ခြုံငုံသုံးသပ်ချက်

အရေပြားအောက်တွင် ဖြစ်ပေါ်တတ်သော အကျိတ်ငယ်များကို အပီဒါးမွိုက်ဆစ် (Epidermoid cysts) ဟု ခေါ်ဆိုပြီး ၎င်းတို့သည် ကင်ဆာမဟုတ်သော အကျိတ်ငယ်များဖြစ်သည်။ ခန္ဓာကိုယ် အရေပြား မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း မျက်နှာ၊ လည်ပင်းနှင့် ကိုယ်ထည် တို့တွင် အဖြစ်အများဆုံးဖြစ်သည်။

အပီဒါးမွိုက်ဆစ်များသည် ကြီးထွားမှု နှေးကွေးခြင်းနှင့် နာကျင်မှုမရှိခြင်းတို့ကြောင့် ပြဿနာ ဖြစ်ခဲသလို ကုသမှုလည်း မလိုအပ်တတ်ပါ။ သို့သော် အကျိတ်၏ ပုံသဏ္ဌာန်ကြောင့် စိတ် အနှောင့် အယှက် ဖြစ်ရလျှင်သော်လည်းကောင်း၊ နာကျင်ခြင်း၊ ပေါက်ထွက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသ၍ ဖယ်ရှားနိုင်ပါသည်။

အပီဒါးမွိုက်ဆစ်များကို ဆီကြည်အကျိတ် (Sebaceous cysts) နှင့် မှားယွင်းတတ်ကြသော်လည်း ၎င်းတို့မှာ မတူညီကြပါ။ ဆီကြည်အကျိတ်အစစ်အမှန်မှာ ဖြစ်ပွားမှု နည်းပါးသည်။ ၎င်းတို့သည် အရေပြားနှင့် ဆံသားကို ချောမွေ့စေရန် အဆီထုတ်ပေးသော ဂလင်းများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

အပီဒါးမွိုက်ဆစ်၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည် – မျက်နှာ၊ လည်ပင်း သို့မဟုတ် ကိုယ်ထည်တို့တွင် အဖြစ်များသော အရေပြားအောက်ရှိ သေးငယ်၍ လုံးဝန်းသော အဖုအကျိတ်များ။ အကျိတ်၏ ထိပ်ဝတွင် ပိတ်ဆို့နေသော ဆားဝက်ခြံကဲ့သို့ အမည်းစက်လေးတစ်ခု။ ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်း ဖြစ်ပွားပါက နီမြန်းခြင်း၊ ဖောင်ကြွခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ တစ်ခါတစ်ရံ အကျိတ်မှ အဝါရောင်ရှိသော အနံ့ဆိုးသည့် အနှစ်များ ထွက်လာတတ်သည်။

အပီဒါးမွိုက်ဆစ် အများစုသည် ဘေးဥပဒ်မရှိသဖြင့် ကုသရန် မလိုအပ်ပါ။ သို့သော် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ပြသသင့်သည် – အကျိတ်သည် အလွန်လျင်မြန်စွာ ကြီးထွားလာခြင်း။ အကျိတ်ရှိသောနေရာသည် မကြာခဏ ပွတ်တိုက်မိ၍ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း။ အကျိတ်ပေါက်ထွက်ခြင်း၊ နာကျင်ခြင်း သို့မဟုတ် ပိုးဝင်ခြင်း။ ရုပ်ပိုင်းဆိုင်ရာ အလှအပအတွက် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း။ လက်ချောင်း သို့မဟုတ် ခြေချောင်းကဲ့သို့ ပုံမှန်မဟုတ်သော နေရာများတွင် ဖြစ်ပေါ်ခြင်း။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

လူ့ခန္ဓာကိုယ်၏ အရေပြား အပေါ်ယံလွှာမှ ဆဲလ်များသည် ပုံမှန်အားဖြင့် အလိုအလျောက် ကွာကျလေ့ရှိသည်။ အပီဒါးမွိုက်ဆစ် အများစုမှာ ထိုဆဲလ်များ ကွာမကျဘဲ အရေပြားအတွင်းပိုင်းသို့ ရောက်ရှိကာ ပွားများလာရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အရေပြား ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် မွေးညင်းပေါက် အပေါ်ယံလွှာ ရောင်ရမ်းခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။

