အကြောင်းရင်းမသိသောအရိုးပိုတက်ရောဂါ
အကျဉ်းချုပ်အကြောင်းအရာDiffuse idiopathic skeletal hyperostosis (DISH) ဆိုသည်မှာ ကျောရိုးတစ်ဝိုက်ရှိ ခန္ဓာကိုယ်တွင်း အရွတ်များနှင့် အကြောမျှင်များ ထုံးဓာတ် (ကယ်လ်စီယမ်) စုပုံ၍ မာလာခြင်းကို ဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤရောဂါသည် အဆစ်အမြစ်ရောင်ရမ်းခြင်း (Arthritis) အမျိုးအစားတစ်ခုဖြစ်ပြီး Forestier’s disease ဟုလည်း ခေါ်ဆိုကြသည်။
ထိုသို့ ထုံးဓာတ်စုပုံပြီး မာလာသော နေရာများတွင် အရိုးအတက်များ (Bone spurs) လည်း ထွက်လာနိုင်ပါသည်။ ယင်းတို့သည် ပုံမှန်မဟုတ်ဘဲ အသစ်ထွက်လာသော အရိုးအတက်များ ဖြစ်ပြီး နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် လှုပ်ရှားမှုကို ကန့်သတ်ပိတ်ပင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤအခြေအနေသည် များသောအားဖြင့် တစ်ရှူးနှင့် အရိုး ချိတ်ဆက်မိသည့် နေရာများတွင် ဖြစ်ပွားတတ်သည်။
ကျောကုန်းအပေါ်ပိုင်းနှင့် လည်ပင်းတို့ရှိ ရင်ဘတ်ပိုင်းကျောရိုး (Thoracic spine) နှင့် လည်ပင်းပိုင်းကျောရိုး (Cervical spine) တို့တွင် DISH ရောဂါ အဖြစ်များသည်။ သို့သော် DISH သည် လက်၊ ဒူး၊ တင်ပါးဆုံ၊ ဖနောင့်နှင့်/သို့မဟုတ် ခြေကျင်းဝတ် စသည့် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သည်။
DISH ရောဂါကို ကုသစီမံရာတွင် ကာယကုထုံး (Physical therapy)၊ ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသမှုနှင့် အပူပေးကုထုံး (Heat therapy) တို့ကဲ့သို့သော နည်းလမ်းအမျိုးမျိုး ပါဝင်နိုင်ပါသည်။
ရောဂါလက္ခဏာများ
DISH ဝေဒနာရှင်အချို့တွင် မည်သည့်လက္ခဏာမျှ မပြတတ်ပါ။ ဆရာဝန်များသည် အခြားအကြောင်းရင်းတစ်ခုခုအတွက် ရိုက်ကူးသော အိပ်စ်ရေး (X-rays) များကို စစ်ဆေးရာမှတစ်ဆင့် ဤရောဂါ ရှိနေသည်ကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိတတ်ကြသည်။ DISH ရောဂါလက္ခဏာများ ပြသလာပါက အောက်ပါတို့ ပါဝင်သည် –
- နံနက်ပိုင်း သို့မဟုတ် ညနေပိုင်းတွင် အဆစ်အမြစ်များ တောင့်တင်းခြင်းကို အဖြစ်များစွာ ကြုံတွေ့ရခြင်း
- ခြေထောက်များတွင် ထုံကျင်ခြင်း သို့မဟုတ် စူးစူးရှရှ ဖြစ်ခြင်း
- ခြေထောက်များတွင် အားနည်းခြင်း
- ကျောကုန်းအပေါ်ပိုင်း သို့မဟုတ် လည်ပင်းတွင် နာကျင်ခြင်း
- ပခုံး၊ တံတောင်ဆစ်၊ ဒူး သို့မဟုတ် ဖနောင့်တို့တွင် နာကျင်ခြင်း
- လှုပ်ရှားနိုင်စွမ်း လျော့ကျခြင်း သို့မဟုတ် ပုံမှန်အတိုင်း အပြည့်အဝ မလှုပ်ရှားနိုင်တော့ခြင်း
- အကယ်၍ DISH ရောဂါသည် လည်ပင်းပိုင်းကို ထိခိုက်ပါက အစာမြိုရ ခက်ခဲခြင်း သို့မဟုတ် အသံဝင်ခြင်း (ပုံမှန်မဟုတ်ဘဲ အသံပြောင်းလဲခြင်း) တို့ ဖြစ်နိုင်ခြင်း
အရိုးအတက်များကြောင့် ကျောရိုးတစ်ဝိုက်ရှိ အာရုံကြောများ စတင်ဖိမိလာသောအခါမျိုးတွင် ရောဂါလက္ခဏာများ ပေါ်လာလေ့ရှိသည်။
အကြောင်းရင်းများDISH ရောဂါသည် ပုံမှန်မဟုတ်သော အရိုးကြီးထွားမှုနှင့် ထုံးဓာတ်စုပုံခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ကယ်လ်စီယမ်ဓာတ်ဆားများ စုပုံလာခြင်းက ထုံးဓာတ်တည်ခြင်းကို ဖြစ်စေပြီး ၎င်းမှတစ်ဆင့် အရွတ်များနှင့် အကြောမျှင်များကို မာခဲသွားစေသည်။ မည်သည့်အချက်က ဤအခြေအနေများကို ဖြစ်ပေါ်စေသလဲဆိုတာကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ အနေဖြင့် တိတိကျကျ မသိရသေးပါ။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ
ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း DISH ရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်ဟု ယူဆရသော အချက်အချို့ ရှိပါသည်။ ယင်းတို့မှာ –
- အသက်အရွယ် – အသက် ၅၀ နှင့် အထက်ရှိသူများသည် DISH ရောဂါ ဖြစ်ပွားနိုင်ခြေ ရှိသည်။ အသက် ၄၀ အောက် လူငယ်များတွင် DISH ရောဂါ ဖြစ်ပွားခြင်းသည် ရှားပါးသည်။
- လိင်အမျိုးအစား – အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုအဖြစ်များသည်။
- ဆေးဝါးများ – ပြင်းထန်သော ဝက်ခြံများကို ကုသရာတွင် အသုံးပြုသည့် ရက်တီနွိုက် (Retinoids) ကဲ့သို့သော ဆေးဝါးများသည် DISH ရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုမိုများပြားစေနိုင်သည်။
- အခြားရောဂါဝေဒနာများ – ဆီးချိုရောဂါ (သွေးတွင်းသကြားဓာတ်မြင့်မားခြင်း) နှင့် အခရိုမီဂါလီ (ခန္ဓာကိုယ်တွင်း ကြီးထွားဟော်မုန်း အလွန်အကျွံ ထွက်ရှိခြင်း) ကဲ့သို့သော အရိုးနု၏ ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းလဲစေသည့် ရောဂါအခြေအနေများကြောင့်လည်း DISH ရောဂါ ဖြစ်ပွားနိုင်သည်။ ထို့အပြင် ဗီတာမင်အေ (Vitamin A) ပမာဏ မြင့်မားစွာနှင့် ရေရှည် ထိတွေ့မှုရှိခဲ့သူများတွင်လည်း ဖြစ်ပွားနိုင်သည်။
ရောဂါရှာဖွေခြင်းရောဂါရှာဖွေရေး လုပ်ငန်းစဉ်များသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်း (Arthritis) အမျိုးမျိုးကဲ့သို့ တူညီသော လက္ခဏာများပြတတ်သည့် အခြားသော ရောဂါဝေဒနာများကို ဖယ်ထုတ်နိုင်ရန် ကူညီပေးပါသည်။
ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging test) –
- အိပ်စ်ရေး (X-ray) – မျက်စိဖြင့် မမြင်နိုင်သော လျှပ်စစ်သံလိုက် စွမ်းအင်လှိုင်းများ ဖြစ်သည့် အိပ်စ်ရေးများကို အသုံးပြု၍ အရိုးများ၏ ပုံရိပ်ကို ဖော်ထုတ်ပေးသော စစ်ဆေးမှု ဖြစ်သည်။ ရိုးရိုးအိပ်စ်ရေး (Plain film X-rays) ကို အသုံးပြုခြင်းဖြင့် အရိုးတည်ဆောက်ပုံ၊ ကျောရိုးဆစ်များ စီတန်းနေမှုနှင့် ကောက်ကွေးမှု အခြေအနေများကို အကဲဖြတ် စစ်ဆေးနိုင်ပါသည်။ ထို့အပြင် ၎င်းကို အရိုးအတက်များ ထွက်ခြင်း၊ ကျောရိုးဆစ်ကြားခံပြား (Disc) နေရာ ကျဉ်းမြောင်းသွားခြင်း၊ ကျောရိုးဆစ်ရိုးတွင်းခြင်ဆီခဲကျိုးခြင်း၊ ကျိုးပဲ့ပျက်စီးခြင်း သို့မဟုတ် တိုက်စားခံရခြင်း စသည့် သီးသန့် အရိုးပုံမှန်မဟုတ်မှုများကို ရှာဖွေဖော်ထုတ်ရန်လည်း အသုံးပြုပါသည်။
- ကွန်ပျူတာဓာတ်မှန် (CT scan) – အိပ်စ်ရေးနှင့် ကွန်ပျူတာ နည်းပညာတို့ကို ပေါင်းစပ်၍ ခန္ဓာကိုယ်၏ တိကျသော ပုံရိပ်များကို ဖော်ထုတ်ပေးသည့် ရောဂါရှာဖွေရေး ပုံရိပ်ဖော် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ကွန်ပျူတာဓာတ်မှန်တွင် အရိုး၊ ကြွက်သား၊ အဆီနှင့် ကိုယ်တွင်းအင်္ဂါများ အပါအဝင် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို အလွန်သေးစိတ်ကျစွာ မြင်တွေ့နိုင်ပါသည်။
