ခြုံငုံသုံးသပ်ချက်

လည်ပင်းကျီးပေါင်းသည် ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ကျုံ့ဝင်ခြင်းတို့ကြောင့် လည်ပင်းရှိ ကျောရိုးဆစ်ကြားခံပြားများ ပျက်စီးယိုယွင်းလာခြင်း ဖြစ်သည်။ အဆိုပါ ဝေဒနာသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ဖြစ်ပွားနိုင်ပြီး အများအားဖြင့် အသက် ၆၀ ကျော် အရွယ်များတွင် ဖြစ်ပွားတတ်သည်။ ထို့နောက်ပိုင်းတွင် အရိုးပွခြင်းနှင့် အရိုးအတက်ထွက်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာသည်။

ရောဂါလက္ခဏာများ

လည်ပင်းကျီးပေါင်းသည် ရောဂါလက္ခဏာ မပြဘဲလည်း ရှိနေနိုင်သော်လည်း လက္ခဏာများ ပေါ်လာပါက များသောအားဖြင့် လည်ပင်းတောင့်တင်းခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။

ပင်မကျောရိုးအာရုံကြောနှင့် အာရုံကြောမြစ်များသည် ကျောရိုးဆစ်ကို ဖြတ်သန်းသွားသော လမ်းကြောင်းအလွတ်တစ်ခုအတွင်း တည်ရှိသည်။ လည်ပင်းကျီးပေါင်း၏ ရလဒ်ကြောင့် အဆိုပါ လမ်းကြောင်းအလွတ် ကျဉ်းမြောင်းသွားသောအခါ ပင်မကျောရိုးအာရုံကြောနှင့် အာရုံကြောမြစ်များကို ဖိမိပြီး အောက်ပါ လက္ခဏာများကို သင် သတိပြုမိလိမ့်မည် ဖြစ်သည်။

  • လက်မောင်း၊ လက်ဖဝါးများနှင့် ခြေထောက်များတွင် အားနည်းခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း
  • လမ်းလျှောက်ခြင်းနှင့် ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာရှိခြင်း
  • ဆီးနှင့် ဝမ်း မထိန်းနိုင်ခြင်း

ဤအရာများသည် ဆရာဝန်ထံသို့ ချက်ချင်း သွားရောက်ပြသရန် လိုအပ်နိုင်သောကြောင့် သင် သတိပြု စောင့်ကြည့်ရမည့် လက္ခဏာများ ဖြစ်သည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများ

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျောရိုးနှင့် လည်ပင်းရှိ အရိုးများသည် ပျက်စီးယိုယွင်းလွယ်ပြီး အောက်ပါ အပြောင်းအလဲများကို တွေ့ရှိရနိုင်သည် –

  • ရေဓာတ်ခမ်းခြောက်သော ကျောရိုးဆစ်ကြားခံပြားများ – ကျောရိုးဆစ်ကြားခံပြား၏ အခန်းကဏ္ဍမှာ ကျောရိုးဆစ်များအကြားတွင် အခံတစ်ခု ဖြစ်လာစေရန် ဖြစ်သည်။ အသက် ၄၀ ဝန်းကျင်အရွယ်မှ စတင်၍ ၎င်းသည် ခြောက်သွေ့လာခြင်း သို့မဟုတ် ကျုံ့ဝင်လာခြင်းတို့ ဖြစ်ပွားသောအခါ ကျောရိုးရှိ အရိုးများသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိလိမ့်မည် ဖြစ်သည်။
  • ကျောရိုးဆစ်ကြားခံပြား ကျွံခြင်း – ကျောရိုးဆစ်ကြားခံပြား၏ အပြင်ဘက်အလွှာ ကွဲအက်သွားသောအခါ ကြားခံပြားသည် အပြင်သို့ ဖောင်းထွက်လာပြီး ကျောရိုးအာရုံကြောများနှင့် အာရုံကြောမပေါ်သို့ ဖိအားပေးသည်။ အဆိုပါ ဝေဒနာကို ကျောရိုးဆစ်ကြားခံပြား ကျွံခြင်း (herniated disk) ဟု ခေါ်ဆိုသည်။
  • အရိုးအတက်ထွက်ခြင်း – ပျက်စီးယိုယွင်းမှုကြောင့် ကျောရိုးကို ပိုမိုခိုင်မာစေရန် ကာကွယ်ရေး ယန္တရားတစ်ခုအနေဖြင့် ကျောရိုးသည် နောက်ထပ် အရိုးတည်ဆောက်ပုံများကို ထုတ်လုပ်ပေးသည့် လက္ခဏာရှိပြီး အာရုံကြောမြစ်များနှင့် အာရုံကြောမ များကို ဖိမိစေနိုင်သော အရိုးအတက်များကို ဖြစ်ပေါ်စေသည်။
  • အရွတ်များ တောင့်တင်းခြင်း – အရွတ်များသည် အရိုးများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးသည်။ အသက်ကြီးရင့်မှုကြောင့် ၎င်းတို့ တောင့်တင်းလာသောအခါ လည်ပင်း၏ လှုပ်ရှားနိုင်စွမ်းကို ထိခိုက်စေသည်။

