သားအိမ်ခေါင်းရောင်ရမ်းခြင်း ရောဂါ

သားအိမ်ခေါင်း ရောင်ရမ်းခြင်း ရောဂါ

အကြောင်း သိကောင်းစရာ

Cervicitis (သားအိမ်ခေါင်း ရောင်ရမ်းခြင်း) ဆိုသည်မှာ မိန်းမကိုယ်အတွင်းသို့ ပွင့်ထွက်နေသော သားအိမ်၏ အောက်ပိုင်း အစိတ်အပိုင်းဖြစ်သည့် သားအိမ်ခေါင်းတွင် ကူးစက်ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။ ၎င်းသည် အလွန် အတွေ့ရများပြီး အရွယ်ရောက်ပြီးသော အမျိုးသမီးများ၏ ထက်ဝက်ကျော်တွင် ဖြစ်ပွားလေ့ရှိသည်။

Cervicitis ခံစားရသော လူနာ အများစုတွင် ရောဂါလက္ခဏာ မပြဘဲ ရှိနေတတ်သော်လည်း လိင်ဆက်ဆံစဉ် သို့မဟုတ် တင်ပါးဆုံတွင်း စမ်းသပ်စစ်ဆေးစဉ် နာကျင်ခြင်း၊ ရာသီစက်ဝန်း နှစ်ခုကြား သွေးဆင်းခြင်းနှင့် ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ အရည်ဆင်းခြင်းတို့သည် Cervicitis ၏ ပြသချက်များ ဖြစ်ကြသည်။

Cervicitis သည် ဂနိုရီးယား (Gonorrhea) သို့မဟုတ် ခလမိုင်းဒီးယား (Chlamydia) ကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STIs) ကြောင့် ဖြစ်ပွားလေ့ရှိသလို ကူးစက်ရောဂါမဟုတ်သော အခြေအနေများကြောင့်လည်း ဖြစ်ပွားတတ်သည်။ Cervicitis ကို အောင်မြင်စွာ ကုသနိုင်ရန်အတွက် ရောင်ရမ်းမှုကို ဖြစ်စေသည့် မူလ အကြောင်းအရင်းကို ထိရောက်စွာ ကုသရန် လိုအပ်သည်။

ရောဂါလက္ခဏာများ

Cervicitis ကို အများအားဖြင့် သတိမမူမိဘျ ရှိနေတတ်ပြီး အခြား အကြောင်းအရင်းတစ်ခုခုကြောင့် ဆရာဝန် ပြုလုပ်သည့် တင်ပါးဆုံတွင်း စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီးမှသာ တွေ့ရှိရလေ့ရှိသည်။ အကယ်၍ သင့်တွင် ရောဂါလက္ခဏာများ ခံစားရပါက အောက်ပါတို့ ပါဝင်နိုင်သည် –

  • ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ အရည် အမြောက်အမြား ဆင်းခြင်း
  • ဆီးသွားစဉ် နာကျင်ခြင်းနှင့် ခဏခဏ ဆီးသွားချင်ခြင်း
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • ရာသီစက်ဝန်းနှင့် မသက်ဆိုင်ဘဲ လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ရာသီစက်ဝန်း နှစ်ခုကြား သွေးဆင်းခြင်း

အကယ်၍ သင့်တွင် ဤရောဂါလက္ခဏာ တစ်စုံတစ်ရာကို ခံစားရပါက သို့မဟုတ် လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STI) ဖြစ်ဖူးပါက ဆရာဝန်ထံ ဆက်သွယ်ပြသရန် အလွန် အရေးကြီးသည်။ ပုံမှန် အမျိုးသမီးရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းသည် အမျိုးသမီးများအတွက် ပုံမှန်မဟုတ်သော အခြေအနေများကို စစ်ဆေးရန် အရေးကြီးသော နည်းလမ်းဖြစ်သည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

Cervicitis ဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ အောက်ပါအတိုင်း ဖြစ်ကြသည် –

  • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STIs): အများအားဖြင့် လိင်ဆက်ဆံခြင်းသည် Cervicitis ကို ဖြစ်စေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ကူးစက်ရောဂါများ ပျံ့နှံ့သည့် နည်းလမ်းဖြစ်သည်။ ဂနိုရီးယား (Gonorrhea)၊ ခလမိုင်းဒီးယား (Chlamydia)၊ တရိုင်ခိုမိုနီးယားစစ် (Trichomoniasis)၊ Mycoplasma genitalium နှင့် လိင်အင်္ဂါ ရေယုန် (Genital herpes) ကဲ့သို့သော အတွေ့ရများသည့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများသည် Cervicitis ကို ဖြစ်ပေါ်စေနိုင်သည်။
  • ဓာတ်မတည့်သည့် တုံ့ပြန်မှုများ (Allergic reactions): ကွန်ဒုံးတွင် ပါဝင်သော လက်တက်စ် (Latex) သို့မဟုတ် သန္ဓေတား သုက်ပိုးသတ်ဆေးများနှင့် ဓာတ်မတည့်ခြင်းကြောင့် Cervicitis ဖြစ်ပွားနိုင်သည်။ မိန်းမကိုယ် ဆေးကြောသည့် ဆေးရည်များ သို့မဟုတ် အမျိုးသမီးသုံး ရေမွှေး/အနံ့ပျောက်ဆေးများ ကဲ့သို့သော အမျိုးသမီး တစ်ကိုယ်ရေ သန့်ရှင်းရေး ထုတ်ကုန်များနှင့် ဓာတ်မတည့်သည့် တုံ့ပြန်မှုကြောင့်လည်း Cervicitis ဖြစ်ပွားနိုင်သည်။
  • ဘက်တီးရီးယားများ အလွန်အမင်း ပွားများခြင်း (Bacterial overgrowth): မိန်းမကိုယ်အတွင်း ပုံမှန်အားဖြင့် တွေ့ရလေ့ရှိသည့် ဘက်တီးရီးယား အချို့ အလွန်အမင်း ပွားများလာခြင်း (Bacterial vaginosis) ကြောင့် Cervicitis ဖြစ်ပွားနိုင်သည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

အောက်ပါ အခြေအနေများ ရှိပါက သင့်တွင် Cervicitis ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားသည် –

  • အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ အိမ်ထောင်ဖက်/မိတ်ဖက် အများအပြားနှင့် လိင်ဆက်ဆံခြင်း သို့မဟုတ် အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားသူနှင့် လိင်ဆက်ဆံခြင်း ကဲ့သို့သော အန္တရာယ်ရှိသည့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ပြုလုပ်ခြင်း
  • ငယ်ရွယ်စဉ် အသက်အရွယ်မှစ၍ လိင်ဆက်ဆံမှု ပြုလုပ်ခြင်း
  • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါ ဖြစ်ဖူးခြင်း

ရောဂါရှာဖွေခြင်း

Cervicitis (သားအိမ်ခေါင်း ရောင်ရမ်းခြင်း) ကို ဖော်ထုတ်ရန်အတွက် ဆရာဝန်သည် အောက်ပါတို့ ပါဝင်သည့် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်သည် –

