အကျဉ်းချုပ် (Overview)
ရင်သားကင်ဆာသည် ရင်သားဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာသောအခါတွင် ဖြစ်ပွားလေ့ရှိပါသည်။ ၎င်းသည် များသောအားဖြင့် မိခင်နို့ထုတ်လုပ်ပေးသည့် ပြွန်များ (invasive ductal carcinoma)၊ နို့ရည်ကြည်အိတ်ငယ်များ (invasive lobular carcinoma) သို့မဟုတ် ရင်သားရှိ အခြားတစ်ရှူးများတွင် စတင်ဖြစ်ပွားပါသည်။ ရင်သားဆဲလ်များ၏ မျိုးရိုးဗီဇပြောင်းလဲမှုသည် ထိန်းချုပ်မရသော ဆဲလ်ပွားခြင်းကို ဖြစ်ပေါ်စေပြီး ရင်သားအကျိတ်ဟုခေါ်သော ဆဲလ်အစုအဝေးကို ဖြစ်လာစေသည်။ ထို့နောက် ဤအကျိတ်သည် ကျန်းမာသောတစ်ရှူးများကို ကျူးကျော်ဖျက်ဆီးပါသည်။ ဤဆဲလ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း (metastasize) လည်း ဖြစ်နိုင်ခြေရှိပါသည်။
ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာများထဲမှ တစ်ခုဖြစ်သော်လည်း အမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်ခြေရှိပါသည်။
၎င်းကို အဆင့် ၀ မှ အဆင့် IV အထိ အဆင့်သတ်မှတ်ချက်များဖြင့် ခွဲခြားနိုင်ပါသည်။ အဆင့် ၀ ဆိုသည်မှာ ကင်ဆာသည် နို့ပြွန်အတွင်း၌သာ ရှိနေသေးခြင်းကို ဆိုလိုပြီး အဆင့် IV ဆိုသည်မှာ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း (metastasis) ကို ဆိုလိုပါသည်။
ရောဂါလက္ခဏာများ (Symptoms)
ရင်သားကင်ဆာတွင် အောက်ပါလက္ခဏာများနှင့် ရောဂါလက္ခဏာများ ရှိနိုင်ပါသည်-
- ရင်သား၏ အရွယ်အစားနှင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း။
- ရင်သားတွင် အရေပြားချိုင့်ဝင်ခြင်း သို့မဟုတ် ဖောင်းကြွခြင်းကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း။
- ရင်သားအရေပြားပေါ်တွင် နီမြန်းခြင်း၊ လိမ္မော်သီးအခွံကဲ့သို့ ဖောင်းကြွလာခြင်း၊ မပျောက်ကင်းနိုင်သော အနာဖြစ်ခြင်း၊ နို့သီးခေါင်းပတ်လည်တွင် မပျောက်ကင်းနိုင်သော အနီစက်များဖြစ်ခြင်း။
- ရင်သားတွင် အကျိတ်ဖြစ်ခြင်း သို့မဟုတ် ထူထဲလာခြင်း။
- ဂျိုင်းအောက်တွင် အကျိတ်ဖြစ်ခြင်း။
- နို့သီးခေါင်း ချိုင့်ဝင်ခြင်း သို့မဟုတ် ဆွဲဝင်သွားခြင်း။
- နို့သီးခေါင်းမှ သွေး သို့မဟုတ် အရည်ကြည်ကဲ့သို့ ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း။
- ရာသီစက်ဝန်းနှင့် မသက်ဆိုင်ဘဲ ရင်သားနာကျင်ခြင်း။
အကယ်၍ သင့်တွင် ဤလက္ခဏာများထဲမှ တစ်ခုခုရှိနေပါက ရင်သားအထူးကုဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။ ကင်ဆာကို စောစီးစွာ ရောဂါရှာဖွေနိုင်ခြင်းက အောင်မြင်စွာ ကုသနိုင်ခြေကို တိုးမြင့်စေပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ (Causes)
ရင်သားကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်များနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်များက လွှမ်းမိုးမှု ရှိနိုင်ပါသည်။
