ဓာတုကုထုံးကြောင့် ဖြစ်တတ်သော မှတ်ဉာဏ်ရည်ထိခိုက်ခြင်း
ဓာတုကုထုံးကြောင့်ဖြစ်သော မှတ်ဉာဏ်ထိခိုက်ခြင်း အကြောင်း သိကောင်းစရာ
Chemo brain (ဓာတုကုထုံးကြောင့် ဖြစ်တတ်သော ဉာဏ်ရည်ဆိုင်ရာ လက္ခဏာ) ဆိုသည်မှာ ကင်ဆာရောဂါနှင့် ယင်း၏ ကုသမှုများကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။ ၎င်းသည် ကင်ဆာကုသမှု ခံယူနေစဉ်နှင့် ခံယူပြီးချိန်များတွင် တွေ့ရတတ်သည့် အတွေးအခေါ်နှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများဖြင့် လက္ခဏာပေါ်လွင်သည်။ Chemo brain သည် များသောအားဖြင့် ယာယီပြဿနာတစ်ခုသာ ဖြစ်သော်လည်း အချို့သော လူနာများတွင် ကုသမှုပြီးစီးပြီးနောက် လပေါင်းများစွာအထိ လက္ခဏာများ ဆက်လက်ရှိနေတတ်သည်။
Chemo brain ကို Chemo fog၊ ကင်ဆာနှင့်ဆက်စပ်သော ဉာဏ်ရည်ဆိုင်ရာ ချို့ယွင်းမှု (Cancer-related cognitive impairment) သို့မဟုတ် ဉာဏ်ရည်ဆိုင်ရာ လုပ်ဆောင်ချက် ပုံမမှန်ခြင်း (Cognitive dysfunction) ဟုလည်း ခေါ်ဆိုကြသည်။
“Chemo brain” ဟူသော အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသော်လည်း အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ဖြစ်ပွားရသည့် တိကျသော အကြောင်းအရင်းများကို အပြည့်အဝ နားမလည်သေးဘဲ အကြောင်းအရင်း အမျိုးမျိုးမှ စတင်ဖြစ်ပွားနိုင်သည်ဟု ယူဆရသည်။
အောက်ခံအကြောင်းအရင်း မည်သို့ပင်ရှိစေကာမူ Chemo brain သည် ကင်ဆာရောဂါနှင့် ယင်း၏ ကုသမှုများတွင် စိန်ခေါ်မှုများပြီး ဒုက္ခပေးနိုင်သော ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ စက်ဆက်လုပ်ဆောင်နေသော သုတေသနများသည် ကင်ဆာလူနာများ ကြုံတွေ့ရသည့် မှတ်ဉာဏ်ပြောင်းလဲမှုများကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ရန် ဦးတည်ထားသည်။
ဓာတုကုထုံးကြောင့်ဖြစ်သော ခေါင်းနောက်ခြင်း (Chemo brain fog) အတွက် တိကျသော ကုသမှု မရှိသေးသော်လည်း၊ မအီမသာဖြစ်မှုများကို သက်သာစေရန် ဆေးဝါးများ၊ ကုထုံးများနှင့် လှုပ်ရှားမှုများကို အကြံပြုပေးနိုင်ပါသည်။
ရောဂါလက္ခဏာများ
Chemo brain ၏ အတွေ့ရများသော လက္ခဏာများတွင် မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက် ပြဿနာများ (Executive function problems) ပါဝင်သည်။ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက် ဆိုသည်မှာ အချိန်စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ရည်ညွှန်းသည်။
လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- စိတ်ထဲမှ ကိန်းဂဏန်းများ ပေါင်းခြင်း သို့မဟုတ် သီးခြားဝတ္ထုတစ်ခုအတွက် သင့်တော်သော စကားလုံးကို စဉ်းစားခြင်းကဲ့သို့ ယခင်က အလိုအလျောက် လုပ်ဆောင်နိုင်ခဲ့သည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ခက်ခဲလာခြင်း။
