နှလုံးကြွက်သားပွခြင်း
ခြုံငုံသုံးသပ်ချက် (Overview)
နှလုံးကြွက်သားပွခြင်း (Dilated cardiomyopathy) သည် နှလုံးခန်းနံရံများ ပါးလွှာလာပြီး ကျယ်ပြန့်လာခြင်းကြောင့် နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းအား လျော့နည်းသွားသည့် နှလုံးကြွက်သားရောဂါတစ်မျိုး ဖြစ်သည်။ နှလုံးတစ်ချက်ခုန်တိုင်းတွင် နှလုံးခန်းထဲ၌ သွေးများကျန်ရှိနေသဖြင့် ခန္ဓာကိုယ်၏ လိုအပ်ချက်ကို ပြည့်မီအောင် မဆောင်ရွက်နိုင်တော့ပါ။ ၎င်းသည် နှလုံးအခန်းများကိုသာမက နှလုံး၏ အခြားအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်သည်။
နှလုံးကြွက်သားပွခြင်းသည် နှလုံး၏ ဘယ်ဘက်အောက်ခန်း (left ventricle) ကျယ်လာသောအခါတွင် ဖြစ်ပွားသည်။ ၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးညှစ်ထုတ်ပေးနိုင်သော နှလုံး၏စွမ်းဆောင်ရည်ကို ထိခိုက်စေသည်။ ဤအခြေအနေ ပြင်းထန်ပါက နှလုံးပျက်စီးခြင်း (heart failure) နှင့် အခြားနောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်ပါသည်။
နှလုံးကြွက်သားပွခြင်းကို ခံစားနေရသူသည် အစပိုင်းတွင် မည်သည့်လက္ခဏာကိုမျှ သတိမပြုမိနိုင်ပါ။ ၎င်း၏လက္ခဏာများကို တစ်ခါတစ်ရံ အခြားရောဂါများနှင့် မှားယွင်းတတ်သော်လည်း နှလုံးကြွက်သားပွခြင်းသည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး နှလုံးပျက်စီးခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ အဖြစ်များသော လက္ခဏာများမှာ မောပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်သည်။
နှလုံးကြွက်သားပွခြင်း ကုသမှုတွင် ဆေးဝါးများဖြင့် ကုသခြင်း၊ နှလုံးမှ သွေးညှစ်ထုတ်ရာတွင် ကူညီပေးမည့် စက်ပစ္စည်းများ ထည့်သွင်းရန် ခွဲစိတ်ကုသခြင်း သို့မဟုတ် နှလုံးအစားထိုးခြင်းတို့ ပါဝင်နိုင်သည်။ လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းသည် ဆေးဝါးများ ပိုမိုထိရောက်စေရန် ကူညီပေးနိုင်ပြီး ခွဲစိတ်ရမည့်အချိန်ကို နောက်ဆုတ်ပေးခြင်း သို့မဟုတ် ရှောင်ရှားနိုင်စေရန် ကူညီပေးနိုင်ပါသည်။
ရောဂါလက္ခဏာများ (Symptoms)
နှလုံးကြွက်သားပွခြင်း၏ လက္ခဏာများသည် ပုံမှန်အားဖြင့် နှလုံး၏လုပ်ဆောင်ချက် ကျဆင်းလာသောအခါတွင် သိသာလာလေ့ရှိသည်။ သို့သော် အခြေအနေအများစုတွင် ရောဂါအစောပိုင်းအဆင့်များ၌ မည်သည့်လက္ခဏာမျှ မတွေ့ရတတ်ပါ။
နှလုံးမှ ပုံမှန်မဟုတ်သော အသံထွက်ခြင်း (cardiac murmur) သည် နှလုံးကြွက်သားပွခြင်း၏ ပထမဦးဆုံးသော လက္ခဏာဖြစ်လေ့ရှိသည်။ အခြားသော လက္ခဏာများမှာ –
- ပုံမှန်ထက်ပို၍ မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားအင်ကုန်ခမ်းခြင်း
