ဦးနှောက်ရောင်ရမ်းခြင်း
Overview ဦးနှောက်ရောင်ရမ်းခြင်းသည် ဖြစ်ခဲပြီး ပြင်းထန်လေ့ရှိသော အခြေအနေတစ်ခုဖြစ်ကာ ဦးနှောက်အတွင်း ရောင်ရမ်းမှုဖြစ်ပွားခြင်းကို ဆိုလိုသည်။ ယင်းသည် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား ပိုးဝင်ခြင်း၊ အချို့သော ဆေးဝါးများ သို့မဟုတ် ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာများအပါအဝင် အကြောင်းရင်းများစွာကြောင့် ဖြစ်ပွားနိုင်သည်။
ကိုယ်ခံအားစနစ်က ဦးနှောက်ကို ပြန်လည်တိုက်ခိုက်ရာမှ ရောင်ရမ်းမှုဖြစ်လာသောအခါ ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်း ဖြစ်ပွားသည်။ ပိုးဝင်ခြင်းကြောင့် ဦးနှောက်အတွင်း ရောင်ရမ်းမှုဖြစ်ပွားခြင်းကို ကူးစက်တတ်သော ဦးနှောက်ရောင်ခြင်းဟု ခေါ်ဆိုပြီး အချို့သောအခြေအနေများတွင် ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရပါ။
ဦးနှောက်ရောင်ရမ်းခြင်း၏ အဖြစ်များသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် လည်ပင်းနာခြင်းတို့ ပါဝင်သည်။ ဦးနှောက်ရောင်ရမ်းခြင်းသည် ဦးနှောက်၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပြီး စိတ်ရှုပ်ထွေးခြင်းနှင့် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။ ဦးနှောက်ရောင်ရမ်းခြင်း၏ သိမှုပိုင်းဆိုင်ရာ လက္ခဏာများသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာများ ပျောက်ကင်းသွားပြီးနောက် အချိန်ကြာမြင့်သည်အထိ ဆက်လက်ရှိနေနိုင်သည်။ ယင်းသည် ပြင်းထန်သောကြောင့် ဦးနှောက်ရောင်ရမ်းခြင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ချက်ချင်း ဆေးကုသမှုခံယူရန် အလွန်အရေးကြီးသည်။
Symptomsဦးနှေ ာက်ရောင်ရမ်းခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ ရောင်ရမ်းခြင်းကို ဖြစ်စေသော အရင်းခံအကြောင်းရင်းအပေါ် မူတည်သည်။ ဦးနှောက်ရောင်ရမ်းခြင်းသည် လက္ခဏာရပ်များစွာဖြင့် ပြသနိုင်ပြီး ယင်းတို့တွင် စိတ်ရှုပ်ထွေးခြင်း၊ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲခြင်း၊ အတက်ရောဂါဖြစ်ခြင်းတို့အပြင် အမြင်အာရုံနှင့် အကြားအာရုံ ပြောင်းလဲခြင်းကဲ့သို့သော လှုပ်ရှားမှုနှင့် အာရုံခံစားမှုဆိုင်ရာ ပြဿနာများ ပါဝင်သော်လည်း ယင်းတို့တင်မကဘဲ အခြားလက္ခဏာများလည်း ရှိနိုင်သည်။
ကူးစက်တတ်သော ဦးနှောက်ရောင်ခြင်း၏ ပုံမှန်တုပ်ကွေးကဲ့သို့သော လက္ခဏာများနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် အောက်ပါတို့ပါဝင်သည် –
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- နုံးခွေခြင်း
- အားနည်းခြင်း
- ကြွက်သား သို့မဟုတ် အဆစ်များ နာကျင်ခြင်း
နာရီပိုင်းမှ ရက်ပိုင်းအတွင်း ဖြစ်ပွားလာနိုင်သော အခြားခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဆိုင်ရာ လက္ခဏာများမှာ အောက်ပါတို့ဖြစ်သည် –
- လည်ပင်းတောင့်တင်းခြင်း
