ဒီးကွာဗင်း အရွတ်အမြှေးရောင်ရောဂါ

အကျဉ်းချုပ်အကြောင်းအရာ

ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါသည် လူသိအများဆုံး အရွတ်အမြှေးရောင် ရောဂါ အမျိုးအစားများထဲမှ တစ်ခု ဖြစ်ပါသည်။ ၎င်းသည် လက်မဘက်ခြမ်းရှိ လက်ကောက်ဝတ် အရွတ်များကို ထိခိုက်စေသည့် နာကျင်သော ရောင်ရမ်းမှု တစ်မျိုး ဖြစ်ပါသည်။ ဒီကွာဗင်းရောဂါ ခံစားနေရပါက အရာဝတ္ထုများကို ဆုပ်ကိုင်ခြင်းနှင့် လက်ကောက်ဝတ်ကို လှည့်ခြင်း သို့မဟုတ် လိမ်ခြင်းတို့ ပြုလုပ်သည့်အခါ နာကျင်မှုကို ဖြစ်စေပါသည်။

အရွတ်ဆိုသည်မှာ ကြွက်သားနှင့် အရိုးကို ဆက်သွယ်ပေးထားသည့် တစ်ရှူးအပြားများ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အရွတ်များသည် အရွတ်အိမ်ဟု ခေါ်သော တစ်ရှူးလမ်းကြောင်းအတွင်း လွယ်ကူချောမွေ့စွာ ရွေ့လျားကြပါသည်။ ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါတွင် အရွတ်များ ရောင်ရမ်းလာခြင်း သို့မဟုတ် ထူလာခြင်းတို့ကြောင့် ပွတ်တိုက်မှု ဖြစ်ပေါ်စေပါသည်။ အရွတ်များသည် ၎င်းတို့၏ အရွတ်အိမ်များအတွင်း လွယ်ကူစွာ မဖြတ်သန်းနိုင်တော့ပါ။ လက်ကောက်ဝတ်ကို လှည့်ခြင်း ၊ တစ်ခုခုကို ဆုပ်ကိုင်ခြင်း သို့မဟုတ် လက်သီးဆုပ်ခြင်းတို့ ပြုလုပ်သည့်အခါ နာကျင်မှုကို ခံစားရနိုင်ခြေ ရှိပါသည်။

ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါသည် အရာဝတ္ထုများကို ထပ်ခါတလဲလဲ ဆုပ်ကိုင်ခြင်း သို့မဟုတ် လက်မဖြင့် ဖိ၍ ကိုင်ထားစဉ် လက်ကောက်ဝတ်ကို ဘေးတိုက် လှုပ်ရှားရသည့် လုပ်ဆောင်ချက်များ ဖြစ်သော ပန်းခြံအတွင်း အလုပ်လုပ်ခြင်း ၊ ဂေါက်သီးရိုက်ခြင်း ၊ ရက်ကက် အသုံးပြုရသော အားကစားများ သို့မဟုတ် ကလေးချီခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်း ဤအခြေအနေ ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကိုမူ မသိရသေးပါ။ အသုံးများသော ကုသမှုများတွင် ကျပ်စည်းခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ ပါဝင်ပါသည်။

ရောဂါလက္ခဏာများ

ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါ၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။

  • လက်မဘက်ခြမ်းရှိ လက်ကောက်ဝတ် တစ်လျှောက်တွင် ထိလျှင် နာခြင်းနှင့် နာကျင်ခြင်း
  • လက်မ အောက်ခြေနားတွင် ရောင်ရမ်းခြင်း
  • လက်မကို လှုပ်ရှားသည့်အခါ ၊ အထူးသဖြင့် အရာဝတ္ထုများကို ဖမ်းကိုင်ခြင်း သို့မဟုတ် ညှစ်ခြင်းတို့ ပြုလုပ်သည့်အခါ နာကျင်ခြင်း သို့မဟုတ် မအီမသာ ဖြစ်ခြင်း
  • လက်မကို လှုပ်ရှားသည့်အခါ လက်ကောက်ဝတ်အတွင်း တောက်တောက် သို့မဟုတ် တိခနဲ အသံမြည်သကဲ့သို့ ခံစားရခြင်း
  • လက်နှင့် လက်မကို အသုံးပြုသည့်အခါ ပိုမို ဆိုးရွားလာသော နာကျင်မှု
  • နာကျင်မှုသည် ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခြင်း
  • ကုသမှု မခံယူဘဲ ထားပါက နာကျင်မှုသည် လက်ကောက်ဝတ်မှ လက်ဖျံ သို့မဟုတ် လက်မအတွင်းသို့ ပျံ့နှံ့သွားခြင်း

စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ သောက်ခြင်း ၊ ဒဏ်ရာရသော နေရာကို ရေခဲကပ်ခြင်းနှင့် လက်မကို အသုံးပြုခြင်း သို့မဟုတ် လှုပ်ရှားခြင်းမှ ရှောင်ကြဉ်ခြင်း ကဲ့သို့သော ရှေးဦးသူနာပြု စုနည်းများကို ပြုလုပ်သော်လည်း ဒီကွာဗင်းအရွတ်အမြှေးရောင် လက္ခဏာများ ဆက်လက် ဖြစ်ပေါ်နေပါက ကျန်းမာရေး ကျွမ်းကျင်သူနှင့် တိုင်ပင်ရန် အကြံပြုလိုပါသည်။ မှန်ကန်သော ရောဂါ ရှာဖွေနိုင်ရန်အတွက် ဆရာဝန်သည် ဒဏ်ရာရှိသော နေရာကို စစ်ဆေးရန် လိုအပ်ပါလိမ့်မည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အရွတ်များသည် ကြွက်သားနှင့် အရိုးကို ဆက်သွယ်ပေးထားသော အဆောက်အအုံများ ဖြစ်ပါသည်။ အရွတ်အိမ်ဟု ခေါ်သော တစ်ရှူး လမ်းကြောင်းသည် အရွတ်များကို လက်မ အရိုးများ၏ ဘေးတွင် တည်ရှိနေစေရန် ထိန်းထားပေးပါသည်။ ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါတွင် လက်ကောက်ဝတ် လက်မဘက်ခြမ်းရှိ အရွတ်နှစ်ခု ရောင်ရမ်းလာခြင်း ဖြစ်ပါသည်။

ထူလာခြင်းနှင့် ရောင်ရမ်းခြင်းတို့ကြောင့် အရွတ်များကို လက်မ အောက်ခြေနှင့် ဆက်သွယ်ပေးထားသော အရွတ်အိမ်အတွင်း ဖြတ်သန်းရန် ခက်ခဲစေပါသည်။ နေ့စဉ် တူညီသော လက်လှုပ်ရှားမှုမျိုးကို ပြုလုပ်ခြင်း ကဲ့သို့သော နာတာရှည် အလွန်အကျွံ အသုံးပြုမှုသည် အရွတ်များ ဘေးပတ်ပတ်လည်ရှိ အမြှေးပါးကို ထိခိုက်စေနိုင်ပါသည်။

ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါသည် အောက်ပါတို့ကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။

  • အဆစ်အမြစ် ရောင်ရမ်းခြင်း ကဲ့သို့သော ရောင်ရမ်းမှု အခြေအနေများ
  • လက်ကောက်ဝတ် သို့မဟုတ် အရွတ်ကို ထိခိုက်ဒဏ်ရာ ရခြင်းကြောင့် အရွတ် လှုပ်ရှားမှုကို ဟန့်တားစေသည့် အမာရွတ် တစ်ရှူးများ ဖြစ်ပေါ်လာခြင်း
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်း ပြောင်းလဲမှုများကြောင့် ခန္ဓာကိုယ်၌ အရည်များ စုဝေးလာခြင်း

ဖြစ်နိုင်ခြေရှိသော အချက်များ

အောက်ပါတို့ ကဲ့သို့သော ဖြစ်နိုင်ခြေ အချက်များစွာသည် ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။