ရောဂါပိုမိုဖြစ်ပွားရသော အကြောင်းရင်းများ

အောက်ပါတို့သည် လည်ပင်းကျီးပေါင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အချက်များ ဖြစ်သည် –

  • လည်ပင်း ဒဏ်ရာရရှိမှုများ
  • အသက်အရွယ် – အသက်ကြီးရင့်ခြင်းသည် လည်ပင်းကျီးပေါင်း ဖြစ်ပွားရန် အများဆုံး ဦးတည်စေသည်။
  • အလုပ်အကိုင် – လည်ပင်းအပေါ်သို့ ဖိအားများစွာ ပေးရသော သို့မဟုတ် လည်ပင်းကို အထပ်ထပ်အခါခါ အသုံးပြုရသော အလုပ်ခွင် အခြေအနေများ။
  • မျိုးရိုးဗီဇဆိုင်ရာ အချက်များ – လည်ပင်းကျီးပေါင်းသည် မျိုးရိုးလိုက်နိုင်သည်။
  • ဆေးလိပ်သောက်ခြင်း – နာကျင်မှုကို ပိုမိုဆိုးရွားစေသည်။

ရောဂါရှာဖွေခြင်း

ကျောရိုးဆစ်ကြောနှင့် အာရုံကြောများ ဖိညှပ်ခံနေရသည့် လက္ခဏာများ ရှိမရှိ သိရှိနိုင်ရန်အတွက် ဆရာဝန်မှ သင့်အား ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာ စစ်ဆေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းတွင် သင့်တုံ့ပြန်မှုဆိုင်ရာ ကြွက်သားလှုပ်ရှားမှုများ (reflexes)၊ လည်ပင်းလှုပ်ရှားနိုင်သည့် ပမာဏအတိုင်းအတာနှင့် သင့်လမ်းလျှောက်ပုံ စသည်တို့ကို စစ်ဆေးခြင်းများ ပါဝင်သည်။

ဓာတ်မှန်ဆိုင်ရာ စစ်ဆေးမှုများ (Imaging tests)

  • ဓာတ်မှန်ရိုက်ခြင်း (X-ray): လည်ပင်းဓာတ်မှန်ရိုက်ခြင်းဖြင့် အရိုးအဆစ်အတက်ထွက်ခြင်းနှင့် လည်ပင်းနာကျင်ခြင်း၊ တောင့်တင်းခြင်းတို့ကို ဖြစ်ပေါ်စေသည့် အခြားသောအကြောင်းအရင်းများ (ဥပမာ – အရိုးကျိုးခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် အကျိတ်များ ဖြစ်ပေါ်ခြင်း) ကို ရှာဖွေသိရှိနိုင်သည်။
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan): အရိုးများ၏ အသေးစိတ် ပုံရိပ်များကို ဖော်ပြပေးသည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI): အာရုံကြော ဖိညှပ်ခံနေရမှု မည်သည့်နေရာတွင် ရှိသည်ကို ဖော်ပြပေးသည်။
  • ကျောရိုးဆစ်ဆေးထိုး ဓာတ်မှန်ရိုက်ခြင်း (Myelography): ကျောရိုးဆစ်ပြွန်အတွင်းသို့ ဆေးရည်တစ်မျိုး ထိုးသွင်း၍ ပိုမိုရှင်းလင်းပြတ်သားသော X-ray သို့မဟုတ် CT scan ပုံရိပ်များကို ရရှိစေသည်။

အာရုံကြော လုပ်ဆောင်ချက်ဆိုင်ရာ စစ်ဆေးမှုများ (Nerve function tests)

အာရုံကြောများ ထိခိုက်ပျက်စီးမှု ရှိမရှိ စစ်ဆေးရန်အတွက် လုပ်ဆောင်သော အာရုံကြော လုပ်ဆောင်ချက်ဆိုင်ရာ စစ်ဆေးမှု ပုံစံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကြွက်သားနှင့် အာရုံကြော လျှပ်စစ်စီးဆင်းမှု စစ်ဆေးခြင်း (Electromyography): အာရုံကြောများမှပေးသော လျှပ်စစ်စီးကြောင်းအပေါ် မူတည်၍ ကြွက်သားများ ညှစ်ခြင်းနှင့် လျှော့ခြင်းတို့အား ဖော်ပြပေးသည်။
  • အာရုံကြော လျှပ်စစ်စီးဆင်းမှု လေ့လာစစ်ဆေးခြင်း (Nerve conduction study): အာရုံကြောများ၏ လျှပ်စစ်စီးဆင်းမှုကို တိုင်းတာစစ်ဆေးရန် အရေပြားပေါ်တွင် တပ်ဆင်ထားသော လျှပ်ခေါင်းများမှတစ်ဆင့် ပေါ့ပါးသော လျှပ်စစ်စီးကြောင်း အနည်းငယ်ကို ပို့လွှတ်စစ်ဆေးသည်။

