ခေါင်းခွံနှင့် ကျောရိုးမကြီး ကင်ဆာ
H2: ခြုံငုံသုံးသပ်ချက်
Chordoma (ခေါ်ဒိုးမား ကင်ဆာ) သို့မဟုတ် နိုတိုခေါ့ဒယ် ဆာကိုးမား (Notochordal sarcoma) သည် ခန္ဓာကိုယ်၏ ကျောရိုးမကြီးအောက်ခြေ (အမြီးညှောင့်ရိုး – Sacrum) နှင့် ဦးခေါင်းခွံခြေရင်းတို့တွင် အဖြစ်များလေ့ရှိသော ဖြစ်ခဲသည့် မူလအရိုးကင်ဆာ (Primary bone cancer) အမျိုးအစားတစ်ခု ဖြစ်သည်။ Chordoma သည် သန္ဓေသားဘဝတွင် ပါရှိသော နိုတိုခေါ့ (Notochord) ဟုခေါ်သည့် ကျောရိုးဖြစ်တည်မှု အကြွင်းအကျန် ဆဲလ်များမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။ ၎င်းသည် မိခင်ဝမ်းတွင်း သန္ဓေသား ဖွံ့ဖြိုးမှုအဆင့်တွင် စတင်ဖြစ်ပေါ်ပြီး ကလေးမွေးဖွားလာချိန်တွင် ပျောက်ကွယ်သွားနိုင်သော်လည်း အချို့သောဆဲလ်များ ကျန်ရှိနေခဲ့ကာ နောက်ပိုင်းတွင် ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်နိုင်ပါသည်။
ဤရောဂါကို အသက် ၄၀ နှင့် ၆၀ နှစ်ကြားရှိသူများတွင် ရောဂါရှာဖွေတွေ့ရှိရမှု အများဆုံးဖြစ်သော်လည်း မည်သည့်အသက်အရွယ်အုပ်စုတွင်မဆို ဖြစ်ပွားနိုင်ပြီး အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုအဖြစ်များသည်။
Chordoma သည် ကြီးထွားမှုနှေးကွေးသော ကင်ဆာကျိတ်အမျိုးအစား ဖြစ်သော်လည်း ကုသမှုအပိုင်းတွင်မူ ခက်ခဲရှုပ်ထွေးမှု ရှိတတ်သည်။ အဘယ်ကြောင့်ဆိုသော် ကင်ဆာဖြစ်ပွားရာ တည်နေရာသည် ကျောရိုးအာရုံကြောမကြီး၏ အာရုံကြောများနှင့် အလွန်နီးကပ်သောနေရာတွင် တည်ရှိနေသောကြောင့် ဖြစ်ပါသည်။
H2: ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ကင်ဆာကျိတ်၏ အရွယ်အစားနှင့် တည်နေရာအပေါ် မူတည်ပြီး အောက်ပါလက္ခဏာများသည် ဤရောဂါဖြစ်ပွားနေခြင်းကို ညွှန်ပြနေနိုင်ပါသည် –
- ခါးနာခြင်း သို့မဟုတ် ကျောအောင့်ခြင်း
- ထုံကျင်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်း (အထူးသဖြင့် လက်မောင်းများနှင့် ခြေထောက်များတွင် ဖြစ်ပွားခြင်း)
- ခေါင်းကိုက်ခြင်း
- အမြင်အာရုံ ချို့ယွင်းခြင်း
- နှာခေါင်းသွေးလျှံခြင်း
- စအိုထိန်းချုပ်မှု လျော့နည်းခြင်း သို့မဟုတ် မစင်မထိန်းနိုင်ခြင်း နှင့်/သို့မဟုတ် ဆီးမထိန်းနိုင်ခြင်း
အကယ်၍ သင့်တွင် အထက်ပါ လက္ခဏာရပ်များ ခံစားနေရပါက ဆရာဝန်နှင့် ပြသကြည့်ရှုသင့်ပါသည်။
H2: ဖြစ်ပွားရသည့် အကြောင်းအရင်းများ
ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကိုမူ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ယခုထက်ထိ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း၊ ဤရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ (Risk factors) ကိုမူ ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါသည်။