ရင်သားကင်ဆာသည် များသောအားဖြင့် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်မှာ မျိုးရိုးလိုက်သော ဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်စေသည့် မျိုးရိုးဗီဇပြောင်းလဲမှု နှစ်ခုမှာ BRCA1 နှင့် BRCA2 တို့ဖြစ်ပြီး ၎င်းတို့သည် ရင်သားနှင့် သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါသည်။ မိသားစုအတွင်း ရင်သားကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိပါက ဆရာဝန်၏ အကြံပြုချက်အရ သွေးစစ်ခြင်းမှတစ်ဆင့် BRCA ဗီဇပြောင်းလဲမှု သို့မဟုတ် အခြားမျိုးရိုးဗီဇများကို စစ်ဆေးနိုင်ပါသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ (Risk factors)
အောက်ပါအချက်များသည် ရောဂါဖြစ်ပွားရန် အန္တရာယ် မြင့်မားစေနိုင်သည်-
- အသက်အရွယ်ကြီးရင့်ခြင်း (အသက် ၅၀ ကျော်လာခြင်း)။
- ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်ခြင်းသည် ရင်သားကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသောအချက်တစ်ခု ဖြစ်သည်။
- ကိုယ်အလေးချိန်လွန်ကဲခြင်း သို့မဟုတ် အဝလွန်ခြင်း။ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေနှင့် ရောဂါပြန်ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။
- အရက်သောက်ခြင်း။ အချို့သော ရင်သားကင်ဆာ အမျိုးအစားများ ဖြစ်နိုင်ခြေကို တိုးမြင့်စေသည်။
- ကျား/မ အခြေအနေ။ အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။
- ယခင်က ရင်သားဝေဒနာ ခံစားခဲ့ရဖူးသော ရာဇဝင်ရှိခြင်း။ ရင်သားအသားစယူ စစ်ဆေးမှုရလဒ်အရ Atypical hyperplasia သို့မဟုတ် Lobular carcinoma in situ (LCIS) ဖြစ်ဖူးခြင်း။
- ရင်သားကင်ဆာ ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း။ ရင်သားတစ်ဖက်တွင် ရင်သားကင်ဆာ ဖြစ်ဖူးပါက နောက်ပိုင်းတွင် အခြားတစ်ဖက်၌လည်း ဖြစ်ပွားနိုင်ခြေ ရှိသည်။
- မိသားစုအတွင်း ရင်သားကင်ဆာ ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း။ မိခင်၊ ညီမ၊ သို့မဟုတ် သမီးကဲ့သို့သော တိုက်ရိုက်တော်စပ်သူများတွင် ရင်သားကင်ဆာ ဖြစ်ဖူးခြင်း။
- ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသော မျိုးရိုးဗီဇများ ပါရှိခြင်း။ မိဘများမှတစ်ဆင့် BRCA1 နှင့် BRCA2 ဗီဇပြောင်းလဲမှုများ လက်ဆင့်ကမ်း ပါရှိလာခြင်း။
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့ခြင်း။ ကလေးဘဝ သို့မဟုတ် လူငယ်ဘဝတွင် ရင်ဘတ်ကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူခဲ့ဖူးခြင်း။
- ရာသီစောစီးစွာ စတင်လာခြင်း။ အသက် ၁၂ နှစ်မတိုင်မီ ရာသီစတင်လာသော အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။
- သွေးဆုံးနောက်ကျခြင်း။ အသက်ကြီးမှ သွေးဆုံးခြင်းကို ခံစားရခြင်း။
- အသက်ကြီးမှ ကလေးယူခြင်း။ အသက် ၃၀ နောက်ပိုင်းမှ ကလေးမွေးဖွားခြင်း။
