နှလုံး၏အပေါ်ခန်းနှစ်ခုကြားရှိနံရံတွင်အပေါက်ဖြစ်နေခြင်း(ASD)
ခြုံငုံသုံးသပ်ချက်
Atrial septal defect (ASD) ဟုခေါ်သော မွေးရာပါ နှလုံးရောဂါတစ်မျိုးသည် နှလုံး၏ အပေါ်ခန်းနှစ်ခု (Atria) ကြားရှိ နံရံတွင် အပေါက်ဖြစ်နေခြင်း ဖြစ်ပါသည်။ ၎င်းအပေါက်ကြောင့် ဘယ်ဘက်နှလုံးအပေါ်ခန်းမှ သွေးများသည် ညာဘက်နှလုံးအပေါ်ခန်းအတွင်းသို့ လမ်းကြောင်းမှားယွင်း စီးဝင်သွားပြီး အဆုတ်ဆီသို့ သွေးစီးဆင်းမှု ပိုမိုများပြားလာစေပါသည်။ အချို့သောအခြေအနေများတွင် မည်သည့်ပြဿနာမျှ မပေးဘဲ အခြားစစ်ဆေးမှုများ ပြုလုပ်ရာမှ တိုက်ဆိုင်စွာ တွေ့ရှိတတ်ပါသည်။ သေးငယ်သော ASD အပေါက်အချို့သည် ကလေးငယ်ဘဝ သို့မဟုတ် ကလေးဘဝ အစောပိုင်းတွင် အလိုအလျောက် ပြန်ပိတ်သွားလေ့ရှိပါသည်။ ASD အပေါက် အရွယ်အစားကြီးမားလေလေ ရောဂါလက္ခဏာများ ခံစားရနိုင်ခြေနှင့် ကုသမှုခံယူရန် လိုအပ်ချက်မှာ ပိုမိုများပြားလေလေ ဖြစ်ပါသည်။ ကြီးမားပြီး ကာလရှည်ကြာဖြစ်နေသော ASD အပေါက်သည် နှလုံးနှင့် အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ အဆိုပါ အပေါက်ကို ပြန်လည်ပြုပြင်ရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။
Atrial septal defect (ASD) အမျိုးအစားများ:
- Secundum: နှလုံးအပေါ်ခန်းနှစ်ခုကို ပိုင်းခြားထားသော နံရံ (Atrial septum) ၏ အလယ်ဗဟိုတွင် ဖြစ်ပေါ်ခြင်းဖြစ်ပြီး အဖြစ်အများဆုံး ASD အမျိုးအစား ဖြစ်ပါသည်။
- Primum: နှလုံးအပေါ်ခန်းခွဲနံရံ၏ အောက်ပိုင်းတွင် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ အခြားသော မွေးရာပါ နှလုံးရောဂါများနှင့်လည်း တွဲဖက်တွေ့ရှိနိုင်ပါသည်။
- Sinus venosus: နှလုံးအပေါ်ခန်းခွဲနံရံ၏ အပေါ်ပိုင်းတွင် ဖြစ်ပေါ်တတ်သော ရှားပါးသည့် အမျိုးအစား ဖြစ်ပါသည်။ နှလုံးတည်ဆောက်ပုံဆိုင်ရာ အခြားသော မွေးရာပါ ပြောင်းလဲမှုများနှင့် ဆက်စပ်နေတတ်ပါသည်။
- Coronary sinus: နှလုံး၏ သွေးပြန်ကြောစနစ် အစိတ်အပိုင်းတစ်ခုဖြစ်သော Coronary sinus နှင့် ဘယ်ဘက်နှလုံးအပေါ်ခန်းကြားရှိ နံရံ တစ်စိတ်တစ်ပိုင်း မရှိခြင်းကြောင့် ဖြစ်ပေါ်သော အလွန်ရှားပါးသည့် အမျိုးအစား ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