- စိတ်ကူးယောင်ခြောက်ခြားခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း
- အတက်ရောဂါဖြစ်ခြင်း
- ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ ဖြစ်ခြင်း
- အာရုံခံစားမှု ဆုံးရှုံးခြင်း သို့မဟုတ် ခန္ဓာကိုယ် သို့မဟုတ် မျက်နှာရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို မလှုပ်ရှားနိုင်ခြင်း
- ကြွက်သားများ အားနည်းခြင်း
- စကားပြောခြင်းနှင့် အကြားအာရုံဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
- အလင်းရောင် မခံနိုင်ခြင်း
- သတိလစ်မေ့မြောခြင်း (ကိုမာဝင်ခြင်းအပါအဝင်)
မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် တွေ့ရနိုင်သော လက္ခဏာများနှင့် ရောဂါလက္ခဏာများမှာ အောက်ပါတို့ဖြစ်သည် –
- နို့ သို့မဟုတ် အစာ ကောင်းစွာမစားခြင်း
- စိတ်တိုလွယ်ခြင်း
- အန်ခြင်းနှင့် ပျို့ခြင်း
- ကလေးငယ်၏ ဦးခေါင်းခွံရှိ နူးညံ့သောအောက်ခံနေရာ (ငယ်ထိပ်) ဖောင်းတက်လာခြင်း
- တစ်ကိုယ်လုံး အနှံ့ တောင့်တင်းနေခြင်း။
လူတိုင်းတွင် မတူညီသော လက္ခဏာများကို ခံစားရသည်။ သို့သော်လည်း လူများ (အထူးသဖြင့် ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်နေသူများ) တွင် ရက်သတ္တပတ်ပေါင်းများစွာအတွင်း တဖြည်းဖြည်းချင်း ပေါ်လာတတ်သည့် လက္ခဏာရပ်များ ရောနှောကာ ခံစားရလေ့ရှိသည်။ လက္ခဏာများတွင် အောက်ပါတို့ပါဝင်နိုင်သည် –
- ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲခြင်း
- မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
- အတက်ရောဂါဖြစ်ခြင်း
- လက်တွေ့တွင် မရှိသော သို့မဟုတ် မဟုတ်သောအရာများကို ကြားရခြင်း၊ မြင်ရခြင်း သို့မဟုတ် အာရုံခံစားရခြင်း (စိတ်ကူးယောင်ခြောက်ခြားခြင်း)
- စိတ်ဖောက်ပြန်ခြင်း သို့မဟုတ် အစစ်အမှန်နှင့် အစစ်မဟုတ်သောအရာကို ခွဲခြားမရနိုင်ခြင်း
- အိပ်စက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
- အမြင်အာရုံ ပြောင်းလဲခြင်း
- အာရုံခံစားမှု ဆုံးရှုံးခြင်း
- ကြွက်သားများ အားနည်းခြင်း
- လမ်းလျှောက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
- ပုံမှန်မဟုတ်သော လှုပ်ရှားမှု ပုံစံများဖြစ်ခြင်း
- အူလမ်းကြောင်းနှင့် ဆီးအိမ်ဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
အကယ်၍ လက္ခဏာများနှင့် ရောဂါလက္ခဏာများ ဆက်လက်ရှိနေပါက ဆေးကုသမှုဆိုင်ရာ အကူအညီကို ချက်ချင်းရယူရန် အလွန်လိုအပ်သည်။ ယင်းသည် ဦးနှောက်ရောင်ရမ်းမှု လက္ခဏာများ အပျော့စားဖြစ်နေလျှင်ပင် ပထမဆုံး လုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်သင့်သည်။ ထို့အပြင် ဦးနှောက်ရောင်ရမ်းခြင်းဆိုင်ရာ လက္ခဏာ သို့မဟုတ် ရောဂါလက္ခဏာ တစ်ခုခုပြသနေသော မွေးကင်းစကလေးများနှင့် ကလေးငယ်များအတွက် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်သည်။ လူတစ်ဦးတွင် ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ အတက်ရောဂါဖြစ်ခြင်း သို့မဟုတ် သတိလစ်ခြင်းများ ကြုံတွေ့ရသောအခါ ၎င်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်နိုင်သည်။ ပြုစုစောင့်ရှောက်မှုကို လျင်မြန်စွာ ခံယူခြင်းက အောင်မြင်စွာ ပြန်လည်ကောင်းမွန်လာနိုင်မည့် အခွင့်အလမ်းများကို သိသိသာသာ မြှင့်တင်ပေးသည်။