- လှုပ်ရှားမှုပြုလုပ်နေစဉ် သို့မဟုတ် လဲလျောင်းနေစဉ် အသက်ရှူရခက်ခဲခြင်း (Dyspnea)
- ခြေထောက်၊ ခြေကျင်းဝတ်၊ ခြေဖဝါး သို့မဟုတ် ဝမ်းဗိုက်တို့တွင် အရည်များစုပြီး ရောင်ရမ်းခြင်း (Edema)
- မူးဝေခြင်း သို့မဟုတ် ခေါင်းထဲတွင် ပေါ့ပါးနေသလို ခံစားရခြင်း
- ရင်တုန်ခြင်း သို့မဟုတ် ရင်ဘတ်ထဲတွင် တလှပ်လှပ်ဖြစ်ခြင်း
- သတိလစ်ခြင်း
- ရင်ဘတ်ထဲတွင် မသက်မသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း
- ခန္ဓာကိုယ်အတွင်း အရည်များစုနေခြင်းကြောင့် ကိုယ်အလေးချိန် ရုတ်တရက်တက်လာခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နိုင်စွမ်း လျော့နည်းသွားခြင်း
နှလုံးကြွက်သားပွခြင်းသည် နှလုံးပျက်စီးခြင်းနှင့် ဆက်စပ်နိုင်သဖြင့် မိနစ်အနည်းငယ်ထက်ပို၍ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူရအလွန်ခက်ခဲခြင်းတို့ရှိပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်ပါသည်။ အနီးဆုံးဆေးရုံသို့ ချက်ချင်းသွားရောက်ပါ။ အခြားလက္ခဏာများ ဆက်တိုက်ဖြစ်နေပါက ရောဂါရှာဖွေကုသမှု ခံယူရန် ဆရာဝန်နှင့် ပြသပါ။
အချို့သော နှလုံးကြွက်သားပွခြင်း အမျိုးအစားများသည် မျိုးရိုးလိုက်တတ်ပြီး ၎င်းကို မျိုးရိုးလိုက်နှလုံးကြွက်သားပွခြင်း (familial dilated cardiomyopathy) ဟု ခေါ်ဆိုသည်။ မိသားစုဝင်ထဲတွင် နှလုံးကြွက်သားပွခြင်း ရှိသူများအနေဖြင့် မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုလိုပါသည်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ (Causes)
နှလုံးကြွက်သားပွခြင်းဖြစ်ပွားမှု အများစုတွင် တိကျသော အကြောင်းရင်းကို မသိရှိရပါ။ သို့သော် အကြောင်းရင်းများစွာသည် ဘယ်ဘက်နှလုံးအောက်ခန်းကို ကျယ်လာစေပြီး အားနည်းလာစေနိုင်သည်။ ကျွမ်းကျင်သူများက အကြောင်းရင်းကို ရှာဖွေတွေ့ရှိသောအခါတွင် အောက်ပါတို့နှင့် ဆက်စပ်နေနိုင်သည် –
- နှလုံးကြွက်သားရောင်ခြင်း (myocarditis) ကဲ့သို့သော ကူးစက်ရောဂါများ
- မွေးရာပါ နှလုံးရောဂါ
- နှလုံးအဆို့ရှင် ပြန်လျှံခြင်း သို့မဟုတ် အခြားသော နှလုံးအဆို့ရှင်ရောဂါများ
- ကိုယ်ဝန်ဆောင်နောက်ဆုံးအဆင့် သို့မဟုတ် ကလေးမွေးဖွားပြီးပြီးချင်း နောက်ဆက်တွဲပြဿနာများ
- ခန္ဓာကိုယ်တွင် သံဓာတ်များလွန်ကဲခြင်း (Hemochromatosis)
- ဆီးချိုရောဂါ
- နှလုံးခုန်နှုန်းမမှန်ခြင်း (arrhythmias)
- သွေးတိုးရောဂါကို မထိန်းချုပ်နိုင်ခြင်း
- ကိုယ်အလေးချိန် အလွန်အမင်းတက်ခြင်း
အောက်ပါအချက်များကြောင့်လည်း ဖြစ်ပွားနိုင်ပါသည် –
- အရက်ကို အလွန်အကျွံသောက်သုံးခြင်း
- ကင်ဆာကုသရန် အသုံးပြုသည့် အချို့သော ဆေးဝါးများ
