ဦးနှောက်သေရောဂါ အကြောင်း သိကောင်းစရာ
Cerebral palsy (ဦးနှောက်သေရောဂါ) ဆိုသည်မှာ ကိုယ်ဟန်အနေအထား၊ ကြွက်သား၏ တင်းအားနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ထိခိုက်စေသည့် ရောဂါစုအုပ်စု ဖြစ်ပြီး၊ အများအားဖြင့် ကလေးမမွေးဖွားမီ ဦးနှောက်ဖွံ့ဖြိုးဆဲကာလ၌ ဦးနှောက်ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
Cerebral palsy ၏ ရောဂါလက္ခဏာများသည် အများအားဖြင့် မွေးကင်းစကလေးအရွယ် သို့မဟုတ် မူကြိုအရွယ်များတွင် စတင်ပေါ်ပေါက်လာလေ့ရှိသည်။ ၎င်းရောဂါသည် အများအားဖြင့် လှုပ်ရှားမှုဆိုင်ရာ အခက်အခဲများကို ဖြစ်ပေါ်စေပြီး ယင်းတို့တွင် တုံ့ပြန်မှုများ (Reflexes) မြင့်မားခြင်း၊ ခြေလက်နှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြွက်သားများ ပျော့ခွေခြင်း သို့မဟုတ် တင်းမာလွန်းခြင်း၊ မူမမှန်သည့် ကိုယ်ဟန်အနေအထား ဖြစ်ခြင်း၊ မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားခြင်း၊ လမ်းလျှောက်ရာတွင် မခိုင်ခံ့ခြင်း သို့မဟုတ် ဤလက္ခဏာများ ပေါင်းစပ်ဖြစ်ပေါ်ခြင်းတို့ ပါဝင်နိုင်သည်။
Cerebral palsy ခံစားရသူများသည် မျက်လုံးတစ်ဖက်နှင့်တစ်ဖက် စူးစိုက်ကြည့်ရှုသည့်နေရာ မတူညီသည့် မျက်လုံးကြွက်သား မမျှတခြင်းနှင့် မျိုချရခက်ခဲသည့် ပြဿနာများကို အတွေ့ရများသည်။ ကြွက်သားများ တင်းမာမှုကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ရှိ အဆစ်အမြစ်များ အပြည့်အဝ လှုပ်ရှားနိုင်စွမ်းလည်း လျော့နည်းနိုင်ပါသည်။
Cerebral palsy ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ခန္ဓာကိုယ်၏ လုပ်ဆောင်နိုင်စွမ်း ထိခိုက်မှု အနိမ့်အမြင့်မှာ အလွန်ကျယ်ပြန့်စွာ ကွဲပြားနိုင်သည်။ Cerebral palsy ခံစားရသူ အချို့သည် အကူအညီမပါဘဲ လမ်းလျှောက်နိုင်သော်လည်း အချို့မှာ မလျှောက်နိုင်ကြပေ။ အသိဉာဏ်ဆိုင်ရာ ချို့ယွင်းချက် (Intellectual disability) သည် အချို့သူများတွင် ဖြစ်ပွားနိုင်ပြီး အချို့သူများတွင် မဖြစ်ပွားပေ။ ထို့ပြင် အတက်ရောဂါ၊ မျက်စိကွယ်ခြင်း သို့မဟုတ် နားမကြားခြင်းတို့လည်း ယှဉ်တွဲဖြစ်ပွားနိုင်သည်။
Cerebral palsy သည် နာတာရှည် အခြေအနေတစ်ခု ဖြစ်သည်။ ရောဂါကို အပြီးတိုင် ပျောက်ကင်းစေသည့် သီးသန့်ကုသနည်း မရှိသော်လည်း လူနာ၏ လှုပ်ရှားဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အမျိုးမျိုးသော ကုသနည်းများ ရှိပါသည်။
Cerebral palsy အမျိုးအစားများ
Cerebral palsy ကို ထိခိုက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ထင်ရှားစွာတွေ့ရသည့် လှုပ်ရှားမှုပြဿနာတို့အပေါ် မူတည်၍ အမျိုးအစားနှစ်မျိုးဖြင့် ခွဲခြားနိုင်သည်။
Cerebral palsy ၏ လှုပ်ရှားမှုဆိုင်ရာ မူမမှန်မှု အမျိုးအစား လေးမျိုးရှိပြီး ၎င်းတို့သည် ဦးနှောက်၏ မတူညီသော အစိတ်အပိုင်းများ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Cerebral palsy ၏ အမျိုးအစားအချို့မှာ အောက်ပါအတိုင်း ဖြစ်သည် –
- Spastic (ကြွက်သားစွဲ၍ တင်းမာသော အမျိုးအစား): Cerebral palsy လူနာများ၏ လေးပုံသုံးပုံခန့်သည် Spastic အမျိုးအစား ဖြစ်ကြသည်။ Spastic CP ရှိသူများ၏ ကြွက်သားများသည် တင်းမာ၍ ကျုံ့နေပြီး အလိုအလျောက် တင်းတောင့်သွားတတ်သည်။ ကြွက်သားများ စွဲ၍ တင်းမာမှုကြောင့် ၎င်းတို့၏ စကားပြောခြင်းနှင့် လမ်းလျှောက်ခြင်းတို့သည် ထောက်ဆိုင်းထောက်ဆိုင်း ဖြစ်နေနိုင်သည်။
- Dyskinetic: Athetoid CP ဟုလည်း ခေါ်ဆိုသည့် ဤ အမျိုးအစားသည် လျှာ၊ မျက်နှာနှင့် ခြေလက်များ၏ မူမမှန် လှုပ်ရှားမှုများကို ဖြစ်စေသည်။ လှုပ်ရှားမှုများသည် ညင်သာ၍ နှေးကွေးနိုင်သလို၊ ဆတ်ကနဲ ဆတ်ကနဲနှင့် မြန်ဆန်နိုင်သည်။ ထိုသူသည် လိမ်တွန့်နေသည့်ပုံစံမျိုး မြင်တွေ့ရနိုင်သည်။ ထိုသူ လှုပ်ရှားသွားလာနေသည့်အခါ ထိုမထိန်းချုပ်နိုင်သော လှုပ်ရှားမှုများမှာ ပိုမိုထင်ရှားလာသည်။ Dyskinetic CP ရှိသူများသည် တံတွေးကို မျိုချရန် ခက်ခဲလေ့ရှိသောကြောင့် တံတွေးယိုခြင်းကို ခါတိုင်းထက် ပိုမိုတွေ့ရလေ့ရှိသည်။