ASD ရှိသော ကလေးငယ် အများစုသည် မွေးစတွင် မည်သည့်လက္ခဏာမျှ မပြတတ်ပါ။ ရောဂါလက္ခဏာများကို လူကြီးဘဝရောက်မှသာ ခံစားရနိုင်ပါသည်။ ASD ၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- လေ့ကျင့်ခန်းလုပ်လျှင် အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်း
- နုံးချိ ပင်ပန်းခြင်း
- ခြေထောက်၊ ခြေဖဝါး သို့မဟုတ် ဝမ်းဗိုက်တွင် ဖောရောင်ခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmias)
- နှလုံးတုန်ခြင်း သို့မဟုတ် နှလုံးခုန်ကျော်ခြင်း
- နှလုံးအတွင်းမှ ပုံမှန်မဟုတ်သော အသံများ ကြားရခြင်း (Heart murmur)
ကြီးမားသော ASD ကဲ့သို့ ပြင်းထန်သော မွေးရာပါ နှလုံးရောဂါများကို ကလေးမွေးဖွားခြင်း မပြုမီ သို့မဟုတ် မွေးဖွားပြီး မကြာမီတွင် ရှာဖွေတွေ့ရှိလေ့ရှိပါသည်။ အကယ်၍ ကလေးတွင် အထက်ပါ လက္ခဏာတစ်မျိုးမျိုး တွေ့ရှိပါက ချက်ချင်း ဆေးကုသမှု ခံယူပါ။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ASD ဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း များသောအားဖြင့် မိခင်ဝမ်းဗိုက်အတွင်း သန္ဓေသားဘဝတွင် နှလုံးတည်ဆောက်ပုံ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ သို့သော် မျိုးရိုးဗီဇ၊ အချို့သော ရောဂါအခြေအနေများ၊ ဆေးဝါးအချို့ အသုံးပြုခြင်းနှင့် ဆေးလိပ်သောက်ခြင်း သို့မဟုတ် အရက် အလွန်အကျွံ သောက်ခြင်းကဲ့သို့သော လူနေမှုပုံစံများလည်း ဆက်စပ်မှု ရှိနိုင်ပါသည်။
ကြီးမားသော ASD အပေါက်ကြောင့် ညာဘက်နှလုံးသည် သွေးများကို အလွန်အကျွံ ညှစ်ထုတ်ရပြီး အဆုတ်အတွင်းသို့ သွေးများစွာ ရောက်ရှိစေပါသည်။ စနစ်တကျ မကုသပါက နောက်ဆုံးတွင် ညာဘက်နှလုံးသည် ကြီးလာပြီး အားနည်းလာပါသည်။ ထို့အပြင် အဆုတ်သို့ သွေးပို့လွှတ်သော သွေးလွှတ်ကြောများတွင် သွေးပေါင်ချိန် မြင့်တက်လာပြီး အဆုတ်သွေးတိုးရောဂါ (Pulmonary hypertension) ဖြစ်ပွားနိုင်ပါသည်။
ဖြစ်နိုင်ခြေ မြင့်မားသူများ
ကိုယ်ဝန်ဆောင်စဉ် ကလေး၏ နှလုံးတည်ဆောက်နေချိန်တွင် ASD ဖြစ်ပေါ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ် အောက်ပါ အခြေအနေများ သို့မဟုတ် ဆေးဝါးအသုံးပြုမှုများ ရှိပါက သန္ဓေသားတွင် ASD သို့မဟုတ် အခြားမွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်မားစေနိုင်သည်-
- ကိုယ်ဝန်အစောပိုင်း ကာလတွင် ဂျာမန်ဝက်သက် (Rubella) ဖြစ်ခြင်း
- ဆီးချိုရောဂါ ရှိခြင်း
