အရိုးနုကင်ဆာ အကြောင်း သိကောင်းစရာ
Chondrosarcoma ဆိုသည်မှာ အရိုးနု (Cartilage) မှ စတင်ဖြစ်ပွားသော ရှားပါးအရိုးကင်ဆာ အမျိုးအစားတစ်ခု ဖြစ်သည်။ အရိုးနုဆိုသည်မှာ အရိုးများကို ဖုံးအုပ်ထားပြီး အဆစ်မျက်နှာပြင်များတွင် အောက်ခံအဆီးအတား သို့မဟုတ် အောက်ခံအကူ (Cushion) အဖြစ် ဆောင်ရွက်ပေးသည့် ဆက်သွယ်ကနဦး တစ်ရှူး (Connective tissue) ဖြစ်သည်။ ဤကင်ဆာအမျိုးအစားကို တင်ပါးဆုံရိုး (Pelvis)၊ တင်ပါးအဆစ် (Hip) နှင့် ပခုံး (Shoulder) တို့တွင် အများဆုံး တွေ့ရှိရသည်။
Chondrosarcoma အများစုသည် ဖြည်းညှင်းစွာ ကြီးထွားလေ့ရှိသောကြောင့် အစပိုင်းတွင် လက္ခဏာများ ထင်ရှားစွာ မမြင်တွေ့ရပါ။ အခြားသော ရှားပါးသည့် အမျိုးအစားများသည် လျှင်မြန်စွာ ကြီးထွားတတ်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ခြေ မြင့်မားသောကြောင့် ကုသရန် ပိုမိုခက်ခဲသည်။
Chondrosarcoma တွင် အမျိုးအစားများစွာ ရှိကြသည်၊ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည် –
- Clear cell chondrosarcoma – အသက် ၃၀ မှ ၅၀ နှစ်ကြား အမျိုးသားများတွင် အတွေ့ရများသည်။ များသောအားဖြင့် ဖြည်းညှင်းစွာ ကြီးထွားပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့လေ့မရှိပါ။
- Dedifferentiated chondrosarcoma – သက်ကြီးရွယ်အိုများတွင် အတွေ့ရများပြီး လျှင်မြန်စွာ တိုးတက်ပြောင်းလဲလေ့ရှိသည်။ ပုံမှန် Chondrosarcoma ထံမှ ဆဲလ်များ ပြောင်းလဲသွားသောအခါ ဖြစ်ပေါ်လာပြီး အဆင့်မြင့် စာကိုးမားကင်ဆာ (High-grade sarcoma) ၏ သဘောသဘာဝအတိုင်း ပြုမူသည်။
- Mesenchymal chondrosarcoma – လူငယ်ပိုင်း အရွယ်များကို ပိုမိုထိခိုက်စေသည်။ လျှင်မြန်စွာ တိုးတက်ပြောင်းလဲပြီး ရောဂါပြန်လည် ဖြစ်ပွားလေ့ရှိသည်။
ရောဂါလက္ခဏာများ
Chondrosarcoma ၏ ရောဂါလက္ခဏာများသည် အကျိတ်တည်ရှိရာ နေရာအပေါ် မူတည်ပါသည်။ အောက်ပါ လက္ခဏာများသည် ဤရောဂါရှိနေကြောင်း ညွှန်ပြနေနိုင်ပါသည် –
- အရိုးတွင် နာကျင်ခြင်း သို့မဟုတ် အစိတ်အပိုင်း ရောင်ရမ်းလာခြင်း
- အားနည်းခြင်း
- ဆီး သို့မဟုတ် ဝမ်းသွားခြင်းကို ထိန်းချုပ်ရာတွင် ပြဿနာရှိလာခြင်း
- နွမ်းနယ်ခြင်း
- အကြောင်းအရင်း ရှာမရဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