  • တင်ပါးဆုံတွင်း စမ်းသပ်စစ်ဆေးခြင်း (A pelvic exam): ဆရာဝန်သည် နာကျင်ကိုင်ခက်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းများ ရှိမရှိ အကဲဖြတ်ရန် ဤလုပ်ဆောင်ချက်အတွင်း သင်၏ တင်ပါးဆုံတွင်း အင်္ဂါများကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ ထို့ပြင် သားအိမ်ခေါင်းနှင့် မိန်းမကိုယ်၏ အထက်၊ အောက်၊ ဘေးနံရံများကို မြင်တွေ့နိုင်ရန် ဆရာဝန်သည် မိန်းမကိုယ်အတွင်းသို့ မိန်းမကိုယ်ကြည့် ကိရိယာ (Speculum) ထည့်သွင်း စစ်ဆေးနိုင်သည်။
  • ဓာတ်ခွဲခန်း စစ်ဆေးမှု (Laboratory test): Pap test ပြုလုပ်သကဲ့သို့ပင် ဆရာဝန်သည် ဂွမ်းစ အချို့ သို့မဟုတ် စိစစ်ရေး ဘရပ်ရှ်အသေးလေးကို အသုံးပြု၍ သားအိမ်ခေါင်းနှင့် မိန်းမကိုယ်ထွက် အရည်နမူနာကို ရယူမည်ဖြစ်သည်။ ကူးစက်ရောဂါများ ရှိမရှိ အကဲဖြတ်ရန် ဆရာဝန်သည် နမူနာကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်မည်ဖြစ်သည်။ ဓာတ်ခွဲခန်း စစ်ဆေးမှုများအတွက် ဆီးနမူနာကိုလည်း အသုံးပြုနိုင်သည်။

ကုသခြင်း

(Treatment)

သုက်ပိုးသတ်ဆေး သို့မဟုတ် အမျိုးသမီးသုံး သန့်ရှင်းရေး ထုတ်ကုန်များ ကဲ့သို့သော ပစ္စည်းများနှင့် ဓာတ်မတည့်သည့် တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာသော Cervicitis သည် ဆေးဝါး ကုသမှု ခံယူရန် လိုအပ်မည် မဟုတ်ပါ။ အကယ်၍ Cervicitis သည် ဂနိုရီးယား (Gonorrhea) နှင့် ခလမိုင်းဒီးယား (Chlamydia) ကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STIs) အပါအဝင် Bacterial vaginosis ကဲ့သို့သော ဘက်တီးရီးယား ကူးစက်ရောဂါများကြောင့် ဖြစ်ပွားပါက သင့်ရော သင့်အိမ်ထောင်ဖက်/မိတ်ဖက် ပါ ပဋိဇီဝဆေးများ (Antibiotics) ဖြင့် ကုသမှု ခံယူရန် လိုအပ်မည်ဖြစ်သည်။

အကယ်၍ သင့်တွင် လိင်အင်္ဂါ ရေယုန် (Genital herpes) ရှိပါက ဆရာဝန်သည် ဗိုင်းရပ်စ်သတ်ဆေး (Antiviral medicine) ကို ညွှန်ကြားနိုင်သည်၊ အကြောင်းမှာ ၎င်းသည် Cervicitis ရောဂါလက္ခဏာများ ခံစားရသည့် ကြာချိန်ကို တိုတောင်းစေသောကြောင့် ဖြစ်သည်။ ရေယုန်သည် မည်သည့်အချိန်မဆို လိင်ဆက်ဆံခြင်းမှတစ်ဆင့် အိမ်ထောင်ဖက်/မိတ်ဖက်ထံသို့ ကူးစက်နိုင်သော နာတာရှည် ရောဂါအခြေအနေတစ်ခု ဖြစ်ပြီး ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေး မရှိသေးပေ။ ဂနိုရီးယား သို့မဟုတ် ခလမိုင်းဒီးယားနှင့် ဆက်စပ်သော Cervicitis ဟုတ်မဟုတ် ပယ်ဖျက်နိုင်ရန် သင့်ဆရာဝန်သည် ထပ်မံ စစ်ဆေးမှုများ ပြုလုပ်ရန်လည်း အကြံပြုနိုင်သည်။

အိမ်ထောင်ဖက်/မိတ်ဖက်ထံသို့ ဘက်တီးရီးယား ကူးစက်ရောဂါ မပျံ့နှံ့စေရန်အတွက် ဆရာဝန် ညွှန်ကြားထားသော ဆေးဝါးများ သောက်သုံးပြီးသည်အထိ လိင်ဆက်ဆံခြင်းကို ခေတ္တ ရှောင်ကြဉ်ပါ။

Doctors who treat this condition