အကျဉ်းချုပ်အကြောင်းအရာ

ပါးစပ်နာ သို့မဟုတ် ခံတွင်းအနာဆိုသည်မှာ ခံတွင်းအတွင်းရှိ ပျော့ပျောင်းသော တစ်ရှူးများ သို့မဟုတ် သွားဖုံးခြေရင်းများတွင် ဖြစ်ပေါ်တတ်သော သေးငယ်သည့် အနာများဖြစ်သည်။ နှုတ်ခမ်းရေယုန်နှင့် မတူသည်မှာ ၎င်းတို့သည် နှုတ်ခမ်း၏ အပြင်ဘက်မျက်နှာပြင်တွင် မဖြစ်ပေါ်ဘဲ ကူးစက်တတ်ခြင်းလည်း မရှိပါ။ ၎င်းတို့သည် နာကျင်နိုင်ပြီး အစာစားခြင်းနှင့် စကားပြောခြင်းတို့ကို ခက်ခဲစေနိုင်သော်လည်း ခံတွင်းအနာ အများစုမှာ ပုံမှန်အားဖြင့် အလွန်သေးငယ်ပြီး ၁ မီလီမီတာအောက်သာ ရှိတတ်သည်။ အချို့အခြေအနေများတွင် ၁ လက်မ၏ တစ်ဝက်ခန့်မှ ၁ လက်မအထိ ကြီးထွားလာနိုင်သည်။

ခံတွင်းအနာ နှစ်မျိုးရှိသည် – သာမန် ခံတွင်းအနာနှင့် ပြင်းထန်၍ ရှုပ်ထွေးသော ပါးစပ်အနာတို့ ဖြစ်သည်။ သာမန် ခံတွင်းအနာများသည် တစ်နှစ်လျှင် အကြိမ်ရေ အနည်းငယ်မျှသာ ဖြစ်ပေါ်တတ်ပြီး များသောအားဖြင့် တစ်ပတ်ခန့် ကြာတတ်သည်။ အခြားတစ်ဖက်တွင်မူ ပြင်းထန်၍ ရှုပ်ထွေးသော ပါးစပ်အနာများသည် ဖြစ်ပွားမှု နည်းပါးပြီး ယခင်က ဖြစ်ပွားဖူးသူများတွင် ပို၍ အဖြစ်များလေ့ရှိသည်။

ကံကောင်းသည်မှာ ခံတွင်းအနာ အများစုသည် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားတတ်သည်။ သို့သော် သင့်တွင် ပုံမှန်ထက် ပိုကြီးသော သို့မဟုတ် ပို၍နာကျင်သော ခံတွင်းအနာများ ရှိနေပါက သို့မဟုတ် အနာများမှာ မပျောက်ကင်းနိုင်ဘဲ ဖြစ်နေပါက ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုပါသည်။

ရောဂါလက္ခဏာများ

ခံတွင်းအနာများသည် အများအားဖြင့် စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံ ရှိတတ်ပြီး အဖြူရောင် သို့မဟုတ် အဝါရောင် အလယ်ဗဟိုကို နီမြန်းသော အနားသတ်များက ဝိုင်းရံထားလေ့ရှိသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် လျှာပေါ် သို့မဟုတ် လျှာအောက်၊ ပါးစောင်အတွင်း သို့မဟုတ် နှုတ်ခမ်းအတွင်းသား၊ သွားဖုံးရင်း သို့မဟုတ် အာခေါင်ပျော့များတွင် ဖြစ်ပေါ်တတ်သည်။ အနာများ မပေါ်လာမီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်းတို့ကို ခံစားရလေ့ရှိသည်။

အသေးစား ခံတွင်းအနာများ

အဖြစ်အများဆုံး ခံတွင်းအနာ အမျိုးအစားဖြစ်ပြီး –

  • ပုံမှန်အားဖြင့် သေးငယ်သည်
  • နီမြန်းသော အနားသတ်များရှိသည့် ဘဲဥပုံသဏ္ဌာန် ရှိသည်
  • တစ်ပတ်မှ နှစ်ပတ်အတွင်း အမာရွတ်မကျန်ဘဲ ပျောက်ကင်းသည်

