နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာ ရောဂါ
နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာ ရောဂါ အကြောင်း သိကောင်းစရာ
နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာ သို့မဟုတ် CLL ဆိုသည်မှာ သွေးနှင့် ရိုးတွင်းခြင်ဆီတွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါတစ်မျိုး ဖြစ်သည်။ ဤသွေးကင်ဆာ အမျိုးအစားသည် အခြားသော သွေးကင်ဆာ အမျိုးအစားများနှင့် နှိုင်းယှဉ်ပါက ရောဂါတိုးပွားမှုနှုန်း အတော်အတန် နှေးကွေးသည်။ CLL ရောဂါတွင် ခန္ဓာကိုယ်အား ပိုးမွှားဝင်ရောက်စွဲကပ်ခြင်းမှ ကာကွယ်တိုက်ဖျက်ပေးသည့် သွေးဖြူဥတစ်မျိုးဖြစ်သော ‘လင်ဖိုဆိုက် (Lymphocytes)’ ဆဲလ်များကို ထိခိုက်ပျက်စီးစေသည်။
နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာသည် အသက်ကြီးပိုင်း လူကြီးများတွင် အဓိကအားဖြင့် အဖြစ်များသည်။ သို့သော် ဤရောဂါကို အချို့သော ကုသမှုနည်းလမ်းများဖြင့် ကောင်းစွာ ထိန်းချုပ်ထားနိုင်သည်။
ရောဂါလက္ခဏာများ
အမျိုးစုသော အခြေအနေများတွင် CLL ဝေဒနာရှင်များသည် ရောဂါအစောပိုင်းအဆင့်၌ မည်သည့်လက္ခဏာမျှ ပြသလေ့မရှိပါ။ ကင်ဆာဆဲလ်များ အချိန်ကြာလာသည်နှင့်အမျှ ကြီးထွားလာမှသာ ရောဂါလက္ခဏာများ စတင်ပြသလာတတ်သည်။
- ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
- နုံးချိခြင်း
- ဖျားခြင်း
- ဝမ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်းတွင် နာကျင်ခြင်း (သရက်ရွက်ကြီးလာခြင်းကြောင့် ဖြစ်ပွားနိုင်သည်)
- ညဘက် ချွေးထွက်ခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
- ပိုးဝင်ကူးစက်မှုများ မကြာခဏ ဖြစ်ပွားခြင်း
အကယ်၍ အဆိုပါ ရောဂါလက္ခဏာများနှင့် သတိပြုဖွယ်ရာများ စွဲမြဲစွာ ခံစားနေရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရှိသေးပေ။ သွေးဆဲလ်များကို ထုတ်လုပ်ပေးသော ဆဲလ်များ၏ ဒီအင်အေ (DNA) တွင် တစ်စုံတစ်ရာ မှားယွင်းမှုကြောင့် ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ၎င်းဆဲလ်ဗီဇပြောင်းလဲမှုကြောင့် ထိန်းချုပ်မရဘဲ ပွားများလာကာ ပိုးမွှားများကို ထိရောက်စွာ မတိုက်ဖျက်နိုင်သော ပုံမှန်မဟုတ်သည့် လင်ဖိုဆိုက်ဆဲလ်များ ဖြစ်ပေါ်လာစေသည်။ ကျန်းမာသော လင်ဖိုဆိုက်ဆဲလ်များ သေဆုံးသွားရမည့် အချိန်တွင်ပင် ဤပုံမှန်မဟုတ်သော ဆဲလ်များက မသေဆုံးဘဲ ၎င်းတို့ဘာသာ ဆက်လက်ပွားများနေကြသည်။