- Ataxic: ဤ CP အမျိုးအစားသည် ဟန်ချက်ထိန်းခြင်း၊ စည်းဝါးကျစနစ်တကျ လှုပ်ရှားခြင်းနှင့် အကွာအဝေး အနက်အရှိုင်း ခန့်မှန်းခြင်းတို့တွင် ပြဿနာများကို ဖြစ်စေသည်။ ၎င်းတို့သည် ငြိမ်ငြိမ်မတ်မတ် ရပ်ရန် သို့မဟုတ် လေးလံခြေလှမ်း မလှမ်းဘဲ သို့မဟုတ် မလဲကျဘဲ လမ်းလျှောက်ရန် အခက်အခဲရှိနိုင်သည်။ ဤ CP အမျိုးအစားရှိသော ကလေးများသည် ခြေထောက်နှစ်ဖက်ကို ခပ်ကားကားထား၍ လမ်းလျှောက်လေ့ရှိကြသည်။ ၎င်းတို့ လှုပ်ရှားသည့်အခါ တုန်ယင်နေသည့်ပုံစံ ဖြစ်နေနိုင်သည်။
- Mixed types (ရောနှော အမျိုးအစား): ဦးနှောက်ဧရိယာ တစ်ခုထက်မက ထိခိုက်သည့်အခါ လက္ခဏာများစွာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာနိုင်သည်။ ရောနှော Cerebral palsy ရှိသူတစ်ဦးတွင် Ataxic၊ Dyskinetic နှင့် Spastic CP တို့၏ လက္ခဏာများ ပါဝင်နေနိုင်သည်။
ရောဂါလက္ခဏာများ
Cerebral palsy ၏ ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး အလွန်ကွဲပြားနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်နိုင်သလို၊ ခြေလက် တစ်ခု သို့မဟုတ် နှစ်ခု သို့မဟုတ် ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းကိုသာ ထိခိုက်နိုင်သည်။ ပုံမှန်အားဖြင့် ရောဂါလက္ခဏာများတွင် ဖွံ့ဖြိုးမှု၊ စကားပြောခြင်းနှင့် အစားအသောက်စားခြင်း၊ လှုပ်ရှားမှုနှင့် ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာများနှင့် အခြားပြဿနာများ ပါဝင်သည်။
လှုပ်ရှားမှုနှင့် ဟန်ချက်ထိန်းခြင်း (Movement and coordination)
- အတွေ့ရဆုံး လှုပ်ရှားမှုဆိုင်ရာ ချို့ယွင်းချက်ဖြစ်သည့် Spasticity (ကြွက်သားစွဲခြင်း) သည် ကြွက်သားများ တင်းမာခြင်းနှင့် တုံ့ပြန်မှုများ (Reflexes) အလွန်အမင်း ထိန်းမရအောင် ဖြစ်ခြင်းတို့ဖြင့် ထင်ရှားသည်။
- ခြေဖျားထောက် လမ်းလျှောက်ခြင်း၊ ခါးကုန်း၍ လမ်းလျှောက်ခြင်း၊ ဒူးနှစ်ဖက်ယှက်၍ ကတ်ကြေးပုံစံ လမ်းလျှောက်ခြင်း၊ ခြေကား၍ လမ်းလျှောက်ခြင်း သို့မဟုတ် ဘေးမညီဘဲ လမ်းလျှောက်ခြင်းကဲ့သို့သော လမ်းလျှောက်ရခက်ခဲသည့် ပြဿနာများ
- ကြွက်သားများ အလွန်အမင်း တင်းတောင့်နေခြင်း သို့မဟုတ် အလွန်အမင်း ပျော့ခွေနေခြင်းကဲ့သို့သော ကြွက်သားတင်းအား ကွဲပြားမှုများ
- ပစ္စည်းများကို ကောက်ယူရန် သို့မဟုတ် အင်္ကျီကြယ်သီး တပ်ရန် ခက်ခဲခြင်းကဲ့သို့သော သေးငယ်သည့် လှုပ်ရှားမှုဆိုင်ရာ အတတ်ပညာ (Fine motor skills) ခက်ခဲသည့် ပြဿနာများ
- တုံ့ပြန်မှုများ ပုံမှန်ရှိသော်လည်း ကြွက်သားများ တင်းတောင့်နေခြင်း
- ဟန်ချက်ထိန်းခြင်းနှင့် လှုပ်ရှားမှု စည်းဝါးကိုက်ညီမှု ချို့ယွင်းသည့် Ataxia အခြေအနေ
- ဆတ်ကနဲ မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားခြင်းများ သို့မဟုတ် တုန်ယင်ခြင်းများ
- နှေးကွေးစွာ လိမ်တွန့်သည့် လှုပ်ရှားမှုများ
- ပစ္စည်းလှမ်းယူရာတွင် လက်တစ်ဖက်တည်းကိုသာ သုံးခြင်း သို့မဟုတ် လေးဘက်သွားစဉ် ခြေထောက်တစ်ဖက်ကို ဆွဲ၍သွားခြင်းကဲ့သို့ ခန္ဓာကိုယ်တစ်ဖက်ခြမ်းကိုသာ ဦးစားပေးသုံးခြင်း
စကားပြောခြင်းနှင့် အစားအသောက် စားခြင်း (Speech and eating)
- စကားပြောရ ခက်ခဲခြင်း သို့မဟုတ် စကားပြော ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
- အစားအသောက် စားခြင်း၊ စို့ခြင်း သို့မဟုတ် ဝါးခြင်းဆိုင်ရာ ပြဿနာများ
- မူမမှန်ဘဲ တံတွေးများစွာ ယိုခြင်း သို့မဟုတ် မျိုချရ ခက်ခဲသည့် ပြဿနာများ
ဖွံ့ဖြိုးမှု (Development)
- သင်ယူမှုဆိုင်ရာ ပြဿနာများ
- အသိဉာဏ်ဆိုင်ရာ စွမ်းဆောင်ရည် ချို့ယွင်းချက်များ
- လေးဘက်သွားခြင်း သို့မဟုတ် ထိုင်ခြင်းကဲ့သို့သော လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှုအဆင့်များ (Motor skill milestones) ရရှိရန် နှောင့်နှေးခြင်း
- ဖွံ့ဖြိုးမှု နှေးကွေးသဖြင့် မျှော်မှန်းထားသည်ထက် ခန္ဓာကိုယ် အရွယ်အစား သေးငယ်နေခြင်း
အခြားပြဿနာများ (Other issues)
ဦးနှောက်ထိခိုက်မှုသည် အောက်ပါ နာဗ်ကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာစေရန်လည်း အကြောင်းအရင်း ဖြစ်နိုင်သည် –