Causes အကြောင်းရင်းက ဦးနှောက်ရောင်ရမ်းခြင်း အမျိုးအစားကို ဆုံးဖြတ်သည်။ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများစွာ ရှိသော်လည်း ဦးနှောက်ရောင်ရမ်းခြင်း ဖြစ်ပွားမှု၏ ထက်ဝက်ခန့်တွင် တိကျသော အကြောင်းရင်းကို မသိရှိရပါ။ အခြားထက်ဝက်ကိုမူ ၎င်း၏ အကြောင်းရင်းများအပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည် –
ကူးစက်တတ်သော ဦးနှောက်ရောင်ခြင်း။ ဤအခြေအနေသည် ပုံမှန်အားဖြင့် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားတတ်သည်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဦးနှောက်ရောင်ခြင်းသည် အင်တာရိုဗိုင်းရပ်စ်များ (enteroviruses)၊ ရေယုန်၊ အိတ်ချ်အိုင်ဗီ (HIV)၊ ဝက်စ်နိုင်းလ် (West Nile) နှင့် မွှားများမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားသည်။ အလွန်ရှားပါးသော အခြေအနေများတွင် ဘက်တီးရီးယား၊ မှို သို့မဟုတ် သန်ကောင်၊ ရောဂါပိုးမွှားများကြောင့် ဦးနှောက်ရောင်ခြင်း ဖြစ်ပွားနိုင်သည်။ ကူးစက်တတ်သော ဦးနှောက်ရောင်ခြင်းသည် ဗိုင်းရပ်စ် သို့မဟုတ် အခြားပိုးမွှားတစ်ခုခုက ဦးနှောက်ကို တိုက်ရိုက်ကူးစက်သောအခါတွင် ဖြစ်ပွားသည်။ ၎င်းရောဂါသည် သတ်မှတ်ထားသော နေရာတစ်ခုကိုသာ ထိခိုက်စေနိုင်သည် သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားနိုင်သည်။
ဦးနှောက်ရောင်ရမ်းခြင်းကို မကြာခဏ ဖြစ်စေသော ဗိုင်းရပ်စ်များတွင် အောက်ပါတို့ပါဝင်သည် –
- ရေယုန်ဆင်ပလက်စ်ဗိုင်းရပ်စ် (HSV)။ ယေဘုယျအားဖြင့် ဦးနှောက်ရောင်ရမ်းခြင်းကို နှုတ်ခမ်းတစ်ဝိုက်တွင် အအေးမိဖျားနာခြင်းနှင့် အရည်ကြည်ဖုများကို ဖြစ်စေသော HSV အမျိုးအစား ၁ နှင့် မျိုးပွားအင်္ဂါရေယုန်နှင့် ဆက်စပ်နေသော HSV အမျိုးအစား ၂ နှစ်မျိုးစလုံးကြောင့် ဖြစ်ပွားစေနိုင်သည်။ HSV အမျိုးအစား ၁ ကြောင့် ဖြစ်ပွားသော ဦးနှောက်ရောင်ခြင်းသည် ပြင်းထန်သော ဦးနှောက်ပျက်စီးမှုကို ဖြစ်စေနိုင်သည် သို့မဟုတ် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
- အခြားရေယုန်ဗိုင်းရပ်စ်များ။ ရေကျောက်နှင့် ခါးပတ်ရေယုန်တို့ကို ဖြစ်စေသော ဗာရီဆဲလ်လာ-ဇိုစတာ (varicella-zoster) ဗိုင်းရပ်စ်နှင့် ကူးစက်တတ်သော မိုနိုနျူကလီယိုဆစ် (infectious mononucleosis) ရောဂါကို အများဆုံးဖြစ်စေသော အက်စတိန်း-ဘား (Epstein-Barr) ဗိုင်းရပ်စ်တို့ကြောင့်လည်း ဦးနှောက်ရောင်ခြင်း ဖြစ်ပွားနိုင်သည်။
- အင်တာရိုဗိုင်းရပ်စ်များ။ တုပ်ကွေးကဲ့သို့သော လက္ခဏာများ၊ မျက်စိရောင်ခြင်းနှင့် ဗိုက်နာခြင်းတို့သည် ပိုလီယိုဗိုင်းရပ်စ် (poliovirus) နှင့် ကော့ဆာကီဗိုင်းရပ်စ် (coxsackievirus) ကဲ့သို့သော အင်တာရိုဗိုင်းရပ်စ် ကူးစက်မှု၏ အဖြစ်များသော လက္ခဏာများ ဖြစ်ကြသည်။