အကြီးစား ခံတွင်းအနာများ

အကြီးစား ခံတွင်းအနာများသည် ဖြစ်ပွားမှု နည်းပါးပြီး –

  • အလွန်နာကျင်နိုင်သည်
  • အမာရွတ် ထင်ရှားစွာကျန်ရစ်နိုင်ပြီး ပျောက်ကင်းရန် ခြောက်ပတ်အထိ ကြာနိုင်သည်
  • အသေးစား ခံတွင်းအနာများထက် ပိုမိုနက်ရှိုင်းပြီး အရွယ်အစား ပိုကြီးသည်
  • ပုံမှန်အားဖြင့် လုံးဝန်းပြီး အနားသတ်များ ထင်ရှားသော်လည်း အလွန်ကြီးမားလာပါက အနားသတ်များ မညီမညာ ဖြစ်နေနိုင်သည်

ရေယုန်နှင့်တူသော အစုလိုက် ခံတွင်းအနာများ

ဤအမျိုးအစားသည် အဖြစ်နည်းပြီး များသောအားဖြင့် အသက်ကြီးပိုင်းများတွင် ပေါ်လာတတ်သော်လည်း ရေယုန်ဗိုင်းရပ်စ် ပိုးဝင်ခြင်းကြောင့် မဟုတ်ပါ။ ဤအနာများသည် –

  • အနားသတ်များ မညီမညာ ဖြစ်နေတတ်သည်
  • အစက်ကလေးများကဲ့သို့ အရွယ်အစား ရှိသည်
  • တစ်ပတ်မှ နှစ်ပတ်အတွင်း အမာရွတ်မကျန်ဘဲ ပျောက်ကင်းသည်
  • အနာပေါင်း ၁၀ ခုမှ ၁၀၀ အထိ အုပ်စုလိုက် ပေါ်လာလေ့ရှိသော်လည်း အနာကြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားနိုင်သည်

အကယ်၍ သင့်တွင် ပုံမှန်ထက် ပိုကြီးသော ခံတွင်းအနာများ ရှိနေပါက၊ အနာဟောင်းများ မပျောက်မီ အနာသစ်များ ထပ်ထွက်လာပြီး ခဏခဏ ပြန်ဖြစ်နေပါက၊ အနာမှာ နှစ်ပတ် သို့မဟုတ် ထို့ထက်ပို၍ ကြာရှည်နေပါက၊ အနာမှာ နှုတ်ခမ်းအထိ ပျံ့နှံ့လာပါက၊ နာကျင်မှုကို မထိန်းချုပ်နိုင်ပါက၊ အစာစားရန် သို့မဟုတ် သောက်ရန် အလွန်ခက်ခဲပါက၊ ခံတွင်းအနာနှင့်အတူ ကိုယ်ပူခြင်း ခံစားရပါက သို့မဟုတ် သွား၏ ချွန်ထက်သော မျက်နှာပြင်များ သို့မဟုတ် သွားတု၊ သွားထိန်းကိရိယာများကြောင့် အနာဖြစ်ရပါက ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ပြသ၍ စနစ်တကျ စစ်ဆေးမှုနှင့် ကုသမှု ခံယူရန် အကြံပြုပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ခံတွင်းအနာ ဖြစ်ပွားရသည့် အရင်းခံအကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း သုတေသီများက လူတစ်ဦးတည်းမှာပင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်သည်ဟု ယုံကြည်ကြသည်။