- အမြင်အာရုံ ပြဿနာများနှင့် မူမမှန်သည့် မျက်လုံးလှုပ်ရှားမှုများ
- အကြားအာရုံ ပြဿနာများ
- နာကျင်မှု သို့မဟုတ် အထိအတွေ့ ခံစားမှု မူမမှန်ခြင်းများ
- စိတ်ခံစားမှုဆိုင်ရာ ချို့ယွင်းချက်များနှင့် အမူအကျင့် ပြဿနာများ အပါအဝင် စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာများ
- ဝမ်းချုပ်ခြင်းနှင့် ဆီးမထိန်းနိုင်ခြင်း ကဲ့သို့သော ဆီးနှင့် ဝမ်းဆိုင်ရာ ပြဿနာများ
- အတက်ရောဂါ ခံစားရခြင်း (Seizures)
Cerebral palsy ကို ဖြစ်စေသည့် အခြေခံ ဦးနှောက်ရောဂါ အခြေအနေသည် အသက်အရွယ်ရလာသည်နှင့်အမျှ ပြောင်းလဲမှု မရှိသောကြောင့် လက္ခဏာများသည် ပုံမှန်အားဖြင့် ပိုမိုဆိုးရွားမသွားပါ။ သို့သော်လည်း ကလေးကြီးထွားလာသည်နှင့်အမျှ အချို့သော လက္ခဏာများသည် ပိုမိုထင်ရှားလာခြင်း သို့မဟုတ် လျော့နည်းသွားခြင်းတို့ ဖြစ်နိုင်သည်။ ထို့ပြင် ထိရောက်စွာ မကုသပါက ကြွက်သားများ တိုသွားခြင်းနှင့် တင်းတောင့်သွားခြင်းတို့သည် ပိုမိုဆိုးရွားလာနိုင်သည်။
သင့်ကလေး၏ လှုပ်ရှားမှုဆိုင်ရာ ပြဿနာများ သို့မဟုတ် ဖွံ့ဖြိုးမှု နှောင့်နှေးမှုများအတွက် စောစီးစွာ ရောဂါရှာဖွေစစ်ဆေးမှု ရယူရန် အလွန်အရေးကြီးသည်။ ပတ်ဝန်းကျင်ကို သတိမမူမိခြင်း၊ မူမမှန်သည့် ခန္ဓာကိုယ် လှုပ်ရှားမှုများ သို့မဟုတ် ကြွက်သားတင်းအားများ၊ ဟန်ချက်ထိန်းနိုင်စွမ်း လျော့နည်းခြင်း၊ မျိုချရ ခက်ခဲခြင်း၊ မျက်လုံးကြွက်သား မမျှတခြင်း သို့မဟုတ် အခြား ဖွံ့ဖြိုးမှုဆိုင်ရာ မူမမှန်မှု လက္ခဏာများ တွေ့ရှိပါက သင့်ကလေး၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဖွံ့ဖြိုးဆဲ ဦးနှောက် ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ဦးနှောက်ဖွံ့ဖြိုးမှု မမှန်ကန်ခြင်းတို့သည် Cerebral palsy ကို ဖြစ်စေသည့် အဓိက အကြောင်းအရင်း နှစ်ခု ဖြစ်ကြသည်။ ၎င်းသည် မွေးဖွားစဉ် သို့မဟုတ် မွေးဖွားပြီး ပထမလအနည်းငယ်အတွင်း ဖြစ်ပွားနိုင်သော်လည်း အများအားဖြင့် ကလေးမမွေးဖွားမီအချိန်၌ ဖြစ်ပွားလေ့ရှိသည်။ ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသည်များလည်း မကြာခဏ ရှိတတ်သည်။ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည့် အချက်များစွာ ရှိပါသည်။ အချို့မှာ –
- မျိုးရိုးဗီဇ မူမမှန်မှုများ(Gene mutations): သို့မဟုတ် ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြောင်းလဲမှုများကို ဖြစ်စေသည့် မျိုးဗီဇ ပြောင်းလဲမှုများ (Gene mutations)
- မိခင်၏ ကူးစက်ရောဂါများ(Maternal infections): ဖွံ့ဖြိုးဆဲ သန္ဓေသားကို ထိခိုက်စေသည့် မိခင်၏ ကူးစက်ရောဂါများ
- သန္ဓေသား လေဖြတ်ခြင်း (Fetal stroke): ဖွံ့ဖြိုးဆဲ ဦးနှောက်သို့ သွေးလှည့်ပတ်မှု လျော့နည်းသွားသည့် သန္ဓေသား လေဖြတ်ခြင်း
- မွေးကင်းစကလေး သို့မဟုတ် သန္ဓေသား၏ ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်း
- မွေးကင်းစကလေး ကူးစက်ရောဂါများ (Infant infections): ဦးနှောက်အတွင်း သို့မဟုတ် ဦးနှောက်ဝန်းကျင်တွင် ရောင်ရမ်းမှုကို ဖြစ်စေသည့် မွေးကင်းစကလေး ကူးစက်ရောဂါများ
- ယာဉ်မတော်တဆဖြစ်ခြင်း၊ ပြုတ်ကျခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ စော်ကားညှဉ်းပန်းခံရခြင်းတို့ကြောင့် မွေးကင်းစကလေးတွင် ဖြစ်ပွားသည့် ခေါင်းထိခိုက်ဒဏ်ရာများ
- ဦးနှောက်သို့ အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်း။ မွေးဖွားစဉ် အောက်ဆီဂျင် ပြတ်လပ်ခြင်း (Birth-related asphyxia) သည် ယခင်က ထင်မှတ်ထားသည်ထက် ဖြစ်ပွားမှု နည်းပါးသော်လည်း ခက်ခဲသော မီးဖွားခြင်း သို့မဟုတ် ကလေးမွေးဖွားခြင်းတို့နှင့် ဆက်စပ်နေဆဲဖြစ်သည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
အချက်အလက် အများအပြားသည် Cerebral palsy ဖြစ်ပွားနိုင်ခြေကို လွှမ်းမိုးလျက်ရှိသည်။
မိခင်၏ ကျန်းမာရေး (Maternal health)
