ကိုယ်ဝန်ဆောင်ကာလ သည်းခြေရည်တိတ်ရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
ကိုယ်ဝန်ဆောင်ကာလ သည်းခြေရည်တိတ်ရောဂါ (ICP) ဆိုတာ ခန္ဓာကိုယ်မှာ အပြင်ပန်း အဖုအပိမ့်တွေ သိသိသာသာ ထွက်မလာဘဲ ပြင်းထန်စွာ ယားယံခြင်းကို ခံစားရတဲ့ ရောဂါဖြစ်ပါတယ်။ ဒီလိုယားယံတာဟာ အဓိကအားဖြင့် လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ ဖြစ်တတ်ပေမဲ့ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။
ဒီရောဂါဟာ ကိုယ်ဝန်ဆောင်အချို့မှာ အသည်းရဲ့ လုပ်ဆောင်ချက်ကို ခဏတာ ကျဆင်းသွားစေပါတယ်။ ဒါကြောင့် အသည်းနဲ့ သွေးကြောတွေထဲမှာ သည်းခြေရည်တွေ စုပုံလာရတာပါ။ သည်းခြေရည်ဆိုတာ အသည်းကနေ ထုတ်လုပ်ပြီး သည်းခြေအိတ်ထဲမှာ သိမ်းဆည်းထားတဲ့ အရေးပါတဲ့ အစာခြေရည်ဖြစ်ပြီး အဆီတွေကို ခြေဖျက်ရာမှာ အဓိက ကူညီပေးပါတယ်။ သွေးထဲမှာ သည်းခြေရည် ပမာဏ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာတဲ့အခါ ပြင်းထန်းတဲ့ ယားယံမှုကို စတင်ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်တိတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မသက်မသာဖြစ်မှုတွေဟာ တော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ဒါပေမဲ့ ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ ဗိုက်ထဲက ရင်သွေးလေးအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေပဲ ဖြစ်ပါတယ်။ ဒီလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ကျန်းမာရေးစောင့်ရှောက်သူတွေအနေနဲ့ ကိုယ်ဝန် ၃၇ ပတ် ဝန်းကျင်မှာ ကလေးကို စောစီးစွာ မွေးဖွားဖို့ အကြံပြုနိုင်ပါတယ်။
ရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင်ကာလ သည်းခြေရည်တိတ်ရောဂါရဲ့ ပင်မ လက္ခဏာတစ်ခုကတော့ အဖုအပိမ့် ဘာမှမရှိဘဲ ပြင်းထန်စွာ ယားယံခြင်း (Pruritus) ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီယားယံတဲ့ ဝေဒနာကို လက်ဖဝါး သို့မဟုတ် ခြေဖဝါးတွေမှာ ပိုမိုခံစားရလေ့ရှိပြီး ခန္ဓာကိုယ် အနှံ့အပြားမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီယားယံမှုဟာ ညဘက်တွေမှာ ပိုမိုဆိုးရွားတတ်ပြီး အိပ်ပျော်ဖို့ပင် ခက်ခဲသည်အထိ နှောင့်ယှက်မှု ဖြစ်စေနိုင်ပါတယ်။
ဒီယားယံမှုဟာ အဓိကအားဖြင့် ကိုယ်ဝန်နောက်ဆုံးသုံးလပတ် (Third Trimester) အတွင်းမှာ ဖြစ်ပေါ်လေ့ရှိပေမဲ့ အချို့သူတွေမှာ ဒီထက်စောပြီးလည်း စတင်နိုင်ပါတယ်။ မွေးဖွားခါနီးအချိန် ရောက်လာတာနဲ့အမျှ ပိုမိုဆိုးရွားလာသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ကလေးမွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် ယားယံသည့် ဝေဒနာမှာ ရက်ပိုင်းအတွင်း ပုံမှန်အားဖြင့် သက်သာပျောက်ကင်းသွားလေ့ ရှိပါတယ်။
တွေ့ရခဲသော အခြား ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- အရေပြားနှင့် မျက်လုံးအဖြူရောင်များ ဝါးလာခြင်း (အဝါရောင်သန်းခြင်း / Jaundice)
- ပျို့အန်ချင်ခြင်း
- အစားအသောက် ပျက်ခြင်း
- အဆီပြန်ပြီး အနံ့ဆိုးရွားသော ဝမ်းသွားခြင်း
- ဆီးအရောင် ရင့်လာခြင်း
- မီးခိုးရောင်ဖျော့ သို့မဟုတ် ညိုဝါရောင် ဝမ်းသွားခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ဗိုက်ညာဘက်အပေါ်ပိုင်းတွင် မသက်မသာဖြစ်ခြင်း
အကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်တိတ်ရသည့် တိကျသော အကြောင်းအရင်းကို တိကျစွာ မသိရသေးပေ။ အသည်းမှ အဆီများကို ခြေဖျက်ရန် ထုတ်လုပ်ပေးသော သည်းခြေရည် စီးဆင်းမှု ကန့်သတ်ခံရခြင်းကြောင့် ဖြစ်သည်။ သည်းခြေရည်သည် အူသိမ်သို့ မရောက်ဘဲ အသည်းအတွင်း၌ စုပုံလာကာ သည်းခြေအက်ဆစ်များ သွေးကြောအတွင်းသို့ ဝင်ရောက်သွားသည်။ သွေးထဲတွင် သည်းခြေအက်ဆစ် ပမာဏ မြင့်တက်လာခြင်းသည် ကိုယ်ဝန်ဆောင်ချိန် သည်းခြေရည်တိတ်ခြင်း၏ လက္ခဏာများနှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေရန် တွန်းအားပေးနေသည်ဟု ယူဆရသည်။
ဒီရောဂါဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်နေသည့် အချက်များမှာ –
- ဟော်မုန်းများ – မွေးဖွားခါနီးအချိန် နီးကပ်လာသည်နှင့်အမျှ ကိုယ်ဝန်ဆောင် ဟော်မုန်းများ မြင့်တက်လာပြီး သည်းခြေရည် စီးဆင်းမှုကို နှေးကွေးသွားစေနိုင်သည်။
- မျိုးရိုးဗီဇ – အချို့သော ဖြစ်စဉ်များတွင် ဒီရောဂါသည် မိသားစု မျိုးရိုးလိုက်တတ်ပြီး သီးခြား မျိုးရိုးဗီဇ ပြောင်းလဲမှုများနှင့် ဆက်စပ်နေသည်။
- ပတ်ဝန်းကျင် – တိကျသော ပတ်ဝန်းကျင် အကြောင်းအရင်းများကို ရေရေရာရာ မသိရသေးသော်လည်း ပထဝီဝင် တည်နေရာနှင့် ရာသီဥတုပေါ် မူတည်၍ ဖြစ်ပွားနိုင်ခြေ ပြောင်းလဲမှု ရှိသည်။
ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်တိတ်ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အချက်အလက်အချို့မှာ –
- ကိုယ်တိုင် သို့မဟုတ် မိသားစုအတွင်း ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်တိတ်ရောဂါရှိခဲ့သည့် ရာဇဝင်ရှိခြင်း
- အသည်းရောင် အသားဝါစီပိုး (Hepatitis C) နှင့် သည်းခြေကျောက်တည်ခြင်း အပါအဝင် ယခင်က အသည်း ထိခိုက်ဖူးခြင်း သို့မဟုတ် အသည်းရောဂါ ပုံမှန်မဟုတ်မှုများ ရှိခဲ့ခြင်း
- အမွှာကိုယ်ဝန်ဆောင်ထားခြင်း
- အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်း (အထူးသဖြင့် အသက် ၃၅ နှစ်နှင့် အထက်)
ယခင် ကိုယ်ဝန်ဆောင်စဉ်က သည်းခြေရည်တိတ်ရောဂါ ခံစားခဲ့ဖူးပါက နောက်ထပ် ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ဒီရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားပါသည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်ကာလ သည်းခြေရည်တိတ်ရောဂါကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ဖို့ မီးယပ်နှင့် သားဖွားမီးယပ် အထူးကုဆရာဝန်အနေနဲ့ အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်လေ့ ရှိပါတယ် –
- ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း – ကျန်းမာရေးစောင့်ရှောက်သူက ရောဂါလက္ခဏာများ၊ ရောဂါရာဇဝင်နှင့် ဆေးဝါးသောက်သုံးမှု ရာဇဝင်များကို သေချာစွာ စမ်းသပ်မေးမြန်းပါလိမ့်မည်။
- သွေးစစ်ဆေးခြင်း – သွေးထဲတွင် ရှိသော သည်းခြေအက်ဆစ် ပမာဏနှင့် အသည်း၏ လုပ်ဆောင်ချက်များကို ဆန်းစစ်ရန် သွေးစစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားပါလိမ့်မည်။ စုစုပေါင်း သည်းခြေအက်ဆစ် ပမာဏသည် ၁ လီတာလျှင် ၁၀ မိုက်ခရိုမိုးလ် (10 micromoles per liter) သို့မဟုတ် ထိုထက်ပိုမိုပါက ဒီရောဂါဖြစ်ကြောင်း အတည်ပြုလေ့ ရှိသည်။ ကျန်ရှိသော ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်တွင်လည်း သွေးထဲရှိ သည်းခြေရည် ပမာဏကို စောင့်ကြည့်ရန် သွေးခဏခဏ စစ်ဆေးမှုများ ပြုလုပ်ရနိုင်သည်။