- ခြင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်များ။ ခြင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီး ရက်ပိုင်းမျှမှ ရက်သတ္တပတ် အနည်းငယ်အတွင်း ကူးစက်မှုလက္ခဏာများ စတင်ပြသနိုင်သည်။ ခြင်များ သယ်ဆောင်လာသော ဗိုင်းရပ်စ်များသည် အနောက်ပိုင်းနှင့် အရှေ့ပိုင်း မြင်းဦးနှောက်ရောင်ရောဂါ (equine encephalitis)၊ ဝက်စ်နိုင်းလ် (West Nile)၊ လာခရော့စ် (La Crosse) နှင့် စိန့်လူးဝစ် (St. Louis) တို့အပါအဝင် ရောဂါများနှင့် ဆက်စပ်နေသည်။
- မွှားမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်များ။ ပုံမှန်အားဖြင့် လက္ခဏာများ စတင်ပေါ်ပေါက်လာခြင်းသည် မွှားကိုက်ခံရပြီးနောက် တစ်ပတ်ခန့်အကြာတွင် ဖြစ်သည်။ ယူနိုက်တက်စတိတ်နိုင်ငံ၏ အလယ်ပိုင်းအနောက်ဘက်ဒေသတွင် မွှားများမှတစ်ဆင့် ပြန့်ပွားသော ပိုဝါဆန် (Powassan) ဗိုင်းရပ်စ်သည် ဦးနှောက်ရောင်ခြင်းကို ဖြစ်စေသည်။
- ခွေးရူးပြန်ဗိုင်းရပ်စ်။ ဖြစ်နိုင်ခြေရှိသော်လည်း ခွေးရူးပြန်ရောဂါကြောင့် ဦးနှောက်ရောင်ခြင်းသည် ဖြစ်ခဲသည်။ လက္ခဏာများ စတင်ပေါ်လာသည်နှင့် ခွေးရူးပြန်ရောဂါ ကူးစက်မှုသည် ပုံမှန်အားဖြင့် ဦးနှောက်ရောင်ရမ်းခြင်းသို့ လျင်မြန်စွာ တိုးတက်ဖြစ်ပွားသွားသည်။
ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်း။ ကိုယ်ခံအားစနစ်သည် ဦးနှောက်ကို မရည်ရွယ်ဘဲ မှားယွင်းတိုက်ခိုက်မိနိုင်ပြီး ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းကို ဖြစ်စေသည်။ အချို့သူများတွင် ပုံမှန်မဟုတ်သော ကိုယ်ခံအားတုံ့ပြန်မှုကို ကင်ဆာမဟုတ်သော သို့မဟုတ် ကင်ဆာဖြစ်စေသော အကျိတ်များက လှုံ့ဆော်ပေးနိုင်ပြီး ယင်းကို ပါရာနီယိုပလတ်စတစ် (paraneoplastic) နှင့် ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းဟု ခေါ်ဆိုသည်။ ပြန့်နှံ့သော ပြင်းထန် ဦးနှောက်နှင့် အာရုံကြောမကြီး ရောင်ရမ်းခြင်း (ADEM) ကဲ့သို့သော အခြားအမျိုးအစားများသည် ခန္ဓာကိုယ်အတွင်း ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားနိုင်ပြီး ယင်းကို ပိုးဝင်ပြီးနောက်ပိုင်းဖြစ်သော ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းဟု ခေါ်ဆိုသည်။
ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်း ဖြစ်ပွားမှုအများစုတွင် ကိုယ်ခံအားဆဲလ်များက ဦးနှောက်ကို အဘယ်ကြောင့် မှားယွင်းစွာ တိုက်ခိုက်ရသလဲ သို့မဟုတ် ဦးနှောက်ကို ဆန့်ကျင်သော ပဋိပစ္စည်းများ (antibodies) ကို အဘယ်ကြောင့် ထုတ်လုပ်ရသလဲဆိုသည့် အကြောင်းရင်း သို့မဟုတ် တိကျသော လှုံ့ဆော်မှုကို မဆုံးဖြတ်နိုင်ပါ။
Risk factors အချက်အလက်များစွာသည် လူတစ်ဦးတွင် ဦးနှောက်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေကို ထိခိုက်စေနိုင်သည်ဟု သိရသည်။ ယင်းတို့တွင် အောက်ပါတို့ပါဝင်သည် –