ကိုယ်ဝန်ဆောင်စဉ်အတွင်း အချို့သော ရောဂါများ ခံစားရခြင်း သို့မဟုတ် အန္တရာယ်ရှိသော အရာများနှင့် ထိတွေ့မိခြင်းတို့သည် မမွေးဖွားသေးသော ကလေးတွင် Cerebral palsy ဖြစ်ပွားနိုင်ခြေကို အလွန် မြင့်မားစေနိုင်သည်။ ကူးစက်ရောဂါ သို့မဟုတ် ဖျားနာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောင်ရမ်းမှုများသည် မမွေးဖွားသေးသော ကလေး၏ ဖွံ့ဖြိုးဆဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်သည်။
- ရေယုန် (Herpes): သားအိမ်နှင့် အချင်းကို ထိခိုက်စေသည့် ဤကူးစက်ရောဂါသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်ထံမှ ကလေးသို့ ကူးစက်နိုင်သည်။
- ကာလသားရောဂါ (Syphilis): ၎င်းသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သည့် ဘက်တီးရီးယား ကူးစက်ရောဂါဖြစ်သည်။
- Cytomegalovirus: မိခင်သည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဤ အတွေ့ရများသော ဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် ကူးစက်ခံရပါက ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များကို ဖြစ်စေနိုင်သည်။
- ဂျာမန်ဝက်သက်ရောဂါ / ရူဘဲလား (German measles/rubella): ဤ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်ရန် ကာကွယ်ဆေး ရရှိနိုင်ပါသည်။
- Toxoplasmosis: မသန့်ရှင်းသော အစားအစာ၊ မြေကြီးနှင့် ကြောင်ဝမ်းတို့တွင် တွေ့ရသည့် ပရိုတိုဇိုးဝါး (Parasite) တစ်မျိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည်။
- ဇီကာဗိုင်းရပ်စ် ကူးစက်ရောဂါ (Zika virus infection): ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားသည့် ဤဗိုင်းရပ်စ်သည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။
- ကိုယ်ဝန်ဆောင်စဉ် ကူးစက်ရောဂါများ: အချင်းနှင့် သန္ဓေသားအမြှေးပါး ကူးစက်ရောဂါများသည် ဤအုပ်စုတွင် ပါဝင်သည်။
- အဆိပ်အတောက်များနှင့် ထိတွေ့မိခြင်း: Methyl mercury နှင့် ထိတွေ့မိခြင်းသည် ထိုကဲ့သို့သော ဥပမာတစ်ခု ဖြစ်သည်။
- အခြား ကျန်းမာရေး ပြဿနာများ: မိခင်တွင် သိုင်းရွိုက် ပြဿနာများ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) သို့မဟုတ် အတက်ရောဂါရှိခြင်းတို့သည် Cerebral palsy ဖြစ်နိုင်ခြေကို အနည်းငယ် မြင့်တက်စေသည့် အခြားသော အခြေအနေများ ဖြစ်ကြသည်။
မွေးကင်းစကလေး ရောဂါ (Infant disease)
မွေးကင်းစကလေးတွင် အောက်ပါ အခြေအနေများ ရှိနေပါက Cerebral palsy ဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေနိုင်သည် –
- ဘက်တီးရီးယားကြောငျး ဖြစ်သော ဦးနှောက်မြှေးရောင်ရောဂါ (Bacterial meningitis): ဤ ဘက်တီးရီးယား ကူးစက်ရောဂါကြောင့် ဦးနှောက်နှင့် အာရုံကြောမကြီးကို ဝန်းရံထားသည့် အမြှေးပါးများ ရောင်ရမ်းလာရသည်။
- ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ဦးနှောက်ရောင်ရောဂါ (Viral encephalitis): ဤ ဗိုင်းရပ်စ် ကူးစက်ရောဂါသည်လည်း ဦးနှောက်နှင့် အာရုံကြောမကြီးကို ဝန်းရံထားသည့် အမြှေးပါးများတွင် တူညီသော ရောင်ရမ်းမှုကို ဖြစ်ပေါ်စေသည်။
- ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်း: မွေးကင်းစကလေးသည် မိခင်ဝမ်းဗိုက်အတွင်း ရှိနေစဉ် သို့မဟုတ် မွေးဖွားပြီး ပထမလအနည်းငယ်အတွင်း လေဖြတ်ခြင်းကြောင့် ဤအခြေအနေ ဖြစ်ပွားလေ့ရှိသည်။
- ပြင်းထန်သော သို့မဟုတ် မကုသဘောထားသော အဝါရောင်သန်းသည့် ရောဂါ (Severe or untreated jaundice): အရေပြား ဝါးလာခြင်းသည် အဝါရောင်သန်းသည့် ရောဂါ၏ လက္ခဏာဖြစ်သည်။ သွေးစီးကြောင်းအတွင်းမှ သွေးဆဲလ်ဟောင်းများ၏ ဘေးထွက်ပစ္စည်းများကို ဖယ်ရှားမပေးနိုင်သည့်အခါ ဤရောဂါ ဖြစ်ပွားလာသည်။
ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန်ဆိုင်ရာ ဖြစ်နိုင်ခြေ အချက်များ (Pregnancy and birth risk factors)
Cerebral palsy ဖြစ်နိုင်ခြေ မြင့်မားခြင်းနှင့် ဆက်စပ်နေသည့် ထပ်ဆောင်း ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် မီးဖွားချိန် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည် (ယင်းတို့၏ သက်ရောက်နိုင်စွမ်းမှာ အကန့်အသတ် ရှိသော်လည်း) –
