ခြုံငုံသုံးသပ်ချက်
သာမန် ကြွက်နို့များသည် Human Papillomavirus (HPV) ဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ ထိုကူးစက်မှုသည် အရေပြားပေါ်တွင် ကြမ်းတမ်းသော အရေပြားရောင် ဥပုသ်ဖုများ သို့မဟုတ် အစေ့အဆန်ကဲ့သို့ အဖုအပိန့်များ ဖွံ့ဖြိုးလာစေပြီး အရေပြားချင်း ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။ သာမန် ကြွက်နို့များတွင် ပိတ်ဆို့နေသော သွေးကြောငယ်လေးများဖြစ်သည့် အမည်းစက် သေးသေးလေးများ ပါဝင်သည့် ပုံစံလည်း ရှိသည်။
ကြွက်နို့များသည် လက်၊ ခြေ၊ မျက်နှာ၊ မျိုးပွားအင်္ဂါများနှင့် ဒူးခေါင်းတို့တွင် မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ ကြွက်နို့များသည် ကင်ဆာမဟုတ်သော်လည်း အလွန် ကူးစက်လွယ်သည်။ ဖြစ်စဉ်အများစုတွင် ၎င်းတို့သည် အလိုလို ပျောက်ကင်းသွားလေ့ရှိသည်။ သို့သော် မသက်မသာဖြစ်ခြင်း သို့မဟုတ် ရှက်ရွံ့ဖွယ်ကောင်းခြင်းတို့ကြောင့် လူအများအပြားသည် ၎င်းတို့ကို ဖယ်ရှားရန် ပိုမိုနှစ်သက်ကြသည်။ ကုသမှုတွင် ဆေးဝါးသုံးစွဲခြင်း၊ လေဆာဖြင့် ကုသခြင်း၊ အေးခဲ ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းတို့ ပါဝင်နိုင်သည်။
ရောဂါလက္ခဏာများ
သာမန် ကြွက်နို့ကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်သည် တစ်ဦးမှ တစ်ဦးသို့ သို့မဟုတ် ခန္ဓာကိုယ်၏ နေရာတစ်ခုမှ အခြားတစ်နေရာသို့ ကူးစက်နိုင်သည်။ ကူးစက်ခံရပါက ကြွက်နို့များသည် အောက်ပါ လက္ခဏာများနှင့်အတူ ပေါ်ပေါက်လာမည် ဖြစ်သည်။
- ခုံးသော ပုံသဏ္ဌာန် သို့မဟုတ် ပြားသော ပုံသဏ္ဌာန်ဖြင့် ပေါ်ပေါက်နိုင်သည့် အသားရောင် အဖုအပိန့် သေးသေးလေးများ
- ကိုင်တွယ်ကြည့်ပါက ကြမ်းတမ်းမှု ခံစားရခြင်း
- ပိတ်ဆို့နေသော သွေးကြောငယ်လေးများ ဖြစ်ကြသည့် အမည်းစက် သေးသေးလေးများဖြင့် ဖုံးအုပ်နေခြင်း
ကြွက်နို့များ ပေါ်ပေါက်လာခြင်းနှင့်အတူ အောက်ပါတို့ထဲမှ အချက်များကို တွေ့ရှိရပါက သို့မဟုတ် ခံစားရပါက ကျန်းမာရေးစောင့်ရှောက်သူထံ ချက်ချင်း ပြသတိုင်ပင်ရန် အကြံပြုလိုပါသည်။
- ခုခံအား မကောင်းသည်ကို ညွှန်ပြနေနိုင်သည့် ကြွက်နို့များစွာ အစုလိုက် ပေါ်ပေါက်လာခြင်း
- ထွက်ပေါ်လာသော အဖုများမှာ ကြွက်နို့ ဟုတ်မဟုတ် အတည်မပြုနိုင်ခြင်း
- နာကျင်မှု ဖြစ်ပေါ်ခြင်း
- ပုံသဏ္ဌာန် သို့မဟုတ် အရောင် ကွဲပြားနေခြင်း
