အကျဉ်းချုပ်အကြောင်းအရာ
ကလေးအတက်ရောဂါ ဆိုသည်မှာ ကလေးငယ်များတွင် ဖြစ်ပွားတတ်သော အာရုံကြောဆိုင်ရာ ရောဂါအခြေအနေတစ်မျိုးဖြစ်ပြီး ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော လျှပ်စစ်စီးဆင်းမှုများ ရုတ်တရက် ဖြစ်ပေါ်လာခြင်းကြောင့် အတက်ရောဂါလက္ခဏာများ ဖြစ်ပွားစေသည်၊၊ အတက်ရောဂါလက္ခဏာများသည် ကလေးငယ် သတိမေ့သွားခြင်းနှင့် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားခြင်းများ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် ပြသနိုင်သည်၊၊ သို့သော်လည်း အတက်ရောဂါလက္ခဏာအားလုံးမှာ ပုံစံတူညီကြသည်မဟုတ်ဘဲ အချို့ကလေးငယ်များတွင် အတက်ရောဂါဖြစ်ပွားနေစဉ်အတွင်း ငေးငိုင်နေခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးနေခြင်း စသည့် အမူအရာများကို ပြသနိုင်သည်၊၊
အတက်ရောဂါသည် တက်ခြင်းကို ဖြစ်စေနိုင်သော်လည်း ကလေးငယ်များတွင် တက်ခြင်းတိုင်းမှာ အတက်ရောဂါကြောင့်ဟု မဆိုနိုင်ကြောင်း သတိပြုရန် အရေးကြီးသည်၊၊ အတက်ရောဂါရှိကြောင်း အတည်ပြုရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ကလေးငယ်တွင် အခြားအခြေခံကျန်းမာရေးပြဿနာများနှင့် ဆက်စပ်မှုမရှိဘဲ အကြိမ်ကြိမ် တက်ခြင်းရှိ၊ မရှိကို စစ်ဆေးလိမ့်မည်၊၊
ကျန်းမာရေးကျွမ်းကျင်သူများသည် ဤရောဂါအခြေအနေကို ကလေးအတက်ရောဂါ သို့မဟုတ် အတက်ရောဂါစုဟု ခေါ်ဆိုနိုင်သည်၊၊ ကလေးငယ်များရှိ အတက်ရောဂါအတွက် ကုသမှုပုံစံများတွင် ဆေးဝါးဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဆေးဘက်ဆိုင်ရာကိရိယာများ ထည့်သွင်းခြင်းနှင့် ကီတိုဂျန်းနစ် အစားအသောက်ပုံစံကို အသုံးပြုခြင်းတို့ ပါဝင်နိုင်သည်၊၊
ကလေးငယ်များတွင် ဖြစ်ပွားတတ်သော အတက်ရောဂါ အမျိုးအစားများစွာရှိပြီး ၎င်းတို့မှာ-
- ငေးတက်သော အတက်ရောဂါ၊၊ ၎င်းသည် ခေတ္တခဏ စိတ်ရှုပ်ထွေးခြင်းနှင့် ငေးငိုင်နေခြင်းတို့ကို ဖြစ်စေပြီး ထိုအချိန်အတွင်း ကလေးငယ်သည် ပတ်ဝန်းကျင်လှုံ့ဆော်မှုများကို တုံ့ပြန်နိုင်စွမ်းမရှိပေ၊၊
- ရိုလန်ဒစ် အတက်ရောဂါ၊၊ ဤအတက်ရောဂါအမျိုးအစားသည် အိပ်ပျော်ခါနီး သို့မဟုတ် နိုးခါနီးအချိန်များတွင် ဖြစ်ပွားတတ်ပြီး ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းတွင် မထိန်းချုပ်နိုင်သော လှုပ်ရှားမှုများကို ဖြစ်စေနိုင်ကာ စကားပြောဆိုခြင်းကိုလည်း ထိခိုက်စေနိုင်သည်၊၊
- ဆယ်ကျော်သက် ကြွက်သားတုန်ခါ အတက်ရောဂါ၊၊ ပျိုဖော်ဝင်စအရွယ်တွင် အဖြစ်များပြီး အဓိကအားဖြင့် နိုးလာချိန်တွင် ကြွက်သားများ တုန်ခါခြင်းနှင့် ဆတ်ခနဲလှုပ်ရှားခြင်းတို့ကို ဖြစ်စေသည်၊၊