- မွေးဖွားချိန် အလေးချိန် နည်းခြင်း: မွေးဖွားချိန် အလေးချိန် ၅.၅ ပေါင် (၂.၅ ကီလိုဂရမ်) အောက် လျော့နည်းသော ကလေးများတွင် Cerebral palsy ဖြစ်နိုင်ခြေ ပိုများသည်။ မွေးဖွားချိန် အလေးချိန် နည်းလေလေ၊ ဤဖြစ်နိုင်ခြေ မြင့်တက်လေလေဖြစ်သည်။
- အမွှာ ပဋိသန္ဓေဆောင်ခြင်း: သားအိမ်အတွင်း ကလေးများများ အတူတကွ ကြီးထွားလာရသဖြင့် Cerebral palsy ဖြစ်နိုင်ခြေ မြင့်တက်လာသည်။ လမစေ့ဘဲ မီးဖွားခြင်းနှင့် မွေးဖွားချိန် အလေးချိန် နည်းခြင်းတို့သည်လည်း ဤဖြစ်နိုင်ခြေနှင့် ဆက်စပ်နေနိုင်သည်။ အမွှာများအနက် ကလေးတစ်ဦး သို့မဟုတ် တစ်ဦးထက်မက သေဆုံးပါက ကျန်ရှိသော ကလေးတွင် Cerebral palsy ဖြစ်နိုင်ခြေ မြင့်တက်လာသည်။
- လမစေ့ဘဲ မီးဖွားခြင်း: လမစေ့ဘဲ မွေးဖွားလာသော ကလေးများတွင် Cerebral palsy ဖြစ်နိုင်ခြေ မြင့်မားသည်။
- မီးဖွားစဉ် နောက်ဆက်တွဲ ပြဿနာများ: ဗိုက်နာခြင်းနှင့် မီးဖွားခြင်းဆိုင်ရာ ပြဿနာများသည် Cerebral palsy ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။
ရောဂါရှာဖွေခြင်း
Cerebral palsy ရောဂါလက္ခဏာများသည် အချိန်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သောကြောင့် မွေးဖွားပြီး လအနည်းငယ်မှ တစ်နှစ်ခွဲခန့်အထိ ရောဂါအမည်မတပ်နိုင်သေးဘဲ ရှိနေနိုင်သည်။ ရောဂါလက္ခဏာများ နည်းပါးပါက ရောဂါအမည်တပ်ရန် ပိုမိုကြာမြင့်နိုင်သည်။
Cerebral palsy ရှိကြောင်း သံသယရှိပါက သင့်ကလေး၏ မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်သည် ကလေး၏ ရောဂါလက္ခဏာများကို အကဲဖြတ်ခြင်း၊ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို စောင့်ကြည့်ခြင်း၊ ဆေးမှတ်တမ်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ ဆရာဝန်သည် သင့်အား ကလေးအာရုံကြောအထူးကုဆရာဝန်၊ ကလေး ကာယဆေးပညာနှင့် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန် သို့မဟုတ် ကလေးဖွံ့ဖြိုးမှုဆိုင်ရာ အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးနိုင်သည်။ ဤအထူးကုများသည် အာရုံကြောနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မူမမှန်သည့် ကလေးများကို ကုသပေးရာတွင် အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။
ရောဂါအမည်ကို အတည်ပြုရန်နှင့် ဖြစ်နိုင်ခြေရှိသော အခြားအကြောင်းအရင်းများကို ဖယ်ရှားရန်အတွက် သင့်ဆရာဝန်သည် ဆက်တိုက်စစ်ဆေးမှုအချို့ ပြုလုပ်ရန် ညွှန်ကြားနိုင်သည်။
ဦးနှောက် ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Brain scans)
ဦးနှောက် ပုံရိပ်ဖော်နည်းပညာများသည် ဦးနှောက်၏ မည်သည့်နေရာတွင် ထိခိုက်ပျက်စီးနေသည် သို့မဟုတ် မူမမှန်ဘဲ ဖွံ့ဖြိုးနေသည်ကို ပြသပေးနိုင်သည်။ ဤစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –
- သံလိုက်ဓာတ်မှန် ရိုက်ခြင်း – MRI (Magnetic Resonance Imaging): MRI သည် ရေဒီယိုလှိုင်းများနှင့် သံလိုက်စက်ကွင်းကို အသုံးပြု၍ ဦးနှောက်၏ သုံးဖက်မြင် (3D) သို့မဟုတ် ကန့်လန့်ဖြတ် ပုံရိပ်များကို အသေးစိတ် ဖန်တီးပေးသည်။ သင့်ကလေး၏ ဦးနှောက်ဒဏ်ရာများ သို့မဟုတ် အခြားမူမမှန်မှုများကို MRI ဖြင့် မကြာခဏ ရှာဖွေတွေ့ရှိနိုင်သည်။ နာကျင်မှုမရှိဘဲ အသံကျယ်လောင်သည့် ဤစစ်ဆေးမှုမှာ တစ်နာရီခန့် ကြာမြင့်နိုင်သည်။ စစ်ဆေးမှုမပြုလုပ်မီ သင့်ကလေးအား အိပ်ဆေး သို့မဟုတ် ခပျပေါ့ပေါ့ မေ့ဆေး ပေးနိုင်ပါသည်။
- ဦးခေါင်းခွံ အာထရာဆောင်း ရိုက်ခြင်း (Cranial ultrasound): စစ်ဆေးမှုကို မွေးကင်းစကလေး အရွယ်တွင် ပြုလုပ်နိုင်သည်။ သံစဉ်မြင့် အသံလှိုင်းများကို အသုံးပြု၍ ဦးနှောက်ပုံရိပ်များကို ဖန်တီးပေးသည်။ အာထရာဆောင်းသည် အသေးစိတ်ပုံရိပ်ကို မထုတ်ပေးနိုင်သော်လည်း မြန်ဆန်ပြီး ဦးနှောက်၏ ကနဦးသုံးသပ်ချက်ကို ပေးနိုင်သောကြောင့် အသုံးပြုနိုင်သည်။
ဦးနှောက်လျှပ်စစ်လှိုင်း တိုင်းတာခြင်း – EEG (Electroencephalogram)
သင့်ကလေးတွင် အတက်ရောဂါလက္ခဏာများ တွေ့ရှိပါက EEG ဖြင့် ရောဂါကို ထပ်မံအကဲဖြတ်နိုင်သည်။ ဝက်ရူးပြန်ရောဂါရှိသော ကလေးများသည် တက်ခြင်းကို ခံစားရနိုင်သည်။ EEG စစ်ဆေးစဉ်အတွင်း အီလက်ထရုတ် (Electrode) အမျိုးအစားများစွာကို သင့်ကလေး၏ ဦးရေပြားတွင် တပ်ဆင်ထားသည်။ EEG သည် သင့်ကလေး၏ ဦးနှောက်၏ လျှပ်စစ်လုပ်ဆောင်မှုကို ဖမ်းယူသည်။ ပုံမှန် ဦးနှောက်လှိုင်းပုံစံများ ပြောင်းလဲခြင်းသည် ဝက်ရူးပြန်ရောဂါတွင် အတွေ့ရများသည်။