ခံတွင်းအနာကို အောက်ပါအချက်များက ဖြစ်ပေါ်စေနိုင်သည် –

  • သွားနှင့်ပတ်သက်သော လုပ်ငန်းစဉ်များ ပြုလုပ်ခြင်း၊ သွားကို ပြင်းထန်စွာ တိုက်ခြင်း၊ အားကစား မတော်တဆဖြစ်ခြင်း သို့မဟုတ် ပါးစောင်ကို မတော်တဆ ကိုက်မိခြင်းတို့ကြောင့် ဖြစ်သော ခံတွင်း ထိခိုက်မှု
  • ဆိုဒီယမ် လော်ရီလ် ဆာလ်ဖိတ် ပါဝင်သော သွားတိုက်ဆေးနှင့် ခံတွင်းသန့်ဆေးရည်များ အသုံးပြုခြင်း။
  • အစားအသောက်နှင့် ဓာတ်မတည့်ခြင်း၊ အထူးသဖြင့် ချောကလက်၊ ကော်ဖီ၊ စတော်ဘယ်ရီ၊ ကြက်ဥ၊ အခွံမာသီး၊ ဒိန်ခဲနှင့် စပ်သော သို့မဟုတ် အက်စစ်ဓာတ်ပါသော အစားအစာများ။
  • ဗီတာမင် ဘီ-၁၂၊ ဇင့်၊ ဖောလိတ် သို့မဟုတ် သံဓာတ် ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များ ချို့တဲ့ခြင်း
  • ခံတွင်း၌ ရှိနေသော ဘက်တီးရီးယား အချို့နှင့် ဓာတ်မတည့်ခြင်း
  • အစာအိမ်နာခြင်းကို ဖြစ်စေသော အစာအိမ်ပိုး ဘက်တီးရီးယား ပိုးဝင်ခြင်း။
  • ရာသီလာစဉ်အတွင်း ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း။
  • စိတ်ဖိစီးမှု။

ခံတွင်းအနာသည် အောက်ပါ အခြေအနေများနှင့် ရောဂါများနှင့်လည်း ဆက်စပ်နေနိုင်သည် –

  • စီလီယက် ရောဂါ – ကောက်ပဲသီးနှံများတွင် ပါဝင်သော ဂလူတန် ပရိုတင်းဓာတ်တစ်မျိုးနှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သည့် အစာခြေစနစ် ချို့ယွင်းမှု။
  • အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါများ – အစာခြေလမ်းကြောင်းတွင် ရောင်ရမ်းမှုကို ဖြစ်စေသည့် ခရုန်း ရောဂါ နှင့် အနာဖြစ်စေသော အူမကြီးရောင်ရောဂါများသည်လည်း ခံတွင်းအနာ ဖြစ်ပွားမှုကို အားပေးနိုင်သည်။
  • ဘက်ချက် ရောဂါ – ခံတွင်း အပါအဝင် ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုကို ဖြစ်စေသည့် ရှားပါးသော ရောဂါတစ်ခု သည်လည်း ခံတွင်းအနာ ဖြစ်ပေါ်စေနိုင်သည်။
  • ပုံမှန်မဟုတ်သော ခုခံအား တုံ့ပြန်မှု – တစ်ခါတစ်ရံတွင် ခုခံအားစနစ်သည် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကဲ့သို့သော ရောဂါပိုးများကို တိုက်ဖျက်မည့်အစား ခံတွင်းရှိ ကျန်းမာသော ဆဲလ်များကို မှားယွင်းစွာ တိုက်ခိုက်မိခြင်း။
  • ခုခံအား ကျဆင်းမှု ဗိုင်းရပ်စ် (အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်) – အိတ်ချ်အိုင်ဗွီပိုးနှင့် အေအိုင်ဒီအက်စ် ရောဂါစုတို့ကြောင့် ခုခံအားစနစ် အားနည်းသွားသောအခါ ခံတွင်းအနာ ဖြစ်ပွားနိုင်ခြေ ပိုများစေသည်။

ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ

ခံတွင်းအနာသည် မည်သူမဆို ဖြစ်နိုင်သော်လည်း ဆယ်ကျော်သက်များနှင့် လူငယ်ပိုင်းများတွင် ပို၍ တွေ့ရလေ့ရှိပြီး အထူးသဖြင့် အမျိုးသမီးများတွင် ပိုများသည်။ အသက် ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်အရွယ်များတွင် အများဆုံး တွေ့ရပြီး အမျိုးသားများထက် အမျိုးသမီးများမှာ ဖြစ်နိုင်ခြေ ပိုများသည်။ ဟော်မုန်း အပြောင်းအလဲများက ဤကျား၊ မ ကွဲပြားမှုတွင် ပါဝင်သည်ဟု ယူဆကြသည်။ ထို့အပြင် မိသားစုအတွင်း ခံတွင်းအနာ ဖြစ်လေ့ရှိသော ရာဇဝင်ရှိသူများသည် မျိုးရိုးဗီဇကြောင့် သို့မဟုတ် ဓာတ်မတည့်သော အစားအစာများကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်များကြောင့် ခဏခဏ ပြန်ဖြစ်တတ်သည်။

ရောဂါရှာဖွေခြင်း

ခံတွင်းအနာကို ပုံမှန်အားဖြင့် ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်က မျက်မြင်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပြီး အပိုစစ်ဆေးမှုများ ပြုလုပ်ရန် များသောအားဖြင့် မလိုအပ်ပါ။ သို့သော် ခံတွင်းအနာမှာ ပြင်းထန်နေပါက သို့မဟုတ် ကြာရှည်နေပါက အရင်းခံ ကျန်းမာရေး အခြေအနေများ သို့မဟုတ် အာဟာရဓာတ် ချို့တဲ့မှုများ ရှိမရှိ သိရှိနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။

ကုသမှု

အသေးစား ခံတွင်းအနာ အများစုမှာ ကုသမှု မခံယူဘဲ တစ်ပတ်မှ နှစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားတတ်သည်။ သို့သော် အနာမှာ ကြီးမားနေပါက၊ ကြာရှည်နေပါက သို့မဟုတ် အလွန်နာကျင်နေပါက ဆေးကုသမှု ခံယူရန် အကြံပြုပါသည်။ ထိုသို့သော အခြေအနေများအတွက် ကုသမှု အမျိုးမျိုး ရှိပါသည်။

ခံတွင်းသန့်ဆေးရည်

ခံတွင်းအနာများစွာ ဖြစ်ပေါ်နေပါက နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျော့နည်းစေရန် စတီးရွိုက်ဆေး ပါဝင်သော ခံတွင်းသန့်ဆေးရည်ကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။ နာကျင်မှု လျော့နည်းစေရန် လိုင်ဒိုကိန်း ဆေးကိုလည်း အသုံးပြုနိုင်သည်။

လိမ်းဆေးလူးဆေးများ

အနာများ စတင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နာကျင်မှုကို သက်သာစေပြီး ပျောက်ကင်းမှု မြန်ဆန်စေရန် အသုံးပြုနိုင်သော လိမ်းဆေး၊ ခရင်မ်၊ ဂျယ်လ် သို့မဟုတ် အရည်များ ဆိုင်တွင် ဝယ်ယူရရှိနိုင်သလို ဆရာဝန် ညွှန်ကြားချက်ဖြင့်လည်း ရရှိနိုင်သည်။ အချို့သော ဆေးများ၏ ဆေးဘက်ဝင် အဓိကပါဝင်ပစ္စည်းများတွင် အောက်ပါတို့ပါဝင်သည် –

  • ဘန်ဇိုကိန်း (အန်ဘီဆို၊ ကန့်အေ၊ အိုရာဘေ့စ်၊ ဇီလက်တင်ဘီ တို့တွင် ပါဝင်သည်)
  • ဖလူအိုစီနိုနိုက် (လိုင်ဒက်စ်၊ ဗေးနော့စ် တို့တွင် ပါဝင်သည်)
  • ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် (အိုရာဂျဲလ် ပိုးသတ်ခံတွင်းသန့်ဆေးရည်၊ ပါအောက်ဆီ)

မည်သည့်ဆေးသည် သင့်အတွက် အထိရောက်ဆုံး ဖြစ်မည်ကို ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုပါသည်။