- အသက်အရွယ် – ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဦးနှောက်ရောင်ခြင်း ဖြစ်နိုင်ခြေသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုမြင့်မားသည်။ ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းတွင် အချို့သောအမျိုးအစားများသည် ကလေးများနှင့် လူငယ်များတွင် ပိုမိုအဖြစ်များပြီး အချို့မှာ သက်ကြီးရွယ်အိုများတွင် ပိုမိုအဖြစ်များသည်။
- ကိုယ်ခံအားစနစ် အားနည်းခြင်း – အိတ်ချ်အိုင်ဗီ/အေဒီအက်စ် (HIV/AIDS) ရှိသူများ၊ ကိုယ်ခံအားဖိနှိပ်သည့် ဆေးဝါးများ သောက်သုံးနေသူများနှင့် ကိုယ်ခံအားကို အားနည်းစေသော အခြားရောဂါရှိသူများတွင် ဦးနှောက်ရောင်ခြင်း ဖြစ်ပွားရန် ပိုမိုလွယ်ကူသည်။
- ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါရှိခြင်း – ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါအခံ ရှိပြီးသားသူများတွင် ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်း ဖြစ်ပွားနိုင်ခြေ ပိုများနိုင်သည်။
- ပထဝီဝင်တည်နေရာ – ကမ္ဘာ့အချို့သော ဒေသများတွင် မွှား သို့မဟုတ် ခြင်များမှတစ်ဆင့် ပြန့်ပွားသော ဗိုင်းရပ်စ်များ အဖြစ်များသည်။
- နှစ်၏ ရာသီဥတု – ယူနိုက်တက်စတိတ်နိုင်ငံ၏ နေရာတော်တော်များများတွင် မွှားနှင့် ခြင်များမှတစ်ဆင့် ပြန့်ပွားသော ရောဂါများသည် နွေရာသီတွင် ပိုမိုအဖြစ်များသည်။
- ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပြီး နောက်ဆက်တွဲအနေဖြင့် ပါရာနီယိုပလတ်စတစ် ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေသည်။
Diagnosis ဦးနှောက်ရောင်ရမ်းခြင်းကို ရောဂါရှာဖွေရာတွင် ပုံမှန်အားဖြင့် လူနာ၏ ဆေးဘက်ဆိုင်ရာ ရာဇဝင်ကို သေချာစွာ စစ်ဆေးခြင်း၊ ပြသနေသော လက္ခဏာရပ်များကို နားလည်စေရန် ဘက်စုံခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း၊ ဦးနှောက်လုပ်ဆောင်ချက်ကို အကဲဖြတ်ရန် အာရုံကြောဆိုင်ရာ စစ်ဆေးခြင်းနှင့် ဦးနှောက်ရောင်ရမ်းခြင်း ရှိ၊ မရှိ အတည်ပြုရန် သို့မဟုတ် ဖယ်ထုတ်ရန် ရည်ရွယ်သည့် စစ်ဆေးမှုများစွာကို ပြုလုပ်ရန် လိုအပ်သည်။
တောင်းဆိုနိုင်သော စစ်ဆေးမှုများတွင် အောက်ပါတို့ပါဝင်သည် –
- ခါးဆစ်မှတစ်ဆင့် ကျောရိုးတွင်းရည် ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture သို့မဟုတ် spinal tap) – ဤလုပ်ထုံးလုပ်နည်းတွင် ဓာတ်ခွဲခန်း၌ ခွဲခြမ်းစိတ်ဖြာရန် ကျောရိုးတွင်းရည် နမူနာကို ရယူခြင်း ပါဝင်သည်။ ဤလုပ်ငန်းစဉ်အတွင်း အပ်အပါးလေးတစ်ချောင်းကို အသုံးပြု၍ ခါးအောက်ပိုင်းမှ ကျောရိုးအာရုံကြောရည် (cerebrospinal fluid – CSF) ပမာဏအနည်းငယ်ကို ထုတ်ယူပြီး ယင်းသည် ဦးနှောက်နှင့် ကျောရိုးမကြီးကို ကာကွယ်ပေးထားသော အရည်ဖြစ်သည်။ ဤအရည်အတွင်း ပြောင်းလဲမှုများကို ရှာဖွေတွေ့ရှိခြင်းက ဖြစ်နိုင်ချေရှိသော ဦးနှောက်ကူးစက်ပိုးများ သို့မဟုတ် ရောင်ရမ်းမှုများကို ညွှန်ပြနိုင်သည်။ အချို့သောအခြေအနေများတွင် စုဆောင်းရရှိထားသော နမူနာများကို အရင်းခံအကြောင်းရင်းကို ဆုံးဖြတ်ရန် စစ်ဆေးနိုင်ပြီး ယင်းတို့တွင် ကူးစက်ရောဂါများ ရှိ၊ မရှိ စစ်ဆေးခြင်း သို့မဟုတ် ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းနှင့် ဆက်စပ်နေသော ပဋိပစ္စည်းများ ရှိ၊ မရှိ စစ်ဆေးခြင်းတို့ ပါဝင်နိုင်သည်။