ဓာတ်ခွဲခန်း စစ်ဆေးမှုများ (Laboratory examination)
မျိုးရိုးဗီဇ သို့မဟုတ် ရုပ်ဇီဝရုပ်ပြောင်းလဲမှု (Metabolic) ပြဿနာများကို စစ်ဆေးရန် သွေး၊ ဆီး သို့မဟုတ် အရေပြား စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
ထပ်ဆောင်း စစ်ဆေးမှုများ (Additional tests)
Cerebral palsy ရောဂါအမည် ရရှိပြီးနောက် သင့်ကလေးသည် ရောဂါနှင့် မကြာခဏ ဆက်စပ်နေသော အခြားချို့ယွင်းချက်များကို ဖယ်ရှားရန် အထူးကုများနှင့် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ ဤစစ်ဆေးမှုများသည် အောက်ပါတို့နှင့် ပတ်သက်သည့် ပြဿနာများကို ဖော်ထုတ်ပေးနိုင်သည် –
- အမြင်အာရုံ
- အကြားအာရုံ
- စကားပြောစွမ်းရည်
- အသိဉာဏ်
- ဖွံ့ဖြိုးမှု
- လှုပ်ရှားဆောင်ရွက်မှု
- အခြား ဆေးဝါးဆိုင်ရာ ပြဿနာများ
လှုပ်ရှားမှုဆိုင်ရာ မူမမှန်မှု အများအပြား ယှဉ်တွဲဖြစ်ပွားနိုင်သော်လည်း အဓိက ခံစားရသည့် လှုပ်ရှားမှု ပြဿနာအပေါ် မူတည်၍ Cerebral palsy အမျိုးအစားကို သတ်မှတ်သည်။ Spastic cerebral palsy သည် အတွေ့ရဆုံး အမျိုးအစားဖြစ်ပြီး ကြွက်သားများ တင်းမာခြင်းနှင့် တုံ့ပြန်မှုများ (Reflexes) မြင့်မားခြင်းတို့ဖြင့် ထင်ရှားသည်။ အခြားသော Cerebral palsy ပုံစံများတွင် Dyskinetic (စိတ်ဆန္ဒအတိုင်း ကြွက်သားများ လှုပ်ရှားရန် ခက်ခဲခြင်း) နှင့် Ataxia (ဟန်ချက်နှင့် စည်းဝါးညီစွာ လှုပ်ရှားနိုင်မှု အားနည်းခြင်း) တို့ ပါဝင်သည်။
Cerebral palsy ရောဂါအမည် တပ်ပြီးနောက် ဆရာဝန်သည် လှုပ်ရှားမှု၊ ကိုယ်ဟန်အနေအထားနှင့် ဟန်ချက်ထိန်းနိုင်မှုတို့၏ လုပ်ဆောင်နိုင်စွှမ်းနှင့် ပြင်းထန်မှုကို အကဲဖြတ်ရန် Gross Motor Function Classification System ကဲ့သို့သော အဆင့်သတ်မှတ်သည့် ကိရိယာကို အသုံးပြုနိုင်သည်။ ဤအချက်အလက်များသည် ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူပြုနိုင်သည်။
ကုသခြင်း
(Treatment)
Cerebral palsy သည် ကလေးများရော လူကြီးများအတွက်ပါ ဆေးကုသရေး အဖွဲ့ထံမှ တစ်သက်တာ စောင့်ရှောက်မှု လိုအပ်နိုင်သည်။ ဆေးကုသရေး အဖွဲ့တွင် သင့်ကလေး၏ ဆေးဝါးကုသမှုကို စီမံခန့်ခွဲရန် ကလေးအထူးကု၊ ကာယဆေးပညာနှင့် ပြန်လည်သန်စွမ်းရေး အထူးကုနှင့် ကလေးအာရုံကြော အထူးကုတို့အပြင် ကုထုံးပညာရှင်များနှင့် စိတ်ကျန်းမာရေး ပညာရှင်များစွာ ပါဝင်နိုင်သည်။ ဤအထူးကုများသည် သင့်မိသားစုဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး Cerebral palsy ရှိသူများတွင် ပိုမိုအတွေ့ရများသော လိုအပ်ချက်များနှင့် ပြဿနာများကို အထူးဂရုပြု စောင့်ရှောက်ပေးနိုင်သည်။ ကုသမှုအစီအစဉ်ကို ပူးတွဲရေးဆွဲနိုင်ပါသည်။
Cerebral palsy အခြေအနေသည် ပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် သင့်ကလေး၏ နေ့စဉ်လုပ်ဆောင်နိုင်စွှမ်းကို ပိုမိုကောင်းမွန်လာစေမည့် ကုသမှုနည်းလမ်းများစွာ ရှိပါသည်။ ရွေးချယ်သည့် စောင့်ရှောက်မှု အမျိုးအစားသည် လူနာ၏ သီးသန့် ရောဂါလက္ခဏာများနှင့် လိုအပ်ချက်များအပေါ် မူတည်ပြီး ယင်းတို့သည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ စောစီးစွာ ဝင်ရောက်ကုသခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်ပါသည်။
Cerebral palsy ကို ကုသရန်အတွက် ဆေးဝါးများ၊ ကုထုံးများ၊ ခွဲစိတ်ကုသမှုများနှင့် အခြားသော ကုသမှု ပုံစံများ အပါအဝင် ကုသခွင့် အမျိုးမျိုး ရှိပါသည်။
ဆေးဝါးများ (Medications)
Spasticity ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများ သို့မဟုတ် အခြားသော ရောဂါလက္ခဏာများကို စီမံခန့်ခွဲရန် ကြွက်သား တင်းမာမှုကို သက်သာစေသည့် ဆေးဝါးများကို ညွှန်ကြားနိုင်သည်။ ဤဆေးဝါးများသည် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် နာကျင်မှုကို လျှော့ချရန် ရည်ရွယ်သည်။
