အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသော နာတာရှည် ဆီးစပ်ကိုက်ခဲခြင်း
အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသော နာတာရှည် ဆီးစပ်ကိုက်ခဲခြင်း (Chronic Pelvic Pain)
ဆီးစပ်ဧရိယာ (ချက်အောက်ပိုင်းနှင့် တင်ပါးဆုံကြား) တွင် ကိုက်ခဲနာကျင်မှုသည် ၆ လ သို့မဟုတ် ထိုထက်ပို၍ ကြာမြင့်နေပါက “နာတာရှည် ဆီးစပ်ကိုက်ခဲခြင်း” ဟု သတ်မှတ်ပါသည်။ ဤဝေဒနာသည် သီးခြားရောဂါတစ်ခုအနေဖြင့် ဖြစ်ပွားနိုင်သလို အခြားသော နောက်ခံရောဂါတစ်ခုခု၏ လက္ခဏာရပ်လည်း ဖြစ်နိုင်ပါသည်။
အကယ်၍ ရောဂါရှာဖွေတွေ့ရှိပါက နောက်ခံအကြောင်းရင်းကို ကုသခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သော်လည်း၊ များသောအားဖြင့် နာကျင်မှုကို ဖြစ်စေသည့် တိကျသော အကြောင်းရင်းတစ်ခုတည်းကို ရှာဖွေရန် ခက်ခဲတတ်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ နာကျင်မှုနှင့် အခြားလက္ခဏာများကို လျှော့ချပေးရန်နှင့် နေ့စဉ်လူမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးရန် ဖြစ်ပါသည်။
ခံစားရနိုင်သည့် လက္ခဏာများ (Symptoms)
နာကျင်မှုသည် ဆီးစပ်ဧရိယာတစ်ခုလုံးတွင် ပျံ့နှံ့နေတတ်ပြီး အောက်ပါအတိုင်း ပုံစံအမျိုးမျိုးဖြင့် ခံစားရနိုင်ပါသည် –
- ရံဖန်ရံခါမှသာ နာကျင်ခြင်း သို့မဟုတ် အဆက်မပြတ် ပြင်းထန်စွာ နာကျင်ခြင်း
- ရုတ်တရက် ထိုးအောင့်ခြင်း၊ ကြွက်တက်သကဲ့သို့ နာကျင်ခြင်း သို့မဟုတ် တဆိမ့်ဆိမ့် ကိုက်ခဲခြင်း
- ဆီးစပ်တွင် တင်းကျပ်အောင့်အီးနေခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းနေခြင်း
အခြားတွဲဖက် ခံစားရနိုင်သည့် လက္ခဏာများ:
- ဆီး သို့မဟုတ် ဝမ်းသွားသည့်အခါ နာကျင်ခြင်း
- ကြာရှည်ထိုင်သည့်အခါ သို့မဟုတ် ကြာရှည်မတ်တတ်ရပ်သည့်အခါ နာကျင်မှု ပိုဆိုးလာခြင်း (လဲလျောင်းလိုက်ပါက သက်သာသွားတတ်သည်)
- အမျိုးသားနှင့် အတူနေစဉ် နာကျင်ခြင်း
- မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အစက်အပြောက်ထွက်ခြင်း သို့မဟုတ် အဖြူဆင်းခြင်း
- ဝမ်းသွားသည့်အခါ စုဂံဝမ်းတွင်းမှ သွေးပါခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပေါင်ခြံ ကိုက်ခဲခြင်းနှင့် ဗိုက်ပွဗိုက်ကယ်ခြင်း
ဆရာဝန်နှင့် ဘယ်အချိန်တွင် ပြသမလဲ:
ဆီးစပ်ကိုက်ခဲမှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာလျှင်သော်လည်းကောင်း၊ လက္ခဏာများ ပိုမိုဆိုးရွားလာလျှင်သော်လည်းကောင်း ဆရာဝန်နှင့် မပျက်မကွက် ပြသတိုင်ပင်သင့်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ (Causes)
