ဖြစ်စေသည်၊၊ တက်ခြင်းကြောင့် လူတစ်ဦး၏ သတိထားမှု၊ ကြွက်သားထိန်းချုပ်မှု၊ ခံစားမှု၊ စိတ်ခံစားချက်နှင့် အမူအရာများတွင် ပြောင်းလဲမှုအမျိုးမျိုး ဖြစ်ပေါ်နိုင်သဖြင့် ဤရောဂါအခြေအနေမှာ ရှုပ်ထွေးပြီး နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုရှိသည်၊၊
ရောဂါလက္ခဏာများ
တက်ခြင်း၏ လက္ခဏာများသည် လူတစ်ဦးခံစားရသည့် တက်ခြင်းအမျိုးအစားပေါ်မူတည်၍ ကွဲပြားနိုင်သည်၊၊ ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်သည့် အတက်ရောဂါသည် ဦးနှောက်၏ လုပ်ဆောင်ချက်အမျိုးမျိုးကို ထိခိုက်စေနိုင်ပြီး အောက်ပါလက္ခဏာရပ်များ ပြသနိုင်သည်-
- ခေတ္တခဏ သတိလစ်ခြင်း သို့မဟုတ် အသိစိတ်လွတ်သွားခြင်း၊၊
- ကြွက်သားများ ဆတ်ခနဲလှုပ်ခြင်း သို့မဟုတ် ကြွက်သားများ ပျော့ခွေသွားခြင်းကဲ့သို့သော မထိန်းချုပ်နိုင်သည့် ကြွက်သားလှုပ်ရှားမှုများ၊၊
- ငေးငိုင်နေခြင်း သို့မဟုတ် ဟာလာဟင်းလင်း ဖြစ်နေခြင်း၊၊
- ခေတ္တခဏ စိတ်ရှုပ်ထွေးခြင်း၊ စဉ်းစားရခက်ခြင်း၊ စကားပြောရန်နှင့် နားလည်ရန် ခက်ခဲခြင်း၊၊
- အကြား၊ အမြင်၊ အရသာ၊ အနံ့ ခံစားမှုများ ပြောင်းလဲခြင်း သို့မဟုတ် ထုံကျင်ခြင်း၊ ကျဉ်ခြင်းများ ခံစားရခြင်း၊၊
- စကားပြောဆိုမှု သို့မဟုတ် ဘာသာစကားနားလည်မှု ချို့ယွင်းခြင်း၊၊
- ရင်ခေါင်းထဲ မအီမသာဖြစ်ခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း သို့မဟုတ် ကြက်သီးထခြင်းကဲ့သို့သော ကိုယ်ခန္ဓာခံစားမှုများ၊၊
- နှုတ်ခမ်းကို တသသလုပ်ခြင်း၊ ဝါးနေသကဲ့သို့လုပ်ခြင်း၊ လက်နှစ်ဖက်ကို ပွတ်ခြင်း သို့မဟုတ် လက်ချောင်းများကို လှုပ်ရှားနေခြင်းကဲ့သို့သော ထပ်တလဲလဲပြုလုပ်သည့် အမူအရာများ၊၊
- ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ၊၊
- နှလုံးခုန်နှုန်း နှင့် အသက်ရှူနှုန်း မြန်လာခြင်း၊၊
တက်တော့မည့် ရှေ့ပြေးလက္ခဏာများ
တက်ခြင်းနှင့်အတူ အော်ရာ ဟုခေါ်သော ရှေ့ပြေးသတိပေးလက္ခဏာများ ခံစားရနိုင်ပြီး ၎င်းကို ဦးနှောက်အစိတ်အပိုင်းတစ်ခုတည်းမှ စတင်တက်သည့် လူနာအချို့တွင် တွေ့ရတတ်သည်၊၊ ဤရှေ့ပြေးလက္ခဏာများသည် ခံစားချက်၊ စိတ်ခံစားမှု သို့မဟုတ် အာရုံခံစားမှုအမျိုးမျိုးအဖြစ် ပေါ်လာနိုင်သည်၊၊ ၎င်းတို့တွင် ဗိုက်ထဲ၌ ထူးခြားသောခံစားမှုဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ယခင်က မြင်ဖူးတွေ့ဖူးသကဲ့သို့ ခံစားရခြင်း (déjà vu)၊ အရသာ သို့မဟုတ် အနံ့ပြောင်းလဲခြင်း၊ မီးရောင်များ၊ အရောင်များ သို့မဟုတ် ပုံသဏ္ဌာန်များ လက်ခနဲမြင်ခြင်းကဲ့သို့သော အမြင်အာရုံဆိုင်ရာ အနှောင့်အယှက်များ ဖြစ်ခြင်းအပြင် မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်းနှင့် အာရုံချောက်ခြားခြင်းတို့ ပါဝင်နိုင်သည်၊၊
ပုံမှန်မဟုတ်သော ဦးနှောက်လှုပ်ရှားမှုသည် မည်သည့်နေရာတွင် မည်သို့စတင်သည်အပေါ် မူတည်၍ တက်ခြင်းကို အစိတ်အပိုင်းတစ်ခုတည်းမှတက်ခြင်း သို့မဟုတ် ဦးနှောက်တစ်ခုလုံးသို့ ပျံ့နှံ့တက်ခြင်းဟူ၍ ခွဲခြားထားသည်၊၊
အစိတ်အပိုင်းတစ်ခုတည်းမှ စတင်တက်ခြင်း
ဤတက်ခြင်းမျိုးသည် ဦးနှောက်၏ နေရာတစ်ခုတည်းရှိ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်၊၊ ၎င်းတွင် အမျိုးအစား နှစ်မျိုးရှိသည်-
- သတိလစ်ခြင်းမရှိဘဲ အစိတ်အပိုင်းတစ်ခုတည်းမှတက်ခြင်း၊၊ ဤတက်ခြင်းမျိုးတွင် သတိလစ်သွားခြင်း မရှိပေ၊၊ ၎င်းသည် စိတ်ခံစားမှုကို ပြောင်းလဲစေနိုင်သည် သို့မဟုတ် အရာဝတ္ထုများ၏ ပုံသဏ္ဌာန်၊ ထိတွေ့မှု၊ အသံ သို့မဟုတ် အနံ့တို့ကို ပြောင်းလဲသွားစေနိုင်သည်၊၊ အချို့သူများသည် ယခင်က ကြုံဖူးသကဲ့သို့ ခံစားရတတ်သည်၊၊ ဤကဲ့သို့တက်နေစဉ်အတွင်း လက်မောင်း သို့မဟုတ် ခြေထောက်တစ်ဖက်သည် မထိန်းချုပ်နိုင်ဘဲ ဆတ်ခနဲလှုပ်နိုင်ပြီး ကျဉ်ခြင်း၊ မူးဝေခြင်းနှင့် မီးရောင်များလက်ခနဲမြင်ခြင်းကဲ့သို့သော အာရုံခံစားမှုလက္ခဏာများ ရုတ်တရက် ပေါ်လာနိုင်သည်၊၊
- သတိပြုမှုချို့ယွင်းကာ အစိတ်အပိုင်းတစ်ခုတည်းမှတက်ခြင်း၊၊ ဤတက်ခြင်းမျိုးတွင် အသိစိတ် သို့မဟုတ် သတိရှိမှု ပြောင်းလဲသွားခြင်း သို့မဟုတ် လုံးဝလွတ်သွားခြင်းတို့ ပါဝင်သည်၊၊ ဤတက်ခြင်းမျိုးသည် အိပ်မက်မက်နေသကဲ့သို့ ခံစားရစေနိုင်သည်၊၊ ဤသို့တက်နေစဉ်အတွင်း လူနာသည် ငေးငိုင်နေတတ်ပြီး ပတ်ဝန်းကျင်ကို ပုံမှန်အတိုင်း တုံ့ပြန်နိုင်စွမ်း မရှိပေ၊၊ ထို့ပြင် လက်နှစ်ဖက်ကို ပွတ်ခြင်း၊ စားခြင်း၊ မျိုချခြင်း သို့မဟုတ် စက်ဝိုင်းပုံစံ လမ်းလျှောက်ခြင်းကဲ့သို့သော ထပ်တလဲလဲ လှုပ်ရှားမှုများကို ပြုလုပ်နိုင်သည်၊၊
ဤတက်ခြင်းလက္ခဏာများကို တစ်ခါတစ်ရံတွင် ခေါင်းကိုက်ရောဂါ၊ အိပ်ငိုက်ရောဂါ သို့မဟုတ် စိတ်ကျန်းမာရေးရောဂါကဲ့သို့သော အခြားအာရုံကြောဆိုင်ရာ ရောဂါများနှင့် မှားယွင်းတတ်သည်၊၊ ထို့ကြောင့် အတက်ရောဂါကို အခြားရောဂါများနှင့် ခွဲခြားသိနိုင်ရန် ပြည့်စုံသောစစ်ဆေးမှုများနှင့် ရောဂါရှာဖွေမှုများ ပြုလုပ်ရန် လိုအပ်သည်၊၊
အစိတ်အပိုင်းတစ်ခုတည်းမှတက်ခြင်း အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်သည်-
