ဦးနှောက်သို့ ကင်ဆာဆဲလ်များ ပြန့်နှံ့ခြင်း
ဦးနှောက်သို့ ကင်ဆာဆဲလ်များ ပြန့်နှံ့ခြင်း အကြောင်း သိကောင်းစရာ
ဦးနှောက်သို့ ကင်ဆာဆဲလ်များ ပြန့်နှံ့ခြင်း (Brain metastases သို့မဟုတ် Metastatic brain tumor) သည် ရင်သား၊ အဆုတ်၊ ကျောက်ကပ်၊ အူမကြီး သို့မဟုတ် အရေပြား (မယ်လနိုးမား) စသည့် ခန္ဓာကိုယ်၏ အခြားမူလနေရာများမှ ကင်ဆာဆဲလ်များ ဦးနှောက်သို့ ပြန့်နှံ့သွားခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဦးနှောက်သို့ ကင်ဆာပြန့်နှံ့ရာတွင် ဦးနှောက်အတွင်း၌ အကျိတ်တစ်ခု သို့မဟုတ် တစ်ခုထက်မက ဖြစ်ပေါ်နိုင်သည်။ ရောဂါပိုမိုဆိုးရွားလာသည်နှင့်အမျှ ထိုအကျိတ်များ ကြီးထွားလာပြီး အနီးနားရှိ ဦးနှောက်တစ်ရှူးများအပေါ် ဖိအားများ သက်ရောက်စေကာ ဦးနှောက်၏ လုပ်ဆောင်ချက်များကို ပြောင်းလဲစေသည်။ ရလဒ်အနေဖြင့် ခေါင်းကိုက်ခြင်း၊ စိတ်နေစိတ်ထား ပြောင်းလဲခြင်းနှင့် အတက်ရောဂါ ဖြစ်ပွားခြင်းတို့မှာ အတွေ့ရများသည့် ရောဂါလက္ခဏာများနှင့် အမှတ်အသားများ ဖြစ်သည်။
ဦးနှောက်သို့ ကင်ဆာပြန့်နှံ့မှုကို ကုသရာတွင် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးဝါးဖြင့် ကင်ဆာကုသခြင်း (Chemotherapy)၊ ခုခံအားမြှင့်တင်၍ ကင်ဆာကုသခြင်း (Immunotherapy)၊ ၎င်းကုသမှုများကို ပေါင်းစပ်ကုသခြင်းနှင့် အခြေအနေအပေါ် မူတည်၍ အခြားသော ကုသနည်းလမ်းများ ပါဝင်သည်။ ဤကုသနည်းလမ်းများသည် ကင်ဆာရောဂါကြောင့် ဖြစ်ပွားရသည့် နာကျင်မှုများနှင့် ရောဂါလက္ခဏာများကို လျော့ပါးသက်သာစေရန် ဖြစ်သည်။
ရောဂါလက္ခဏာများ
ဦးနှောက်သို့ ကင်ဆာပြန့်နှံ့ခြင်း၏ ရောဂါလက္ခဏာများနှင့် အမှတ်အသားများသည် အကျိတ်များ၏ တည်နေရာ၊ အရွယ်အစားနှင့် ပြင်းထန်မှုအဆင့်အပေါ် မူတည်သည်။ ဦးနှောက်သို့ ကင်ဆာပြန့်နှံ့ခြင်းတွင် အောက်ပါ ရောဂါလက္ခဏာများနှင့် အမှတ်အသားများ ပါဝင်နိုင်သည် –
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်း
- အတက်ရောဂါဖြစ်ခြင်း (သို့မဟုတ်) သတိလစ်ပြီး တက်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်းကဲ့သို့သော သိမှုဆိုင်ရာ ပြဿနာများ
- စိတ်ခံစားချက် သို့မဟုတ် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ
အကယ်၍ ထိုရောဂါလက္ခဏာများနှင့် အမှတ်အသားများ စွဲမြဲစွာ ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် ရက်ချိန်းယူသင့်သည်။ ဆရာဝန်အား သင့်၏ ဆေးဘက်ဆိုင်ရာ ရောဂါရာဇဝင်၊ အထူးသဖြင့် ယခင်က ကင်ဆာကုသမှု ခံယူခဲ့ဖူးသည့် ရာဇဝင်များကို ပြောပြရန် အကြံပြုအပ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဦးနှောက်သို့ ကင်ဆာပြန့်နှံ့ခြင်းသည် ကင်ဆာဆဲလ်များ သွေးကြော သို့မဟုတ် ပြန်ရည်ကျိတ်စနစ် (Lymph