နာတာရှည် ဆီးစပ်ကိုက်ခဲခြင်းသည် ရှုပ်ထွေးပြီး အကြောင်းရင်း အများအပြားကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းတို့အနက် အဖြစ်များသော အကြောင်းရင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- သားအိမ်ကပ်တွယ်ရောဂါ (Endometriosis): သားအိမ်အတွင်းမြှေးကြွကဲ့သို့သော တစ်ရှူးများသည် သားအိမ်၏အပြင်ဘက်တွင် သွားရောက်ဖွံ့ဖြိုးသည့် အခြေအနေ ဖြစ်သည်။ ၎င်းတစ်ရှူးများသည် ရာသီစက်ဝန်းဟော်မုန်း အပြောင်းအလဲအတိုင်း လစဉ် ထူထဲလာခြင်း၊ ကွာကျခြင်းနှင့် သွေးယိုစိမ့်ခြင်းတို့ကို ဖြစ်စေသော်လည်း ခန္ဓာကိုယ်အပြင်ဘက်သို့ စွန့်ထုတ်ရန် လမ်းကြောင်းမရှိသဖြင့် ဝမ်းဗိုက်အတွင်း ပိတ်မိကာ နာကျင်စေသော အရည်အိတ် (Cysts) များနှင့် အမာရွတ်တစ်ရှူး အမျှင်တန်း (Adhesions) များ ဖြစ်ပေါ်စေပါသည်။
- ကြွက်သားနှင့် အရိုးအဆစ် ပြဿနာများ (Musculoskeletal problems): တင်ပါးဆုံကွင်း ကြွက်သားများ တင်းကျပ်ခြင်း၊ ဆီးစပ်အရိုးအဆက် ရောင်ရမ်းခြင်း (Pubic symphysis inflammation)၊ အူကျခြင်း သို့မဟုတ် နာတာရှည် ကြွက်သားနှင့် အမျှင်တစ်ရှူး ကိုက်ခဲသည့်ရောဂါ (Fibromyalgia) ကဲ့သို့သော အရိုး၊ အဆစ်နှင့် တွယ်ဆက်တစ်ရှူး ပြဿနာများကြောင့် ဖြစ်နိုင်ပါသည်။
- နာတာရှည် တင်ပါးဆုံကွင်းတွင်း အင်္ဂါများ ရောင်ရမ်းခြင်း (Chronic pelvic inflammatory disease): လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကြောင့် ရေရှည်ကူးစက်ပိုးဝင်ရာမှတစ်ဆင့် တင်ပါးဆုံကွင်းအတွင်းရှိ အင်္ဂါရပ်များတွင် အမာရွတ်များ ဖြစ်ပေါ်ကာ နာကျင်မှုကို ဖြစ်စေပါသည်။
- သားဥအိမ်အကြွင်းအကျန် ကျန်ရှိခြင်း (Ovarian remnant): သားအိမ်၊ သားဥအိမ်နှင့် သားပြွန်များကို ခွဲစိတ်ဖယ်ရှားပြီးနောက် သားဥအိမ်အစိတ်အပိုင်း အနည်းငယ် အမှတ်မထင် ကျန်ရှိခဲ့ပါက ၎င်းမှတစ်ဆင့် နာကျင်စေသော အရည်အိတ်များ ပြန်လည်ဖြစ်ပေါ်လာနိုင်ပါသည်။
- သားအိမ်အကျိတ် (Fibroids): သားအိမ်တွင် ဖြစ်ပွားတတ်သော ကင်ဆာမဟုတ်သည့် အကျိတ်များ ဖြစ်ပြီး ဝမ်းဗိုက်အောက်ပိုင်းကို လေးလံစေခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ကို ဖြစ်စေပါသည်။ ၎င်းအကျိတ်များထံ သွေးထောက်ပံ့မှု ပြတ်တောက်ပြီး ပျက်စီးစပြုလာချိန် (Degenerate) မှလွဲ၍ စူးရှသော နာကျင်မှုကို ခံစားရလေ့မရှိပါ။
- အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု (Irritable bowel syndrome – IBS): အူမကြီးလှုပ်ရှားမှု ပုံမှန်မဟုတ်ဘဲ ဗိုက်ပွခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ ဖြစ်ပွားကာ ဆီးစပ်ဧရိယာကို ဖိအားပေးပြီး နာကျင်စေပါသည်။
- နာတာရှည် ဆီးအိမ်ရောင်ရမ်းခြင်း (Interstitial cystitis): ဆီးအိမ်တွင် ထပ်ခါတလဲလဲ နာကျင်ခြင်းနှင့် ဆီးမကြာခဏ သွားလိုစိတ် ဖြစ်ပေါ်ခြင်းတို့ ခံစားရတတ်သည်။ ဆီးအိမ်အတွင်း ဆီးပြည့်လာပါက ဆီးစပ်ကိုက်ခဲတတ်ပြီး ဆီးသွားလိုက်လျှင် နာကျင်မှု ခေတ္တသက်သာသွားတတ်ပါသည်။
- တင်ပါးဆုံကွင်း သွေးပြန်ကြောထုထည် များပြားခြင်း (Pelvic congestion syndrome): သားအိမ်နှင့် သားဥအိမ်ပတ်ဝန်းကျင်ရှိ သွေးပြန်ကြောများ ဖောင်းကြွလာခြင်းကြောင့် ဆီးစပ်ကိုက်ခဲရခြင်းဖြစ်သည်ဟု ယူဆကြသော်လည်း၊ ဖောင်းကြွသွေးပြန်ကြောရှိသည့် အမျိုးသမီးအများစုတွင် နာကျင်မှု ဝေဒနာ မခံစားရသဖြင့် ဤအယူအဆအပေါ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူအချို့က သဘောထားကွဲလွဲမှုများ ရှိနေပါသည်။
- စိတ်ပိုင်းဆိုင်ရာ အချက်အလက်များ (Psychological factors): စိတ်ဓာတ်ကျခြင်း၊ ရေရှည်စိတ်ဖိစီးမှု ခံရခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်ခံရဖူးသည့် ရာဇဝင်ရှိခြင်းတို့သည် နာတာရှည် ဆီးစပ်ကိုက်ခဲမှု ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေပါသည်။ ထို့အပြင် နာတာရှည်ဝေဒနာကို ရေရှည်ခံစားရခြင်းက စိတ်ပိုင်းဆိုင်ရာ ပူပန်မှုကို တိုးပွားစေပြီး၊ ၎င်းစိတ်ပူပန်မှုက နာကျင်မှုကို ပိုမိုဆိုးရွားစေကာ သံသရာလည်နေတတ်ပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
နာတာရှည် ဆီးစပ်ကိုက်ခဲခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာ ရှိသောကြောင့် ရောဂါရှာဖွေရာတွင် ဖြစ်နိုင်ခြေရှိသော ရောဂါများကို တစ်ခုချင်းစီ ပယ်ထုတ်သည့် နည်းလမ်း (Elimination procedure) ကို အသုံးပြုလေ့ရှိပါသည်။
ဆရာဝန်သည် သင့်ကျန်းမာရေးရာဇဝင်နှင့် မိသားစုဝင်များ၏ ကျန်းမာရေးရာဇဝင်ကို စစ်ဆေးမေးမြန်းမည့်အပြင်၊ ခံစားရသည့် နာကျင်မှုပုံစံနှင့် အခြားလက္ခဏာများကို နေ့စဉ်မှတ်တမ်း (Journal) ရေးမှတ်ခိုင်းနိုင်ပါသည်။ ထို့ပြင် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် လမ်းညွှန်နိုင်ပါသည် –