- ရှေ့ဦးနှောက်ပိုင်းမှ စတင်တက်ခြင်း၊၊ လှုပ်ရှားမှုကို ထိန်းချုပ်သည့် ဦးနှောက်၏ ရှေ့ပိုင်းအစိတ်အပိုင်းမှ စတင်သည်၊၊ လူနာများသည် ခေါင်းကိုစောင်းခြင်းနှင့် မျက်လုံးများကို ဘေးတစ်ဖက်သို့ ရွှေ့ခြင်းတို့ ဖြစ်နိုင်သည်၊၊ စကားပြောဆိုမှုများကို တုံ့ပြန်နိုင်စွမ်း မရှိဘဲ အလိုအလျောက် အော်ဟစ်ခြင်း သို့မဟုတ် ရယ်မောခြင်းတို့ ပြုလုပ်နိုင်သည်၊၊ ထို့ပြင် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အခြားတစ်ဖက်ကို ကွေးထားခြင်း၊ ကိုယ်ခန္ဓာကို ရှေ့နောက်လှုပ်ခြင်း သို့မဟုတ် စက်ဘီးနင်းသကဲ့သို့ ခြေထောက်ကို လှုပ်ရှားခြင်းမျိုး ပြုလုပ်နိုင်သည်၊၊
- နားထင်ဦးနှောက်ပိုင်းမှ စတင်တက်ခြင်း၊၊ စိတ်ခံစားမှုနှင့် မှတ်ဉာဏ်တို့ကို ထိန်းချုပ်သည့် နားထင်ပိုင်းမှ စတင်သည်၊၊ လူနာများသည် အော်ရာ ဟုခေါ်သော ရှေ့ပြေးလက္ခဏာ ခံစားရလေ့ရှိပြီး ရုတ်တရက် ကြောက်ရွံ့ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း၊ အနံ့ သို့မဟုတ် အရသာ ရုတ်တရက် ရခြင်း သို့မဟုတ် ဗိုက်ထဲတွင် တစ်ခုခုတက်လာသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်နိုင်သည်၊၊ တက်နေစဉ်အတွင်း ပတ်ဝန်းကျင်ကို သတိမပြုမိခြင်း၊ ငေးငိုင်ခြင်း၊ နှုတ်ခမ်းကို တသသလုပ်ခြင်း၊ ခဏခဏ မျိုချခြင်း သို့မဟုတ် ဝါးခြင်း သို့မဟုတ် လက်ချောင်းများကို ထူးထူးခြားခြား လှုပ်ရှားခြင်းတို့ ပြုလုပ်နိုင်သည်၊၊
- နောက်စေ့ဦးနှောက်ပိုင်းမှ စတင်တက်ခြင်း၊၊ အမြင်အာရုံကို ထိန်းချုပ်သည့် နောက်စေ့ပိုင်းမှ စတင်သည်၊၊ လူနာများသည် အာရုံချောက်ခြားခြင်း သို့မဟုတ် တက်နေစဉ်အတွင်း အမြင်အာရုံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝကွယ်သွားခြင်းမျိုး ခံစားရနိုင်သည်၊၊ ထို့ပြင် မျက်တောင်ခဏခဏခတ်ခြင်း သို့မဟုတ် မျက်လုံးများ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားခြင်းများလည်း ဖြစ်နိုင်သည်၊၊
ဦးနှောက်တစ်ခုလုံးသို့ ပျံ့နှံ့တက်ခြင်း
ဤတက်ခြင်းမျိုးသည် ဦးနှောက်၏ အစိတ်အပိုင်းအားလုံးကို သက်ရောက်မှုရှိပုံပေါ်သည်၊၊ ၎င်းတို့တွင်-
- ငေးတက်ခြင်း အတက်ရောဂါ၊၊ အဓိကအားဖြင့် ကလေးငယ်များတွင် အဖြစ်များသည်၊၊ ကိုယ်ခန္ဓာလှုပ်ရှားမှု အနည်းငယ်ရှိခြင်း သို့မဟုတ် မရှိဘဲ ငေးငိုင်နေခြင်းမှာ လက္ခဏာတစ်ခုဖြစ်သည်၊၊ လှုပ်ရှားမှုသည် ၅ စက္ကန့်မှ ၁၀ စက္ကန့်ခန့်သာ ကြာမြင့်ပြီး ပါးစပ်လှုပ်ခြင်း သို့မဟုတ် မျက်တောင်ခတ်ခြင်းတို့ ပါဝင်နိုင်သည်၊၊ တစ်နေ့လျှင် အကြိမ် ၁၀၀ အထိ ဆက်တိုက်တက်နိုင်ပြီး ခေတ္တခဏ သတိလစ်သွားစေနိုင်သည်၊၊
- တောင့်တက်ခြင်း၊၊ ကြွက်သားများ တောင့်တင်းသွားပြီး သတိလစ်သွားနိုင်သည်၊၊ ပုံမှန်အားဖြင့် ကျော၊ လက်မောင်းနှင့် ခြေထောက်ကြွက်သားများကို ထိခိုက်စေပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားစေနိုင်သည်၊၊
- ပျော့ခွေတက်ခြင်း၊၊ ကြွက်သားထိန်းချုပ်မှု လုံးဝလွတ်သွားခြင်းဖြစ်ပြီး ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားစေတတ်သည်၊၊
- တုန်တက်ခြင်း၊၊ စည်းချက်ကျကျ သို့မဟုတ် ထပ်တလဲလဲ ကြွက်သားများ ဆတ်ခနဲလှုပ်ခြင်း ဖြစ်သည်၊၊ ပုံမှန်အားဖြင့် လက်မောင်း၊ မျက်နှာနှင့် လည်ပင်းတို့ကို ထိခိုက်စေသည်၊၊
- ကြွက်သားတုန်ခါတက်ခြင်း၊၊ ကိုယ်ခန္ဓာအထက်ပိုင်း၊ လက်မောင်းနှင့် ခြေထောက်တို့တွင် လျင်မြန်ပြီး ခေတ္တခဏ ဆတ်ခနဲလှုပ်ခြင်း သို့မဟုတ် တုန်ခါခြင်းများအဖြစ် ပြသလေ့ရှိသည်၊၊
- တောင့်၍တုန်တက်ခြင်း၊၊ အပြင်းထန်ဆုံးသော အတက်အမျိုးအစားဖြစ်သည်၊၊ ရုတ်တရက် သတိလစ်သွားခြင်းနှင့်အတူ ကိုယ်ခန္ဓာတစ်ခုလုံး တုန်ခါခြင်း၊ လှုပ်ခြင်းများ ဖြစ်စေသည်၊၊ တစ်ခါတစ်ရံတွင် လျှာကိုကိုက်မိခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ခြင်းတို့ ဖြစ်နိုင်သည်၊၊
အောက်ပါအခြေအနေများ ကြုံတွေ့ရပါက ချက်ချင်းဆေးကုသမှု ခံယူရန် လိုအပ်သည်-
- တက်သည့်အချိန် ၅ မိနစ်ထက် ကျော်လွန်ခြင်း၊၊
- အတက်ရပ်သွားသော်လည်း အသက်ရှူခြင်း သို့မဟုတ် သတိပြန်မရခြင်း၊၊
- တစ်ကြိမ်တက်ပြီးနောက် ချက်ချင်း နောက်တစ်ကြိမ် ထပ်တက်ခြင်း၊၊
- ကိုယ်အပူချိန် အလွန်ကြီးခြင်း၊၊
- ကိုယ်ဝန်ဆောင်ထားရခြင်း၊၊
- ဆီးချိုရောဂါရှိခြင်း၊၊
- တက်နေစဉ်အတွင်း ဒဏ်ရာရရှိခြင်း၊၊
- အတက်ကျဆေးများ သောက်နေသော်လည်း ဆက်တိုက် တက်နေခြင်း၊၊
ပထမဆုံးအကြိမ် တက်ဖူးခြင်းဖြစ်ပါက ဆရာဝန်ထံမှ ဆေးဘက်ဆိုင်ရာ အကြံဉာဏ် ရယူသင့်သည်၊၊
အကြောင်းရင်းများ
အတက်ရောဂါ ခံစားနေရသူများ၏ ထက်ဝက်ခန့်တွင် ဖြစ်ပွားရသော အကြောင်းရင်းကို တိတိပပ မသိရှိရပေ၊၊ ကျန်ရှိသော ထက်ဝက်တွင်မူ အောက်ပါအချက်များကြောင့် ဖြစ်ပွားရခြင်း ဖြစ်နိုင်သည်-