- ကြွက်သား သို့မဟုတ် အာရုံကြောအတွင်း ထိုးဆေးများ (Muscle or nerve injections): သီးသန့် ကြွက်သားတစ်ခုခု တင်းမာမှုကို သက်သာစေရန် ဆရာဝန်သည် Botox သို့မဟုတ် တူညီသော ဆေးထိုးနည်းများကို အကြံပြုနိုင်သည်။ ဆေးထိုးခြင်းကို သုံးလတစ်ကြိမ်ခန့် ထပ်မံပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်းနှင့် တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်းတို့မှာ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ကြသည်။ အသက်ရှူရခက်ခဲခြင်းနှင့် မျိုချရခက်ခဲခြင်းတို့မှာ ပိုမိုပြင်းထန်သော ဘေးထွက်ဆိုးကျိုးများတွင် ပါဝင်သည်။
- သောက်ဆေး ကြွက်သားပြေလျော့ဆေးများ (Oral muscle relaxants): ကြွက်သားပြေလျော့စေသည့် ဆေးဝါးများတွင် Baclofen, Tizanidine, Diazepam နှင့် Dantrolene တို့ ပါဝင်သည်။ အချို့အခြေအနေများတွင် Baclofen ကို ကျောရိုးဆဆီသို့ တိုက်ရိုက် သို့မဟုတ် သွေးကြောအတွင်းသို့ ထိုးသွင်းနိုင်သည်။ ပန့် (Pump) ကို ဝမ်းဗိုက်အရေပြားအောက်တွင် ခွဲစိတ်ထည့်သွင်းထားသည်။
- တံတွေးယိုခြင်းကို လျှော့ချပေးသည့် ဆေးဝါးများ (Medications to reduce drooling): နည်းလမ်းတစ်ခုမှာ တံတွေးဂလင်းများအတွင်းသို့ Botox ထိုးသွင်းခြင်း ဖြစ်သည်။
ညွှန်ကြားထားသော ဆေးဝါးများ၏ အားသာချက်၊ အားနည်းချက်များနှင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများအကြောင်းကို သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
ကုထုံးများ (Therapies)
အောက်ပါ ကုထုံးများသည် Cerebral palsy ကို ကုသရာတွင် အရေးပါသည် –
- ကာယကုထုံး (Physical therapy): လေ့ကျင့်ခန်းများနှင့် သင်တန်းများသည် သင့်ကလေး၏ ကြွက်သားအင်အား၊ ကွေးဆန့်နိုင်စွမ်း၊ ဟန်ချက်ထိန်းနိုင်မှု၊ လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် သွားလာလှုပ်ရှားနိုင်စွမ်းတို့ကို အကျိုးပြုနိုင်သည်။ သင့်ကလေးအား ဘေးကင်းစွာ အစာကျွေးခြင်း၊ ရေချိုးပေးခြင်းနှင့် အိမ်တွင် အခြေခံလိုအပ်ချက်များကို စောင့်ရှောက်ပေးနည်းများကို သင်ယူရပါလိမ့်မည်။ ကုထုံးအပိုင်းများကြားတွင် ကုထုံးပညာရှင်၏ အကူအညီဖြင့် အိမ်၌ လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်နိုင်သည်။ ကာယနှင့် အလုပ်အကိုင်ဆိုင်ရာ ကုထုံးပညာရှင်များသည် မွေးဖွားပြီး ပထမတစ်နှစ်မှ နှစ်နှစ်အတွင်း ဦးခေါင်းနှင့် ခန္ဓာကိုယ်ပိုင်း ထိန်းချုပ်မှု၊ လှိမ့်ခြင်းနှင့် ဆုပ်ကိုင်ခြင်းကဲ့သို့သော ပြဿနာများကို အဓိကထား ဆောင်ရွက်ကြသည်။ နောက်ပိုင်းတွင် အထူးကု နှစ်မျိုးလုံးသည် ဝှီးချဲလ် (Wheelchair) သုံးစွဲနိုင်မှုများကို စစ်ဆေးပေးကြသည်။ လမ်းလျှောက်ရ ပိုမိုကောင်းမွန်စေရန်နှင့် တင်းမာနေသော ကြွက်သားများကို ဆန့်ထုတ်နိုင်ရန် လုပ်ဆောင်နိုင်စွမ်းများတွင် အထောက်အကူပြုနိုင်သော ဒေါက်များ (Braces)၊ ညှပ်ချောင်းများ (Splints) သို့မဟုတ် အခြား အထောက်အကူပြု ကိရိယာများ သင့်ကလေးတွင် လိုအပ်နိုင်သည်။
- အလုပ်အကိုင်ဆိုင်ရာ ကုထုံး (Occupational therapy): အိမ်၊ ကျောင်းနှင့် ပတ်ဝန်းကျင်ရှိ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အလေ့အထများတွင် ကလေး၏ လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်း တိုးတက်စေရန် အလုပ်အကိုင်ဆိုင်ရာ ကုထုံး၏ ရည်မှန်းချက်ဖြစ်သည်။ သင့်ကလေးအား လမ်းလျှောက်ကူ ကိရိယာများ (Walkers)၊ ခြေထောက်ကျယ်သော တုတ်ကောက်များ၊ မတ်တပ်ရပ်နှင့် ထိုင်ရာတွင် ကူညီသည့် ကိရိယာများ သို့မဟုတ် လျှပ်စစ်ဝှီးချဲလ်များ ဝယ်ယူရန် အကြံပြုနိုင်သည်။
- စကားပြောနှင့် ဘာသာစကားဆိုင်ရာ ကုထုံး (Speech and language therapy): စကားပြောနှင့် ဘာသာစကားဆိုင်ရာ အထူးကုပညာရှင်များသည် သင့်ကလေး၏ ရှင်းလင်းစွာ စကားပြောနိုင်စွမ်း သို့မဟုတ် လက်သင်္ကေတပြ ဘာသာစကား သုံးစွဲနိုင်စွမ်းကို တိုးတက်အောင် ကူညီပေးနိုင်သည်။ ဆက်သွယ်ပြောဆိုရန် အခက်အခဲရှိပါက ကွန်ပျူတာနှင့် အသံတုစနစ် ကဲ့သို့သော ကိရိယာများကို မည်သို့အသုံးပြုရမည်ကိုလည်း သင်ကြားပေးနိုင်သည်။ စကားပြော ကုထုံးပညာရှင်များသည် မျိုချခြင်းနှင့် အစားအသောက် စားခြင်းဆိုင်ရာ ပြဿနာများကို ကူညီပေးနိုင်သည်။