- ကုသမှု ခံယူနေသော်လည်း ဆက်လက် ကြီးထွားလာခြင်း၊ ပြန့်ပွားလာခြင်း သို့မဟုတ် ပြန်လည် ဖြစ်ပွားခြင်း
- ပိုးဝင်သည့်ပုံစံ ဖြစ်နေခြင်း၊ နီရဲနေခြင်း သို့မဟုတ် ပြည်တည်နေခြင်း
ဖြစ်ပွားရသည့် အကြောင်းအရင်းများ
ကြွက်နို့များသည် အလွန် ကူးစက်လွယ်ပြီး Human Papillomavirus (HPV) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားသည်။ သို့သော် ဗိုင်းရပ်စ်အပေါ် ခုခံအားစနစ် တုံ့ပြန်ပုံချင်း ကွဲပြားနိုင်သောကြောင့် HPV နှင့် ထိတွေ့မှုရှိသူ တိုင်းတွင် ကြွက်နို့များ ဖြစ်ပွားမည်ဟု မဆိုနိုင်ပါ။ မျိုးစိတ်ပေါင်း ၁၅၀ ကျော်ရှိသဖြင့် HPV သည် ကျယ်ပြန့်စွာ ကူးစက်ဖြစ်ပွားသော ပိုးတစ်မျိုး ဖြစ်သည်။
HPV ၏ အချို့သော မျိုးစိတ်များသည် အဓိကအားဖြင့် လိင်ဆက်ဆံမှုမှတစ်ဆင့် ပြန့်ပွားလေ့ရှိသော်လည်း အရေအတွက် နည်းပါးသော မျိုးစိတ်အချို့ကသာ လက်များပေါ်တွင် ကြွက်နို့များကို ဖြစ်ပွားစေသည်။ HPV မျိုးစိတ် အများစုသည် အရေပြားချင်း ထိတွေ့မှုမှတစ်ဆင့် သို့မဟုတ် တဘက်များ၊ မျက်နှာသုတ်ပဝါများကဲ့သို့သော ပစ္စည်းများကို အတူတကွ သုံးစွဲခြင်းမှတစ်ဆင့် ကူးစက်ကြသည်။ HPV ဗိုင်းရပ်စ်သည် အရေပြား ရှတ်ဒဏ်ရာမှတစ်ဆင့် ဝင်ရောက်သွားသောအခါ ကြွက်နို့များ စတင်ဖြစ်ပေါ်စေသည့် အရေပြား ကူးစက်မှုကို ဖြစ်စေသည်။ လက်သည်းကို ကိုက်လေ့ရှိသူများတွင်လည်း လက်ချောင်းထိပ်များနှင့် လက်သည်းဘေး ပတ်ဝန်းကျင်တို့၌ ကြွက်နို့များ ပြန့်ပွားနိုင်သည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
သာမန် ကြွက်နို့များသည် အောက်ပါ ပုဂ္ဂိုလ်များတွင် အဖြစ်များသည်။
- ကလေးငယ်များ (မကြာခဏ ရှတ်ဒဏ်ရာ ရရှိတတ်ခြင်းကြောင့် ဖြစ်သည်။)
- ကလေးများနှင့် လူငယ်များ (၎င်းတို့၏ ခန္ဓာကိုယ်တွင် ဤဗိုင်းရပ်စ်အပေါ် ခုခံအားစနစ် အားနည်းခြင်းကြောင့် ဖြစ်သည်။)
- အသက်ကြီးပိုင်းများ၊ HIV/AIDS ရောဂါရှိသူများ သို့မဟုတ် ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားသူများကဲ့သို့ ခုခံအားစနစ် ဖောက်ပြန်သည့် ရောဂါရှိသူများ သို့မဟုတ် ခုခံအား ကျဆင်းနေသူများ။
ရောဂါရှာဖွေခြင်း
သာမန် ကြွက်နို့ကို ရောဂါအမည်တပ် စိစစ်နိုင်ရန်အတွက် ဆရာဝန်သည် အဖုအပိန့်များကို မျက်မြင်ကြည့်ရှု စစ်ဆေးနိုင်သည်။ ထို့အပြင် ကြွက်နို့၏ ထူးခြားသော လက္ခဏာများဖြစ်သည့် အမည်းစက် သေးသေးလေးများ သို့မဟုတ် ပိတ်ဆို့နေသော သွေးကြောငယ်လေးများ ရှိမရှိ ကြည့်ရှုရန်အတွက် ကြွက်နို့၏ အပေါ်ယံအလွှာကို ခြစ်ထုတ်သည့် နည်းလမ်းကိုလည်း ဆောင်ရွက်နိုင်သည်။