  • အသက်အရွယ် ။ ။ ကလေးများ အပါအဝင် အခြားသော အသက်အုပ်စုများနှင့် နှိုင်းယှဉ်ပါက အသက် ၃၀ နှင့် ၅၀ ကြား ရှိသူများသည် ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါ ဖြစ်ပွားရန် ပိုမို လွယ်ကူပါသည်။
  • လိင် ။ ။ ဤအခြေအနေသည် အမျိုးသားများထက် အမျိုးသမီးများတွင် ရှစ်ဆမှ ဆယ်ဆခန့် ပိုမို ဖြစ်ပွားလေ့ ရှိပါသည်။
  • ကိုယ်ဝန်ဆောင်ခြင်း ။ ။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်း ပြောင်းလဲမှုများသည် ဤရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။
  • ကလေး ပြုစုစောင့်ရှောက်ခြင်း ။ ။ ကလေးကို မကြာခဏ ချီမရခြင်းသည် လက်မကို အားပြု၍ အသုံးပြုရလေ့ ရှိသောကြောင့် ဤရောဂါနှင့် ဆက်စပ်နိုင်ပါသည်။
  • လက်နှင့် လက်ကောက်ဝတ်ကို ထပ်ခါတလဲလဲ လှုပ်ရှားခြင်း ။ ။ ထပ်ခါတလဲလဲ လှုပ်ရှားမှုများ လိုအပ်သော ဝါသနာများ သို့မဟုတ် အလုပ်အကိုင်များ ပြုလုပ်ခြင်းသည် ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်ပါသည်။

ရောဂါရှာဖွေခြင်း

ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါကို ရောဂါ ရှာဖွေရန်အတွက် ပုံမှန်အားဖြင့် ဓာတ်မှန် ကဲ့သို့သော ပုံရိပ်ဖော် စစ်ဆေးမှုများ မလိုအပ်ပါ။ ယင်းအစား ဆရာဝန်သည် လက်ကို စစ်ဆေးမည်ဖြစ်ပြီး လူနာအနေဖြင့် မအီမသာ ဖြစ်ခြင်း ရှိ ၊ မရှိ သိနိုင်ရန် လက်ကောက်ဝတ်၏ လက်မဘက်ခြမ်းကို ဖိ၍ စစ်ဆေးပါလိမ့်မည်။ ရောဂါ အတည်ပြုနိုင်ရန်အတွက် အပိုဆောင်း စစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။

  • ဖင်ကယ်စတင်း စစ်ဆေးမှု ။ ။ ၎င်းကို ဒီကွာဗင်းအရွတ် ရောင်ရမ်းမှုကို စစ်ဆေးရန် အများအားဖြင့် အသုံးပြုပါသည်။ ရည်ရွယ်ချက်မှာ လှုပ်ရှားမှုကြောင့် နာကျင်မှု ရှိ ၊ မရှိ သိနိုင်ရန် ဖြစ်ပါသည်။ အကယ်၍ နာကျင်ပါက ကြီးထွားနေသော အရွတ်များသည် ကျဉ်းမြောင်းနေသော အရွတ်အိမ်အတွင်း ပွတ်တိုက် ဖြတ်သန်းနေရခြင်း ဖြစ်သောကြောင့် ဒီကွာဗင်းအရွတ် ရောင်ရမ်းမှု ဖြစ်နေခြင်းကို အတည်ပြုနိုင်ပါသည်။
  • စစ်ဆေးနေစဉ်အတွင်း ။ ။ ဆရာဝန်သည် လူနာအား လက်မကို အခြား လက်ချောင်းများဖြင့် ဆုပ်ငုံ၍ လက်သီးဆုပ်ရန် ညွှန်ကြားပါလိမ့်မည်။ ထိုသို့ လက်သီးဆုပ်ထားစဉ်မှာပင် လက်ကောက်ဝတ်ကို တစ်စုံတစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်သည့် ပုံစံအတိုင်း အပေါ်အောက် လှုပ်ရှားခိုင်းပါမည်။ အကယ်၍ ဤသို့ လှုပ်ရှားသည့်အခါ လက်ကောက်ဝတ်၏ လက်မဘက်ခြမ်းတွင် နာကျင်မှု ဖြစ်ပေါ်ပါက ထိုလူနာတွင် ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါ ရှိနေသည်မှာ သေချာသလောက် ရှိပါသည်။