- ဦးနှောက်ကို ပုံရိပ်ဖော်စစ်ဆေးခြင်း (Brain imaging) – ဦးနှောက်ရောင်ရမ်းခြင်း သို့မဟုတ် အကျိတ်ကဲ့သို့သော လက္ခဏာများကို ဖြစ်စေသည့် အခြားသော ချို့ယွင်းမှုတစ်ခုခုကို အမ်အာရ်အိုင် (MRI) သို့မဟုတ် စီတီစကန် (CT scan) တွင် မြင်တွေ့နိုင်သည်။
- ခန္ဓာကိုယ်ကို ပုံရိပ်ဖော်စစ်ဆေးခြင်း (Body imaging) – အကျိတ်များ ရှိ၊ မရှိ စစ်ဆေးရန်အတွက် အမ်အာရ်အိုင် (MRIs)၊ စီတီစကန် (CT scans)၊ စီတီ-ပက်စကန် (CT-PET scans) သို့မဟုတ် အာထရာဆောင်း (ultrasounds) ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများဖြင့် ဆီးခုံ၊ ဝမ်းဗိုက် သို့မဟုတ် ရင်ဘတ်တို့ကို စစ်ဆေးနိုင်သည်။ အကယ်၍ အလုံးအကျိတ်တစ်ခုခုကို တွေ့ရှိပါက ယင်း၏ အစိတ်အပိုင်းအနည်းငယ်ကို ထုတ်ယူစစ်ဆေးနိုင်ပြီး ယင်းကို အသားစယူစစ်ဆေးခြင်း (biopsy) ဟုလည်း ခေါ်ဆိုသည်။ ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဖြစ်စေသော သို့မဟုတ် ကင်ဆာမဟုတ်သော အကျိတ်တစ်ခုအပေါ် ပုံမှန်မဟုတ်သော ကိုယ်ခံအားတုံ့ပြန်မှုကြောင့် တစ်ခါတစ်ရံတွင် ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းကို ဖြစ်ပွားစေနိုင်သည်။
- အခြားဓာတ်ခွဲခန်း စစ်ဆေးမှုများ – ဗိုင်းရပ်စ် သို့မဟုတ် အခြားရောဂါပိုးမွှားများ ရှိ၊ မရှိ စစ်ဆေးရန်အတွက် သွေး၊ ဆီး သို့မဟုတ် လည်ချောင်းနောက်ဘက်မှ ထွက်သောအညစ်အကြေး နမူနာများအပေါ်တွင် စစ်ဆေးမှု ပြုလုပ်နိုင်သည်။
- ဦးနှောက်လှိုင်းတိုင်းတာခြင်း (EEG) – အီးအီးဂျီ (EEG) ပြုလုပ်နေစဉ်အတွင်း သတ်မှတ်ထားသော ပုံမှန်မဟုတ်သည့် ပုံစံများကို တွေ့ရှိပါက ယင်းသည် ဦးနှောက်ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါရှာဖွေမှုကို ညွှန်ပြနိုင်သည်။ စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ဦးရေပြားတွင် တပ်ဆင်ထားသော လျှပ်ခေါင်းများ (electrodes) ကို အသုံးပြု၍ ဦးနှောက်၏ လျှပ်စစ်လှုပ်ရှားမှုကို မှတ်တမ်းတင်သည်။
- ဦးနှောက်အသားစယူခြင်း (Brain biopsy) – ဦးနှောက်အသားစယူခြင်းကို ကုသမှုများ ထိရောက်မှုမရှိသည့်အပြင် လက္ခဏာများ ပိုမိုဆိုးရွားလာသည့် အခြေအနေမျိုးတွင်သာ စဉ်းစားသည်။ စစ်ဆေးရန်အတွက် ဦးနှောက်တစ်ရှူး နမူနာအနည်းငယ်ကို ရယူနိုင်သည်။