- မျိုးရိုးဗီဇ၊၊ အတက်ရောဂါသည် မျိုးရိုးဗီဇဆိုင်ရာ ပါဝင်မှုရှိနိုင်ပြီး အချို့သော အမျိုးအစားများသည် သတ်မှတ်ထားသော မျိုးရိုးဗီဇများကြောင့် မိသားစုအတွင်း မျိုးရိုးလိုက်တတ်သည်၊၊ သို့သော်လည်း မျိုးရိုးလိုက်ခြင်း မဟုတ်ဘဲ လူတစ်ဦးချင်းစီတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုများ အလိုအလျောက် ဖြစ်ပေါ်ခြင်းလည်း ဖြစ်နိုင်သည်၊၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကလည်း တက်ခြင်းကို ဖြစ်စေနိုင်သလို အချို့သော မျိုးရိုးဗီဇများက ထိုအချက်များကို ပိုမိုတုံ့ပြန်လွယ်စေသောကြောင့် ဖြစ်ရပ်အများစုတွင် မျိုးရိုးဗီဇသည် တစ်စိတ်တစ်ပိုင်းသာ ပါဝင်လေ့ရှိသည်၊၊ အချို့သော အတက်ရောဂါပုံစံများသည် သတ်မှတ်ထားသော မျိုးရိုးဗီဇများနှင့် ဆက်စပ်နေသော်လည်း ထိုမျိုးရိုးဗီဇများသည် ရောဂါဖြစ်စေသည့် တစ်ခုတည်းသော အကြောင်းရင်းဖြစ်ခြင်းထက် ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေခြင်းသာ ဖြစ်သည်ဟု ယူဆကြသည်၊၊ ဦးနှောက်ဆဲလ်များ ဆက်သွယ်မှုကို ထိခိုက်စေသည့် ပုံမှန်မဟုတ်သော အခြေအနေများသည်လည်း ဦးနှောက်အချက်ပြမှုများ ပုံမှန်မဟုတ်ခြင်းနှင့် တက်ခြင်းတို့ကို ဖြစ်စေနိုင်သည်၊၊
- ဦးခေါင်းဒဏ်ရာ၊၊ မော်တော်ကားမတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရခြင်းများ၊ ချော်လဲခြင်း သို့မဟုတ် ဦးခေါင်းကို တစ်ခုခုဖြင့် ပြင်းထန်စွာ ရိုက်မိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဦးခေါင်းဒဏ်ရာများသည် အတက်ရောဂါကို ဖြစ်စေနိုင်သည်၊၊
- ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများ၊၊ မိမိ၏ကိုယ်ခံအားစနစ်က ဦးနှောက်ဆဲလ်များကို ပြန်လည်တိုက်ခိုက်သည့် ရောဂါများ (ကိုယ်ခံအားစနစ် ဖောက်ပြန်သောရောဂါများ) ကြောင့်လည်း အတက်ရောဂါ ဖြစ်ပွားနိုင်သည်၊၊
- ဦးနှောက်အတွင်းရှိ အချက်အလက်များ၊၊ ဦးနှောက်အကျိတ်များကြောင့် အတက်ရောဂါ ဖြစ်ပွားနိုင်သည်၊၊ ဦးနှောက်အတွင်းရှိ သွေးကြောများ ဖွံ့ဖြိုးမှုပုံစံသည်လည်း အတက်ရောဂါဖြစ်ပွားမှုတွင် ပါဝင်နိုင်သည်၊၊ သွေးကြောများ ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်နေသည့် ရောဂါရှိသူများတွင် တက်ခြင်း ဖြစ်ပွားနိုင်သည်၊၊ ထို့အပြင် အသက် ၃၅ နှစ်ထက်ကျော်လွန်သူများတွင် လေဖြတ်ခြင်းသည် အတက်ရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းရင်းဖြစ်သည်၊၊
- ကူးစက်ရောဂါများ၊၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အိတ်ချ်အိုင်ဗွီ၊ ဗိုင်းရပ်စ်ကြောင့် ဦးနှောက်ရောင်ခြင်းနှင့် အမျိုးမျိုးသော ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည့်ရောဂါများသည် အတက်ရောဂါကို ဖြစ်စေနိုင်သည်၊၊
- မွေးဖွားခြင်းမပြုမီ ထိခိုက်ဒဏ်ရာရခြင်း၊၊ ကလေးငယ်များသည် မမွေးဖွားမီအချိန်ကပင် အကြောင်းရင်းအမျိုးမျိုးကြောင့် ဦးနှောက်ထိခိုက်ပျက်စီးနိုင်ခြေရှိသည်၊၊ ၎င်းတို့မှာ အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ အာဟာရမလုံလောက်ခြင်း သို့မဟုတ် မိခင်တွင် ကူးစက်ရောဂါရှိခြင်းတို့ ဖြစ်နိုင်သည်၊၊ ဤသို့ ဦးနှောက်ထိခိုက်ပျက်စီးခြင်းကြောင့် အတက်ရောဂါ သို့မဟုတ် ဦးနှောက်ချို့ယွင်းအားနည်းသည့်ရောဂါ (စီပီ) တို့ ဖြစ်ပေါ်လာနိုင်သည်၊၊
- ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်များ၊၊ အချို့သောအခြေအနေများတွင် အတက်ရောဂါသည် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများနှင့်အတူ ဒွန်တွဲနေတတ်သည်၊၊ အော်တစ်ဇင်ရှိသူများတွင် သာမန်လူများထက် အတက်ရောဂါ ဖြစ်ပွားမှု ပိုမိုများပြားသည်၊၊ ထို့အပြင် အတက်ရောဂါရှိသူများတွင် အာရုံစူးစိုက်မှုခက်ခဲခြင်းနှင့် အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း (အေဒီအိတ်ချ်ဒီ) နှင့် အခြားသော ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း လေ့လာမှုများက ဖော်ပြနေသည်၊၊ ဤရောဂါနှစ်မျိုးလုံး ရှိနေသူများတွင် အတက်ရောဂါနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မျိုးရိုးဗီဇများမှာ ဆက်စပ်နေနိုင်သည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
အောက်ပါအချက်များသည် အတက်ရောဂါ ဖြစ်ပွားနိုင်ခြေကို သက်ရောက်မှုရှိနိုင်သည်-
- အသက်အရွယ်၊၊ အတက်ရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်အများဆုံးဖြစ်သည်၊၊
- မိသားစုရာဇဝင်၊၊ သင့်မိသားစုတွင် အတက်ရောဂါရာဇဝင်ရှိပါက သင်၌လည်း တက်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုများနိုင်သည်၊၊
- ဦးခေါင်းဒဏ်ရာများ၊၊ အချို့သော အတက်ရောဂါများသည် ဦးခေါင်းဒဏ်ရာများကြောင့် ဖြစ်ပွားရသည်၊၊ ကားမောင်းစဉ် ထိုင်ခုံခါးပတ်ပတ်ခြင်းနှင့် စက်ဘီးစီးခြင်း၊ နှင်းလျှောစီးခြင်း၊ ဆိုင်ကယ်စီးခြင်း သို့မဟုတ် ဦးခေါင်းထိခိုက်နိုင်ခြေများသော အားကစားများ ပြုလုပ်စဉ် ဦးထုပ်ဆောင်းခြင်းဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်၊၊