ကုသခြင်း

ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါကို ချက်ချင်း ကုသခြင်းဖြင့် ၄ ပတ်မှ ၆ ပတ်အတွင်း ရောဂါလက္ခဏာများ သက်သာလာပါလိမ့်မည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆက်စပ်သော ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါမှာမူ ကလေးမွေးဖွားပြီးနောက်တွင် ပျောက်ကင်းသွားလေ့ ရှိပါသည်။

ယေဘုယျအားဖြင့် ကုသမှု၏ ရည်ရွယ်ချက်မှာ ရောင်ရမ်းမှုကို လျှော့ချရန် ၊ လက်မ၏ လှုပ်ရှားမှုကို ပြန်လည် ရရှိစေရန်နှင့် ကုသမှု ခံယူပြီးနောက် ရောဂါ ပြန်လည် ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် ဖြစ်ပါသည်။ ဒီကွာဗင်းအရွတ် ရောင်ရမ်းမှုကို ခွဲစိတ်သည့် နည်းလမ်း သို့မဟုတ် ခွဲစိတ်စရာ မလိုသည့် နည်းလမ်းများဖြင့် ကုသနိုင်ပါသည်။

  • ဆေးဝါးများ ။ ။ ဆရာဝန်သည် မအီမသာ ဖြစ်ခြင်းနှင့် ရောင်ရမ်းမှုကို လျှော့ချရန်အတွက် နက်ပရိုဆင် သို့မဟုတ် အိုင်ဗျူပရိုဖန် ကဲ့သို့သော အရောင်ကျဆေးများကို ညွှန်ကြားနိုင်ပါသည်။ အရွတ်အမြှေးအိမ်အတွင်းသို့ စတီးရွိုက် (သို့မဟုတ် ကော်တီကိုစတီးရွိုက်) ထိုးဆေးများ ထိုးရန်လည်း စဉ်းစားနိုင်ပါသည်။ လူနာ အများစုသည် ကော်တီကိုစတီးရွိုက် ထိုးဆေး ထိုးပြီးနောက်တွင် လုံးဝ ပြန်လည် သက်သာသွားလေ့ ရှိကြပြီး ရောဂါလက္ခဏာ စတင်သည့် ပထမ ခြောက်လအတွင်း ကုသမှု ခံယူပါက တစ်ကြိမ် ထိုးရုံဖြင့် သက်သာသွားလေ့ ရှိပါသည်။
  • ကုထုံးများ ။ ။ ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါ ရှိသူများသည် လက်ကောက်ဝတ်ကို မည်သို့ အသုံးပြုရမည်နှင့် လက်ကောက်ဝတ် တင်းအားကို မည်သို့ လျှော့ချရမည်ကို ဆွေးနွေးရန်အတွက် ကာယကုထုံး ပညာရှင် သို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကုထုံးပညာရှင်နှင့် တွေ့ဆုံနိုင်ပါသည်။ လေ့ကျင့်ခန်း အချို့သည် နာကျင်မှုနှင့် အရွတ် ရောင်ရမ်းမှုကို လျှော့ချပေးရင်း ကြွက်သားများကို သန်မာစေရန် ကူညီပေးနိုင်ပါသည်။
    ဒီကွာဗင်းအရွတ်အမြှေးရောင်ရောဂါအတွက် အဓိက ကုသမှုကို အောက်ပါအတိုင်း စတင်နိုင်ပါသည်။
  • လက်မနှင့် လက်ကောက်ဝတ် လှုပ်ရှားမှုကို ထိန်းချုပ်ရန်နှင့် အရွတ် လုံးဝ ပြန်လည် ပျောက်ကင်းသွားသည်အထိ နေရာမှန်တွင် ရှိနေစေရန် ကျပ်ကိရိယာများကို အသုံးပြုခြင်း။
  • ကျပ်ကိရိယာများကို ပုံမှန်အားဖြင့် ၄ ပတ်မှ ၆ ပတ်အထိ တစ်နေ့လျှင် ၂၄ နာရီ ၊ တစ်ပတ်လျှင် ၇ ရက်လုံး ဝတ်ဆင်ထားရလေ့ ရှိပါသည်။
  • နာကျင်မှုနှင့် ရောင်ရမ်းမှုကို ဖြစ်စေသည့် လုပ်ဆောင်ချက်များ သို့မဟုတ် လက်မကို ထပ်ခါတလဲလဲ လှုပ်ရှားခြင်းများမှ ရှောင်ကြဉ်ခြင်း။
  • လက်မကို အသုံးပြု၍ လက်ကောက်ဝတ်ကို ဘေးတစ်ဖက်တစ်ချက်စီသို့ ညှစ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
  • ရောင်ရမ်းမှုကို လျှော့ချရန်အတွက် လက်မနှင့် လက်ကောက်ဝတ်ပေါ်တွင် ရေခဲကပ်ပေးခြင်း။
  • ခွဲစိတ် ကုသခြင်း သို့မဟုတ် အခြားသော လုပ်ဆောင်ချက်များ ။ ။ ခွဲစိတ်စရာ မလိုသော ကုသမှုများဖြင့် ဒီကွာဗင်းအရွတ်အမြှေးရောင် လက္ခဏာများ မသက်သာပါက ခွဲစိတ်ရန် အကြံပြုလေ့ ရှိပါသည်။ ခွဲစိတ်မှုကို ထုံဆေး အသုံးပြု၍ ပြင်ပ လူနာ အနေဖြင့် ပြုလုပ်နိုင်ပါသည်။