Chondrosarcoma ဖြစ်ပွားရသည့် အကြောင်းအရင်းများကို တိကျစွာ မသိရသေးပါ။ ယေဘုယျအားဖြင့် ဆဲလ်တစ်ခု မည်သို့ပြုမူရမည်ကို ညွှန်ကြားထားသည့် DNA တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသောအခါ ကင်ဆာ စတင်ဖြစ်ပွားသည်။ ထိုဆဲလ်များသည် ပုံမှန်မဟုတ်ဘဲ အဆမတန် ပွားများလာကာ ပုံမှန်တစ်ရှူးများကို ဖျက်ဆီးပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ဆက်လက်ပျံ့နှံ့ (Metastasize) သွားကြသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
Chondrosarcoma ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်သည် –
- အသက်အရွယ် – ဤရောဂါသည် အလတ်ပိုင်းအရွယ်နှင့် သက်ကြီးရွယ်အိုများတွင် အတွေ့ရများသည်။
- အချို့သော အရိုးရောဂါများ – Ollier’s disease သို့မဟုတ် Maffucci’s disease ကဲ့သို့သော ရောဂါများသည် အရိုးများတွင် ကင်ဆာမဟုတ်သော အကျိတ်များကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် Chondrosarcoma သို့ ကူးပြောင်းသွားနိုင်သည့် ရောဂါများ ဖြစ်ကြသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
Chondrosarcoma (အရိုးနုကင်ဆာ) ကို ရောဂါအမည်တပ် အတည်ပြုရန် အောက်ပါ စစ်ဆေးမှုများကို အသုံးပြုကြသည် –
- စမ်းသပ်စစ်ဆေးခြင်း (Physical Examination) – ဆရာဝန်မှ ရောဂါလက္ခဏာများ ရှိမရှိ သိရှိနိုင်ရန် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။
- ပုံရိပ်ဖော် ရောဂါရှာဖွေရေး စစ်ဆေးမှုများ (Diagnostic Imaging Tests) – PET Scan (Positron Emission Tomography)၊ CT Scan (Computerized Tomography) နှင့် MRI (Magnetic Resonance Imaging) စစ်ဆေးမှုများ ပါဝင်သည်။ ဤစစ်ဆေးမှုများသည် ကင်ဆာ၏ ပျံ့နှံ့မှု ပမာဏနှင့် အခြေအနေကို သိရှိနိုင်ရန် ကူညီပေးသည်။
- တစ်ရှူးစဆွဲထုတ် စစ်ဆေးခြင်း (Tissue Biopsy) – သံသယဖြစ်ဖွယ် တစ်ရှူးနမူနာကို ရယူပြီး ကင်ဆာဆဲလ်များ ရှိမရှိ ဓာတ်ခွဲခန်းတွင် မိုက္ခရိုစကုပ် (အဏုကြည့်မှန်ပြောင်း) အောက်၌ စစ်ဆေးခြင်းဖြစ်သည်။ စဆွဲထုတ်စစ်ဆေးမှု ရလဒ်သည် ကင်ဆာဆဲလ် အမျိုးအစားကို ခွဲခြားသတ်မှတ်ရာတွင်လည်း ကူညီပေးသည်။
ကုသခြင်း (Treatment)
Chondrosarcoma အတွက် အသုံးအများဆုံး ကုသမှုမှာ ခွဲစိတ်ကုသခြင်း (Surgery) ဖြစ်သည်။ အခြား ကုသမှု ရွေးချယ်စရာများသည် ကင်ဆာတည်ရှိရာ နေရာ၊ အရွယ်အစားနှင့် ကင်ဆာ၏ ပြင်းထန်မှု (မည်မျှ လျှင်မြန်စွာ ပွားများနေသည်) တို့အပေါ် မူတည်သည်။ ထို့အပြင် သင့်၏ အထွေထွေ ကျန်းမာရေးအခြေအနေနှင့် ကုသမှု ရွေးချယ်လိုမှုတို့ကိုလည်း ဆရာဝန်မှ ထည့်သွင်းစဉ်းစား၍ ကုသမှုနည်းလမ်းကို ဆုံးဖြတ်မည်ဖြစ်သည်။