- စကားဝိုင်းများကို လိုက်ပါပြောဆိုရန် ခက်ခဲခြင်း။
- တစ်ချိန်တည်းတွင် လုပ်ငန်းဆောင်တာ အများအပြားကို စီမံခန့်ခွဲရန် ရုန်းကန်ရခြင်း။
- စုတ်ချာချာဖြစ်နေသည်ဟု ခံစားရခြင်း (လှုပ်ရှားမှုဆိုင်ရာ စွမ်းရည်များတွင် ပြဿနာရှိနေသကဲ့သို့ ခံစားရခြင်း)။
- ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာများ အပြီးသတ်ရန် ပုံမှန်ထက် အချိန်ပိုကြာခြင်း။
- စကားပြော မှတ်ဉာဏ်ဆိုင်ရာ ခက်ခဲခြင်း (ဥပမာ- ပြောဆိုခဲ့သော စကားဝိုင်းကို ပြန်လည်မှတ်မိရန် ခက်ခဲခြင်း)။
- မြင်ကွင်းဆိုင်ရာ မှတ်ဉာဏ် ခက်ခဲခြင်း (ဥပမာ- ရုပ်ပုံတစ်ပုံ သို့မဟုတ် စကားလုံးစာရင်းတစ်ခုကို မှတ်မိရန် ခက်ခဲခြင်း)။
- ပုံမှန်မဟုတ်သော စနစ်မကျမှုများ ဖြစ်ပေါ်ခြင်း။
- ဇဝေဇဝါဖြစ်ခြင်း။
- ဦးနှောက်အတွင်း မကြည်မလင်ဖြစ်ခြင်း (Mental fogginess)။
- အာရုံစိုက်နိုင်သည့် အချိန်တိုတောင်းခြင်း သို့မဟုတ် အာရုံစူးစိုက်နိုင်စွမ်း နည်းပါးခြင်း။
- ရေတိုမှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ။
- နွမ်းနယ်ခြင်း၊ မောပန်းခြင်း သို့မဟုတ် စွမ်းအင်မရှိသကဲ့သို့ ခံစားရခြင်း။
- ကျွမ်းကျင်မှုအသစ်များကို သင်ယူရန် ခက်ခဲခြင်း။
ကင်ဆာရောဂါမှ ပြန်လည်သက်သာလာသူ အများစုသည် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြသည်။ ဓာတုကုထုံးနှင့် ဆက်စပ်သော ဉာဏ်ရည်ဆိုင်ရာ ပြဿနာများ ရုတ်တရက် ပိုမိုဆိုးရွားလာပါက သို့မဟုတ် လက္ခဏာအသစ်များ ဖြစ်ပေါ်လာပါက၊ ဤလက္ခဏာအသစ်များ (သို့မဟုတ်) ပိုမိုဆိုးရွားလာသော လက္ခဏာများသည် အခြားသော ဆေးဝါးဆိုင်ရာ ပြဿနာများရှိနေကြောင်း ညွှန်ပြနေခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူနှင့် တိုင်ပင်ပါ။
ဤမှတ်ဉာဏ်ဆိုင်ရာ ပြဿနာများသည် မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများအပေါ် မည်သို့သက်ရောက်မှုရှိကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးသူအား ပိုမိုရှင်းလင်းစွာ နားလည်နိုင်စေရန် တွေ့ရှိရသည့် လက္ခဏာများကို မှတ်တမ်းတင်ထားရန်လည်း အကြံပြုလေ့ရှိသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
Chemo brain သည် ကင်ဆာရောဂါ ရှိနေခြင်း၊ ခံယူခဲ့သော ဆေးဝါးကုသမှုများ၊ သီးခြားရုပ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် အခြားပါဝင်ပတ်သက်နေသော အကြောင်းအရင်းများစွာကြောင့် ဖြစ်ပွားနိုင်သည်။
- ကင်ဆာရောဂါ – အချို့သော ကင်ဆာများသည် မှတ်ဉာဏ်ကို သက်ရောက်မှုရှိစေသည့် ဓာတုပစ္စည်းများကို ထုတ်လွှတ်နိုင်ပြီး၊ ဦးနှောက်အတွင်း စတင်ဖြစ်ပွားသော သို့မဟုတ် ဦးနှောက်သို့ ပျံ့နှံ့သွားသော ကင်ဆာများသည် ဉာဏ်ရည်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပြောင်းလဲမှုဖြစ်စေနိုင်သည်။ ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိခြင်း ကိုယ်တိုင်ကလည်း စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပြီး၊ ၎င်းတို့အားလုံးသည် အတွေးအခေါ်နှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