- သွေးခဲနိုင်စွမ်း စစ်ဆေးခြင်း (Prothrombin time test) – ဒီစစ်ဆေးမှုကို သွေး၏ သွေးခဲနိုင်စွမ်း လုပ်ဆောင်ချက်ကို ဆန်းစစ်ရန် ပြုလုပ်ခြင်း ဖြစ်သည်။
- ဓာတ်မှန်ပုံရိပ်ဖမ်း စစ်ဆေးခြင်း (Imaging test) – သည်းခြေပြွန်နှင့် အသည်း အခြေအနေကို စစ်ဆေးရန် ကျန်းမာရေးစောင့်ရှောက်သူက အာထရာဆောင်း (Ultrasound) ရိုက်ကူးရန် ညွှန်ကြားနိုင်သည်။
ကုသခြင်း
ကိုယ်ဝန်ဆောင်ကာလ သည်းခြေရည်တိတ်ရောဂါကို ကုသရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ယားယံသည့် ဝေဒနာကို သက်သာစေရန်နှင့် ဗိုက်ထဲက ရင်သွေးလေးအတွက် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ဖြစ်သည်။
ယားယံမှု သက်သာစေရန် – ယားယံမှု သက်သာစေသည့် ဆေးဝါးများ မသောက်မီ သားဖွားဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပါ။ သားဖွားဆရာဝန်အနေဖြင့် အောက်ပါတို့ကို အကြံပြုနိုင်ပါသည် –
- သွေးထဲရှိ သည်းခြေအက်ဆစ် ပမာဏကို လျှော့ချပေးနိုင်သော ဆရာဝန်ညွှန်ကြားချက်ပါ ဆေးဝါးများကို သောက်သုံးခြင်း။
- ယားယံသော နေရာများကို ရေအေး သို့မဟုတ် ရေနွေးနွေးလေးဖြင့် စိမ်ပေးခြင်း။
ကလေး၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်ခြင်း – ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်တိတ်ခြင်းသည် ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကလေး၏ ကျန်းမာရေးကို စောင့်ကြည့်ရန် သားဖွားဆရာဝန်က အောက်ပါ စစ်ဆေးမှုများကို အကြံပြုနိုင်ပါသည် –
- Nonstress testing (NST) – ကလေး၏ နှလုံးခုန်နှုန်းနှင့် လှုပ်ရှားမှုအပေါ် တုံ့ပြန်ပုံကို စစ်ဆေးသည့် နည်းလမ်း ဖြစ်သည်။
- Fetal biophysical profile (BPP) – ကလေး၏ နှလုံးခုန်နှုန်း၊ လှုပ်ရှားမှု၊ ကြွက်သားသံ၊ အသက်ရှူနှုန်းနှင့် ရေမြွာရေ ပမာဏ အပါအဝင် ကျန်းမာရေး အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်စစ်ဆေးသည့် နည်းလမ်းများ ဖြစ်သည်။
သို့သော်လည်း ဒီစစ်ဆေးမှုများသည် စိတ်အေးချမ်းမှုကို ရရှိစေနိုင်သော်လည်း လမစေ့ဘဲ မီးဖွားခြင်း သို့မဟုတ် အခြား သည်းခြေရည်တိတ်ခြင်းနှင့် ဆက်စပ်သော နောက်ဆက်တွဲ ပြဿနာများကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပါ။
စောစီးစွာ မွေးဖွားရန် အကြံပြုနိုင်ခြင်း – ကိုယ်ဝန်ဆောင် စစ်ဆေးမှုများတွင် ပုံမှန်ရလဒ်များ တွေ့ရသည့်တိုင်အောင် သားဖွားဆရာဝန်အနေဖြင့် မွေးဖွားရက် မတိုင်မီ (ပုံမှန်အားဖြင့် ကိုယ်ဝန် ၃၇ ပတ် ဝန်းကျင်တွင်) ဗိုက်နာဆေးပေး၍ ကလေးမွေးဖွားရန် အကြံပြုနိုင်သည်။ ဒီလို စောစီးစွာ မွေးဖွားခြင်းက ကလေး အသေမွေးဖွားနိုင်ခြေကို လျှော့ချပေးနိုင်သည်။ အထူးအကြောင်းရင်းများကြောင့် ခွဲမွေးရန် မလိုအပ်ပါက ဗိုက်နာဆေးပေး၍ ရိုးရိုးမွေးဖွားခြင်းကို ပိုမိုဦးစားပေးသည်။
နောင်လာမည့် သန္ဓေတားနည်းလမ်းများ – ယခင် ကိုယ်ဝန်ဆောင်စဉ်က သည်းခြေရည်တိတ်ခဲ့သည့် ရာဇဝင်ရှိပါက အီစထရိုဂျင် (Estrogen) ပါဝင်သော သန္ဓေတားဆေးများ အသုံးပြုသည့်အခါ ရောဂါလက္ခဏာများ ပြန်လည်ဖြစ်ပွားနိုင်ခြေ မြင့်မားနိုင်သည်။ ထို့ကြောင့် အခြားသော သန္ဓေတားနည်းလမ်းများကို အသုံးပြုရန် အကြံပြုလေ့ ရှိသည်။ ထိုနည်းလမ်းများတွင် ပရိုဂျက်စတင် (Progestin) အခြေခံ သန္ဓေတားဆေးများ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းများ (IUD) နှင့် ကွန်ဒုံး သို့မဟုတ် သားအိမ်ခေါင်းဖုံး ကဲ့သို့သော အတားအဆီး နည်းလမ်းများ ပါဝင်သည်။