သွေးလှည့်ပတ်မှုစနစ်နှင့် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့တွင် အဆိုပါ ပုံမှန်မဟုတ်သော လင်ဖိုဆိုက်ဆဲလ်များ စုပုံလာသောအခါ ရောဂါနောက်ဆက်တွဲ ပြဿနာများ ဖြစ်လာသည်။ ကျန်းမာသော ဆဲလ်များ၏ ပတ်ပတ်လည်တွင် ဤပုံမှန်မဟုတ်သော လင်ဖိုဆိုက်ဆဲလ်များ ဝိုင်းရံပိတ်ဆို့လာခြင်းက ၎င်းတို့ကို ရိုးတွင်းခြင်ဆီမှ ကွဲကွာသွားစေပြီး သွေးဆဲလ်များ ထုတ်လုပ်မှုကို နှောင့်ယှက်ဟန့်တားပစ်သည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
- အသက်အရွယ်: နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာသည် ပုံမှန်အားဖြင့် အသက်ကြီးပိုင်း လူကြီးများတွင် ဖြစ်ပွားတတ်သောကြောင့် အသက်အရွယ်သည် ဖြစ်နိုင်ခြေကို ပိုမိုများပြားစေသော အချက်တစ်ခု ဖြစ်သည်။
- လူမျိုးစု: အသားဖြူသော ကော့ကေးရှန်းမျိုးနွယ်များတွင် အခြားသော လူမျိုးစုများထက် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
- မိသားစုအတွင်း သွေးနှင့် ရိုးတွင်းခြင်ဆီကင်ဆာ ရာဇဝင်ရှိခြင်း: မိသားစုဝင်များထဲတွင် CLL ရောဂါ သို့မဟုတ် အခြားသော သွေးနှင့် ရိုးတွင်းခြင်ဆီ ကင်ဆာရောဂါ ဖြစ်ဖူးသော ရာဇဝင်ရှိပါက ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုများသည်။
- ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း: အချို့သော ပေါင်းသတ်ဆေးများနှင့် ပိုးသတ်ဆေး အချို့သည် နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာ ဖြစ်ပွားနိုင်ခြေနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။
- လင်ဖိုဆိုက်ဆဲလ်များကို အလွန်အမင်း တိုးပွားစေသော ရောဂါအခြေအနေရှိခြင်း: Monoclonal B-cell lymphocytosis (MBL) ရောဂါသည် သွေးအတွင်းရှိ B-cell လင်ဖိုဆိုက် အရေအတွက်ကို တိုးမြင့်စေသည်။ ဤရောဂါအခြေအနေ ခံစားနေရသူ အနည်းငယ်တွင် နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာအဖြစ်သို့ ကူးပြောင်းဖြစ်ပွားနိုင်ခြေ ရှိသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
သွေးစစ်ဆေးမှုများ (Blood tests)
- သွေးဆဲလ်အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း (Complete blood count – CBC): သွေးနမူနာအတွင်းရှိ လင်ဖိုဆိုက် ဆဲလ်အရေအတွက်ကို ရေတွက်ရန်အတွက် CBC (with differential) စစ်ဆေးမှုက ကူညီပေးသည်။ အကယ်၍ သွေးနမူနာတွင် လင်ဖိုဆိုက်အမျိုးအစားတစ်ခုဖြစ်သော ‘B cells’ အရေအတွက် အလွန်အမင်း များပြားနေပါက ၎င်းသည် နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာ ရှိနေခြင်း၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။