- လေဖြတ်ခြင်းနှင့် အခြားသော သွေးကြောဆိုင်ရာရောဂါများ၊၊ လေဖြတ်ခြင်းကဲ့သို့သော သွေးကြောဆိုင်ရာ အခြေအနေများသည် ဦးနှောက်ကို ထိခိုက်စေနိုင်သည်၊၊ ထိုသို့ ထိခိုက်ပျက်စီးမှုကြောင့် အတက်ရောဂါနှင့် တက်ခြင်းများ ဖြစ်လာနိုင်သည်၊၊ အရက်သောက်ခြင်းကို ကန့်သတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကျန်းမာသော အစားအသောက်များကို စားသုံးခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်၊၊
- သူငယ်ပြန်ခြင်း၊၊ သက်ကြီးရွယ်အိုများတွင် သူငယ်ပြန်ခြင်းသည် အတက်ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သည်၊၊
- ဦးနှောက်ကူးစက်ရောဂါများ၊၊ ဦးနှောက် သို့မဟုတ် ခါးရိုးအာရုံကြောမကြီးကို ရောင်ရမ်းစေသည့် ဦးနှောက်အမြှေးရောင်ရောဂါကဲ့သို့သော ကူးစက်ရောဂါများရှိပါက ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်၊၊
- ကလေးဘဝတွင် တက်ခြင်း၊၊ ကလေးငယ်များတွင် အဖျားကြီးသောအခါ တက်ခြင်းမျိုး တစ်ခါတစ်ရံ ဖြစ်တတ်သည်၊၊ အဖျားကြီး၍ တက်သော ကလေးအများစုမှာ နောင်တွင် အတက်ရောဂါ မဖြစ်ပွားတတ်ပေ၊၊ သို့သော်လည်း အဖျားကြောင့် အချိန်ကြာမြင့်စွာ တက်ဖူးပါက သို့မဟုတ် အခြားသော အာရုံကြောစနစ်ဆိုင်ရာ ရောဂါရှိပါက သို့မဟုတ် မိသားစုတွင် အတက်ရောဂါရာဇဝင်ရှိပါက အတက်ရောဂါဖြစ်ပွားရန် ဖြစ်နိုင်ခြေ ပိုများလာသည်၊၊
ရောဂါရှာဖွေခြင်း
အတက်ရောဂါရှိမရှိ စစ်ဆေးရာတွင် သင်၏ရောဂါအခြေအနေကို ဆုံးဖြတ်နိုင်ရန် ဆရာဝန်သည် သင်၏လက္ခဏာများနှင့် ဆေးရာဇဝင်များကို ပြန်လည်သုံးသပ်လိမ့်မည်၊၊ တက်ရသည့်အရင်းအမြစ်ကို ရှာဖွေရန်နှင့် အတက်ရောဂါရှိကြောင်း ရောဂါရှာဖွေအတည်ပြုရန်အတွက် စမ်းသပ်မှုအမျိုးမျိုးကို ပြုလုပ်နိုင်သည်၊၊ အကဲဖြတ်မှုလုပ်ငန်းစဉ်တွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- အာရုံကြောဆိုင်ရာ စစ်ဆေးခြင်း၊၊ သင်၌ရှိနိုင်သော အတက်ရောဂါအမျိုးအစားကို ခွဲခြားသိမြင်ရန်နှင့် ရောဂါကိုရှာဖွေဖော်ထုတ်ရန်အတွက် သင်၏အမူအရာ၊ လှုပ်ရှားမှုစွမ်းရည်၊ သိမြင်နိုင်စွမ်းလုပ်ဆောင်ချက်နှင့် အခြားသောကဏ္ဍများကို ဤစစ်ဆေးမှုဖြင့် တိုင်းတာသည်၊၊
- သွေးစစ်ဆေးခြင်း၊၊ တက်ခြင်းနှင့် ဆက်စပ်နေနိုင်သော မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ၊ ကူးစက်ရောဂါများ သို့မဟုတ် အခြားသော ဖျားနာမှုများ၏ လက္ခဏာရပ်များကို သွေးစစ်ခြင်းဖြင့် ရှာဖွေနိုင်သည်၊၊
- မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်ခြင်း၊၊ အချို့သော အတက်ရောဂါလူနာများအတွက် ၎င်းတို့၏ရောဂါအခြေအနေနှင့် ရရှိနိုင်သော ကုသမှုများအကြောင်း ပိုမိုသိရှိနိုင်စေရန် မျိုးရိုးဗီဇစမ်းသပ်ခြင်းက ကူညီပေးနိုင်သည်၊၊ မျိုးရိုးဗီဇစမ်းသပ်ခြင်းကို ကလေးငယ်များတွင် ပိုမိုပြုလုပ်လေ့ရှိသော်လည်း အတက်ရောဂါရှိသော အချို့သော လူကြီးများအတွက်လည်း အကျိုးရှိနိုင်သည်၊၊
ဦးနှောက်အတွင်း ပြောင်းလဲမှုများကို သိရှိနိုင်ရန် ဦးနှောက်ပုံရိပ်ဖော်စစ်ဆေးမှုနှင့် စမ်းသပ်မှုတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍လည်း ပြုလုပ်နိုင်သည်-
- ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်း (အီးအီးဂျီ)၊၊ အတက်ရောဂါကို ရှာဖွေရာတွင် အသုံးအများဆုံး စစ်ဆေးမှုဖြစ်ပြီး ကော်ကဲ့သို့သော ပစ္စည်း သို့မဟုတ် ဦးထုပ်ကို အသုံးပြု၍ ဦးရေပြားတွင် လျှပ်ကူးပစ္စည်းများကို ကပ်ကာ စစ်ဆေးခြင်းဖြစ်သည်၊၊ ဤလျှပ်ကူးပစ္စည်းများသည် ဦးနှောက်၏ လျှပ်စစ်လှုပ်ရှားမှုများကို မှတ်တမ်းတင်သည်၊၊ အတက်ရောဂါရှိသူများသည် တက်နေသည့်အချိန်မဟုတ်လျှင်ပင် ၎င်းတို့၏ ပုံမှန်ဦးနှောက်လှိုင်းပုံစံများ ပြောင်းလဲနေတတ်သည်၊၊ တက်ခြင်းကို ရှာဖွေမှတ်တမ်းတင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် အီးအီးဂျီ စမ်းသပ်နေစဉ်အတွင်း လူနာများကို ဗီဒီယိုဖြင့် စောင့်ကြည့်နိုင်သည်၊၊ ဤသို့စောင့်ကြည့်ခြင်းကို လူနာ နိုးနေချိန် သို့မဟုတ် အိပ်ပျော်နေချိန်တွင် ပြုလုပ်နိုင်သည်၊၊ မှတ်တမ်းတင်ထားသော တက်သည့်ပုံစံများသည် တက်ခြင်းအမျိုးအစားကို ဆုံးဖြတ်ရန် သို့မဟုတ် အခြားရောဂါအခြေအနေများကို ဖယ်ထုတ်ရန် ကူညီပေးနိုင်သည်၊၊ ဤစစ်ဆေးမှုကို ဆေးခန်း သို့မဟုတ် ဆေးရုံတွင် ပြုလုပ်နိုင်သည်၊၊ အချို့သောအခြေအနေများတွင် ရက်အတော်ကြာအောင် တက်သည့်လှုပ်ရှားမှုများကို မှတ်တမ်းတင်နိုင်ရန် အိမ်တွင် ဝတ်ဆင်ထားနိုင်သည့် သယ်ဆောင်ရလွယ်သော အီးအီးဂျီ ကိရိယာကို ပေးနိုင်သည်၊၊ စစ်ဆေးမှုမပြုလုပ်မီ အိပ်ရေးပျက်အောင်နေခြင်းကဲ့သို့သော တက်ခြင်းကို လှုံ့ဆော်သည့် ညွှန်ကြားချက်များကိုလည်း လူနာများ ရရှိနိုင်သည်၊၊
- သိပ်သည်းဆမြင့် ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်း၊၊ အခြားသော အီးအီးဂျီ စမ်းသပ်မှုပုံစံတစ်ခုအနေဖြင့် သိပ်သည်းဆမြင့် အီးအီးဂျီ ကို အသုံးပြုနိုင်သည်၊၊ ဤစစ်ဆေးမှုတွင် လျှပ်ကူးပစ္စည်းများကို သာမန် အီးအီးဂျီ ထက် ပိုမိုနီးကပ်စွာ ထားရှိသည်၊၊ ၎င်း၏ ရည်ရွယ်ချက်မှာ တက်ခြင်းကြောင့် ထိခိုက်သည့် ဦးနှောက်၏ သတ်မှတ်ထားသော နေရာများကို ပိုမိုတိကျစွာ ခွဲခြားသိမြင်နိုင်ရန် ဖြစ်သည်၊၊