- ကင်ဆာ ကုသမှုများ – ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း၊ ဓာတုကုထုံး၊ ဟော်မုန်းကုထုံး၊ ကိုယ်ခံအားမြှင့် ကုထုံး (Immunotherapy)၊ ဓာတ်ရောင်ခြည်ကုထုံး၊ ခွဲစိတ်ကုသခြင်းနှင့် ပစ်မှတ်ထား ဆေးဝါးကုထုံးများ အပါအဝင် ကင်ဆာကုသမှုများကြောင့် ဉာဏ်ရည်ဆိုင်ရာ လုပ်ဆောင်ချက်များ ထိခိုက်နိုင်သည်။
- ကင်ဆာကုသမှု၏ နောက်ဆက်တွဲ ပြဿနာများ – Chemo brain သည် သွေးအားနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ပိုးဝင်ခြင်း၊ ဟော်မုန်းပြောင်းလဲမှုများ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာများနှင့် ကင်ဆာကုသမှုများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကဲ့သို့သော ကင်ဆာကုသမှု၏ နောက်ဆက်တွဲ ပြဿနာများကြောင့် ဖြစ်ပွားနိုင်သည်။
- အခြားအကြောင်းအရင်းများ – ဓာတုကုထုံးကြောင့်ဖြစ်သော ဉာဏ်ရည်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် အခြားအကြောင်းအရင်းများတွင် Chemo brain ဖြစ်ပွားရန် မျိုးရိုးလိုက်ပါလာနိုင်သည့် အခြေအနေ၊ နာကျင်မှုသက်သာစေသော ဆေးဝါးများ၊ နှင့် ဆီးချိုရောဂါ၊ သိုင်းရွိုက်ပြဿနာများ၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းကဲ့သို့သော အခြားဆေးဝါးဆိုင်ရာ အခြေအနေများ ပါဝင်သည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
ကင်ဆာကုသမှု ခံယူနေရသော လူနာများ၏ ၇၅ ရာခိုင်နှုန်းခန့်သည် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် လုပ်ငန်းဆောင်တာများ ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်းတို့တွင် ခက်ခဲမှုများ ကြုံတွေ့ရကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများထံ သတင်းပို့ကြသည်။
ကင်ဆာမှ လွတ်မြောက်လာသူတစ်ဦးတွင် Chemo brain ဖြစ်ပွားနိုင်ခြေကို တိုးစေနိုင်သည့် အချက်အချို့မှာ-
- အသက်အရွယ် ကြီးရင့်လာခြင်း
- ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိချိန်နှင့် ကုသမှုခံယူချိန်တွင် ပိုမိုငယ်ရွယ်နေခြင်း
- ဦးနှောက်ကင်ဆာ ရှိခဲ့ဖူးခြင်း
- ဦးနှောက်သို့ ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်း (Brain metastases)
- ဓာတ်ရောင်ခြည် သို့မဟုတ် ဓာတုကုထုံး ပမာဏ (Dosage) ပိုမိုမြင့်မားစွာ သုံးစွဲရခြင်း
- ဦးနှောက်ကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူရခြင်း
ရောဂါရှာဖွေခြင်း (Diagnosis)
မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများကို ဖြစ်စေသည့် အခြားသော အကြောင်းအရင်းများကို ဖယ်ထုတ်နိုင်ရန် သွေးစစ်ခြင်း၊ ဦးနှောက်ဓာတ်မှန်ရိုက်ခြင်း (Brain scans) သို့မဟုတ် အခြားသော ဆေးဝါးဆိုင်ရာ စစ်ဆေးမှုများကဲ့သို့ စစ်ဆေးမှု အများအပြားကို ပြုလုပ်ရန် အကြံပြုနိုင်သည်။ သို့သော်လည်း ဓာတုကုထုံးကြောင့်ဖြစ်သော ဉာဏ်ရည်နှင့် မှတ်ဉာဏ်ထိခိုက်ခြင်းကို ရောဂါအမည်တပ် အတည်ပြုနိုင်သည့် တိကျသော စစ်ဆေးမှုတော့ မရှိသေးပါ။
အများစုသော အခြေအနေများတွင် ကင်ဆာကုသမှု ခံယူထားပြီး ဤလက္ခဏာများကို ကြုံတွေ့နေရသူများသည် မှတ်ဉာဏ်ဆိုင်ရာ စစ်ဆေးဆန်းစစ်မှုများ ပြုလုပ်သည့်အခါ ပုံမှန်အဆင့်အတွင်း၌ပင် ရမှတ်ရရှိလေ့ရှိကြသည်။
ကုသခြင်း (Treatment)
Chemo brain အတွက် ကုသမှုတွင် စိတ်ဖိစီးမှု လျှော့ချရေး နည်းလမ်းများ၊ ဉာဏ်ရည်နှင့် မှတ်ဉာဏ် ပြန်လည်သန်စွမ်းရေး (Cognitive rehabilitation)၊ အာရုံစူးစိုက်မှု မြှင့်တင်ရေး နည်းဗျူဟာများ၊ ဆေးဝါးများ၊ ရောဂါ၏ အဓိက အကြောင်းအရင်းကို ကုသခြင်းနှင့် အခြားသော ပါဝင်စွက်ဖက် ကုသမှု နည်းလမ်းပေါင်းစုံ ပါဝင်သည်။
လူတိုင်းသည် Chemo brain ၏ လက္ခဏာများနှင့် ဆိုးရွားမှု ပမာဏကို ကွဲပြားစွာ ကြုံတွေ့ရသောကြောင့် တုံ့ပြန်ရင်ဆိုင်သည့် နည်းဗျူဟာများကိုလည်း မိမိလိုအပ်ချက်နှင့်အညီ သီးသန့်ညှိယူ ဖန်တီးရသည်။ ယေဘုယျအားဖြင့် ကုသမှု၏ ပန်းတိုင်မှာ လက္ခဏာများကို ထိန်းချုပ်စီမံနိုင်ရန် ဖြစ်သည်။
- မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများကို ဖြစ်စေသည့် အချက်များကို ထိန်းချုပ်စီမံခြင်း – ကင်ဆာရောဂါနှင့် ယင်း၏ ကုသမှုများသည် သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်စက်မှု ပုံမမှန်ခြင်းနှင့် သွေးဆုံးကိုင်ခြင်း စသည့် အပိုဆောင်း အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်။ မှတ်ဉာဏ်ပြဿနာများကို ပိုမိုဆိုးရွားစေသည့် ဤအချက်များကို ထိရောက်စွာ ကုသပေးခြင်းက လက္ခဏာများကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် ကူညီပေးနိုင်သည်။
- ဉာဏ်ရည်နှင့် မှတ်ဉာဏ် ပြန်လည်သန်စွမ်းရေး (Cognitive rehabilitation) – Cognitive remediation ဟုလည်း ခေါ်ဆိုပြီး မရင်းနှီးသေးသော သတင်းအချက်အလက်များကို လက်ခံရယူနိုင်ရန်နှင့် မှတ်မိနေစေရန် နည်းလမ်းအသစ်များနှင့် နည်းဗျူဟာများကို လေ့လာသင်ယူသည့် လုပ်ငန်းစဉ် ဖြစ်သည်။
မှတ်ဉာဏ် ပြောင်းလဲမှုများကို Adapt လုပ်ယူခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- ဦးနှောက် လေ့ကျင့်ခန်းပြုလုပ်ခြင်း (Brain training) – Chemo brain ကြောင့် ထိခိုက်သွားသော ဦးနှောက်၏ ချိတ်ဆက်မှုလမ်းကြောင်းများကို ပြန်လည်ပြုပြင်ရာတွင် ကူညီပေးနိုင်ရန် မှတ်ဉာဏ်နှင့် အတွေးအခေါ်ဆိုင်ရာ လုပ်ဆောင်ချက်များကို ဦးတည်သည့် လေ့ကျင့်ခန်းများကို အကြံပြုနိုင်သည်။