- ဆီးစပ်ဧရိယာကို စမ်းသပ်စစ်ဆေးခြင်း (Pelvic exam): ဤစစ်ဆေးမှုမှတစ်ဆင့် ကူးစက်ပိုးဝင်ခြင်း၊ ပုံမှန်မဟုတ်သော အကျိတ်များရှိခြင်း သို့မဟုတ် တင်ပါးဆုံကွင်း ကြွက်သားများ တင်းကျပ်နေခြင်း စသည့် လက္ခဏာများကို သိရှိနိုင်ပါသည်။ ဆရာဝန်သည် နာကျင်မှုရှိသော နေရာများကို ရှာဖွေစမ်းသပ်မည်ဖြစ်ရာ စမ်းသပ်နေစဉ်အတွင်း ခံစားရသည့် နာကျင်မှုသည် မိမိအမြဲခံစားနေရကျ လက္ခဏာများနှင့် တူညီပါက ဆရာဝန်အား သေချာစွာ ပြောပြရန် လိုအပ်ပါသည်။
- ဓာတ်ခွဲစမ်းသပ်မှုများ (Lab tests): ကူစက်ပိုးများ ရှိ၊ မရှိ စစ်ဆေးရန် မိန်းမကိုယ်မှ အရည်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရှိ၊ မရှိ သိရှိရန် ဆီးစစ်ခြင်းနှင့် သွေးဆဲလ်အရေအတွက်ကို ကြည့်ရှုရန် သွေးစစ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
- အာထရာဆောင်းရိုက်ခြင်း (Ultrasound): လှိုင်းနှုန်းမြင့် အသံလှိုင်းများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါရပ်များ၏ ပုံရိပ်ကို ဖော်ထုတ်ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းသည် သားအိမ်၊ သားဥအိမ်နှင့် သားပြွန်များတွင် အကျိတ် သို့မဟုတ် အရည်အိတ်များ ရှိ၊ မရှိ ရှာဖွေရာတွင် အလွန်အသုံးဝင်ပါသည်။
- အခြားပုံရိပ်ဖော် စစ်ဆေးမှုများ (Other imaging tests): ဝမ်းဗိုက်ပိုင်း ဓာတ်မှန်ရိုက်ခြင်း (X-rays)၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) တို့ကို ပြုလုပ်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။
နာတာရှည် ဆီးစပ်ကိုက်ခဲခြင်းသည် နောက်ခံအကြောင်းရင်း အများအပြား ရှိနိုင်သည့်အတွက် အချို့သောအခြေအနေများတွင် တိကျသော ရောဂါရှာဖွေချက် မထွက်လာနိုင်ပါ။ သို့သော်လည်း နာကျင်မှုအနည်းဆုံးဖြင့် နေ့စဉ်လူမှုဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည့် ကုသမှုအစီအစဉ်ကို စနစ်တကျ ရေးဆွဲနိုင်ပါသည်။
ကုသခြင်း (Treatment)
ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ခံစားရသည့် လက္ခဏာများကို လျှော့ချပေးရန်နှင့် လူမှုဘဝအရည်အသွေး မြှင့်တင်ရန် ဖြစ်ပါသည်။ တိကျသော အကြောင်းရင်းကို ရှာမတွေ့ပါက နာကျင်မှုနှင့် အခြားလက္ခဏာများကို ထိန်းချုပ်နိုင်ရန် အဓိကထား ကုသမည်ဖြစ်ပြီး၊ အမျိုးသမီးအများစုအတွက် ကုသမှုနည်းလမ်း အပြောင်းအလဲများကို ပေါင်းစပ်အသုံးပြုခြင်းက အကောင်းဆုံး ရလဒ်ကို ရရှိစေပါသည်။
၁။ ဆေးဝါးဖြင့် ကုသခြင်း (Medications)
ဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်၍ အောက်ပါဆေးဝါးများကို ညွှန်းဆိုနိုင်ပါသည် –