- ကလေးသူငယ် အကြောဆွဲရောဂါ (ဝက်စ် ရောဂါစု)၊၊ ၎င်းတို့သည် မွေးကင်းစကလေးငယ်များတွင် ဖြစ်ပွားသော ပြင်းထန်သည့် အတက်ရောဂါများဖြစ်ပြီး အဓိကအားဖြင့် အိပ်စက်မှု အကူးအပြောင်းအချိန်များတွင် တုန်ခါခြင်း၊ ဆတ်ခနဲလှုပ်ရှားခြင်းနှင့် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားခြင်းတို့ကို ဖြစ်စေသည်၊၊
- လင်းနော့စ်-ဂက်စ်တော့် ရောဂါစု၊၊ ဤရောဂါစုသည် ရုတ်တရက် ကြွက်သားများ တောင့်တင်းသွားခြင်းနှင့် ပြော့ခွေသွားခြင်းတို့ကို ဖြစ်စေသည့်အပြင် အတက်ရောဂါဖြစ်နေစဉ်အတွင်း သတိမရှိခြင်းနှင့် တုံ့ပြန်မှုမရှိခြင်းတို့ကို ဖြစ်စေသည်၊၊
ရောဂါလက္ခဏာများ
ကလေးငယ်များတွင် အတက်ရောဂါ၏ ပထမဆုံးလက္ခဏာမှာ တက်ခြင်းဖြစ်သည်၊၊ တက်နေစဉ်အတွင်း ကလေးငယ်များတွင် အောက်ပါအတိုင်း ပြသနိုင်သည်-
- မေ့လဲခြင်း သို့မဟုတ် သတိလစ်သွားခြင်း၊၊
- ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို မထိန်းချုပ်နိုင်ဘဲ ဆတ်ခနဲလှုပ်ခြင်း၊ တုန်ခါခြင်း သို့မဟုတ် ထပ်တလဲလဲ လှုပ်ရှားခြင်း၊၊
- စကားမပြောနိုင်ခြင်း၊ နှုတ်ခမ်းကို တသသလုပ်ခြင်း သို့မဟုတ် ပါးစပ်ဖြင့် ဝါးနေသကဲ့သို့ လုပ်ခြင်း၊၊
- နှလုံးခုန်နှုန်း မြန်ခြင်း၊၊
- အသက်ရှူမြန်ခြင်း၊၊
မွေးကင်းစကလေးငယ်များတွင် အတက်ရောဂါလက္ခဏာကို ခွဲခြားသိမြင်ရန်မှာ လူကြီးကလေးများထက် ပိုမိုခက်ခဲနိုင်သည်၊၊ ပြုစုစောင့်ရှောက်သူတစ်ဦးအနေဖြင့် ပုံမှန်မဟုတ်သော အမူအရာမှန်သမျှကို လေ့လာမှတ်သားရန်၊ ထိုအမူအရာများ မည်မျှကြာသည်ကို မှတ်သားရန်နှင့် ထိုလေ့လာတွေ့ရှိချက်များကို ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးရန် အရေးကြီးသည်၊၊
တက်ပြီးနောက်တွင် ကလေးငယ်သည် နုံးချိခြင်း သို့မဟုတ် ဖြစ်ပျက်ခဲ့သည့်အရာများအပေါ် စိတ်ရှုပ်ထွေးခြင်းတို့ကို ခံစားရနိုင်သည်၊၊ အတက်ရပ်သွားသည်အထိ ၎င်းတို့သည် ဖြစ်ပျက်ခဲ့သမျှကို မည်သည်မျှ မှတ်မိလိမ့်မည်မဟုတ်ပေ၊၊ တက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းများလည်း မကြာခဏ ဖြစ်ပေါ်တတ်သည်၊၊
ကလေးငယ်တွင် အောက်ပါတို့ ခံစားရပါက ဆေးဘက်ဆိုင်ရာ အကူအညီ ရယူပါ-
- တက်သည့်အကြိမ်အရေအတွက် ပိုမိုများပြားလာခြင်း၊၊
- အတက်ကျဆေးများကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်း၊၊
- စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း၊၊
- မျှော်မှန်းထားသည့် အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို မရောက်ရှိခြင်း၊၊
အကြောင်းရင်းများ