Treatment ဦးနှောက်ရောင်ရမ်းခြင်းအတွက် ကုသနည်းစနစ်သည် ၎င်း၏ သတ်မှတ်ထားသော အမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်၍ ကွဲပြားသည်။ ဗိုင်းရပ်စ်နှင့် ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းများအတွက် ကုသမှုများ၏ အကျိုးသက်ရောက်မှုကို ရက်ပိုင်းအတွင်း မြင်တွေ့နိုင်သော်လည်း ဦးနှောက်ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်ယူရနိုင်သည်။
အပျော့စား ဦးနှောက်ရောင်ရမ်းခြင်းအတွက် ကုသမှုသည် ပုံမှန်အားဖြင့် ခေါင်းကိုက်ခြင်းနှင့် ဖျားခြင်းကဲ့သို့သော လက္ခဏာများကို သက်သာစေရန် အဓိကထားသည်။ ယင်းကို များသောအားဖြင့် အနားယူခြင်း၊ ရေဓာတ်ပိုမိုဖြည့်တင်းခြင်းနှင့် အက်စီတာမင်နိုဖန် (acetaminophen)၊ အိုင်ဗျူပရိုဖန် (ibuprofen) သို့မဟုတ် နက်ပရောက်ဆင်ဆိုဒီယမ် (naproxen sodium) ကဲ့သို့သော အရောင်ကျဆေးများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် လုပ်ဆောင်သည်။
ဗိုင်းရပ်စ်သတ်ဆေးများ – ဗိုင်းရပ်စ်သတ်ဆေးများသည် ယေဘုယျအားဖြင့် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပြီး သတ်မှတ်ထားသော ဗိုင်းရပ်စ်များကြောင့်ဖြစ်သော ဦးနှောက်ရောင်ရမ်းခြင်းကို ကုသရန် အသုံးပြုကာ ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေ အလွန်ရှားပါးသည်။
ဦးနှောက်ရောင်ရမ်းခြင်းကို ကုသရန်အတွက် အသုံးများသော ဗိုင်းရပ်စ်သတ်ဆေးများတွင် အစိုက်ကလိုဗီယာ (acyclovir)၊ ဂန်စိုက်ကလိုဗီယာ (ganciclovir) နှင့် ဖော့စကာနက် (foscarnet) တို့ ပါဝင်သည်။ အစိုက်ကလိုဗီယာကို ရေယုန်ဆင်ပလက်စ်ဗိုင်းရပ်စ် (HSV) ကို ကုသရန် ညွှန်ကြားနိုင်ပြီး ယင်းကို ချက်ချင်းမကုသပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ သို့သော်လည်း ဤဆေးများသည် အင်းဆက်ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်များကဲ့သို့သော အချို့သော ဗိုင်းရပ်စ်များအပေါ်တွင် ထိရောက်မှုမရှိပါ။
အချို့သောအခြေအနေများတွင် တိကျသောဗိုင်းရပ်စ်ကို လျင်မြန်စွာ သို့မဟုတ် တိကျသေချာစွာ မဖော်ထုတ်နိုင်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် အစိုက်ကလိုဗီယာဖြင့် ချက်ချင်းကုသမှုခံယူရန် မကြာခဏ အကြံပြုလေ့ရှိသည်။
ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်း – အစာသုံး သို့မဟုတ် သွေးပြန်ကြောသွင်း ကော်တီကိုစတီးရွိုက်များ (corticosteroids)၊ သွေးပြန်ကြောသွင်း အင်မြူနိုဂလိုဗျူလင် (intravenous immunoglobulin) နှင့် ပလာစမာလဲလှယ်ခြင်း (plasma exchange) တို့သည် ကိုယ်ခံအားစနစ်ကို ဦးတည်လုပ်ဆောင်သော ကိုယ်ခံအားထိန်းညှိဆေးများနှင့် ကုသမှုများဖြစ်ကြပြီး ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်းကို ကုသရာတွင် အကျိုးကျေးဇူးရှိသည်။ ရီတပ်ဆီမက် (Rituximab)၊ တိုဆီလီဇူးမက် (tocilizumab)၊ အဇာသီယိုပရင်း (azathioprine) နှင့် မိုင်ကိုဖီနိုလိတ်မိုဖီတေး (mycophenolate mofetil) တို့ကို ကိုယ်ခံအားဖိနှိပ်သည့် ဆေးဝါးများဖြင့် ရေရှည်ကုသမှုခံယူရန် လိုအပ်သော ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်နေသည့် အချို့သောသူများအတွက် ညွှန်ကြားနိုင်သည်။