- လူပတ်စ် (Lupus) ခေါ် ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါရှိခြင်း
- အရက်သောက်ခြင်း
- ဆေးလိပ် သို့မဟုတ် ဆေးရွက်ကြီး အသုံးပြုခြင်း
- ကိုကိန်းကဲ့သို့သော မူးယစ်ဆေးဝါးများ အသုံးပြုခြင်း
- အတက်ကျဆေး သို့မဟုတ် စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးအချို့ကို သောက်သုံးခြင်း
အကယ်၍ သင် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦးဦးတွင် ASD အပါအဝင် မွေးရာပါ နှလုံးရောဂါ ရှိခဲ့ဖူးပါက မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် နောင်တွင် မွေးဖွားလာမည့် ကလေးငယ်များတွင် နှလုံးရောဂါ ပါလာနိုင်ခြေ ရှိ၊ မရှိ ခန့်မှန်းသိရှိနိုင်ရန် အထောက်အကူပြုနိုင်ပါသည်။
ရောဂါရှာဖွေခြင်း
အချို့သော အခြေအနေများတွင် ASD ကို ကလေးမမွေးဖွားမီ သို့မဟုတ် မွေးဖွားပြီး မကြာမီတွင် ရောဂါရှာဖွေတွေ့ရှိနိုင်ပါသည်။ သို့သော် သေးငယ်သော Atrial septal defects (ASD) အပေါက်များကိုမူ လူကြီးဘဝရောက်မှသာ တွေ့ရှိရတတ်ပါသည်။
ASD ရှိသော လူနာအား ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများက ကိုယ်ခန္ဓာစစ်ဆေးမှု ပြုလုပ်သည့်အခါ နှလုံးအတွင်းမှ ပုံမှန်မဟုတ်သော အသံ (Heart murmur) ကို ကြားရနိုင်ပါသည်။
ASD ကို သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်လေ့ရှိသည် –
- နှလုံးပုံရိပ်ဖော် စစ်ဆေးခြင်း (Echocardiogram): အသံလှိုင်းများကို အသုံးပြု၍ လှုပ်ရှားနေသော နှလုံး၏ပုံရိပ်ကို ကြည့်ရှုခြင်း ဖြစ်သည်။ နှလုံးနှင့် နှလုံးအဆို့ရှင်များတစ်လျှောက် သွေးစီးဆင်းမှု မည်မျှကောင်းမွန်သည်ကို ဤစစ်ဆေးမှုဖြင့် သိရှိနိုင်ပါသည်။
- ECG သို့မဟုတ် EKG: နှလုံး၏ လျှပ်စစ်စီးဆင်းမှု လုပ်ဆောင်ချက်ကို စောင့်ကြည့်ရန် အသုံးပြုပါသည်။ ၎င်းသည် သင့်တွင် နှလုံးခုန်နှုန်းမမှန်သည့် ရောဂါရှိ၊ မရှိကို သိရှိနိုင်ပါသည်။
- ရင်ဘတ်ဓာတ်မှန် (Chest X-ray): နှလုံးနှင့် အဆုတ်၏ အခြေအနေကို ရင်ဘတ်ဓာတ်မှန်တွင် ကြည့်ရှုနိုင်ပါသည်။
- နှလုံးသံလိုက်ဓာတ်မှန် (Cardiac MRI): အကယ်၍ Echocardiogram ဖြင့် တိကျသော ရောဂါအဖြေမထွက်ပါက ဆရာဝန်သည် ဤ MRI အမျိုးအစားကို ညွှန်ကြားနိုင်ပါသည်။ ဤစစ်ဆေးမှုတွင် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံး၏ပုံရိပ်ကို အသေးစိတ် ရိုက်ကူးခြင်း ဖြစ်သည်။