- ကွန်ပျူတာဓာတ်မှန် (စီတီစကန်)၊၊ စီတီစကန်သည် အိတ်စ်ရေးကို အသုံးပြု၍ ဦးနှောက်၏ ကန့်လန့်ဖြတ်ပုံရိပ်များကို ထုတ်ပေးသည်၊၊ စီတီစကန်သည် အတက်ရောဂါ၏ အရင်းအမြစ်ဖြစ်နိုင်သော ဦးနှောက်အတွင်းရှိ အရည်အိတ်များ၊ သွေးယိုစီးမှုများ သို့မဟုတ် အကျိတ်များကို ရှာဖွေနိုင်သည်၊၊
- သံလိုက်ဓာတ်မှန် (အမ်အာအိုင်)၊၊ အမ်အာအိုင်သည် အားကောင်းသော သံလိုက်များနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ဦးနှောက်၏ ပြည့်စုံသောပုံရိပ်ကို ထုတ်ပေးသည်၊၊ စီတီစကန်ကဲ့သို့ပင် အမ်အာအိုင်သည် တက်ခြင်းကို ဖြစ်စေနိုင်သည့် အရာမှန်သမျှကို ရှာဖွေရန် ဦးနှောက်၏ တည်ဆောက်ပုံကို စစ်ဆေးသည်၊၊ သို့သော် စီတီစကန်နှင့် နှိုင်းယှဉ်ပါက အမ်အာအိုင်သည် ဦးနှောက်ကို ပိုမိုအသေးစိတ်ကျကျ မြင်တွေ့နိုင်စေသည်၊၊
- လုပ်ဆောင်ချက်ပြ သံလိုက်ဓာတ်မှန် (fMRI)၊၊ ဦးနှောက်၏ သတ်မှတ်ထားသော နေရာများ အလုပ်လုပ်နေချိန်တွင် သွေးစီးဆင်းမှု ပြောင်းလဲခြင်းကို လုပ်ဆောင်ချက်ပြ အမ်အာအိုင် ကို အသုံးပြု၍ ရှာဖွေသည်၊၊ ခွဲစိတ်မှုမပြုလုပ်မီ စကားပြောခြင်းနှင့် လှုပ်ရှားခြင်းကဲ့သို့သော အရေးကြီးသည့် လုပ်ဆောင်ချက်များရှိရာ နေရာအတိအကျကို ရှာဖွေရန် ဤစစ်ဆေးမှုကို အသုံးပြုနိုင်ပြီး ခွဲစိတ်ဆရာဝန်များက ထိုနေရာများကို မထိခိုက်စေဘဲ ခွဲစိတ်နိုင်ရန် ကူညီပေးသည်၊၊
- ပက်စကန် ရိုက်ခြင်း၊၊ ပက်စကန် သည် သွေးပြန်ကြောအတွင်းသို့ ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ် ထိုးသွင်းခြင်းဖြင့် ဦးနှောက်၏ ဇီဝကမ္မဖြစ်စဉ် လှုပ်ရှားမှုများကို မြင်တွေ့နိုင်ပြီး ပြောင်းလဲမှုများကို ခွဲခြားသိမြင်နိုင်သည်၊၊ ဦးနှောက်အတွင်း ဇီဝကမ္မဖြစ်စဉ် လှုပ်ရှားမှုနည်းသော နေရာများသည် တက်ခြင်းဖြစ်ပေါ်သည့် နေရာများကို ညွှန်ပြနေခြင်း ဖြစ်နိုင်သည်၊၊
- ဆပက် စကန် (SPECT)၊၊ အမ်အာအိုင် နှင့် အီးအီးဂျီ တို့က တက်ခြင်းစတင်သည့် ဦးနှောက်၏ နေရာအတိအကျကို ခွဲခြားမသိနိုင်သည့်အခါ ဆပက် စစ်ဆေးမှုကို အသုံးပြုသည်၊၊ ဤစစ်ဆေးမှုတွင် သွေးပြန်ကြောအတွင်းသို့ ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်ထိုးသွင်းကာ တက်နေစဉ်အတွင်း ဦးနှောက်ရှိ သွေးစီးဆင်းမှု လှုပ်ရှားမှုဆိုင်ရာ အသေးစိတ် သုံးဖက်မြင်မြေပုံကို ထုတ်ပေးသည်၊၊ တက်နေစဉ်အတွင်း အချို့နေရာများတွင် သွေးစီးဆင်းမှု တိုးလာခြင်းမှာ တက်ခြင်းဖြစ်ပွားသည့် နေရာများကို ညွှန်ပြနိုင်သည်၊၊ ပိုမိုတိကျသော ရလဒ်များ ရရှိရန်အတွက် ဆပက် နှင့် အမ်အာအိုင် ရလဒ်များကို ပေါင်းစပ်ပြီး အသေးစိတ်ကို ထပ်ဆင့်ကြည့်ရှုနိုင်သည့် စစ်ဆေးမှုမျိုးကိုလည်း ပြုလုပ်နိုင်သည်၊၊
- အာရုံကြောဆိုင်ရာ စိတ်ပညာစမ်းသပ်မှုများ၊၊ ဤစစ်ဆေးမှုများသည် လူတစ်ဦး၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ မှတ်ဉာဏ်နှင့် စကားပြောဆိုနိုင်စွမ်းတို့ကို တိုင်းတာသည်၊၊ စစ်ဆေးမှုရလဒ်များသည် တက်ခြင်းကြောင့် ထိခိုက်သွားသော ဦးနှောက်၏ နေရာများကို ခွဲခြားသိမြင်ရန် ကူညီပေးသည်၊၊
တက်ခြင်းသည် ဦးနှောက်၏ မည်သည့်နေရာမှ စတင်သည်ကို ဆုံးဖြတ်နိုင်ရန် သင့်စစ်ဆေးမှုရလဒ်များကို အောက်ပါနည်းလမ်းများဖြင့်လည်း ခွဲခြမ်းစိတ်ဖြာနိုင်သည်-
- စာရင်းအင်းဆိုင်ရာ ပါရာမက်ထရစ် မြေပုံဖော်ခြင်း (SPM)၊၊ ၎င်းသည် တက်နေစဉ်အတွင်း သွေးစီးဆင်းမှု တိုးလာသော နေရာများကို တက်ခြင်းမရှိသူများနှင့် နှိုင်းယှဉ်သည့် နည်းပညာဖြစ်သည်၊၊ ၎င်းသည် တက်ခြင်းစတင်ရာနေရာကို ဖော်ထုတ်ပေးသည်၊၊
- လျှပ်စစ်အရင်းအမြစ် ပုံရိပ်ဖော်ခြင်း (ESI)၊၊ ၎င်းသည် အီးအီးဂျီ ဒေတာများကို ဦးနှောက်၏ အမ်အာအိုင် ပုံရိပ်ပေါ်တွင် တင်ပြ၍ တက်ခြင်းဖြစ်ပွားနေသော ဦးနှောက်နေရာများကို ပေါ်လွင်စေသည့် နည်းလမ်းဖြစ်သည်၊၊ အီးအီးဂျီ တစ်ခုတည်းနှင့် နှိုင်းယှဉ်ပါက ဤနည်းလမ်းသည် ပိုမိုတိကျသော အချက်အလက်များကို ပေးသည်၊၊
- ဦးနှောက်သံလိုက်လှိုင်း တိုင်းတာခြင်း (MEG)၊၊ ဦးနှောက်လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသော သံလိုက်စက်ကွင်းများကို ဤနည်းဖြင့် တိုင်းတာသည်၊၊ ၎င်းသည် အတက်ရောဂါ စတင်နိုင်သည့် နေရာများကို ရှာဖွေရန် ကူညီပေးသည်၊၊ သံလိုက်စက်ကွင်းများသည် လျှပ်စစ်လှုံ့ဆော်မှုများထက် ဦးခေါင်းခွံနှင့် ဦးနှောက်တစ်ရှူးများ၏ သက်ရောက်မှု ခံရမှုနည်းသောကြောင့် ဤနည်းလမ်းသည် အီးအီးဂျီ ထက် ပိုမိုတိကျနိုင်သည်၊၊ ဤနည်းလမ်းဖြင့် ထွက်ပေါ်လာသော ပုံရိပ်များသည် တက်ခြင်းကြောင့် ထိခိုက်သည့်နေရာနှင့် မထိခိုက်သည့်နေရာများကို ညွှန်ပြပေးသည်၊၊
တက်ခြင်းအမျိုးအစားနှင့် ၎င်းတို့စတင်ရာ နေရာကို တိကျစွာ ရောဂါရှာဖွေနိုင်ခြင်းသည် အတက်ရောဂါအတွက် ထိရောက်သော ကုသမှုရှာဖွေနိုင်ခြေကို တိုးမြင့်စေရန်အတွက် အလွန်အရေးကြီးသည်၊၊ တက်ခြင်း၏ အမျိုးအစားနှင့် နေရာအတိအကျကို သိရှိခြင်းသည် သင့်လျော်သော ကုသမှုအစီအစဉ်ကို ရေးဆွဲရန်အတွက် တန်ဖိုးရှိသော အချက်အလက်များကို ပေးသည်၊၊ တိကျသော ရောဂါရှာဖွေမှုသည် ကျန်းမာရေးကျွမ်းကျင်သူများအား ဆေးဝါးများ၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း သို့မဟုတ် ခွဲစိတ်ကုသမှုများကဲ့သို့သော ကြားဝင်ဆောင်ရွက်မှုများကို အရင်းခံအကြောင်းရင်းကို ရည်ရွယ်၍ ထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် ကူညီပေးသည်၊၊ ထို့ကြောင့် တိကျသော ရောဂါရှာဖွေမှုသည် အတက်ရောဂါအတွက် အောင်မြင်သော ကုသမှုနည်းလမ်းကို ရှာဖွေနိုင်ရန် အခွင့်အလမ်းကို သိသိသာသာ မြင့်တက်စေသည်၊၊