ကလေးငယ်များတွင် အတက်ရောဂါဖြစ်ပွားရခြင်းမှာ ဦးနှောက်အတွင်း မထိန်းချုပ်နိုင်သော လှပ်စစ်စီးဆင်းမှုများကြောင့် ဦးနှောက်ဆဲလ်များအကြား ဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေသောကြောင့်ဖြစ်သည်၊၊ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများတွင် ဦးခေါင်းဒဏ်ရာရခြင်း၊ မွေးဖွားစဉ် နောက်ဆက်တွဲပြဿနာများ၊ ကူးစက်ရောဂါများ၊ မွေးရာပါ ဦးနှောက်ပုံစံမမှန်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာ ပါဝင်မှု သို့မဟုတ် တိကျသော အကြောင်းရင်းမရှိဘဲ ဖြစ်ပွားခြင်းတို့ ပါဝင်သည်၊၊ ကလေးအတက်ရောဂါ၏ မြစ်ဖျားခံရာများကို ပိုမိုနားလည်နိုင်ရန် လက်ရှိတွင် သုတေသနပြုမှုများ ဆက်လက်လုပ်ဆောင်နေသည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
ကလေးငယ်တစ်ဦးတွင် အောက်ပါအချက်များရှိပါက အတက်ရောဂါဖြစ်ပွားရန် အလားအလာ ပိုများနိုင်သည်-
- မျိုးရိုးဗီဇဆိုင်ရာ အလားအလာ သို့မဟုတ် ၎င်းတို့၏ ဇီဝမိသားစုအတွင်း အတက်ရောဂါရာဇဝင်ရှိခြင်း၊၊
- ဦးနှောက်ထိခိုက်ဒဏ်ရာရဖူးသည့် ရာဇဝင်ရှိခြင်း၊၊
- ဦးနှောက်အတွင်း ကူးစက်ရောဂါဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း၊၊
- အခြားသော အာရုံကြောဆိုင်ရာ ရောဂါစုများ သို့မဟုတ် ပြဿနာများရှိခြင်း၊၊
ရောဂါရှာဖွေခြင်း
ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အောက်ပါစစ်ဆေးမှုများနှင့် စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ကလေးငယ်တွင် အတက်ရောဂါရှိမရှိကို ရောဂါရှာဖွေဖော်ထုတ်လိမ့်မည်၊၊
- ကိုယ်ကာယစစ်ဆေးခြင်း၊၊ ကိုယ်ကာယစစ်ဆေးမှုပြုလုပ်စဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင့်ကလေး၏ အသက်ရှင်သန်မှုဆိုင်ရာ အချက်အလက်များကို စစ်ဆေးခြင်း၊ ရောဂါလက္ခဏာများအကြောင်း ပိုမိုလေ့လာခြင်းနှင့် အသေးစိတ်ဇီဝမိသားစုရာဇဝင်အပါအဝင် ပြည့်စုံသော ဆေးရာဇဝင်ကို မေးမြန်းခြင်းတို့ ပြုလုပ်လိမ့်မည်၊၊
- အာရုံကြောဆိုင်ရာ စစ်ဆေးခြင်း၊၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင့်ကလေး၏ ဦးနှောက်နှင့် အာရုံကြောစနစ် မည်သို့အလုပ်လုပ်သည်ကို အကဲဖြတ်လိမ့်မည်၊၊
- သွေးစစ်ဆေးခြင်း၊၊ အခြေခံကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် သင့်ကလေးတွင် ရောဂါလက္ခဏာများ ဖြစ်ပွားခြင်းရှိ၊ မရှိ စစ်ဆေးရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သွေးစစ်ရန် ညွှန်ကြားနိုင်သည်၊၊
- ပုံရိပ်ဖော်စစ်ဆေးခြင်း၊၊ သံလိုက်ဓာတ်မှန် (အမ်အာအိုင်) ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများသည် သင့်ကလေး၏ ကုသရေးအဖွဲ့အား ၎င်းတို့၏ ဦးနှောက်လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်စေရန် ကူညီပေးနိုင်သည်၊၊
- ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်း (အီးအီးဂျီ)၊၊ နာကျင်မှုမရှိသော ဤစစ်ဆေးမှုသည် သင့်ကလေး၏ ဦးနှောက်အတွင်းရှိ လျှပ်စစ်စီးဆင်းမှု လှုပ်ရှားမှုများကို တိုင်းတာပေးသည်၊၊