- အကိုက်အခဲပျောက်ဆေးများ: အက်စပရင် (Aspirin)၊ အိုင်ဗျူပရိုဖင် (Ibuprofen) သို့မဟုတ် ပါရာစီတမော (Acetaminophen) ကဲ့သို့သော အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဆေးဝါးများသည် နာကျင်မှုကို အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်ပါသည်။ အချို့အခြေအနေများတွင် ပိုမိုပြင်းထန်သော အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရန် လိုအပ်နိုင်သော်လည်း၊ အကိုက်အခဲပျောက်ဆေး တစ်မျိုးတည်းဖြင့် နာတာရှည်နာကျင်မှုကို လုံးဝပျောက်ကင်းအောင် ကုသရန် ခက်ခဲတတ်ပါသည်။
- ဟော်မုန်းကုထုံးများ: ဆီးစပ်ကိုက်ခဲမှုသည် ရာသီစက်ဝန်း၊ သားဥကြွေခြင်းနှင့် ဟော်မုန်းအပြောင်းအလဲများ ဖြစ်ပေါ်ချိန်နှင့် ဆက်စပ်နေပါက ကိုယ်ဝန်တားဆေးကဲ့သို့သော ဟော်မုန်းဆေးဝါးများက နာကျင်မှုကို သက်သာစေနိုင်ပါသည်။
- ပိုးသတ်ဆေးများ (Antibiotics): နာကျင်မှုသည် ပိုးဝင်ခြင်းကြောင့် ဖြစ်ပါက ပိုးသတ်ဆေးများ ပေး၍ ကုသရပါမည်။
- စိတ်ကျရောဂါပျောက်ဆေးများ (Antidepressants): အချို့သော စိတ်ကျဆေးအမျိုးအစားများသည် နာတာရှည် နာကျင်ကိုက်ခဲမှုများအတွက် အသုံးဝင်ပါသည်။ အထူးသဖြင့် Tricyclic antidepressants အမျိုးအစားဝင်ဆေးဝါးများသည် နာကျင်မှုကို သက်သာစေသည့်အပြင် စိတ်ဓာတ်ကျခြင်းကိုပါ ကာကွယ်ပေးနိုင်သဖြင့်၊ စိတ်ကျရောဂါ မရှိသည့် အမျိုးသမီးများတွင်လည်း နာတာရှည် ဆီးစပ်ကိုက်ခဲမှုကို လျှော့ချရန် အသုံးပြုလေ့ရှိပါသည်။
၂။ အခြားကုထုံးများ (Other therapies)
- ကာယကုထုံး (Physical therapy): အကြောလျှော့လေ့ကျင့်ခန်းလုပ်ခြင်း၊ အနှိပ်ကုထုံးနှင့် စိတ်အပန်းဖြေနည်းလမ်းများသည် နာတာရှည် ဆီးစပ်ကိုက်ခဲမှုကို လျော့နည်းစေပါသည်။ ကာယကုထုံးပညာရှင် (Physical therapist) များသည် ခန္ဓာကိုယ်အပြင်ဘက်မှ လျှပ်စစ်လှိုင်းဖြင့် အာရုံကြောကို လှုံ့ဆော်ပေးသည့် ကိရိယာ (TENS) ကို အသုံးပြု၍ နာကျင်သည့်နေရာများကို ကုသပေးနိုင်သလို၊ မိမိ၏ တင်းကျပ်နေသော ကြွက်သားများကို ရှာဖွေပြီး မည်သို့ဖြေလျှော့ရမည်ကို သင်ကြားပေးသည့် Biofeedback နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသည်။
- အာရုံကြောကို လှုံ့ဆော်ပေးသည့်ကုထုံး (Neurostimulation): နာကျင်မှုအချက်ပြလမ်းကြောင်းများကို ပိတ်ဆို့ပေးမည့် စက်ပစ္စည်းငယ်တစ်ခုကို ခန္ဓာကိုယ်အတွင်း ထည့်သွင်းကာ နာကျင်မှုလက္ခဏာများ ဦးနှောက်သို့ မရောက်ရှိအောင် တားဆီးပေးသည့် နည်းလမ်းဖြစ်ပြီး ဖြစ်ပွားသည့် အကြောင်းရင်းပေါ်မူတည်၍ အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။