- ကိုကင်း သို့မဟုတ် အမ်ဖက်တမင်း ကဲ့သို့သော မူးယစ်ဆေးဝါးများ အသုံးပြုခြင်း
- ခဲ၊ ပြဒါးနှင့် ကိုဘော့ ကဲ့သို့သော အဆိပ်အတောက်များနှင့် အလွန်အမင်း ထိတွေ့မိခြင်း
- သိုင်းရွိုက်ရောဂါ
- HIV နှင့် အသည်းရောင်ဗိုင်းရပ်စ် ကဲ့သို့သော ဗိုင်းရပ်စ်ပိုးဝင်ခြင်းများ
ဖြစ်နိုင်ခြေရှိသောအချက်များ (Risk factors)
အချက်အလက်အချို့သည် နှလုံးကြွက်သားပွခြင်း ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေနိုင်သည် –
- မိသားစုဝင်ထဲတွင် နှလုံးကြွက်သားပွခြင်း၊ နှလုံးပျက်စီးခြင်း သို့မဟုတ် နှလုံးရုတ်တရက်ရပ်ခြင်း ရာဇဝင်ရှိခြင်း
- Hemochromatosis ကဲ့သို့သော ရောဂါများကြောင့် နှလုံးကြွက်သား ပျက်စီးခြင်း
- Lupus (လေးဖက်နာအရေပြားရောဂါ) ကဲ့သို့သော ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများကြောင့် နှလုံးကြွက်သားရောင်ရမ်းခြင်း
- Muscular dystrophy (ကြွက်သားများ အားနည်းပျက်စီးခြင်း) နှင့် အခြားသော အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများ
- နှလုံးအဆို့ရှင်ရောဂါ
- အရက် သို့မဟုတ် တရားမဝင်မူးယစ်ဆေးဝါးများကို အလွန်အကျွံ အသုံးပြုခြင်း
- နာတာရှည် သွေးတိုးရောဂါ
- လေဖြတ်ခြင်း
- နှလုံးအတွင်း သွေးခဲခြင်း
- ရင်ဘတ်အောင့်ခြင်း (Angina)
ရောဂါရှာဖွေခြင်း (Diagnosis)
နှလုံးကြွက်သားပွခြင်း (dilated cardiomyopathy) ကို ရောဂါရှာဖွေရာတွင် ဆေးရာဇဝင်ကို ဆွေးနွေးခြင်းနှင့် ကိုယ်ကာယစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။ ၎င်းတွင် နှလုံးနှင့် အဆုတ်အတွင်း အရည်များ စုနေခြင်း ရှိမရှိ နားထောင်စစ်ဆေးခြင်းများ ပါဝင်နိုင်သည်။ ရောဂါ၏ ပြင်းထန်မှုကို အကဲဖြတ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက ကုသမှုတွင် အထောက်အကူပြုနိုင်ရန် အောက်ပါစမ်းသပ်မှုများ လိုအပ်နိုင်ပါသည် –
- သွေးစစ်ဆေးခြင်း – နှလုံးကြွက်သားပွခြင်းကို ဖြစ်စေနိုင်သည့် ပိုးဝင်ခြင်းများ၊ ဆေးဝါးများ သို့မဟုတ် ဆီးချိုရောဂါနှင့် သံဓာတ်လွန်ကဲခြင်း (hemochromatosis) ကဲ့သို့သော ဝေဒနာများကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါသည်။ ၎င်းတို့ကို ရှာဖွေရန် သွေးစစ်ဆေးမှု အမျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။
- Echocardiogram – ၎င်းသည် နှလုံး၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်ကို အာထရာဆောင်း (ultrasound) ရိုက်၍ စစ်ဆေးခြင်း ဖြစ်သည်။ ၎င်းသည် နှလုံးနှင့် နှလုံးအဆို့ရှင်များအတွင်း သွေးစီးဆင်းပုံကို ဖော်ပြပေးပြီး ဘယ်ဘက်နှလုံးအောက်ခန်း ကျယ်နေခြင်းကို ရှာဖွေနိုင်ပါသည်။ ဤစစ်ဆေးမှုတွင် ဆရာဝန်သည် ရင်ဘတ်ပေါ်၌ လက်ကိုင်ကိရိယာတစ်ခု တင်ထားပြီး အသံလှိုင်းများကို အသုံးပြုကာ နှလုံးအဆို့ရှင်များနှင့် နှလုံးခန်းများ၏ ပုံရိပ်များကို ရယူပါသည်။ Echocardiogram သည် နှလုံးကြွက်သားပွခြင်းကို ရှာဖွေရန် အဓိကအသုံးပြုသော စမ်းသပ်မှု ဖြစ်ပါသည်။