- သွေးဆုံးပြီးနောက် ဟော်မုန်းကုထုံးခံယူခြင်း။ အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်း ပေါင်းစပ်ထားသော ဟော်မုန်းကုထုံးများကို အသုံးပြုခြင်း။
- ကိုယ်ဝန်တစ်ခါမျှ မဆောင်ဖူးခြင်း။
ရောဂါရှာဖွေခြင်း (Diagnosis)
ရင်သားကင်ဆာကို အောက်ပါလုပ်ငန်းစဉ်များဖြင့် ရောဂါရှာဖွေနိုင်ပါသည်-
- ရင်သားကို စမ်းသပ်စစ်ဆေးခြင်း (Breast exam) – ဆရာဝန်သည် ရင်သားမှ ဂျိုင်းအောက်အထိ ပုံမှန်မဟုတ်သော အကျိတ်များ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပါမည်။
- တင်ဓာတ်မှန်ရိုက်ခြင်း (Mammogram) – ၎င်းသည် X-ray ရိုက်ခြင်းကဲ့သို့ လုပ်ဆောင်ပြီး အကယ်၍ ပုံမှန်မဟုတ်သည်များကို တွေ့ရှိပါက ပိုမိုတိကျသော ရောဂါရှာဖွေရေး တင်ဓာတ်မှန်ကို ဆက်လက်ရိုက်ကူးရပါမည်။
- ရင်သားအာထရာဆောင်းရိုက်ခြင်း (Breast ultrasound) – မြင့်မားသော အသံလှိုင်းများကို အသုံးပြု၍ ရင်သားတစ်ရှူးများနှင့် ရင်သားအတွင်းရှိ သွေးစီးဆင်းမှုများကို ပုံရိပ်ဖော်ကြည့်ရှု စစ်ဆေးခြင်း ဖြစ်သည်။
- အသားစယူ စစ်ဆေးခြင်း (Biopsy) – ပုံမှန်မဟုတ်သော အကျိတ်၏ အကြောင်းရင်းကို သိရှိရန် တစ်ရှူးနမူနာကို ရယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ဖြစ်သည်။ ၎င်းသည် ကင်ဆာ ဟုတ်၊ မဟုတ်၊ အမျိုးအစားနှင့် ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ရန် ကူညီပေးသည်။
- အစောပိုင်း ရောဂါရှာဖွေရာတွင် အသုံးပြုလေ့ရှိသော အသားစယူခြင်း အမျိုးအစားများမှာ –
- အပ်ငယ်ဖြင့် စုပ်ယူစစ်ဆေးခြင်း (Fine Needle Aspiration – FNA)
- Stereotactic Core Biopsy
- အပ် (သို့မဟုတ်) နန်းကြိုးဖြင့် နေရာသတ်မှတ်၍ အသားစယူခြင်း (Needle/Wire Localization Biopsy)
- ရင်သား သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Breast MRI) – သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ရင်သားအတွင်းပိုင်း ပုံရိပ်များကို ဖော်ထုတ်ခြင်း ဖြစ်သည်။ ပုံရိပ်ပိုမိုကြည်လင်စေရန် ဆိုးဆေးထိုးသွင်း၍လည်း ရိုက်ကူးနိုင်ပါသည်။
ကုသခြင်း (Treatment)
ရင်သားကင်ဆာ ကုသမှုနည်းလမ်းကို ကင်ဆာအမျိုးအစား၊ အဆင့်၊ အရွယ်အစားနှင့် ဟော်မုန်းတုံ့ပြန်မှုတို့ပေါ် မူတည်၍ ရွေးချယ်ပါသည်။ များသောအားဖြင့် ခွဲစိတ်ခြင်း၊ ဓာတုကုထုံး၊ ဟော်မုန်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးများဖြင့် ကုသလေ့ရှိသည်။
ရင်သားကင်ဆာ ခွဲစိတ်ကုသခြင်း (Breast cancer surgery)
- အကျိတ်ကိုသာ ဖယ်ရှားခြင်း (Lumpectomy) – ကင်ဆာအကျိတ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ တစ်ရှူးအချို့ကိုသာ ဖယ်ရှားခြင်း ဖြစ်သည်။ အကျိတ်ကြီးပါက ခွဲစိတ်ရလွယ်ကူစေရန် ခွဲစိတ်မှုမတိုင်မီ ဆေးသွင်းကုသခြင်း (Chemotherapy) ကို အရင်ပြုလုပ်လေ့ရှိသည်။