အချို့သောအခြေအနေများတွင် HPV ဗိုင်းရပ်စ် ပါဝင်နေခြင်းကို အတည်ပြုရန်အတွက် ထွက်ပေါ်နေသော အရေပြားအဖု၏ အသားစယူ စစ်ဆေးခြင်း (Biopsy) ကို ဆရာဝန်က ပြုလုပ်ရန် လိုအပ်နိုင်သည်။ ဤသည်မှာ ကြွက်နို့၏ အစိတ်အပိုင်း သေးသေးလေးကို ဖယ်ရှား၍ ဓာတ်ခွဲခန်းသို့ ပေးပို့ ဓာတ်ခွဲစစ်ဆေးခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် အခြားသော အရေပြားအဖု အမျိုးအစားများ ဖြစ်နိုင်ခြေကိုပါ စိစစ်ဖယ်ရှားရန် ဆရာဝန်အား ကူညီပေးနိုင်သည်။
ကုသခြင်း
ခုခံအားစနစ်က ဗိုင်းရပ်စ်ကို အနိုင်ယူပြီးပါက ကြွက်နို့များသည် အလိုလို ပျောက်ကင်းသွားလေ့ရှိသည်။ သို့သော် ခန္ဓာကိုယ်၏ ထိုနေရာ သို့မဟုတ် အခြားသောနေရာများတွင် ကြွက်နို့အသစ်များ ပြန်လည် ထွက်ပေါ်လာနိုင်သည်။ သာမန် ကြွက်နို့များ ပျောက်ကင်းရန်အတွက် ပုံမှန်အားဖြင့် ၁ နှစ်မှ ၂ နှစ်အထိ ကြာမြင့်နိုင်သည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ ကြွက်နို့ကို ဖယ်ရှားပစ်ရန် သို့မဟုတ် ကူးစက်မှုကို တိုက်ဖျက်ရန်အတွက် ခုခံအားစနစ်၏ တုံ့ပြန်မှုကို လှုံ့ဆော်ပေးရန် ဖြစ်သည်။
သာမန် ကြွက်နို့များ ကုသမှုသည် ကြွက်နို့ တည်ရှိရာနေရာ၊ လက္ခဏာများ၏ ပြင်းထန်းမှုနှင့် လူနာ၏ စိတ်ကြိုက် ရွေးချယ်မှု ကဲ့သို့သော အချက်များပေါ်တွင် မူတည်သည်။ အချို့သူများသည် အိမ်တွင်းကုထုံးများကို စမ်းသပ် ကုသနိုင်သော်လည်း ကြွက်နို့များသည် နာကျင်ခြင်း၊ ပြန့်ပွားခြင်း သို့မဟုတ် အကြည့်ရဆိုးခြင်းတို့ ဖြစ်ပေါ်ပြီး မိမိကိုယ်ကို ပြုစုကုသမှုများဖြင့် မသက်သာပါက ဆရာဝန်ထံမှ ကုသမှုခံယူရန် ပိုမိုနှစ်သက်ကြသည်။
ကုသမှု ခံယူပြီးသည့်တိုင်အောင် ကြွက်နို့များသည် ပြန်လည်ဖြစ်ပွားခြင်း သို့မဟုတ် ပြန့်ပွားခြင်းများ ဖြစ်လေ့ရှိသည်။ ကုသမှုသည် ရက်သတ္တပတ် အတော်ကြာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ဆရာဝန်များသည် အထူးသဖြင့် ကလေးငယ်များအတွက် နာကျင်မှု အနည်းဆုံးဖြစ်သော နည်းလမ်းများဖြင့် စတင်လေ့ရှိသည်။ ဆာလီဆိုင်းလစ် အက်ဆစ် (Salicylic acid) ကဲ့သို့သော ဓာတုကုထုံးများကို အောက်ပါ ကုသမှုများနှင့် ပူးတွဲ၍ အသုံးပြုနိုင်သည်။