- ရင်ဘတ် X-ray – ရင်ဘတ် X-ray သည် နှလုံးနှင့် အဆုတ်၏ ပုံသဏ္ဌာန်နှင့် ကျန်းမာရေးအခြေအနေကို ဖော်ပြပေးသည်။ ၎င်းသည် အဆုတ်အတွင်း သို့မဟုတ် အဆုတ်ပတ်လည်တွင် အရည်များ ရှိနေခြင်းကိုလည်း ပြသနိုင်ပါသည်။
- Electrocardiogram (ECG သို့မဟုတ် EKG) – EKG စစ်ဆေးမှုသည် နှလုံးပြဿနာကို ရှာဖွေရန် အချက်အလက်များကို လျင်မြန်စွာ စုဆောင်းပေးနိုင်သော နည်းလမ်းဖြစ်သည်။ ၎င်းသည် ရင်ဘတ်နှင့် ခြေလက်များတွင် တပ်ဆင်ထားသော လျှပ်ခေါင်းများမှတစ်ဆင့် နှလုံး၏ လျှပ်စစ်လှုပ်ရှားမှုများကို စောင့်ကြည့်မှတ်တမ်းတင်ပေးပါသည်။ ၎င်းမှရရှိသော ပုံစံများသည် နှလုံးခုန်နှုန်းမမှန်ခြင်း သို့မဟုတ် သွေးစီးဆင်းမှု မလုံလောက်ခြင်းတို့ကို ရောဂါရှာဖွေရာတွင် ကူညီပေးနိုင်ပြီး နှလုံးခုန်နှုန်း မည်မျှမြန်သည် သို့မဟုတ် နှေးသည်ကိုလည်း ပြသနိုင်ပါသည်။
- Holter monitor – ဤကိရိယာသည် ၂၄ နာရီ သို့မဟုတ် ထို့ထက်ပို၍ နှလုံး၏ လှုပ်ရှားမှုများကို အဆက်မပြတ် မှတ်တမ်းတင်ပေးပါသည်။ ၎င်းသည် သယ်ဆောင်သွား၍ရသော ECG ကိရိယာဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှုများ ပြုလုပ်နေစဉ်အတွင်း အိတ်ကပ်ထဲ ထည့်ထားခြင်း သို့မဟုတ် ခါးပတ်၊ ပခုံးသိုင်းကြိုးတို့တွင် တပ်ဆင်ထားခြင်းဖြင့် အသုံးပြုနိုင်ပါသည်။
- Exercise stress test – ဤစစ်ဆေးမှုကို လှုပ်လှုပ်ရှားရှား ပြုလုပ်နေစဉ်အတွင်း စမ်းသပ်ခြင်း ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုအပေါ် နှလုံး၏ တုံ့ပြန်ပုံကို သိရှိနိုင်ပါသည်။ ပုံမှန်အားဖြင့် ငြိမ်နေသော စက်ဘီးစီးခြင်း သို့မဟုတ် စက်ပေါ်တွင် လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နေစဉ် ECG ရိုက်၍ နှလုံး၏ လှုပ်ရှားမှုကို စောင့်ကြည့်ပါသည်။ လေ့ကျင့်ခန်းလုပ်ရန် ခက်ခဲသူများအတွက် လေ့ကျင့်ခန်းလုပ်သကဲ့သို့ နှလုံးကို လှုံ့ဆော်ပေးသော ဆေးကို အသုံးပြုနိုင်ပါသည်။
- နှလုံးကို CT သို့မဟုတ် MRI ရိုက်ခြင်း – Cardiac MRI တွင် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုပါသည်။ Cardiac CT scan သည် X-ray ရုပ်ပုံများကို အစဉ်လိုက်ရယူခြင်းဖြင့် နှလုံး၏ အသေးစိတ်ပုံရိပ်များကို ဖော်ထုတ်ပေးသည်။ ဤပုံရိပ်ဖော်နည်းလမ်းများသည် နှလုံးခန်းများ၏ အရွယ်အစားနှင့် သွေးညှစ်ထုတ်နိုင်စွမ်းဆိုင်ရာ အချက်အလက်များကို သိရှိစေနိုင်ပါသည်။