- နာကျင်မှုဗဟိုချက်သို့ ဆေးထိုးခြင်း (Trigger point injections): နာကျင်မှုကို တိုက်ရိုက်ဖြစ်စေသည့် တိကျသောနေရာ (Trigger point) ကို ရှာဖွေတွေ့ရှိပါက ၎င်းနေရာထဲသို့ ထုံဆေး (Local anesthetic) တိုက်ရိုက်ထိုးသွင်းခြင်းဖြင့် နာကျင်မှုလမ်းကြောင်းကို ပိတ်ဆို့ကာ ဝေဒနာကို ရေရှည်သက်သာစေနိုင်ပါသည်။
- စိတ်ပိုင်းဆိုင်ရာ ကုထုံး (Psychotherapy): နာကျင်မှုသည် စိတ်ဓာတ်ကျခြင်း၊ အလွဲသုံးစားပြုခံရခြင်း၊ အိမ်ထောင်ရေး သို့မဟုတ် မိသားစုအကျပ်အတည်းများနှင့် ဆက်စပ်နေပါက စိတ်ပညာရှင် သို့မဟုတ် စိတ်ကျန်းမာရေးဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းက အလွန်အကျိုးရှိပါသည်။ စိတ်ပိုင်းဆိုင်ရာကုထုံးများသည် မည်သည့်အကြောင်းရင်းကြောင့်ပင်ဖြစ်စေ နာကျင်မှုဝေဒနာကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းဗျူဟာများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ပါသည်။
၃။ ခွဲစိတ်ကုသခြင်း (Surgery)
နာတာရှည် ဆီးစပ်ကိုက်ခဲမှုကို ဖြစ်စေသည့် နောက်ခံရောဂါအရင်းအမြစ်ကို ကုသရန် ခွဲစိတ်မှု ပြုလုပ်နိုင်ပါသည် –
- မှန်ပြောင်းကြည့် ခွဲစိတ်ခြင်း (Laparoscopic surgery): သားအိမ်ကပ်တွယ်ရောဂါ (Endometriosis) ရှိသူများတွင် ချက်ပတ်ဝန်းကျင်၌ သေးငယ်သော ခွဲကြောင်းများပေးကာ မှန်ပြောင်းနှင့် ကိရိယာများ ထည့်သွင်း၍ ကပ်တွယ်နေသော အမာရွတ်တစ်ရှူးများနှင့် သားအိမ်အတွင်းမြှေးကြွ တစ်ရှူးများကို ဖယ်ရှားပေးနိုင်ပါသည်။
- သားအိမ်နှင့် သားဥအိမ်များ ခွဲစိတ်ဖယ်ရှားခြင်း (Hysterectomy): အလွန်ပြင်းထန်ပြီး အခြားနည်းလမ်းဖြင့် ကုသ၍မရသော ထူးခြားသည့် အခြေအနေမျိုးတွင် သားအိမ် ဖယ်ရှားခြင်း (Hysterectomy)၊ သားပြွန်ဖယ်ရှားခြင်း (Salpingectomy) သို့မဟုတ် သားဥအိမ် ဖယ်ရှားခြင်း (Oophorectomy) တို့ကို ပြုလုပ်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ ဤခွဲစိတ်မှုသည် အမျိုးသမီးတစ်ဦး၏ ကျန်းမာရေးအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိနိုင်သောကြောင့် ဆရာဝန်သည် ၎င်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို သေချာစွာ ရှင်းလင်းဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက်ချမည် ဖြစ်ပါသည်။