ကိုယ်ခံအားလွန်ကဲမှုကြောင့် ဦးနှောက်ရောင်ခြင်း၏ အရင်းခံဖြစ်သော အကျိတ်များကို ကုသရန်အတွက် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ပြကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း သို့မဟုတ် ကုထုံးများကို ပေါင်းစပ်အသုံးပြုခြင်းတို့ကို အကြံပြုနိုင်သည်။
ပံ့ပိုးကူညီမှုပေးသော ပြုစုစောင့်ရှောက်မှု – ပြင်းထန်သော ဦးနှောက်ရောင်ရမ်းခြင်းဖြင့် ဆေးရုံတက်နေရသူများအတွက် ပံ့ပိုးကူညီမှုပေးသော ပြုစုစောင့်ရှောက်မှုသည် အလွန်အရေးကြီးသည်။ ဤပြုစုစောင့်ရှောက်မှုတွင် အသက်ရှူခြင်းကို ကူညီပေးခြင်းနှင့် အသက်ရှူခြင်းနှင့် နှလုံးလုပ်ဆောင်ချက် နှစ်ခုစလုံးကို အနီးကပ်စောင့်ကြည့်ခြင်း အပါအဝင် အရေးကြီးသော ကဏ္ဍများစွာ ပါဝင်နိုင်သည်။
ဦးခေါင်းခွံအတွင်း ရောင်ရမ်းခြင်းနှင့် ဖိအားများကို လျှော့ချရန်အတွက် ကော်တီကိုစတီးရွိုက်များကဲ့သို့သော အရောင်ကျဆေးများကို ညွှန်ကြားနိုင်သည်။ အတက်ရောဂါဖြစ်ခြင်းကို ရပ်တန့်ရန် သို့မဟုတ် ကာကွယ်ရန်အတွက် ဖီနီတွိုင်း (phenytoin) ကဲ့သို့သော အတက်ကျဆေးများကို ပေးနိုင်သည်။ သင့်လျော်သော ရေဓာတ်နှင့် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်ပမာဏကို ထိန်းသိမ်းရန်အတွက် သွေးပြန်ကြောသွင်း အရည်များကို ပေးသွင်းသည်။
ဆက်လက်ကုသခြင်း – အချို့သော လက္ခဏာများသည် အချို့သူများအတွက် အမြဲတမ်း ဖြစ်သွားနိုင်သည်။ ထပ်မံကုသမှု ခံယူရန်လိုအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သည်။ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ၏ အကူအညီဖြင့် မိမိ၏ စွမ်းဆောင်ရည် ပြောင်းလဲမှုများကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနိုင်သည်။
နောက်ဆက်တွဲကုထုံးများတွင် မှတ်ဉာဏ်နှင့် သိမြင်မှုကို မြှင့်တင်ရန် ဦးနှောက်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် စကားပြောရာတွင် အသုံးပြုရသော ကြွက်သားများကို ပြန်လည်လေ့ကျင့်ရန် စကားပြောကုထုံးတို့ ပါဝင်နိုင်သည်။ လိုအပ်သော အခြားကုထုံးများတွင် အောက်ပါတို့ပါဝင်သည် –
- ကာယကုထုံး (Physical therapy) – ယင်းသည် လှုပ်ရှားနိုင်စွမ်း၊ ဟန်ချက်ညီမှု၊ ပျော့ပျောင်းမှု၊ သန်မာမှုနှင့် လှုပ်ရှားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ရန်ဖြစ်သည်။
- လုပ်ငန်းခွင်ကုထုံး (Occupational therapy) – ၎င်းသည် နေ့စဉ်လူမှုဘဝ ကျွမ်းကျင်မှုများနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် အထောက်အကူပြုပစ္စည်းများကို အသုံးပြုတတ်စေရန် ရည်ရွယ်သည်။
- စိတ်ကုထုံး (Psychotherapy) – ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ ချို့ယွင်းမှုများကို ကုသပေးခြင်းဖြစ်ပြီး ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့် အပြုအမူဆိုင်ရာ ကျွမ်းကျင်မှုအသစ်များကို ဖွံ့ဖြိုးစေသည်။