သောက်ဆေးများ

ခံတွင်းအနာမှာ ပြင်းထန်ပြီး လိမ်းဆေးများဖြင့် မသက်သာပါက သောက်ဆေးများကို အသုံးပြုနိုင်သည်။ ၎င်းတို့တွင်

  • ဆူခရယ်ဖိတ် (ကာရာဖိတ်) – ၎င်းကို အဓိကအားဖြင့် အူလမ်းကြောင်းအနာများ ကုသရာတွင် အသုံးပြုသော်လည်း ခံတွင်းအနာများအတွက် အုပ်ပေးသောဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
  • ကိုလ်ချီစင်း – ပုံမှန်အားဖြင့် အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါအတွက် ညွှန်ကြားလေ့ရှိသော်လည်း အခြားနည်းလမ်းများဖြင့် မသက်သာသော ခံတွင်းအနာများအတွက် ကုသမှု ရွေးချယ်စရာတစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။

အခြားနည်းလမ်းများဖြင့် မသက်သာသော အလွန်ပြင်းထန်သော အခြေအနေများတွင် နောက်ဆုံးနည်းလမ်းအနေဖြင့် စတီးရွိုက် သောက်ဆေးများကို စဉ်းစားနိုင်သည်။ သို့သော် ဤစတီးရွိုက်ဆေးများသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ကို သတိပြုရန် အရေးကြီးသည်။

အနာကို မြှိုက်ခြင်း

ဤနည်းလမ်းတွင် အနာရှိသော တစ်ရှူးများကို ‌လောင်ကျွမ်းစေရန် သို့ ဖျက်ဆီးရန် ကိရိယာ သို့မဟုတ် ဓာတုပစ္စည်းများကို အသုံးပြုသည်။

  • ဒီဘက်တရိုးလ်သည် ခံတွင်းအနာများနှင့် သွားဖုံးပြဿနာများ ကုသရန်အတွက် အထူးဖော်စပ်ထားသော လိမ်းဆေးရည် ဖြစ်သည်။ ဓာတုဗေဒနည်းဖြင့် ခံတွင်းအနာများကို မြှိုက်ခြင်းဖြင့် ဤဆေးသည် ပျောက်ကင်းသည့်ဖြစ်စဉ်ကို ခန့်မှန်းခြေအားဖြင့် တစ်ပတ်ခန့်အထိ တိုတောင်းစေနိုင်သည့် အစွမ်းသတ္တိ ရှိပါသည်။
  • ဆစ်လ်ဗားနိုက်ထရိတ်သည် ခံတွင်းအနာများကို မြှိုက်ရန်အတွက် အခြားရွေးချယ်စရာ ဓာတုပစ္စည်းတစ်ခု ဖြစ်သော်လည်း ပျောက်ကင်းမှုကို မြန်ဆန်စေခြင်း မရှိကြောင်း ပြသထားသည်။ သို့သော် ၎င်းသည် ခံတွင်းအနာများနှင့် ဆက်စပ်သော နာကျင်မှုကို သက်သာစေနိုင်ပါသည်။

အာဟာရ ဖြည့်စွက်ဆေးများ

အကယ်၍ သင့်တွင် ဖောလိတ်၊ ဗီတာမင် ဘီ-၆၊ ဗီတာမင် ဘီ-၁၂ သို့မဟုတ် ဇင့် ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များ ချို့တဲ့နေပါက ဆရာဝန်က အာဟာရ ဖြည့်စွက်ဆေး သောက်ရန် အကြံပြုနိုင်ပါသည်။

အရင်းခံရောဂါကို ကုသခြင်း

အကယ်၍ သင့်ခံတွင်းအနာသည် ပိုမိုပြင်းထန်သော ကျန်းမာရေး အခြေအနေ တစ်ခုခုနှင့် ဆက်စပ်နေပါက ဆရာဝန်သည် ထိုရောဂါအရင်းအမြစ်ကို ကုသပေးပါလိမ့်မည်။

Doctors who treat this condition