- သံလိုက်ဓာတ်မှန် (MRI) – အားပြင်းသော သံလိုက်လှိုင်း၊ ရေဒီယိုလှိုင်းများနှင့် ကွန်ပျူတာတို့ကို ပေါင်းစပ်အသုံးပြု၍ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများနှင့် တည်ဆောက်ပုံများ၏ တိကျသော ပုံရိပ်များကို ဖော်ထုတ်ပေးသည့် ရောဂါရှာဖွေရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ကုသမှု
DISH ရောဂါနှင့် ဆက်စပ်နေသော ထုံးဓာတ်တည်ခြင်း သို့မဟုတ် အရိုးကြီးထွားခြင်းကို ကုသမှုဖြင့် ရပ်တန့်၍မရနိုင်ပါ။ ထို့ကြောင့် ကုသမှုသည် ရောဂါလက္ခဏာများကို စီမံထိန်းချုပ်ရန်နှင့် ရောဂါတိုးပွားမှုကို နှေးကွေးသွားစေရန်အပေါ်တွင်သာ အဓိကထား လုပ်ဆောင်ပါသည်။
DISH ရောဂါကို အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည် –
- အပူကပ်ခြင်း (Hot compress) – ရေနွေးအိတ်ကပ်ပေးခြင်း သို့မဟုတ် အပူပေးခြင်းဖြင့် နာကျင်ခြင်းနှင့် တောင့်တင်းခြင်းတို့ကို သက်သာစေနိုင်ပါသည်။
- ဆေးဝါးကုသမှု (Medication) – စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAIDS) ကဲ့သို့သော အရောင်ကျဆေးများကို ကုသမှုတွင် အသုံးပြုပါသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကော်တီကိုစတီးရွိုက် (Corticosteroid) ထိုးဆေးများ သို့မဟုတ် ကြွက်သားဖြေလျော့ဆေးများကိုလည်း ညွှန်ကြားနိုင်ပါသည်။
- ကာယကုထုံး (Physical therapy) – အချို့သော လေ့ကျင့်ခန်းများသည် လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး တောင့်တင်းမှုကို လျော့နည်းစေနိုင်ပါသည်။
- ခွဲစိတ်ကုသခြင်း (Surgery) – ကျောရိုး၏ တည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် ရံဖန်ရံခါတွင် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။ လည်ပင်းတွင် အရိုးအတက်ထွက်ခြင်းကြောင့် အစာမြိုရ ခက်ခဲသော ဝေဒနာခံစားနေရသည့် လူနာများသည် ခွဲစိတ်ကုသမှု ခံယူရန် သင့်တော်သူများ ဖြစ်နိုင်ပါသည်။
အကယ်၍ DISH ရောဂါကြောင့် ကျောရိုးအတွင်းနှင့် ကျောရိုးတစ်ဝိုက်တွင် အရိုးအတက်များ ထွက်လာပြီး ထိုအရိုးအတက်များက ကျောရိုးမကြီး (Spinal cord) နှင့်/သို့မဟုတ် အာရုံကြောမကြီးများကို ဖိမိလာပါက ကျောရိုးမကြီးအပေါ် ကျရောက်နေသော ဖိအားများကို လျှော့ချရန် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ ထို့အပြင် DISH ရောဂါကြောင့် ဖြစ်ပွားရသော အရိုးကျိုးခြင်းများကို ပြုပြင်ရန်အတွက်လည်း ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပါသည်။ အကယ်၍ ထိုသို့ အရိုးကျိုးခြင်းများကြောင့် ကျောရိုးမကြီးနှင့်/သို့မဟုတ် အာရုံကြောမကြီးများ ဖိမိလာပါကလည်း ကျောရိုးမကြီးအပေါ် ကျရောက်နေသော ဖိအားများကို လျှော့ချရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။
အချို့သော အခြေအနေများတွင် ခွဲစိတ်ဆရာဝန်သည် ကုသမှုပြုလုပ်ပြီးနောက် ကျောရိုးမကြီး တည်ငြိမ်မှုရှိစေရန်အတွက် ကျောရိုးဆစ်ချင်း ဂဟေဆက်ခြင်း (Spinal fusion) ကို လုပ်ဆောင်နိုင်ပါသည်။ ကျောရိုးဆစ်ချင်း ဂဟေဆက်စဉ်အတွင်း အရိုးများ တစ်သားတည်း ပေါင်းစည်းသွားစေရန်အတွက် ခွဲစိတ်ဆရာဝန်သည် လွတ်နေသော နေရာလွတ်အတွင်းသို့ အရိုးတစ်ခုကို ထည့်သွင်းပေးနိုင်ပါသည်။