- Flow cytometry သို့မဟုတ် Immunophenotyping စစ်ဆေးခြင်း: ဤစစ်ဆေးမှုသည် လင်ဖိုဆိုက် အရေအတွက် တိုးပွားလာခြင်းမှာ နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာကြောင့်လား၊ အခြားသော သွေးရောဂါကြောင့်လား သို့မဟုတ် ပိုးဝင်ခြင်းအပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့်လား ဆိုသည်ကို ခွဲခြားသိရှိနိုင်ရန် ကူညီပေးသည်။ ထို့ပြင် Flow cytometry သည် သွေးကင်ဆာဆဲလ်များ၏ ထူးခြားချက်များကို ခွဲခြမ်းစိတ်ဖြာပေးခြင်းဖြင့် အဆိုပါဆဲလ်များ မည်မျှအထိ ရောဂါပြင်းထန်ဆိုးရွားနိုင်သည်ကို ဆုံးဖြတ်ရန် ကူညီပေးသည်။
- လင်ဖိုဆိုက်များ၏ မျိုးရိုးဗီဇပြောင်းလဲမှုကို ခွဲခြမ်းစိတ်ဖြာခြင်း: ‘Fluorescence in situ hybridization (FISH)’ ဟုခေါ်သော စစ်ဆေးမှုပုံစံတစ်မျိုးဖြစ်ပြီး ၎င်းသည် ကင်ဆာဖြစ်နေသော လင်ဖိုဆိုက်ဆဲလ်များအတွင်းရှိ ခရိုမိုဆုန်းများ (chromosomes) တွင် တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးကြည့်ရှုနိုင်သည်။
အခြားသော စစ်ဆေးမှုများ (Other tests)
ရောဂါ၏ အခြေအနေခန့်မှန်းချက် (prognosis) အပေါ် သက်ရောက်မှုရှိနိုင်သော အင်္ဂါရပ်များကို ရှာဖွေရန် သွေးကင်ဆာဆဲလ်များကို စစ်ဆေးနိုင်သည်။
- ရိုးတွင်းခြင်ဆီအား အသားစယူခြင်းနှင့် စုပ်ယူစစ်ဆေးခြင်း (Biopsy and aspiration of bone marrow)
- ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် PET scan တို့အပါအဝင် ပုံရိပ်ဖော် စမ်းသပ်စစ်ဆေးမှုများ
ရောဂါအဆင့်သတ်မှတ်ခြင်း (Staging)
ရောဂါရှာဖွေမှု အတည်ပြုပြီးနောက် ရရှိလာသောအချက်အလက်များကို အသုံးပြု၍ လူနာတွင် ခံစားနေရသော နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာ၏ ရောဂါအဆင့်ကို သတ်မှတ်မည်ဖြစ်သည်။
အခြေအနေအများစုတွင် ရောဂါ၏ အစောဆုံးအဆင့်များ၌ ချက်ချင်းကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော် ကင်ဆာရောဂါသည် ပိုမိုဆိုးရွားသော အဆင့်များသို့ တိုးတက်ရောက်ရှိသွားပါက ကုသမှုကို ချက်ချင်းစတင်ရန် လိုအပ်နိုင်သည်။
ကုသခြင်း (Treatment)
နာတာရှည် လင်ဖိုဆိုက် သွေးကင်ဆာအတွက် ကုသမှုပုံစံများသည် ရောဂါအဆင့်၊ လက္ခဏာများ ပြသခြင်း ရှိ၊ မရှိ နှင့် လူနာ၏ ယေဘုယျကျန်းမာရေးအခြေအနေ အပါအဝင် အချက်အလက်များစွာအပေါ် မူတည်၍ ကွဲပြားခြားနားနိုင်သည်။
အကယ်၍ လူနာတွင် CLL ၏ ရောဂါလက္ခဏာများ မခံစားရဘဲ ရောဂါပိုမိုဆိုးရွားလာသည့် လက္ခဏာများလည်း မရှိပါက ကုသမှုကို ချက်ချင်းခံယူရန် မလိုအပ်သေးပေ။ အကြောင်းမှာ ရောဂါအစောပိုင်းအဆင့်ရှိသော CLL လူနာများကို စောစီးစွာ ကုသမှုပေးခြင်းသည် လူနာ၏ အသက်ရှည်မှုကို ပိုမိုတိုးမြင့်စေခြင်း မရှိကြောင်း လေ့လာမှုများအရ သိရသောကြောင့် ဖြစ်သည်။