- အပန်းဖြေ ကုထုံး (Recreational therapy): အချို့သော ကလေးများသည် ကုသရေးဆိုင်ရာ စကီးစီးခြင်း သို့မဟုတ် မြင်းစီးခြင်းကဲ့သို့သော ယှဉ်ပြိုင်မှု သို့မဟုတ် လိုက်လျောညီထွေရှိသော အားကစားများတွင် ပါဝင်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိကြသည်။ ဤကုထုံးအမျိုးအစားသည် သင့်ကလေး၏ လှုပ်ရှားမှု၊ စကားပြောစွမ်းရည်နှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှုတို့ကို အကူအညီပေးနိုင်သည်။ မှန်မှန် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် လူကြီးများနှင့် ကလေးများ၏ အထွေထွေ ကျန်းမာရေးနှင့် ကြံ့ခိုင်မှုအတွက် အကျိုးရှိသည်။
ခွဲစိတ်ကုသမှုများ (Surgical procedures)
Spasticity ကြောင့် ဖြစ်ပေါ်လာသော အဆစ်အမြစ် မူမမှန်မှုများကို ကုသရန် သို့မဟုတ် ကြွက်သား တင်းမာမှုကို သက်သာစေရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ ဤကုသမှုများတွင် ပါဝင်သည်မှာ –
- အရိုးခွဲစိတ်ကုသမှု (Orthopedic surgery): ပြင်းထန်စွာ ကြွက်သားတို၍ ကျုံ့သွားခြင်း (Contractures) သို့မဟုတ် မူမမှန်မှုများရှိသော ကလေးများသည် ၎င်းတို့၏ လက်၊ ကျောရိုး၊ တင်ပါး သို့မဟုတ် ခြေထောက်များကို ပြန်လည်တည့်မတ်ပေးရန်အတွက် အရိုး သို့မဟုတ် အဆစ်များ ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။ ထို့ပြင် ကြွက်သားတို၍ ကျုံ့သွားခြင်းကြောင့် တိုသွားသော ကြွက်သားများနှင့် အကြောများကို ခွဲစိတ်မှု ပြုလုပ်၍ ပိုမိုရှည်လျားအောင် သို့မဟုတ် နေရာပြန်ချိန်ပေးနိုင်သည်။ ဤပြုပြင်မှုများသည် နာကျင်မှုကို လျှော့ချပေးနိုင်ပြီး သွားလာလှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ထို့ပြင် ဂျိုင်းထောက်၊ လမ်းလျှောက်ကူ ကိရိယာ သို့မဟုတ် အခြားအထောက်အကူပြု ပစ္စည်းများကို အသုံးပြုရ ပိုမိုလွယ်ကူစေသည်။
- အာရုံကြောမျှင်များကို ဖြတ်တောက်ခြင်း – SDR (Selective dorsal rhizotomy): အခြားကုသမှုများသည် ပြင်းထန်သော Spasticity ကို မထိန်းချုပ်နိုင်သည့်အခါ Selective dorsal rhizotomy ဟုခေါ်သော ခွဲစိတ်ကုသမှု နည်းလမ်းကို မကြာခဏ အသုံးပြုကြသည်။ ခြေထောက်ရှိ ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် နာကျင်မှုကို လျှော့ချပေးသော်လည်း ထုံကျင်သကဲ့သို့ ခံစားရစေနိုင်သည်။
အခြား ကုသမှုများ (Other treatments)
အတက်ရောဂါ၊ နာကျင်မှု၊ အရိုးပါးရောဂါ (Osteoporosis)၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ ခံတွင်းကျန်းမာရေး၊ အစားအသောက်နှင့် အာဟာရ၊ ဆီးမထိန်းနိုင်ခြင်း၊ အမြင်အာရုံ သို့မဟုတ် အကြားအာရုံတို့အတွက် လိုအပ်သလို ဆေးဝါးများနှင့် အခြားကုထုံးများကို ညွှန်ကြားနိုင်သည်။
Cerebral palsy ခံစားနေရသော လူကြီးများ (Adults with cerebral palsy)
Cerebral palsy ရှိသော သင့်ကလေး ကြီးပြင်းလာသည်နှင့်အမျှ ၎င်း၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များသည် အသက်အရွယ်ရလာသည်နှင့်အမျှ ပြောင်းလဲသွားနိုင်သည်။ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုတွင် လူကြီးများအားလုံးအတွက် အကြံပြုထားသော အထွေထွေ ကျန်းမာရေး စစ်ဆေးမှုများအပြင် Cerebral palsy ရှိသူများတွင် အထူးသဖြင့် အတွေ့ရများသော အခြေအနေများအတွက် စစ်ဆေးခြင်းနှင့် ကုသခြင်းတို့ ပါဝင်သည်။ ဤအရာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –
- အမြင်အာရုံနှင့် အကြားအာရုံဆိုင်ရာ ပြဿနာများ
- အတက်ရောဂါ (Seizure) အတွက် ကုသမှု
- နာကျင်မှုနှင့် မောပန်းနွမ်းနယ်မှုကို စီမံခန့်ခွဲခြင်း
- ကြွက်သားတင်းအားကို ထိန်းသိမ်းခြင်း
- အရိုးပါးရောဂါ၊ အဆစ်ရောင်ရောဂါ (Arthritis) နှင့် ကြွက်သားတို၍ ကျုံ့သွားခြင်း အပါအဝင် အရိုးဆိုင်ရာ ပြဿနာများ
- စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ကျန်းမာရေး အခြေအနေများ
- သွားနှင့် ခံတွင်းဆိုင်ရာ ပြဿနာများ
- အဆုတ်နှင့် နှလုံးဆိုင်ရာ ပြဿနာများ