H2: ဖြစ်နိုင်ခြေရှိသော အချက်များ
အောက်ပါတို့သည် ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အချက်များဖြစ်ပါသည် –
- အသက်အရွယ်: ဤရောဂါသည် အသက် ၄၀ မှ ၆၀ နှစ်ကြားရှိ လူကြီးများတွင် အဖြစ်များလေ့ရှိသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။
- ကျား/မ သဘာဝ: အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုအဖြစ်များကြောင်း တွေ့ရှိရပါသည်။
- မိသားစုရာဇဝင်: မိမိ၏ သွေးချင်းနီးစပ်သော မိသားစုဝင်တစ်ဦးဦးတွင် ဤရောဂါဖြစ်ပွားဖူးသည့် ရာဇဝင်ရှိပါက Chordoma ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါသည်။
- မျိုးဗီဇဆိုင်ရာ အခြေအနေ: အကယ်၍ ကလေးငယ်များတွင် တျူဘရပ်စ် စက္ကလရိုးဆစ် (Tuberous sclerosis) ကဲ့သို့သော မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများ ရှိနေပါက ထိုကလေးတွင် Chordoma ကင်ဆာ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားပါသည်။
H2: ရောဂါရှာဖွေခြင်း
အောက်ပါစစ်ဆေးမှုများသည် ရောဂါရှာဖွေမှုကို အတည်ပြုရန်နှင့် ကင်ဆာကျိတ်တည်ရှိရာနေရာကို သိရှိနိုင်ရန် ကူညီပေးနိုင်ပါသည် –
ပုံရိပ်ဖော် စစ်ဆေးခြင်းလုပ်ငန်းစဉ်: ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI scan) တို့ ပါဝင်ပါသည်။ ၎င်းသည် ကင်ဆာဖြစ်ပွားရာ တည်နေရာနှင့် ကင်ဆာပြန့်နှံ့မှု အတိုင်းအတာတို့ကို သိရှိနိုင်ရန် ပြုလုပ်ခြင်း ဖြစ်သည်။
အသားစယူ စစ်ဆေးခြင်း (Tissue Biopsy): ကင်ဆာဖြစ်နိုင်ခြေရှိသော အသားစနမူနာကို ရယူပြီး ကင်ဆာဆဲလ် ရှိ၊ မရှိ ဓာတ်ခွဲခန်းရှိ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးခြင်း ဖြစ်သည်။ အသားစစစ်ဆေးမှုရလဒ်သည် ဖြစ်ပွားနေသော ဆဲလ်အမျိုးအစားကို သိရှိရန်နှင့် လိုအပ်သော ကုသမှုပုံစံကို ဆုံးဖြတ်ရန်အတွက်လည်း ကူညီပေးပါလိမ့်မည်။
H2: ကုသခြင်း
ကင်ဆာကျိတ်၏ အရွယ်အစားနှင့် တည်နေရာတို့သည် ကုသမှုဆိုင်ရာ ရွေးချယ်ခွင့်များအပေါ် သက်ရောက်မှုရှိစေသည့် အချက်အချို့ဖြစ်ပြီး လူနာ၏ ယေဘုယျကျန်းမာရေးအခြေအနေနှင့် ကုသမှုအပေါ် မိမိကိုယ်ပိုင်ရွေးချယ်မှုတို့လည်း ပါဝင်ပါသည်။
အမြီးညှောင့်ရိုးကျောရိုး (Sacral spine) တွင် ဖြစ်ပွားသော Chordoma ကင်ဆာအတွက် ကုသမှုဆိုင်ရာ ရွေးချယ်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- ခွဲစိတ်ကုသခြင်း: ခွဲစိတ်ကုသခြင်း၏ ရည်ရွယ်ချက်မှာ ကင်ဆာတစ်ခုလုံးနှင့်အတူ ၎င်း၏ပတ်ပတ်လည်ရှိ ကျန်းမာသော တစ်ရှူးအချို့ကိုပါ ဖယ်ရှားပစ်ရန် ဖြစ်သည်။ ကင်ဆာကျိတ်သည် အာရုံကြောများ သို့မဟုတ် သွေးကြောများနှင့် နီးကပ်စွာ တည်ရှိနေပါက အချို့သောအခြေအနေများတွင် ခွဲစိတ်မှုပြုလုပ်ရန် ခက်ခဲနိုင်ပါသည်။ အကယ်၍ ကင်ဆာတစ်ခုလုံးကို ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပါက ခွဲစိတ်ဆရာဝန်များသည် ကင်ဆာကို ဖြစ်နိုင်သမျှ အများဆုံး ဖယ်ရှားပစ်သည့် နည်းလမ်းကို ရွေးချယ်နိုင်ပါသည်။