ကုသခြင်း
အတက်ရောဂါရှိသူများသည် ကုသမှုခံယူခြင်းဖြင့် တက်သည့်အကြိမ်အရေအတွက် လျော့နည်းသွားခြင်း သို့မဟုတ် လုံးဝမတက်တော့ခြင်းမျိုး ကြုံတွေ့ရနိုင်သည်၊၊ ကုသမှုပုံစံများတွင် အောက်ပါတို့ ပါဝင်သည်-
ဆေးဝါးဖြင့်ကုသခြင်း
အတက်ရောဂါရှိသူအများစုသည် အတက်ကျဆေး သို့မဟုတ် အတက်ရောဂါကုဆေး တစ်မျိုးတည်းကို သောက်သုံးခြင်းဖြင့် တက်ခြင်းမရှိသော ဘဝကို ပိုင်ဆိုင်နိုင်ကြသည်၊၊ အချို့သူများတွင်မူ တက်သည့်အကြိမ်အရေအတွက်နှင့် ပြင်းထန်မှုကို လျှော့ချရန် ဆေးဝါးများ ပေါင်းစပ်သောက်သုံးရန် လိုအပ်နိုင်သည်၊၊ အချို့သောအခြေအနေများတွင် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ ရောဂါလက္ခဏာမပြတော့သော ကလေးငယ်များနှင့် လူကြီးများသည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ လမ်းညွှန်မှုအောက်တွင် ဆေးဝါးများရပ်ဆိုင်းခြင်းကို ပြုလုပ်နိုင်သည်၊၊
မှန်ကန်သော ဆေးဝါးနှင့် ဆေးပမာဏကို ဆုံးဖြတ်ခြင်းသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်နိုင်သည်၊၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ဆေးညွှန်းရာတွင် တက်သည့်အမျိုးအစား၊ တက်သည့်အကြိမ်အရေအတွက်၊ အသက်အရွယ်နှင့် အခြားသော ကျန်းမာရေးအခြေအနေများကဲ့သို့သော အချက်အလက်မျိုးစုံကို ထည့်သွင်းစဉ်းစားကြသည်၊၊ ထို့ပြင် လူနာသောက်သုံးနေသည့် အခြားသော ဆေးဝါးများနှင့် ဓာတ်ပြုနိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားကြသည်၊၊
ပုံမှန်အားဖြင့် ကုသမှုကို ဆေးတစ်မျိုးတည်း၏ အနိမ့်ဆုံးပမာဏဖြင့် စတင်လေ့ရှိပြီး တက်ခြင်းကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်အထိ ဆေးပမာဏကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားလေ့ရှိသည်၊၊ ရရှိနိုင်သော အတက်ကျဆေး အမျိုးအစားပေါင်း ၂၀ ထက်မကရှိပြီး ညွှန်ကြားမည့် သတ်မှတ်ဆေးဝါးမှာ လူနာ၏ တက်သည့်အမျိုးအစား၊ အသက်အရွယ်နှင့် အထွေထွေကျန်းမာရေးအခြေအနေပေါ်တွင် မူတည်သည်၊၊
ဤဆေးဝါးများသည် အကျိုးရှိသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်၊၊ အပျော့စား ဘေးထွက်ဆိုးကျိုးများတွင် နုံးချိခြင်း၊ မူးဝေခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အရိုးသိပ်သည်းဆ လျော့နည်းခြင်း၊ အရေပြားအနီကွက်များထွက်ခြင်း၊ ဟန်ချက်ပျက်ခြင်းနှင့် စကားပြောရာတွင် ပြဿနာရှိခြင်းတို့ ပါဝင်နိုင်သည်၊၊ ပိုမိုပြင်းထန်သော်လည်း ဖြစ်ခဲသည့် ဘေးထွက်ဆိုးကျိုးများတွင် စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုသော အတွေးနှင့် အမူအရာများ ဖြစ်ပေါ်ခြင်း၊ ပြင်းထန်သော အနီကွက်များထွက်ခြင်းနှင့် အချို့သော အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းခြင်းတို့ ပါဝင်နိုင်သည်၊၊
အတက်ကျဆေး၏ ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေရန် အောက်ပါအဆင့်များကို လိုက်နာရန် အရေးကြီးသည်-
- ဆေးဝါးများကို ညွှန်ကြားထားသည့်အတိုင်း တိတိကျကျ သောက်သုံးပါ၊၊
- မူရင်းဆေးမှ အမျိုးအစားတူ အခြားဆေး (Generic) သို့ ပြောင်းလဲခြင်း သို့မဟုတ် အခြားဆေးညွှန်းဆေးများ၊ ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူရရှိနိုင်သော ဆေးများ၊ တိုင်းရင်းဆေးများ မသောက်သုံးမီ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပါ၊၊
- သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် မဆွေးနွေးဘဲ ဆေးသောက်ခြင်းကို လုံးဝမရပ်လိုက်ပါနှင့်၊၊
- စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုသော အတွေးများ သို့မဟုတ် စိတ်ခံစားချက်နှင့် အမူအရာများ သိသိသာသာ ပြောင်းလဲလာခြင်းတို့ ကြုံတွေ့ရပါက သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ချက်ချင်းဆက်သွယ်ပါ၊၊
- သင့်တွင် ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို အသိပေးပါ၊ အဘယ်ကြောင့်ဆိုသော် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်ပေးနိုင်သလို အတက်ရောဂါကိုလည်း ကုသပေးနိုင်သည့် အတက်ကျဆေးများ ရှိသောကြောင့်ဖြစ်သည်၊၊
အတက်ရောဂါရှိကြောင်း အသစ်ရှာဖွေတွေ့ရှိသူများ၏ ထက်ဝက်ခန့်မှာ ပထမဆုံးသောက်သည့် ဆေးဝါးဖြင့်ပင် တက်ခြင်းကို ထိန်းချုပ်နိုင်ကြသည်၊၊ အကယ်၍ အတက်ကျဆေးများက ကျေနပ်ဖွယ်ရလဒ် မပေးနိုင်ပါက ခွဲစိတ်ကုသခြင်း သို့မဟုတ် အခြားကုထုံးများကဲ့သို့သော အခြားရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားနိုင်သည်၊၊ ရောဂါအခြေအနေနှင့် ဆေးဝါးထိရောက်မှုကို အကဲဖြတ်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပုံမှန်ပြသရန် လိုအပ်သည်၊၊