ဆရာဝန်များသည် လူနာ၏ အခြေအနေကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ပြီး ရောဂါပိုမိုတိုးတက်ဆိုးရွားလာမှသာ ကုသမှုကို စတင်ပါလိမ့်မည်။ လူနာအနေဖြင့် လအနည်းငယ်လျှင်တစ်ကြိမ် ဆရာဝန်နှင့် ပြသခြင်းနှင့် သွေးစစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။
အလယ်အလတ်အဆင့်နှင့် ပြင်းထန်အဆင့်များအတွက် ကုသမှုများ (Treatments for intermediate and advanced stages)
- ဓာတုဆေးဝါးဖြင့် ကုသခြင်း (Chemotherapy): လျင်မြန်စွာ ကြီးထွားပွားများနေသော ကင်ဆာဆဲလ်များကို သတ်ရန် ဒီဇိုင်းထုတ်ထားသော ပြင်းထန်သည့် ဆေးဝါးများကို အသုံးပြုခြင်း ဖြစ်သည်။ ဤကုသမှုကို အကြောဆေးသွင်းခြင်းဖြင့်သော်လည်းကောင်း သို့မဟုတ် သောက်ဆေးဖြင့်သော်လည်းကောင်း ပေးနိုင်သည်။ လူနာ၏ ကျန်းမာရေးအခြေအနေအပေါ် မူတည်၍ ဓာတုကုထုံးဆေးတစ်မျိုးတည်း သို့မဟုတ် ဆေးဝါးအမျိုးမျိုးကို ပေါင်းစပ်၍ အသုံးပြုနိုင်သည်။
- ပစ်မှတ်ထားဆေးဝါးဖြင့် ကုသခြင်း (Targeted drug therapy): ကင်ဆာဆဲလ်များတွင် တွေ့ရှိရသော တိကျသည့် မူမမှန်မှုများကို တိုက်ခိုက်သော ကုသမှုပုံစံ ဖြစ်သည်။ ၎င်းသည် ထိုမူမမှန်မှုများ ဆက်လက်ကြီးထွားမလာစေရန် ပိတ်ဆို့ခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေသည်။
- ကိုယ်ခံအားမြှင့် ကုသခြင်း (Immunotherapy): ကင်ဆာရောဂါကို တိုက်ဖျက်ရန်အတွက် လူနာ၏ ကိုယ်ခံအားစနစ်ကို အသုံးချခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်ရှိဆဲလ်များမှ အလွယ်တကူ ပုန်းကွယ်နိုင်ရန် ပရိုတင်းဓာတ်များကို ထုတ်လုပ်သောကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ၎င်းတို့ကို သဘာဝအတိုင်း မတိုက်ခိုက်နိုင်ဘဲ ဖြစ်နေတတ်သည်။ ကိုယ်ခံအားမြှင့်ကုသခြင်းသည် အဆိုပါ ဖြစ်စဉ်ကို ကြားဖြတ်နှောင့်ယှက်ပေးသည်။
- ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း / စတမ်ဆဲလ် အစားထိုးကုသခြင်း (Bone marrow transplant / stem cell transplant): ပုံမှန်မဟုတ်သော လင်ဖိုဆိုက်များကို ဖြစ်ပေါ်စေသည့် ရိုးတွင်းခြင်ဆီအတွင်းရှိ စတမ်ဆဲလ်များကို ဖျက်ဆီးရန်အတွက် ပြင်းထန်သော ဓာတုကုထုံးဆေးဝါးများကို အသုံးပြုသည်။ ထို့နောက် သင့်လျော်ကိုက်ညီသော သက်ကြီးအလှူရှင်ထံမှ ရရှိသည့် ကျန်းမာသော သွေးစတမ်ဆဲလ်များကို သွေးကြောအတွင်းသို့ ထည့်သွင်းပေးသည်။ ထိုကျန်းမာသော စတမ်ဆဲလ်များသည် ရိုးတွင်းခြင်ဆီသို့ ရောက်ရှိသွားပြီး ကျန်းမာသော သွေးဆဲလ်များကို စတင်ထုတ်လုပ်ပေးသည်။