- နှလုံးအတွင်း ပိုက်ထည့်၍ စစ်ဆေးခြင်း (Cardiac catheterization) – နှလုံးကြွက်သား ပျက်စီးမှုကို အကဲဖြတ်ရန် ဤနည်းလမ်းဖြင့် တစ်ရှူးနမူနာ (biopsy) ရယူနိုင်ပါသည်။ ဤလုပ်ထုံးလုပ်နည်းတွင် ပိုက်ငယ် (catheter) တစ်ခုကို ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် နှလုံးဆီသို့ လမ်းညွှန်ထည့်သွင်းခြင်း ဖြစ်သည်။ နှလုံးသွေးကြောများကို X-ray ပေါ်တွင် ပိုမိုကြည်လင်စွာ မြင်တွေ့နိုင်ရန် ပိုက်မှတစ်ဆင့် ဆေးရောင် (dye) ထိုးသွင်းပါသည်။
- မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း သို့မဟုတ် အကြံဉာဏ်ရယူခြင်း – မိသားစုဝင်များ သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်မှုများကို ပြုလုပ်နိုင်ပါသည်။ ၎င်းသည် နှလုံးကြွက်သားရောဂါသည် မျိုးရိုးလိုက်ခြင်းကြောင့် ဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးနိုင်ပါသည်။
ကုသခြင်း (Treatment)
နှလုံးကြွက်သားပွခြင်းအတွက် ကုသမှုနည်းလမ်း အမျိုးမျိုးရှိပါသည်။ ၎င်းတွင် ပုံမှန်အားဖြင့် ဆေးဝါးများဖြင့် ကုသခြင်း သို့မဟုတ် နှလုံးခုန်ခြင်းနှင့် သွေးညှစ်ထုတ်ခြင်းကို အထောက်အကူပြုမည့် စက်ပစ္စည်းများ ထည့်သွင်းရန် ခွဲစိတ်ကုသခြင်းတို့ ပါဝင်သည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများကို သက်သာစေရန်၊ သွေးစီးဆင်းမှုကို ကောင်းမွန်စေရန်နှင့် နှလုံးထပ်မံပျက်စီးမှုကို ကာကွယ်ရန် ဖြစ်သည်။ ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်၍လည်း ကုသမှုနည်းလမ်းများ ကွာခြားနိုင်ပါသည်။
- ဆေးဝါးများ – နှလုံးလုပ်ဆောင်ချက် ကောင်းမွန်စေရန် ဆေးဝါးများဖြင့် ကုသခြင်းသည် ပထမဦးဆုံး အဆင့်ဖြစ်နိုင်ပါသည်။ ရောဂါအခြေအနေကို ကုသရန် ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ညွှန်ကြားနိုင်ပါသည်။ ၎င်းတို့သည် နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်း၊ နှလုံးညှစ်အား ကောင်းမွန်စေခြင်း၊ သွေးဖိအားကို လျှော့ချပေးခြင်း၊ သွေးခဲခြင်းကို ကာကွယ်ပေးခြင်းနှင့် ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော အရည်များကို ဖယ်ရှားပေးခြင်းတို့တွင် ကူညီပေးနိုင်ပါသည်။ ထိုဆေးဝါးများတွင် –
- သွေးတိုးကျဆေးများ – Beta-blockers, ACE inhibitors နှင့် ARBs တို့သည် သွေးဖိအားကို လျှော့ချရန်၊ သွေးစီးဆင်းမှု ကောင်းမွန်စေရန်နှင့် နှလုံးအပေါ် ဝန်ပိမှုကို လျှော့ချရန် အသုံးပြုလေ့ရှိသော ဆေးများ ဖြစ်ပါသည်။
- ဆီးဆေးများ (Diuretics) – ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော အရည်နှင့် ဆားဓာတ်များကို ဖယ်ရှားပေးပါသည်။ ခန္ဓာကိုယ်တွင် အရည်များ အလွန်အမင်း စုနေခြင်းကြောင့် နှလုံးဝန်ပိခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပွားလေ့ရှိပါသည်။