ခွဲစိတ်ကုသခြင်း (Surgery)
ခွဲစိတ်ကုသခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကင်ဆာကျိတ်တစ်ခုလုံးနှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအချို့ကို ဖယ်ရှားရန်ဖြစ်သည်။ သို့သော် ခွဲစိတ်မှုနည်းလမ်းသည် ရောဂါဖြစ်ပွားသည့် နေရာအပေါ် မူတည်ပါသည်။ ကင်ဆာကို ဖယ်ရှားရာတွင် ခြေလက်များကို ထိန်းသိမ်းနိုင်သော ခွဲစိတ်မှု (Limb-salvage / Limb-sparing surgery) သို့မဟုတ် ဖြတ်တောက်ရသော ခွဲစိတ်မှုများ ဖြစ်နိုင်သည် –
- အရိုးမှ ကင်ဆာကို ခြစ်ထုတ်ခြင်း – ဤကုသမှုကို လက်နှင့် ခြေထောက်များတွင်ဖြစ်သည့် ဖြည်းညှင်းစွာ ကြီးထွားသော Chondrosarcoma အတွက် အသုံးပြုနိုင်သည်။ ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အေးခဲဓာတ်ငွေ့ သို့မဟုတ် ဓာတုဆေးဝါးများကို အသုံးပြုနိုင်ပြီး ပျက်စီးသွားသော အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် အရိုးအစားထိုးခြင်း (Bone grafting) သို့မဟုတ် အရိုးဘိလပ်မြေ (Bone cement) ဖြည့်သွင်းခြင်းများကို ပြုလုပ်နိုင်သည်။
- ကင်ဆာနှင့် ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးများကို လှီးထုတ်ခြင်း – ကင်ဆာကျိတ် ပတ်လည်ရှိ ကျန်းမာသော တစ်ရှူးများကို ပါအောင် ဖယ်ရှားခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် ကင်ဆာဖြစ်နေသည့် အရိုးအစိတ်အပိုင်း သို့မဟုတ် ခြေလက်တစ်ခုလုံးကို ဖယ်ရှားရနိုင်ပြီး ပျက်စီးသွားသော နေရာများကို ပြန်လည်ပြုပြင် တည်ဆောက်ပေးရသည်။
ဓာတုဆေးဝါးဖြင့် ကုသခြင်း (Chemotherapy)
ဤနည်းလမ်းသည် ကင်ဆာဆဲလ်များကို သတ်ရန် ဆေးဝါးများကို အသုံးပြုသည်။ Chemotherapy သည် Chondrosarcoma ကုသရာတွင် ယေဘုယျအားဖြင့် ထိရောက်မှု နည်းပါးသော်လည်း လျှင်မြန်စွာ ကြီးထွားပြန့်ပွားသော အချို့ Chondrosarcoma အမျိုးအစားများတွင် ထိရောက်မှု ရှိနိုင်သည်။
ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ကင်ဆာဆဲလ်များကို သတ်ရန် သို့မဟုတ် ကြီးထွားမှုကို ရပ်တန့်ရန် စွမ်းအင်မြင့် ရောင်ခြည်များကို အသုံးပြုသည်။ ကုသမှုအတွင်း ရောဂါထိခိုက်ထားသော ခန္ဓာကိုယ်၏ တစ်နေရာ သို့မဟုတ် အခြားနေရာများသို့ ဓာတ်ရောင်ခြည် စိန်ခေါ်ပေးသည်။ ကင်ဆာကို စုတ်စုတ်ပြတ်ပြတ် လုံးဝ မဖယ်ရှားနိုင်သော နေရာများတွင် အခြားနေရာများသို့ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဤကုသမှုကို အသုံးပြုကြသည်။