အရေပြားဆဲလ်များသည် အကျိတ်၏ နံရံများကို ဖြစ်ပေါ်စေပြီး ၎င်းအတွင်းသို့ ကာရက်တင် (Keratin) ဟုခေါ်သော ပရိုတင်းတစ်မျိုးကို ထုတ်လွှတ်သည်။ အကျိတ်မှ ထွက်လာတတ်သော အဝါရောင် အနှစ်များမှာ ထိုကာရက်တင်များပင် ဖြစ်သည်။ ပျက်စီးနေသော အဆီဂလင်း သို့မဟုတ် မွေးညင်းပေါက်များကြောင့် ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်း ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေရှိသော အချက်များ

မည်သူမဆို အပီဒါးမွိုက်ဆစ် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖြစ်ပေါ်နိုင်သော်လည်း မျိုးရိုးဗီဇဆိုင်ရာ အခြေအနေရှိခြင်း၊ အရေပြား ထိခိုက်ဒဏ်ရာရခြင်းနှင့် အရွယ်ရောက်ပြီးသူ (ပျိုဖော်ဝင်ပြီးသူ) ဖြစ်ခြင်းတို့သည် ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါသည်။

ရောဂါရှာဖွေခြင်း

ယေဘုယျအားဖြင့် ဆရာဝန်မှ အကျိတ်ကို စစ်ဆေးကြည့်ရုံဖြင့် ရောဂါအခြေအနေကို သိရှိနိုင်သည်။ ထို့အပြင် ဆရာဝန်သည် အရေပြားဆဲလ်အချို့ကို ခြစ်ယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း သို့မဟုတ် အသားစယူခြင်း (Biopsy) ပြုလုပ်၍ ဓာတ်ခွဲခန်းသို့ ပေးပို့ကာ အသေးစိတ် စစ်ဆေးနိုင်ပါသည်။

အပီဒါးမွိုက်ဆစ် (Epidermoid cysts) များသည် ဆီကြည်အကျိတ် (Sebaceous cysts) များနှင့် ဆင်တူသော်လည်း ၎င်းတို့မှာ မတူညီကြပါ။ အပီဒါးမွိုက်ဆစ်အစစ်အမှန်မှာ အရေပြားအပေါ်ယံလွှာ သို့မဟုတ် မွေးညင်းပေါက်များ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကုသမှု

ပုံမှန်အားဖြင့် အကျိတ်သည် နာကျင်မှုမရှိခြင်း သို့မဟုတ် အလှအပပိုင်းဆိုင်ရာ ထိခိုက်မှုမရှိပါက ထားရှိနိုင်ပါသည်။ အကယ်၍ ကုသမှုခံယူရန် ဆုံးဖြတ်ပါက အောက်ပါနည်းလမ်းများကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည် –

  • ဆေးထိုးခြင်း – ဤနည်းလမ်းသည် အကျိတ်အတွင်းသို့ ရောင်ရမ်းမှုနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်မှုကို လျော့နည်းစေသော ဆေးတစ်မျိုးကို ထိုးထည့်ခြင်းဖြစ်သည်။
  • ခွဲထုတ်၍ အရည်စုပ်ထုတ်ခြင်း – ဆရာဝန်မှ အကျိတ်ကို အနည်းငယ်လှီး၍ အတွင်းရှိ အနှစ်များကို ဂရုတစိုက် ညှစ်ထုတ်ပေးခြင်းဖြစ်သည်။ ဤနည်းလမ်းမှာ မြန်ဆန်ရိုးရှင်းသော်လည်း ကုသမှုခံယူပြီးနောက် အကျိတ်များ ပြန်လည်ဖြစ်ပေါ်လေ့ရှိသည်။
  • အသေးစားခွဲစိတ်မှု – ဆရာဝန်မှ အကျိတ်တစ်ခုလုံးကို ဖယ်ရှားပေးနိုင်ပါသည်။ ခွဲစိတ်ပြီးနောက် ချုပ်ရိုးဖြတ်ရန်အတွက် ဆေးခန်းသို့ ပြန်လည်သွားရောက်ရန် လိုအပ်နိုင်ပါသည်။ အသေးစားခွဲစိတ်မှုသည် ဘေးကင်းပြီး ထိရောက်မှုရှိသည့်အပြင် အကျိတ်များ ပြန်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သည်။ အကယ်၍ အကျိတ်မှာ ရောင်ရမ်းနေပါက ဆရာဝန်က ခွဲစိတ်မှုကို ခေတ္တရွှေ့ဆိုင်းထားနိုင်ပါသည်။

Doctors who treat this condition