ခွဲစိတ်နေစဉ်အတွင်း ခွဲစိတ်ဆရာဝန်သည် ထိခိုက်နေသော အရွတ် သို့မဟုတ် အရွတ်များကို ဖုံးအုပ်ထားသော အရွတ်အိမ်ကို စစ်ဆေးပြီး ဖိအားကို လျှော့ချရန်အတွက် ၎င်းကို ဖွင့်ပေးပါလိမ့်မည်။ အရွတ်အိမ်ကို လှီးဖြတ်လိုက်ခြင်းဖြင့် အရွတ်များအား အရွတ်အိမ်အတွင်း ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်စေပါသည်။ ဤလုပ်ဆောင်ချက်၏ ရည်ရွယ်ချက်မှာ လက်မနှင့် လက်ကောက်ဝတ် လှုပ်ရှားနိုင်စွမ်းကို ပြန်လည် ရရှိစေရန်နှင့် မအီမသာ ဖြစ်ခြင်းနှင့် ရောင်ရမ်းမှုကို လျှော့ချရန် ဖြစ်ပါသည်။

ခွဲစိတ်မှု အပြီးတွင် ကာယကုထုံး ပညာရှင် သို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကုထုံးပညာရှင်သည် သင့်လျော်သော သန်မာရေး လေ့ကျင့်ခန်းများ ပေးရန်နှင့် နောင်တွင် ပြဿနာများ ထပ်မံ မဖြစ်စေရန် နေ့စဉ် လုပ်ငန်းဆောင်တာများကို လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ရန်အတွက် လူနာထံသို့ လာရောက်နိုင်ပါသည်။ အထူးသဖြင့် ဆရာဝန်သည် လက်မနှင့် လက်ကောက်ဝတ် ပြန်လည် ကောင်းမွန်လာစေရန် လေ့ကျင့်ခန်း အစီအစဉ်တစ်ခုကို အကြံပြုပါလိမ့်မည်။ ပြန်လည် သက်သာလာမည့် အချိန်မှာ လူနာ၏ အသက်အရွယ် ၊ ယေဘုယျ ကျန်းမာရေး အခြေအနေနှင့် ရောဂါလက္ခဏာ ဖြစ်ပွားခဲ့သည့် ကြာမြင့်ချိန်တို့အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

ရောဂါကို ပိုမို ဆိုးရွားစေသည့် လုပ်ဆောင်ချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များအပေါ် ဆရာဝန်၏ အကြံပြုချက်များကို လိုက်နာရန်မှာလည်း အလွန် အရေးကြီးပါသည်။ ဤလှုပ်ရှားမှုများကို ကန့်သတ်ခြင်းဖြင့် နောင်တွင် ဒီကွာဗင်းအရွတ် ရောင်ရမ်းမှုကြောင့် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။

Doctors who treat this condition