- Sacubitril/valsartan – ဤဆေးကို နာတာရှည် နှလုံးပျက်စီးခြင်း ခံစားနေရသူများကို ကုသရန် ညွှန်ကြားလေ့ရှိသည်။ ၎င်းသည် နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးပိုမို ထိရောက်စွာ လည်ပတ်နိုင်ရန် ကူညီပေးပါသည်။
- Digoxin – ဤဆေးသည် နှလုံးပျက်စီးခြင်း၏ လက္ခဏာများကို သက်သာစေပြီး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ပိုမိုလွယ်ကူစေသည်။ ၎င်းသည် နှလုံးခုန်နှုန်းကို နှေးစေပြီး နှလုံးကြွက်သား ညှစ်အားကို ကောင်းမွန်စေသည်။
- Ivabradine – နှလုံးကြွက်သားပွခြင်းကြောင့်ဖြစ်သော နှလုံးပျက်စီးခြင်းကို ကုသရန် ဤဆေးကို အသုံးပြုနိုင်ပါသည်။
- သွေးကျဲဆေးများ (Anticoagulants) – ဤဆေးများသည် သွေးခဲခြင်းကို ကာကွယ်ရန် ကူညီပေးပါသည်။
- ခွဲစိတ်ကုသမှု သို့မဟုတ် အခြားလုပ်ထုံးလုပ်နည်းများ – ပြင်းထန်သော နှလုံးကြွက်သားပွခြင်းသည် နှလုံး၏ လုပ်ဆောင်ချက်ကို သိသိသာသာ ထိခိုက်စေနိုင်သည်။ နှလုံးခုန်နှုန်းကို ထိန်းညှိရန် သို့မဟုတ် သွေးညှစ်ထုတ်ရာတွင် ကူညီရန် စက်ပစ္စည်းတစ်ခု ထည့်သွင်းရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။ ဆေးဝါးများနှင့် အခြားကုထုံးများ ထိရောက်မှုမရှိတော့မှသာ နှလုံးအစားထိုးခြင်းကို ပြုလုပ်ရန် လိုအပ်ပါသည်။
နှလုံးကြွက်သားပွခြင်းကို ကုသရန် စက်ပစ္စည်းအမျိုးမျိုး ရှိပါသည် –
- Biventricular pacemaker – ဤစက်သည် နှလုံးပျက်စီးပြီး နှလုံးခုန်နှုန်းမမှန်သူများကို ကူညီရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ၎င်းသည် နှလုံး၏ အောက်ခန်းနှစ်ခုလုံးကို လျှပ်စစ်ဖြင့် လှုံ့ဆော်ပေးခြင်းဖြင့် နှလုံး၏ ညှစ်ထုတ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါသည်။
- Implantable cardioverter-defibrillators (ICD) – နှလုံးကြွက်သားရောဂါကြောင့် နှလုံးရပ်သွားစေနိုင်သည့် အန္တရာယ်ရှိသော နှလုံးခုန်နှုန်းမမှန်ခြင်းများကို ဖြစ်စေနိုင်သည်။ ဤစက်သည် နှလုံးခုန်နှုန်းနှင့် ပုံစံကို အဆက်မပြတ် စောင့်ကြည့်ပေးပြီး လိုအပ်သောအခါတွင် လျှပ်စစ်ရှော့ခ် (electric shock) ပေး၍ ကုသပေးပါသည်။
- Left ventricular assist devices (LVAD) – နှလုံးအစားထိုးရန် စောင့်ဆိုင်းနေစဉ်အတွင်း ရေရှည် သို့မဟုတ် ရေတိုကုသမှုအဖြစ် အသုံးပြုနိုင်ပါသည်။ ဤစက်သည် အားနည်းနေသော နှလုံးကို ပိုမိုထိရောက်စွာ သွေးညှစ်ထုတ်နိုင်ရန် ကူညီပေးပါသည်။ အခြားကုသမှုများ မထိရောက်သောအခါတွင် LVAD ကို အသုံးပြုရန် အကြံပြုလေ့ရှိပါသည်။