system) မှတစ်ဆင့် ၎င်းတို့၏ မူလတည်နေရာမှ ဦးနှောက်သို့ ပျံ့နှံ့ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဦးနှောက်အတွင်း၌ ပွားများလာကြသည်။ ဦးနှောက်သို့ ကင်ဆာပြန့်နှံ့ခြင်းတွင် မူလကင်ဆာဖြစ်ပွားသည့် တည်နေရာအပေါ် မူတည်၍ အမည်အမျိုးမျိုး ရှိသည်။ ဥပမာအားဖြင့် ရင်သားမှ စတင်ဖြစ်ပွားသော ကင်ဆာပြန့်နှံ့မှုကို ရင်သားကင်ဆာ ဦးနှောက်သို့ ပြန့်နှံ့ခြင်း (Metastatic breast cancer) ဟု ခေါ်ဆိုသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
ပုံမှန်အားဖြင့် အောက်ပါကင်ဆာအမျိုးအစားများသည် ဦးနှောက်သို့ ပြန့်နှံ့ရန် အလားအလာအရှိဆုံး ဖြစ်သည် –
- အဆုတ်ကင်ဆာ
- ရင်သားကင်ဆာ
- အူမကြီးကင်ဆာ
- ကျောက်ကပ်ကင်ဆာ
- အရေပြားကင်ဆာ (Melanoma)
- ဆီးကျိတ်ကင်ဆာ
ရောဂါရှာဖွေခြင်း (Diagnosis)
ဦးနှောက်သို့ ကင်ဆာပြန့်နှံ့မှုကို ရောဂါရှာဖွေရန် စစ်ဆေးမှုများနှင့် လုပ်ထုံးလုပ်နည်းများတွင် အောက်ပါတို့ ပါဝင်သည် –
- အာရုံကြောစနစ်ကို ဆန်းစစ်ခြင်း (Neurological assessment)။ အာရုံကြောစနစ်ကို ဆန်းစစ်ခြင်းတွင် လူနာ၏ အမြင်အာရုံ၊ အကြားအာရုံ၊ ဟန်ချက်ညီမှု၊ ခန္ဓာကိုယ်လှုပ်ရှားမှု ပေါင်းစပ်ညှိနှိုင်းနိုင်မှု၊ ကြွက်သားခွန်အား သို့မဟုတ် တုံ့ပြန်မှု (Reflexes) များကို စစ်ဆေးခြင်းကဲ့သို့သော လုပ်ထုံးလုပ်နည်းများစွာ ပါဝင်နိုင်သည်။ ဤလုပ်ဆောင်ချက်များအနက် တစ်ခုခုတွင် ပုံမှန်မဟုတ်မှု ရှိနေပါက ဦးနှောက်၏ မည်သည့်နေရာတွင် ဦးနှောက်အကျိတ် ပြန့်နှံ့ဝင်ရောက်နေသည်ကို ဆုံးဖြတ်ပေးနိုင်ပါသည်။
- ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)။ ဤနည်းလမ်းတွင် သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) ကို အများဆုံးအသုံးပြုပြီး ဦးနှောက်အတွင်း ကင်ဆာပြန့်နှံ့မှုကို ထင်ရှားစွာသိရှိနိုင်ရန် သွေးပြန်ကြောထဲသို့ ဆိုးဆေးတစ်မျိုးကို ထိုးသွင်း၍ စစ်ဆေးသည်။ အကျိတ်ကို အကဲဖြတ်ခြင်းနှင့် ကုသမှုအစီအစဉ် ရေးဆွဲခြင်းတို့ကို ပိုမိုထိရောက်စေသည့် အထူးပြု MRI စစ်ဆေးမှုများစွာ ရှိပြီး ၎င်းတို့တွင် လုပ်ဆောင်ချက်ပြ MRI (Functional MRI)၊ သွေးစီးဆင်းမှုပြ MRI (Perfusion MRI) နှင့် သံလိုက်ဓာတ်မှန်လှိုင်းဖြင့် ဓာတုပစ္စည်းအကဲဖြတ်ခြင်း (Magnetic resonance spectroscopy) တို့ ပါဝင်သည်။ ဆရာဝန်သည် ရောဂါရှာဖွေရန်အတွက် ပိုစီထရွန်ထုတ်လွှတ်မှုပုံရိပ်ဖော်ခြင်း (PET scan) သို့မဟုတ် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan) ကဲ့သို့သော အခြားပုံရိပ်ဖော်စစ်ဆေးမှုများကိုလည်း အသုံးပြုနိုင်ပါသည်။