ဆာလီဆိုင်းလစ် အက်ဆစ် (Salicylic acid) – ဆာလီဆိုင်းလစ် အက်ဆစ်သည် ကြွက်နို့ကို တစ်လွှာချင်းစီ ပျော်ဝင်စေသော ဓာတုပစ္စည်း ဖြစ်သည်။ ဆာလီဆိုင်းလစ် အက်ဆစ်ကို အေးခဲကုသခြင်းနှင့် ပူးတွဲအသုံးပြုပါက ပိုမို ထိရောက်မှုရှိသည်။ ဤထုတ်ကုန်များကို အရည်၊ ဂျယ်လ် (Gel) နှင့် ကပ်ပလာစတာ ပုံစံများဖြင့် ရရှိနိုင်သည်။ ကြွက်နို့ကို လုံးဝ ဖယ်ရှားနိုင်ရန်အတွက် လပေါင်းများစွာတိုင်အောင် နေ့စဉ် ကုသမှု ခံယူရန် လိုအပ်နိုင်သည်။
အေးခဲ ကုသခြင်း (Cryotherapy) – ဤနည်းလမ်းသည် ပုံမှန်မဟုတ်သော အသားစများကို အေးခဲစေပြီး သေစေရန် အရည်ပြုလုပ်ထားသော နိုက်ထရိုဂျင် (Liquid nitrogen) ကို အသုံးပြုသည်။ ၎င်းသည် ကြွက်နို့၏ အောက်ခြေနှင့် ပတ်ဝန်းကျင်တွင် အရည်ကြည်ဖု ဖြစ်ပေါ်လာစေသည်။ ထို့နောက် သေသွားသော အသားစများသည် တစ်ပတ်ခန့်အတွင်း လျှောကျသွားသည်။ ဤနည်းလမ်းသည် ဗိုင်းရပ်စ် ကြွက်နို့များကို တိုက်ဖျက်ရန် ခုခံအားစနစ်၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများတွင် ကုသထားသော ဧရိယာ၌ မသက်မသာဖြစ်ခြင်း၊ အရည်ကြည်ဖုထခြင်းနှင့် အရေပြား အရောင်ပြောင်းခြင်းတို့ ပါဝင်သည်။ လူနာများသည် ဤနည်းလမ်းဖြင့် ကုသပြီးနောက် နောက်ထပ် ထပ်မံကုသမှုများ လိုအပ်မည် ဖြစ်သည်။
အခြား အက်ဆစ်များ – အေးခဲကုသခြင်း သို့မဟုတ် ဆာလီဆိုင်းလစ် အက်ဆစ်တို့ဖြင့် ကြွက်နို့များကို မပျောက်ကင်းနိုင်ပါက တရိုင်ကလိုရိုအက်စီတစ် အက်ဆစ် (Trichloroacetic acid) ကို အကြံပြုနိုင်သည်။ ဤကုသမှုကို ရက်သတ္တပတ်တိုင်း လိုလို ထပ်မံပြုလုပ်ရသည်။ အက်ဆစ်ကို သစ်သား သွားကြားထိုးတံ သို့မဟုတ် ဒုတ်ချောင်းလေးကို အသုံးပြု၍ ထည့်ပေးသည်။ အက်ဆစ် မလိမ်းမီ ဆရာဝန်က ကြွက်နို့၏ အပေါ်ယံမျက်နှာပြင်ကို ပါးပါးလှီးထုတ်ရန် လိုအပ်နိုင်သည်။
လေဆာဖြင့် ကုသခြင်း – ဤနည်းလမ်းသည် ကြွက်နို့သို့ သွေးထောက်ပံ့မှုကို ဖြတ်တောက်လိုက်ခြင်းဖြင့် ၎င်းကို ဖျက်ဆီးပစ်သည်။ ပိုးဝင်နေသော အသားစများ သေဆုံးသွားသောအခါ ကြွက်နို့သည် ကြွေကျသွားသည်။ ဤကုသမှုတွင် Pulsed-dye laser ကို အသုံးပြုသည်။ သို့သော် ဤကုသမှု၏ ထိရောက်မှုကို ထောက်ခံသည့် သုတေသန လေ့လာချက်များမှာ အကန့်အသတ် ရှိသေးသည်။
သေးငယ်သော ခွဲစိတ်ကုသမှု – အချို့သော အခြေအနေများတွင် ကြွက်နို့များနှင့် ထိခိုက်နေသော အသားစများကို ဖယ်ရှားရန် ခွဲစိတ်မှုကို အကြံပြုနိုင်သည်။ ဤနည်းလမ်းသည် အမာရွတ် ကျန်ရစ်စေနိုင်သည်ကို သတိပြုရန် လိုအပ်သည်။