- မှတ်ဉာဏ်ပြဿနာများကို သက်ရောက်စေသည့် အချက်များကို စောင့်ကြည့်ဆန်းစစ်ခြင်း – ဥပမာအားဖြင့် လူတစ်ဦးသည် ဗိုက်ဆာသောအခါ သို့မဟုတ် နွမ်းနယ်နေသောအခါ အာရုံစူးစိုက်ရခက်ခဲတတ်ပါက၊ အာရုံစူးစိုက်မှု ပိုမိုလိုအပ်သည့် ခက်ခဲသော လုပ်ငန်းဆောင်တာများကို မိမိအာရုံစူးစိုက်မှု အကောင်းဆုံးအချိန်များတွင် လုပ်ဆောင်ရန် စီစဉ်နိုင်သည်။ မိမိ၏ မှတ်ဉာဏ်ပြဿနာများကို စနစ်တကျ စောင့်ကြည့်ခြင်းဖြင့် ထိရောက်သော တုံ့ပြန်ရင်ဆိုင်ရေး နည်းဗျူဟာများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။
- တုံ့ပြန်ရင်ဆိုင်ရေး နည်းဗျူဟာများကို ကျင့်သုံးခြင်း – ပြောဆိုထားသော စကားဝိုင်းများကို မှတ်မိစေရန်နှင့် ပြန်လည်ဖော်ထုတ်ရယူနိုင်ရန် ကူညီပေးသည့် ဆက်သွယ်ပြောဆိုရေး နည်းဗျူဟာများကို သင်ယူရန် အကြံပြုနိုင်သည်။ စာဖတ်နေစဉ် မှတ်စုတိုရေးခြင်း သို့မဟုတ် အကျဉ်းချုပ် ရေးသားခြင်းကဲ့သို့သော နည်းလမ်းများသည်လည်း အာရုံစူးစိုက်မှုကို မြှင့်တင်ပေးနိုင်သည်။
- စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းဗျူဟာများကို ကျင့်သုံးခြင်း – စိတ်ဖိစီးမှုများသော အခြေအနေများသည် မှတ်ဉာဏ်ပြဿနာများကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ မှတ်ဉာဏ်ပြဿနာများ ကြုံတွေ့ရခြင်းကလည်း တုံ့ပြန်သည့်အနေဖြင့် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်သည်။ ကြွက်သားများကို တဆင့်ချင်း လျှော့ချခြင်း (Progressive muscle relaxation) သို့မဟုတ် သတိပဋ္ဌာန်ပွားများခြင်း (Mindfulness practices) ကဲ့သို့သော စိတ်လျော့သည့် နည်းလမ်းများကို လေ့လာခြင်းဖြင့် စိတ်ဖိစီးမှုကို ရိပ္မိစေပြီး စိတ်ဖိစီးမှုများသော အခြေအနေများတွင် အကျိုးရှိစေမည့် ထိရောက်သော တုံ့ပြန်ရင်ဆိုင်ရေး နည်းလမ်းများကို ရရှိစေနိုင်သည်။
- ဆေးဝါးများ (Medications) – Chemo brain အတွက် သီးသန့်အတည်ပြုထားသော ဆေးဝါးမရှိသေးသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများသည် ယင်း၏ လက္ခဏာများကို သက်သာစေရန် အခြားရောဂါများအတွက် အတည်ပြုထားသည့် ဆေးဝါးများကို ညွှန်ကြားနိုင်သည်။ ဤဆေးဝါးများတွင် အယ်လ်ဇိုင်းမားရောဂါတွင် သုံးသပ်သကဲ့သို့ အထူးသဖြင့် ဦးနှောက်အား ဓာတ်ရောင်ခြည်ပေး ကုသနေစဉ်အတွင်း မှတ်ဉာဏ်တိုးတက်စေရန် ကူညီပေးနိုင်သည့် Memantine ပါဝင်သည်။ အခြားရွေးချယ်စရာများတွင် အာရုံစူးစိုက်မှု ချို့ယွင်းပြီး ဂနာမငြိမ်သည့်ရောဂါ (ADHD) အတွက် ပုံမှန်ညွှန်းလေ့ရှိသော Methylphenidate၊ အယ်လ်ဇိုင်းမားရောဂါတွင် အများအားဖြင့် သုံးလေ့ရှိသော Donepezil နှင့် အိပ်စက်မှုဆိုင်ရာ ပြဿနာအချို့တွင် အသုံးပြုသော Modafinil တို့ ပါဝင်သည်။