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း: ကင်ဆာဆဲလ်များကို သတ်ရန်အတွက် အိပ်စရေး (X-rays) ကဲ့သို့သော စွမ်းအားမြင့် စွမ်းအင်လှိုင်းများကို အသုံးပြုသည်။ လူနာသည် ကုတင်ပေါ်တွင် လှဲလျောင်းနေစဉ် စက်ပစ္စည်းတစ်ခုက လူနာ၏ပတ်ပတ်လည်တွင် ရွေ့လျားပြီး ခန္ဓာကိုယ်၏ သတ်မှတ်ထားသော နေရာများသို့ ထိုစွမ်းအင်လှိုင်းများဖြင့် တိုက်ရိုက်ပစ်မှတ်ထား ဓာတ်ရောင်ခြည်ပေးခြင်း ဖြစ်သည်။ ခွဲစိတ်ရန် မဖြစ်နိုင်သော အခြေအနေများတွင် ကင်ဆာကျိတ်ကို သေးငယ်သွားစေရန်အတွက်သော်လည်းကောင်း၊ ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကျန်ရှိနေခဲ့သော ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ရန်အတွက်သော်လည်းကောင်း ဤနည်းလမ်းကို အသုံးပြုနိုင်သည်။ ထို့ပြင် ပရိုတွန်ကုထုံး (Proton therapy) ဟုခေါ်သော အခြားဓာတ်ရောင်ခြည်ကုသမှု အမျိုးအစားတစ်ခုလည်း ရှိပြီး၊ ၎င်းသည် စွမ်းအားမြင့် ဓာတ်ရောင်ခြည်ပမာဏကို အသုံးပြုသည့်အပြင် ဘေးပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးများကိုလည်း ကာကွယ်ပေးနိုင်သောကြောင့် Chordoma ကုသမှုအတွက် ပိုမိုထိရောက်သော နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။
- ရဒီယိုခွဲစိတ်ကုသခြင်း (Radiosurgery): ဤလုပ်ငန်းစဉ်သည် သတ်မှတ်ထားသော နေရာများရှိ ကင်ဆာများကို ဖျက်ဆီးရန်အတွက် ကွဲပြားသော ဓာတ်ရောင်ခြည်လှိုင်းအမြောက်အမြားကို အသုံးပြုသည်။ ထိုဓာတ်ရောင်ခြည်လှိုင်းများသည် တစ်ခုချင်းစီအနေဖြင့် စွမ်းအားအလွန်မပြင်းသော်လည်း တည်နေရာကို တိကျစွာ ပစ်မှတ်ထားနိုင်မှုကြောင့် သတ်မှတ်ထားသော Chordoma ကင်ဆာဆဲလ်များကိုသာ တိုက်ရိုက်ဖျက်ဆီးပေးမည် ဖြစ်သည်။ ခွဲစိတ်ရန် အကြံမပြုသော အခြေအနေများအတွက် ဤနည်းလမ်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
- ပစ်မှတ်ထား ကုထုံးဖြင့် ကုသခြင်း (Targeted therapy): ဤဆေးဝါးများသည် ကင်ဆာဆဲလ်များတွင် ရှိနေသော ပုံမှန်မဟုတ်သည့် သတ်သတ်မှတ်မှတ် ထူးခြားချက်များကိုသာ အဓိကထား တိုက်ခိုက်ရန် အသုံးပြုသည်။ Chordoma ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားသည့် အခြေအနေမျိုးတွင် ဤနည်းလမ်းကို အသုံးပြု၍ ကုသနိုင်ပါသည်။