- အသားစယူစစ်ဆေးခြင်း (Biopsy)။ ၎င်းသည် ပုံမှန်မဟုတ်သော တစ်ရှူးနမူနာကို ရယူ၍ စစ်ဆေးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး အပ်ဖြင့်ဖြစ်စေ သို့မဟုတ် ဦးနှောက်အကျိတ်ကို ဖယ်ရှားသည့် ခွဲစိတ်မှုပြုလုပ်စဉ်အတွင်းဖြစ်စေ လုပ်ဆောင်သည်။ ဆရာဝန်သည် ရောဂါအမည်တပ်ရန်နှင့် ကုသမှုအစီအစဉ်ဆွဲရန်အတွက် ရရှိလာသော အသားစနမူနာကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုစစ်ဆေးသည်။ ၎င်းသည် ရောဂါမှာ အန္တရာယ်ရှိသော ကင်ဆာကျိတ် (Malignant) သို့မဟုတ် အန္တရာယ်မရှိသော အကျိတ် (Benign) ဟုတ်မဟုတ် ခွဲခြားရန်နှင့် အခြားနေရာမှ ပြန့်နှံ့လာခြင်း (Metastatic) သို့မဟုတ် မူလဦးနှောက်အကျိတ် (Primary tumor) မှ ဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ် ဆရာဝန်က သိရှိနိုင်စေရန် ကူညီပေးသည်။
ကုသခြင်း (Treatment)
ဦးနှောက်သို့ ကင်ဆာပြန့်နှံ့မှုကို ကုသခြင်းသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပြီး အကျိတ်ကြီးထွားမှုကို နှေးကွေးစေကာ လူနာ၏ သက်တမ်းကို ရှည်စေနိုင်ပါသည်။ ဦးနှောက်သို့ ကင်ဆာပြန့်နှံ့ခြင်းသည် အောင်မြင်စွာ ကုသပြီးနောက်တွင်ပင် ပြန်လည်ဖြစ်ပွားတတ်သဖြင့် ကုသမှုခံယူပြီးနောက် ဆရာဝန်နှင့် သေချာစွာ ဆက်လက်ပြသရန် အကြံပြုအပ်ပါသည်။
ကုသမှုဆိုင်ရာ ရွေးချယ်စရာများတွင် ဆေးဝါးဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ပစ်မှတ်ထား ဓာတ်ရောင်ခြည်ခွဲစိတ်ကုသခြင်း (Stereotactic radiosurgery)၊ ဦးနှောက်တစ်ခုလုံးကို ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း (Whole-brain radiation therapy) နှင့် ၎င်းတို့ကို ပေါင်းစပ်ကုသခြင်းတို့ ပါဝင်သည်။ အချို့သော အခြေအနေများတွင် ဆေးဝါးများဖြင့် ကုသရန်လည်း အကြံပြုနိုင်ပါသည်။
ဆရာဝန်သည် အကျိတ်၏ အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့် တည်ရှိရာနေရာတို့အပြင် သင့်တွင် ခံစားရသော ရောဂါလက္ခဏာများနှင့် အမှတ်အသားများ၊ ယေဘုယျကျန်းမာရေးအခြေအနေနှင့် သင့်၏ကုသမှုဆိုင်ရာ ရွေးချယ်မှုအပေါ် မူတည်၍ အကောင်းဆုံးသော ကုသမှုနည်းလမ်းကို ရွေးချယ်ပေးမည် ဖြစ်သည်။
ဆေးဝါးများဖြင့် ကုသခြင်း
ဦးနှောက်သို့ ကင်ဆာပြန့်နှံ့ခြင်း၏ ရောဂါလက္ခဏာများနှင့် အမှတ်အသားများကို အောက်ပါဆေးဝါးများဖြင့် စီမံခန့်ခွဲနိုင်သည် –
- စတီးရွိုက်ဆေးဝါးများ (Steroids)။ ပမာဏမြင့်မားသော ကော်တီကိုစတီးရွိုက် (Corticosteroids) ကဲ့သို့သော အချို့သောဆေးဝါးများသည် ဦးနှောက်အတွင်း ကင်ဆာပြန့်နှံ့နေသောနေရာတစ်ဝိုက်ရှိ ရောင်ရမ်းမှုများကို လျော့ပါးသက်သာစေပြီး ရောဂါလက္ခဏာများကို ထိန်းချုပ်ပေးသည်။
- အတက်ကျဆေးများ (Anti-seizures)။ အတက်ရောဂါ ခံစားရသော လူနာများတွင် အတက်ရောဂါ ပြန်လည်မဖြစ်ပွားစေရန် ကာကွယ်ရန်အတွက် အတက်ကျဆေးများကို တစ်ခါတစ်ရံ အကြံပြုတတ်သည်။