ခွဲစိတ်ကုသခြင်း
အတက်ကျဆေးများဖြင့် တက်ခြင်းကို လုံလောက်စွာ မထိန်းချုပ်နိုင်ဘဲ ၎င်းသည် လူတစ်ဦးအပေါ် ပြင်းထန်ပြီး အားအင်ကုန်ခမ်းစေသည့် သက်ရောက်မှုရှိနေသောအခါ ခွဲစိတ်ကုသခြင်းကို ကုသမှုနည်းလမ်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်သည်၊၊ အတက်ရောဂါ ခွဲစိတ်ကုသခြင်းသည် အထူးသဖြင့် အတက်ကျဆေး အမျိုးမျိုးကို စမ်းသပ်သောက်သုံးသော်လည်း မထိန်းချုပ်နိုင်သည့်အခါတွင် ဘေးကင်းပြီး ထိရောက်မှုရှိနိုင်သည်၊၊ ခွဲစိတ်ကုသမှုမှာ သင့်လျော်သော ရွေးချယ်မှု ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် အတက်ရောဂါဌာနတစ်ခုတွင် အကဲဖြတ်စစ်ဆေးမှုခံယူရန် အလွန်အရေးကြီးသည်၊၊ ခွဲစိတ်မှုဆိုင်ရာ ရွေးချယ်စရာများစွာရှိပြီး ၎င်းတို့တွင် ပုံမှန်မဟုတ်သော တစ်ရှူးများကို ဖယ်ရှားခြင်း၊ ဦးနှောက်အစိတ်အပိုင်းများကို ဆက်သွယ်ထားသော အမျှင်စုများကို ဖြတ်တောက်ခြင်း၊ ပုံမှန်မဟုတ်သော ဦးနှောက်တစ်ရှူးများကို ရည်ရွယ်ဖျက်ဆီးသည့် နည်းလမ်း သို့မဟုတ် အာရုံကြောလှုံ့ဆော်သည့် ကိရိယာများ ထည့်သွင်းခြင်းတို့ ပါဝင်သည်၊၊ ဤကိရိယာများသည် ဦးနှောက်ထံသို့ လျှပ်စစ်လှုံ့ဆော်မှုများ ပေးပို့ခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ တက်ခြင်းကို တဖြည်းဖြည်း လျှော့ချပေးသည်၊၊
ဦးနှောက်၏ သေးငယ်ပြီး တိကျသော နေရာတစ်ခုမှ စတင်တက်သည့် လူနာများအတွက် ခွဲစိတ်ရန် လျာထားသည့် ထိုနေရာသည် စကားပြောခြင်း၊ ဘာသာစကား၊ လှုပ်ရှားမှုစွမ်းရည်၊ အမြင်အာရုံ သို့မဟုတ် အကြားအာရုံကဲ့သို့သော အရေးကြီးသည့် လုပ်ဆောင်ချက်များကို အနှောင့်အယှက်မဖြစ်ပါက ပုံမှန်အားဖြင့် ခွဲစိတ်ရန် အကြံပြုလေ့ရှိသည်၊၊ သာမန်ခွဲစိတ်မှုပြုလုပ်ရန် ကြီးမားသော စိုးရိမ်ရမှုများရှိသည့် အခြေအနေများတွင် ထိုးဖောက်မှုအနည်းဆုံးဖြစ်စေသည့် အမ်အာအိုင် လမ်းညွှန်မှုဖြင့် လေဆာအသုံးပြု၍ ထိခိုက်နေသော တစ်ရှူးများကို ဖျက်ဆီးသည့် ကုသမှုနည်းလမ်းကို အသုံးပြုနိုင်သည်၊၊ ဤလုပ်ငန်းစဉ်များသည် တက်ခြင်းကို ဖြစ်စေသည့် ဦးနှောက်၏ သတ်မှတ်ထားသော နေရာသို့ အပူပေးလေဆာကို ဦးတည်စေပြီး ပြဿနာဖြစ်စေသော တစ်ရှူးများကို ဖျက်ဆီးကာ တက်ခြင်းကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်၊၊
အောင်မြင်သော ခွဲစိတ်မှုအပြီးတွင် အချို့သူများသည် တက်ခြင်းကို ကာကွယ်ရန် ဆေးဝါးများ ဆက်လက်လိုအပ်နိုင်သော်လည်း ၎င်းတို့အနေဖြင့် ဆေးအမျိုးအစားအရေအတွက်ကို လျှော့ချနိုင်ခြင်းနှင့် ဆေးပမာဏကို လျှော့ချနိုင်ခြင်းတို့ ပြုလုပ်နိုင်သည်၊၊ အတက်ရောဂါ ခွဲစိတ်မှုနှင့် ဆက်စပ်၍ စဉ်းစားတွေးခေါ်နိုင်စွမ်း အမြဲတမ်းပြောင်းလဲသွားခြင်း အပါအဝင် နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ အနည်းငယ်ရှိသည်ကို သတိပြုရန် အရေးကြီးသည်၊၊ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ခွဲစိတ်ကုသရေးအဖွဲ့၏ အတွေ့အကြုံ၊ အောင်မြင်မှုနှုန်းနှင့် ပြုလုပ်မည့် သတ်မှတ်ခွဲစိတ်မှု၏ နောက်ဆက်တွဲပြဿနာဖြစ်ပွားမှုနှုန်းတို့ကို ဆွေးနွေးတိုင်ပင်ရန် အကြံပြုအပ်ပါသည်၊၊
အခြားကုထုံးများ
ဆေးဝါးနှင့် ခွဲစိတ်ကုသမှုများအပြင် အတက်ရောဂါကို ကုသရန်အတွက် အောက်ပါ အခြားရွေးချယ်စရာ ကုထုံးများလည်း ရှိသည်-
- ဗေးဂတ်စ်အာရုံကြော လှုံ့ဆော်ခြင်း (Vagus Nerve Stimulation): ဆေးဝါးနှင့် ခွဲစိတ်ကုသမှုများက ထိရောက်မှုမရှိသည့်အခါ ဤကုထုံးကို ထည့်သွင်းစဉ်းစားနိုင်သည်၊၊ ဤကုထုံးတွင် နှလုံးခုန်နှုန်းထိန်းစက်ကဲ့သို့ပင် ဗေးဂတ်စ်အာရုံကြော လှုံ့ဆော်စက်ဟုခေါ်သော ကိရိယာလေးကို ရင်ဘတ်အရေပြားအောက်တွင် ထည့်သွင်းခြင်းဖြစ်သည်၊၊ လှုံ့ဆော်စက်မှ ဝိုင်ယာကြိုးများကို လည်ပင်းရှိ ဗေးဂတ်စ်အာရုံကြောနှင့် ဆက်သွယ်ထားသည်၊၊ ထိုကိရိယာသည် ဗေးဂတ်စ်အာရုံကြောမှတစ်ဆင့် ဦးနှောက်ထံသို့ လျှပ်စစ်စွမ်းအင်များ ပေးပို့ခြင်းဖြင့် တက်ခြင်းကို လျှော့ချပေးသည်၊၊ ၎င်းသည် မည်သို့အလုပ်လုပ်သည်ကို တိတိပပ မသိရသေးသော်လည်း ပုံမှန်အားဖြင့် တက်ခြင်းကို ၂၀% မှ ၄၀% အထိ လျော့နည်းစေနိုင်သည်၊၊ ဖြစ်ရပ်အများစုတွင် အတက်ကျဆေးများကို ဆက်လက်သောက်သုံးရန် လိုအပ်သော်လည်း အချို့သူများသည် ဆေးပမာဏကို လျှော့ချနိုင်သည်၊၊ ဘေးထွက်ဆိုးကျိုးအနေဖြင့် လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ အသက်ရှူမဝခြင်း သို့မဟုတ် ချောင်းဆိုးခြင်းတို့ ဖြစ်ပေါ်နိုင်သည်၊၊
- ဦးနှောက်အတွင်းပိုင်း လှုံ့ဆော်ခြင်း (Deep Brain Stimulation): ဤကုထုံးတွင် ဦးနှောက်၏ သတ်မှတ်ထားသောနေရာ (များသောအားဖြင့် သဲလ်လမတ်စ်) အတွင်းသို့ လျှပ်ကူးပစ္စည်းများကို ခွဲစိတ်ထည့်သွင်းခြင်းဖြစ်သည်၊၊ ထိုလျှပ်ကူးပစ္စည်းများကို ရင်ဘတ်တွင် ထည့်သွင်းထားသော လျှပ်စစ်ထုတ်စက်နှင့် ဆက်သွယ်ထားပြီး ၎င်းက ဦးနှောက်ထံသို့ ပုံမှန်လျှပ်စစ်လှိုင်းများကို သတ်မှတ်ထားသော အချိန်အပိုင်းအခြားအလိုက် ပေးပို့သည်၊၊ ဤကုထုံးကို ဆေးဝါးဖြင့် ကုသသော်လည်း မသက်သာသည့် လူနာများအတွက် အသုံးပြုလေ့ရှိပြီး တက်သည့်အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်သည်၊၊