ဤစမ်းသပ်မှုများသည် သင့်ကလေး တက်ရခြင်း၏ အခြေခံအကြောင်းရင်းများကို နားလည်စေရန်နှင့် ထိုသို့ဖြစ်စေနိုင်သော အခြားရောဂါအခြေအနေများကို ဖယ်ထုတ်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ကူညီပေးသည်၊၊ အတက်ရောဂါရှိကြောင်း ရောဂါရှာဖွေအတည်ပြုရန် အချိန်ယူရနိုင်ပြီး ပုံမှန်အားဖြင့် ချက်ချင်းလက်ငင်း အဖြေထွက်လေ့မရှိပေ၊၊
ကုသခြင်း
ကလေးငယ်များရှိ အတက်ရောဂါအတွက် ကုသမှုပုံစံများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- အတက်ကို ထိန်းချုပ်ရန် ဆေးဝါးများ၊၊ အတက်ရောဂါလက္ခဏာများကို စီမံခန့်ခွဲရန်နှင့် တက်သည့်အကြိမ်အရေအတွက်ကို လျှော့ချရန်အတွက် အတက်ကျဆေးများကို မကြာခဏ ညွှန်ကြားလေ့ရှိသည်၊၊ ဤဆေးဝါးများသည် တက်ခြင်းကို ဖြစ်စေသော ဦးနှောက်အတွင်းရှိ ပုံမှန်မဟုတ်သော လျှပ်စစ်စီးဆင်းမှုများကို ကာကွယ်ခြင်းဖြင့် အလုပ်လုပ်သည်၊၊ ဆေးဝါးများ ထိရောက်မှုရှိစေရန်အတွက် သင့်ကလေးအား ညွှန်ကြားထားသည့်အတိုင်း ဆေးသောက်ရန်မှာ အလွန်အရေးကြီးသည်၊၊
- ခွဲစိတ်ကုသခြင်း၊၊ ဆေးဝါးများဖြင့် အတက်ကို ထိရောက်စွာ မထိန်းချုပ်နိုင်သော အခြေအနေမျိုးတွင် အထူးပြု ဦးနှောက်ခွဲစိတ်ကုသမှုကို အကြံပြုနိုင်သည်၊၊ ဤခွဲစိတ်ကုသမှုသည် သင့်ကလေး၏ အတက်ရောဂါဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်းကို ရည်ရွယ်ကုသရန် ဖြစ်သည်၊၊
- ဆေးဘက်ဆိုင်ရာကိရိယာများ ထည့်သွင်းခြင်း၊၊ ဆေးဝါးများဖြင့် မလုံလောက်သည့်အခါ အတက်ရောဂါလက္ခဏာများကို စီမံခန့်ခွဲရာတွင် ကူညီရန် အဆင့်မြင့်ဆေးဘက်ဆိုင်ရာကိရိယာများကို ထည့်သွင်းနိုင်သည်၊၊ အသုံးများသော ကိရိယာများမှာ-
- ဗေးဂတ်စ် အာရုံကြော လှုံ့ဆော်စက် (ဗွီအန်အက်စ်)၊၊ ဤကိရိယာသည် ဗေးဂတ်စ်အာရုံကြောထံသို့ ထိန်းချုပ်ထားသော လျှပ်စစ်လှုံ့ဆော်မှုများကို ပေးပို့ပြီး ဦးနှောက်ဆဲလ်များ၏ လုပ်ဆောင်ချက်ကို ထိန်းညှိပေးသည်၊၊
- ဦးနှောက်အတွင်းပိုင်း လှုံ့ဆော်စက် (ဒီဘီအက်စ်)၊၊ ဤကိရိယာသည် ဦးနှောက်၏ သတ်မှတ်ထားသော နေရာများ၏ လုပ်ဆောင်ချက်ကို ပြုပြင်ပြောင်းလဲရန် တိကျသော လျှပ်စစ်စီးကြောင်းများကို ပေးပို့သည်၊၊
- ကီတိုဂျန်းနစ် အစားအသောက်ပုံစံ၊၊ ကုသရန်ခက်ခဲသော အတက်ရောဂါရှိသည့် ကလေးငယ်များအတွက် ကီတိုဂျန်းနစ် အစားအသောက်ပုံစံသည် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်၊၊ ဤအစားအသောက်ပုံစံတွင် အဆီဓာတ်များပြီး ကာဗိုဟိုက်ဒရိတ်ဓာတ် နည်းပါးသော အစားအစာများ ပါဝင်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုအောက်တွင်သာ လုပ်ဆောင်သင့်သည်၊၊