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသမှုတွင် ခွဲစိတ်ဆရာဝန်သည် ရောဂါလက္ခဏာများနှင့် အမှတ်အသားများကို လျှော့ချရန်အတွက် ဦးနှောက်အတွင်း ပြန့်နှံ့နေသောအကျိတ်အများစုကို ဖယ်ရှားရန် ကြိုးပမ်းသည်။ ခွဲစိတ်၍ ရနိုင်သောနေရာများတွင် တည်ရှိသည့် ကင်ဆာပြန့်နှံ့မှုများအတွက် ခွဲစိတ်ကုသမှုကို အကြံပြုပါသည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
ဓာတ်ရောင်ခြည်ဖြင့် ကုသရာတွင် အိတ်စရေး (X-rays) နှင့် ပရိုတွန် (Protons) ကဲ့သို့သော စွမ်းအားပြင်း စွမ်းအင်လှိုင်းများကို အသုံးပြု၍ အကျိတ်ဆဲလ်များကို ဖျက်ဆီးသည်။
ဦးနှောက်သို့ ကင်ဆာပြန့်နှံ့မှုကို ကုသရာတွင် အောက်ပါ ဓာတ်ရောင်ခြည်ကုသမှု နည်းလမ်းတစ်ခု သို့မဟုတ် နှစ်ခုလုံး ပါဝင်နိုင်သည် –
- ဦးနှောက်တစ်ခုလုံးကို ဓာတ်ရောင်ခြည်ပေးခြင်း (Whole-brain radiation)။ ဤနည်းလမ်းသည် ဦးနှောက်တစ်ခုလုံးရှိ အကျိတ်ဆဲလ်များကို သတ်ပစ်ရန် ဓာတ်ရောင်ခြည်ကို အသုံးပြုသည်။ အခြေအနေအများစုတွင် ဤဓာတ်ရောင်ခြည်နည်းလမ်းကို ၂ ပတ်မှ ၃ ပတ်အတွင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ပြုလုပ်ရန် လိုအပ်သည်။
နုံးခွေခြင်း၊ ပျို့အန်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့မှာ ဖြစ်ပွားနိုင်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ ဓာတ်ရောင်ခြည်ကို ရေရှည်ခံယူခြင်းသည် သိမှုဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။
- ပစ်မှတ်ထား ဓာတ်ရောင်ခြည်ခွဲစိတ်ကုသခြင်း – SRS (Stereotactic radiosurgery)။ ဤနည်းလမ်းသည် စွမ်းအားနိမ့်သော ဓာတ်ရောင်ခြည်လှိုင်းများကို ဦးနှောက်အကျိတ်ဆီသို့ တိုက်ရိုက်ပစ်မှတ်ထား၍ အသုံးပြုခြင်း ဖြစ်သည်။ ထိုအခါ ဦးနှောက်အကျိတ်သည် အလွန်မြင့်မားသော ဓာတ်ရောင်ခြည်ပမာဏကို ရရှိပြီး ပျက်စီးသွားသည်။ SRS သည် များသောအားဖြင့် တစ်ကြိမ်သာ ကုသရန်လိုသော နည်းလမ်းဖြစ်ပြီး တစ်ကြိမ်တည်းဖြင့် အကျိတ်အများအပြားကိုလည်း ကုသနိုင်သည်။ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အတက်ရောဂါဖြစ်ခြင်းနှင့် မူးဝေခြင်း သို့မဟုတ် အာရုံချောက်ခြားခြင်းတို့မှာ အတွေ့ရများသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ ရေရှည်တွင် SRS ကုသမှုသည် ဦးနှောက်တစ်ခုလုံး ဓာတ်ရောင်ခြည်ပေးခြင်းထက် သိမှုစွမ်းရည် ကျဆင်းမှုဖြစ်နိုင်ခြေ ပိုမိုနည်းပါးသည်။