- ရင်သားတစ်ခုလုံး ဖယ်ရှားခြင်း (Mastectomy) – ရင်သားတစ်ရှူး အားလုံးကို ဖယ်ရှားခြင်း ဖြစ်သည်။
- Sentinel node biopsy – ကင်ဆာအကျိတ် ပထမဆုံး ပျံ့နှံ့နိုင်ခြေရှိသော ပြန်ရည်ကျိတ် (Sentinel lymph node) ကို ဆိုးဆေးထိုး၍ ရှာဖွေဖယ်ရှားပြီး စစ်ဆေးခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတွင် ကင်ဆာမရှိပါက အခြားပြန်ရည်ကျိတ်များကို ဖယ်ရှားရန် မလိုပါ။
- ဂျိုင်းအောက် ပြန်ရည်ကျိတ်များ ဖယ်ရှားခြင်း (Axillary lymph node dissection) – Sentinel node တွင် ကင်ဆာတွေ့ရှိပါက ဂျိုင်းအောက်ရှိ ပြန်ရည်ကျိတ် အစုအဝေး အားလုံး သို့မဟုတ် အများစုကို ဖယ်ရှားရန် ဆရာဝန်က အကြံပြုပါလိမ့်မည်။
- ကြိုတင်ကာကွယ်သောအားဖြင့် ရင်သားနှစ်ဖက်လုံး ဖယ်ရှားခြင်း – မိသားစုတွင် ကင်ဆာရာဇဝင် အလွန်များပါက ကင်ဆာဖြစ်နေသော ရင်သားနှင့်အတူ ကျန်းမာနေသော အခြားရင်သားကိုပါ ဖယ်ရှားရန် ရွေးချယ်နိုင်ပါသည်။
- ရင်သားပုံဖော်ခြင်း (Breast reconstruction) – ခွဲစိတ်မှုအပြီးတွင် ရင်သားပုံသဏ္ဌာန် ပြန်လည်ဖော်ဆောင်ရန် ပလပ်စတစ်ဆာဂျင်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
စွမ်းအင်မြင့် ရောင်ခြည်များကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သတ်ခြင်း သို့မဟုတ် ကြီးထွားမှုကို တားဆီးခြင်း ဖြစ်သည်။ ရောဂါရင့်နေသော အခြေအနေများတွင် နာကျင်မှုကဲ့သို့သော ဝေဒနာများကို သက်သာစေရန်လည်း အသုံးပြုပါသည်။
ဆေးဝါးဖြင့် ကုသခြင်း (Chemotherapy)
သတ်မှတ်ထားသော ဆေးဝါးများကို သောက်ခြင်း သို့မဟုတ် သွေးပြန်ကြောအတွင်း ထိုးသွင်းခြင်းဖြင့် ကင်ဆာဆဲလ်များကို သတ်ခြင်း ဖြစ်သည်။ ခွဲစိတ်ပြီးနောက် ရောဂါပြန်မဖြစ်အောင် ကာကွယ်ရန်၊ ခွဲစိတ်မှုမတိုင်မီ အကျိတ်ကို သေးငယ်သွားစေရန်နှင့် အခြားအင်္ဂါများသို့ ပျံ့နှံ့သွားသော ကင်ဆာကို ထိန်းချုပ်ရန် အသုံးပြုသည်။
ဟော်မုန်းကုထုံး (Hormone therapy)
အကယ်၍ ကင်ဆာသည် ER သို့မဟုတ် PR ဟုခေါ်သော ဟော်မုန်းလက်ခံပစ္စည်းများ ရှိနေပါက ဟော်မုန်းကုထုံးသည် အလွန်ထိရောက်ပါသည်။ ၎င်းသည် ကင်ဆာပြန်မဖြစ်အောင်နှင့် ရောဂါရင့်နေသော အခြေအနေများကို ကုသရာတွင် ကူညီပေးသည်။
ပစ်မှတ်ထား ဆေးဝါးကုထုံး (Targeted therapy drugs)
ဤကုထုံးသည် ကင်ဆာဆဲလ်များ၏ သီးခြားအစိတ်အပိုင်းများကိုသာ တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသော ကင်ဆာများအတွက် ဆရာဝန်က ဤကုထုံးကို အကြံပြုနိုင်ပါသည်။
ခုခံအားမြှင့် ကုထုံး (Immunotherapy)
လူနာ၏ ကိုယ်ခံအားစနစ်ကို အသုံးပြု၍ ကင်ဆာကို တိုက်ခိုက်စေခြင်း ဖြစ်သည်။ ၎င်းသည် ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ ရှာဖွေဖျက်ဆီးနိုင်အောင် ကူညီပေးပါသည်။ ကုသမှု အစီအစဉ်သည် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်တွင် မူတည်၍ ဆရာဝန်က စီစဉ်ပေးပါမည်။