- တုံ့ပြန်မှုရှိသော အာရုံကြောလှုံ့ဆော်ခြင်း (Responsive Neurostimulation): နှလုံးခုန်နှုန်းထိန်းစက်နှင့် ဆင်တူသော တုံ့ပြန်မှုရှိသော လှုံ့ဆော်စက်များကို တက်ခြင်းကို သိသိသာသာ လျှော့ချရန်အတွက် ထည့်သွင်းနိုင်သည်၊၊ ဤကိရိယာများသည် ဦးနှောက်၏ လှုပ်ရှားမှုပုံစံများကို ခွဲခြမ်းစိတ်ဖြာပြီး တက်တော့မည့် အခြေအနေကို စုံစမ်းသိရှိနိုင်သည်၊၊ တက်တော့မည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ၎င်းက လျှပ်စစ်လှိုင်း သို့မဟုတ် ဆေးဝါးကို ပေးပို့ကာ အခြေအနေမဆိုးရွားမီ တားဆီးပေးသည်၊၊ ဤကုထုံးသည် ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးပြီး ရေရှည်တွင် တက်ခြင်းမှ သက်သာရာရစေကြောင်း လေ့လာမှုများက ဖော်ပြသည်၊၊
ဆေးဝါးတစ်မျိုးတည်းဖြင့် တက်ခြင်းကို မထိန်းချုပ်နိုင်သူများ သို့မဟုတ် ခွဲစိတ်ရန် မဖြစ်နိုင်သူများအတွက် ဤအခြားရွေးချယ်စရာ ကုထုံးများသည် အခွင့်အလမ်းသစ်များ ဖြစ်သည်၊၊ မိမိ၏ အခြေအနေပေါ်မူတည်၍ အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို ဆုံးဖြတ်နိုင်ရန် ကျန်းမာရေးကျွမ်းကျင်သူနှင့် တိုင်ပင်ရန် အရေးကြီးသည်၊၊
ကီတိုဂျန်းနစ် အစားအစာ
ဆေးဝါးဖြင့် ကုသ၍ မထူးခြားသော အတက်ရောဂါရှိသည့် ကလေးများနှင့် လူကြီးများတွင် ကီတိုဂျန်းနစ် အစားအစာ စားသုံးခြင်းက တက်ခြင်းကို လျော့နည်းစေနိုင်ကြောင်း တွေ့ရှိရသည်၊၊ ဤအစားအစာပုံစံတွင် အဆီဓာတ်ကို အများအပြားစားသုံးပြီး ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) ကို ကန့်သတ်ရသည်၊၊ ထိုအခါ ခန္ဓာကိုယ်သည် စွမ်းအင်အတွက် အဆီများကို အစားထိုး အသုံးပြုလာသည်၊၊ ၎င်းသည် မည်သို့ကြောင့် ထိရောက်သည်ကို တိကျစွာ မသိရသေးသော်လည်း ကျွမ်းကျင်သူများက ဤအစားအစာသည် တက်ခြင်းကို နှိမ်နင်းပေးသည့် ဓာတုဗေဒဆိုင်ရာ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီး ဦးနှောက်ဆဲလ်များ၏ လုပ်ဆောင်ချက်များကို ပြောင်းလဲပေးသည်ဟု ယုံကြည်ကြသည်၊၊
မိမိ သို့မဟုတ် မိမိ၏ကလေးအတွက် ဤအစားအစာပုံစံကို မစတင်မီ အာဟာရချို့တဲ့မှုနှင့် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်ရန် ကျန်းမာရေးကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စနစ်တကျ ကြီးကြပ်မှုခံယူရန် အလွန်လိုအပ်သည်၊၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ကြီးထွားမှုနှေးခြင်းနှင့် သွေးအတွင်း ယူရစ်အက်စစ် မြင့်တက်ခြင်း (ကျောက်ကပ်ကျောက်တည်စေနိုင်သည်) ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သော်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာပါက ဖြစ်ပွားမှု အလွန်နည်းပါးသည်၊၊
ကီတိုဂျန်းနစ် အစားအစာအပြင် အက်ကင်စ်အစားအစာပုံစံနှင့် သကြားဓာတ်နည်းသော (Low-glycemic index) အစားအစာများကလည်း တက်ခြင်းကို ထိန်းချုပ်ရာတွင် အကျိုးရှိနိုင်သည်၊၊
နောင်တွင် ပေါ်ပေါက်လာနိုင်သော ကုသမှုများ
သိပ္ပံပညာရှင်များသည် အတက်ရောဂါအတွက် အောက်ပါ ကုသမှုအသစ်များကို သုတေသနပြုနေကြသည်-
- အာရုံခံနိုင်စွမ်းအောက် လှုံ့ဆော်ခြင်း (Subthreshold stimulation): ဤနည်းလမ်းသည် တက်ခြင်းစတင်ရာ နေရာကို ခန္ဓာကိုယ်က မသိနိုင်သည့် အဆင့်ဖြင့် အဆက်မပြတ် လှုံ့ဆော်ပေးခြင်းဖြစ်သည်၊၊ ၎င်းသည် တက်ခြင်းကို မစတင်မီကပင် ကာကွယ်ပေးသည်၊၊ ဤနည်းလမ်းသည် စကားပြောခြင်းနှင့် လှုပ်ရှားမှုဆိုင်ရာ အရေးကြီးသည့် ဦးနှောက်အစိတ်အပိုင်းမှ တက်ခြင်းစတင်သူများ (ခွဲစိတ်ဖယ်ရှား၍ မရသောနေရာများ) အတွက် ထိရောက်နိုင်သည်၊၊
- ထိုးဖောက်မှု အနည်းဆုံးဖြစ်စေသော ခွဲစိတ်မှု၊၊ အမ်အာအိုင် လမ်းညွှန်မှုဖြင့် အာထရာဆောင်း အသုံးပြု၍ ကုသခြင်းကဲ့သို့သော နည်းလမ်းသစ်များသည် သာမန်ဦးနှောက်ခွဲစိတ်မှုနှင့် နှိုင်းယှဉ်ပါက ဘေးထွက်ဆိုးကျိုးနှင့် စိုးရိမ်ရမှု ပိုမိုနည်းပါးသည်၊၊
- ဦးခေါင်းခွံပြင်ပမှ သံလိုက်လှိုင်းဖြင့် လှုံ့ဆော်ခြင်း (TMS): ခွဲစိတ်စရာမလိုဘဲ တက်ခြင်းဖြစ်ပွားသည့် ဦးနှောက်နေရာများသို့ သံလိုက်စက်ကွင်းများ အသုံးပြု၍ ကုသခြင်းဖြစ်သည်၊၊ ဦးနှောက်၏ မျက်နှာပြင်တွင် တက်ခြင်းဖြစ်ပွားပြီး ခွဲစိတ်ရန် ခက်ခဲသူများအတွက် အကျိုးရှိနိုင်သည်၊၊
- ပြင်ပ ထရိုင်ဂျမ်မီနယ် အာရုံကြော လှုံ့ဆော်ခြင်း (External trigeminal nerve stimulation): ဗေးဂတ်စ်အာရုံကြော လှုံ့ဆော်ခြင်းကဲ့သို့ပင် သတ်မှတ်ထားသော အာရုံကြောများကို လှုံ့ဆော်ပေးသည့် ကိရိယာဖြစ်သော်လည်း ၎င်းကို ခန္ဓာကိုယ်ပြင်ပတွင် ဝတ်ဆင်ရခြင်းဖြစ်ပြီး ခွဲစိတ်ထည့်သွင်းရန် မလိုပေ၊၊ ၎င်းသည် တက်ခြင်းကို ထိန်းချုပ်နိုင်ရုံသာမက စိတ်ခံစားချက်ကိုလည်း ပိုမိုကောင်းမွန်စေကြောင်း လေ့လာမှုများက ဖော်ပြသည်၊၊