မကြာသေးမီက ဦးနှောက်တစ်ခုလုံး ဓာတ်ရောင်ခြည်ပေးခြင်းနှင့် ပစ်မှတ်ထား ဓာတ်ရောင်ခြည်ခွဲစိတ်ကုသခြင်းတို့အပြင် ၎င်းတို့က လူနာ၏ အသက်ရှင်သန်နိုင်ခြေ၊ သိမှုလုပ်ဆောင်ချက်နှင့် လူနေမှုဘဝအရည်အသွေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်လာကြသည်။ လူနာတစ်ဦးစီအတွက် အကောင်းဆုံးသော ဓာတ်ရောင်ခြည်ကုသမှု အမျိုးအစားကို ဆုံးဖြတ်ရန် အချက်အလက်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားရပြီး ၎င်းတို့တွင် လူနာလက်ရှိခံယူနေသော အခြားကုသမှုများနှင့် ကုသပြီးနောက် ကင်ဆာပြန်လည်ဖြစ်ပွားနိုင်ခြေတို့ ပါဝင်သည်။
ဆေးဝါးများဖြင့် ကုသခြင်း
အချို့သော အခြေအနေများတွင် ဦးနှောက်အတွင်း ကင်ဆာပြန့်နှံ့မှုကို ထိန်းချုပ်ရန် ဆေးဝါးများကို အကြံပြုနိုင်သည်။ ကင်ဆာ၏ မူလတည်နေရာနှင့် အခြားသော တစ်ဦးချင်းစီဆိုင်ရာ အချက်အလက်များအပေါ် မူတည်၍ ဆေးဝါးကုသမှု မည်မျှထိရောက်မည်ကို ဆုံးဖြတ်ပေးသည်။ ကုသမှုဆိုင်ရာ ရွေးချယ်စရာများတွင် အောက်ပါတို့ ပါဝင်သည် –
- ဆေးဝါးဖြင့် ကင်ဆာကုသခြင်း (Chemotherapy)။ လျင်မြန်စွာ ကြီးထွားနေသော ဆဲလ်များနှင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ဆေးဝါးများကို အသုံးပြုသည်။
- ပစ်မှတ်ထား ကုသခြင်း (Targeted therapy)။ ပစ်မှတ်ထား ဆေးဝါးကုသမှုများသည် ကင်ဆာဆဲလ်များ၏ သီးခြားပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များကို ပိတ်ဆို့တားဆီးရန်နှင့် ကင်ဆာဆဲလ်များကို သတ်ပစ်ရန် ကူညီပေးသည်။
- ခုခံအားမြှင့်တင်၍ ကင်ဆာကုသခြင်း (Immunotherapy)။ ဤနည်းလမ်းသည် ကင်ဆာကို တိုက်ဖျက်ရန်အတွက် လူနာ၏ ကိုယ်ပိုင်ရောဂါကာကွယ်ရေး ခုခံအားစနစ်ကို အသုံးပြု၍ လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်က ၎င်းတို့ကို ရန်သူဟု မသိရှိနိုင်စေရန် ကာကွယ်ပေးသည့် ပရိုတင်းများကို ထုတ်လုပ်ကြပြီး ခုခံအားမြှင့်တင်ကုသမှုက ထိုအကာအကွယ်အလွှာကို ဖျက်ဆီးပေးသည်။
ကုသမှုအပြီး ပြန်လည်သန်စွမ်းရေး လုပ်ဆောင်ခြင်း
ဦးနှောက်အကျိတ်များကြောင့် လှုပ်ရှားမှုစွမ်းရည်၊ စကားပြောဆိုမှု၊ အမြင်အာရုံ သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာများ ထိခိုက်မှုရှိပါက ဆရာဝန်သည် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးမည့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်များကို အကြံပြုနိုင်ပါသည်။ ပြန်လည်သန်စွမ်းရေးတွင် အောက်ပါတို့ ပါဝင်သည် –
- ကာယပြန်လည်သန်စွမ်းရေး ကုထုံး (Physical therapy)။ လှုပ်ရှားမှုစွမ်းရည်များ ပြန်လည်ကောင်းမွန်လာစေရန် သို့မဟုတ် ကြွက်သားခွန်အား ပြန်လည်ရရှိစေရန် ကူညီပေးသည်။
- လုပ်ငန်းခွင်အလေ့အထ ကုထုံး (Occupational therapy)။ လူနာများ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်စေရန် ကူညီပေးသည်။
- စကားပြောကုထုံး (Speech therapy)။ စကားပြောအခက်အခဲများကို ကုသရန်အတွက် စကားပြောရောဂါဗေဒပညာရှင်များ (Speech pathologists) က စကားပြောကုထုံးကို လုပ်ဆောင်ပေးသည်။