ကုသမှု (Treatement)

လည်ပင်းကျီးပေါင်းvရောဂါအား ကုသရာတွင် နာကျင်မှုကို သက်သာစေရန်၊ ကျောရိုးဆစ်ကြောနှင့် အာရုံကြောများ ထပ်မံထိခိုက် ပျက်စီးမှုကို တားဆီးရန်နှင့် ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ ရောဂါကုသမှုမှာ ဖြစ်ပေါ်နေသော ရောဂါလက္ခဏာများ၏ ပြင်းထန်မှုအပေါ် မူတည်ပါသည်။

ဆေးဝါးများ (Medications)

အောက်ပါ ဆေးဝါးများကို သာမန်ဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများဖြင့် ကုသ၍ မရရှိပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုရပါသည်။

  • ရောင်ရမ်းမှုကျဆင်းစေသော အကိုက်အခဲပျောက်ဆေးများ (NSAIDs): ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသော ဆေးဝါးများသည် သာမန်ဝယ်ယူရရှိနိုင်သော ဆေးဝါးများထက် နာကျင်မှုနှင့် ရောင်ရမ်းမှုများကို ပိုမိုသက်သာစေနိုင်ပါသည်။
  • ကော်တီကိုစတီရွိုက်ဆေးများ (Corticosteroids): ပရက်ဒ်နီဆုန်း (Prednisone) သောက်ဆေးသည် နာကျင်မှုကို သက်သာစေနိုင်ပြီး ယင်းဖြင့် မလုံလောက်ပါက စတီရွိုက်ဆေး ထိုးခြင်းသည် အခြားရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်ပါသည်။
  • ကြွက်သားပြေလျော့ဆေးများ (Muscle relaxants): ဆိုင်ကလိုဘင်ဇာပရင်း (Cyclobenzaprine) သည် လည်ပင်းကြွက်သား တောင့်တင်းခြင်းနှင့် ရှုံ့ခွခြင်းတို့ကို သက်သာစေရန် သီးသန့်ညွှန်ကြားသော ဆေးဝါးဖြစ်ပါသည်။
  • အတက်သက်သာဆေးများ (Anti-seizure medications): ဂါဘာပင်တင် (Gabapentin) နှင့် ပရီဂါဘာလင် (Pregabalin) တို့သည် အတက်သက်သာဆေးများ ဖြစ်သော်လည်း နာကျင်မှုဝေဒနာ ခံစားရမှုကို လျှော့ချပေးနိုင်ရန် အာရုံကြောများကို လျော့ပါးသက်သာစေပါသည်။
  • စိတ်ကျရောဂါကု ဆေးဝါးများ (Antidepressants): လည်ပင်းနာကျင်မှုကို အချို့သော စိတ်ကျရောဂါကု ဆေးဝါးများဖြင့်လည်း သက်သာစေနိုင်ပါသည်။

ကာယကုထုံးဖြင့် ကုသခြင်း (Physical Therapy)

ကာယကုထုံး ပညာရှင်မှ လည်ပင်းနှင့် ပခုံးကြွက်သားများ ဆန့်ထုတ်ခြင်းနှင့် သန်မာစေခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကို သင်ကြားပြသပေးမည် ဖြစ်ပါသည်။ ကျောရိုးဆစ် အကြောဆွဲ ကုသခြင်း နည်းလမ်း (Traction) သည်လည်း နေရာလွတ်ဖန်တီးပေးပြီး ကျောရိုးဆစ်ရှိ အာရုံကြောများ ဖိညှပ်ခံရမှုကို သက်သာစေရန် ကူညီပေးပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

လက် သို့မဟုတ် ခြေထောက်များတွင် ပြင်းထန်စွာ အားနည်းသည့် လက္ခဏာများ ပြသပါက ခွဲစိတ်ကုသမှု ခံယူရနိုင်ပါသည်။ ခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်မှာ အာရုံကြောအမြှေးများနှင့် ကျောရိုးဆစ်ကြောများအတွက် နေရာလွတ် ဖန်တီးပေးရန် ဖြစ်ပါသည်။ ခွဲစိတ်မှု လုပ်ငန်းစဉ်တွင် ကျောရိုးဆစ် အစိတ်အပိုင်းများ၊ ကျောရိုးဆစ်ကြားခံပြား ကျွံထွက်ခြင်း သို့မဟုတ် အရိုးအတက်များကို ဖယ်ရှားခြင်းနှင့် လည်ပင်းအစိတ်အပိုင်းများကို ဆက်စပ်ရန် အရိုးအစားထိုးခြင်း သို့မဟုတ် ပစ္စည်းများ အသုံးပြုခြင်းတို့ ပါဝင်မည် ဖြစ်ပါသည်။

Doctors who treat this condition