- ကွန်ပျူတာဓာတ်မှန် (CT scan): X-ray ရလဒ်များကို အစဉ်လိုက်အသုံးပြု၍ သင့်နှလုံး၏ အသေးစိတ်ပုံရိပ်များကို ထုတ်လုပ်ပေးပါသည်။ ၎င်းကို ASD အပြင် အခြားဆက်စပ်နေသော မွေးရာပါ နှလုံးရောဂါများကို ရှာဖွေရန် အသုံးပြုနိုင်ပါသည်။
ကုသမှု
ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများသည် နှလုံးရှိ အပေါက်၏ အရွယ်အစား သို့မဟုတ် အခြားမွေးရာပါ နှလုံးရောဂါများအပေါ် မူတည်၍ ASD ကို မည်သို့ကုသမည်ကို ဆုံးဖြတ်ပါမည်။
ASD အပေါက်အများစုသည် ကလေးဘဝတွင် အလိုအလျောက် ပြန်ပိတ်သွားတတ်သော်လည်း အမြဲတမ်းတော့ မဟုတ်ပါ။ သေးငယ်သော ASD အပေါက်များအတွက် ထပ်ဆောင်းကုသမှု မလိုအပ်ပါ။ ဆရာဝန်သည် ရောဂါအခြေအနေ တိုးတက်မှုကို စောင့်ကြည့်ရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန်သာ အကြံပြုနိုင်ပါသည်။
မပိတ်ဘဲ ကျန်နေသော ASD အပေါက်အများစုအတွက် ခွဲစိတ်မှု လိုအပ်ပါသည်။ သို့သော် အဆုတ်သွေးတိုးရောဂါ (Pulmonary hypertension) ပြင်းထန်နေသော အခြေအနေများတွင် အပေါက်ပိတ်ရန် အကြံမပြုပါ။ ကလေးတွင် ဆေးကုသမှု လိုအပ်လာပါက ကျန်းမာရေးစောင့်ရှောက်သူက လိုအပ်သော ကုသမှုများကို ဆွေးနွေးပေးပါလိမ့်မည်။
ဆေးဝါးများ
နှလုံးခုန်နှုန်းကို ထိန်းညှိရန် (Beta blockers) သို့မဟုတ် သွေးခဲနိုင်ခြေကို လျှော့ချရန် (Anticoagulants) ဆေးများကို ASD အတွက် ညွှန်ကြားနိုင်ပါသည်။ ဆေးဝါးများသည် ASD ၏ လက္ခဏာများကို သက်သာစေနိုင်သော်လည်း နှလုံးရှိ အပေါက်ကိုမူ ပြန်လည်ကောင်းမွန်အောင် မလုပ်ပေးနိုင်ပါ။
ခွဲစိတ်ကုသခြင်း
ကလေး သို့မဟုတ် လူကြီးတစ်ဦးတွင် အလယ်အလတ်မှ ကြီးမားသော ASD အပေါက်ရှိကြောင်း သိရှိရပါက နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ၎င်းကို ခွဲစိတ်ပြုပြင်ရန် နှလုံးအထူးကုဆရာဝန် အများစုက အကြံပြုကြပါသည်။
ASD ပြုပြင်သည့် ခွဲစိတ်မှုတွင် လူကြီးရော ကလေးပါ နှလုံးရှိအပေါက်ကို ဖာထေးခြင်း ပါဝင်ပါသည်။ ၎င်းကို နည်းလမ်းနှစ်မျိုးဖြင့် ပြုလုပ်နိုင်သည် –
- နှလုံးခွဲစိတ်ကုသခြင်း (Open-heart surgery): Primum၊ Sinus venosus နှင့် Coronary sinus ASD အမျိုးအစားများအတွက် အသုံးပြုပါသည်။ နှလုံးသို့ တိုက်ရိုက်ရောက်ရှိနိုင်ရန် ရင်ဘတ်နံရံကို ခွဲစိတ်ရပါသည်။ ခွဲစိတ်ဆရာဝန်များသည် အပေါက်ကို ပိတ်ရန် ဖာထေးမှုများ (Patches) ပြုလုပ်ကြပါသည်။ တစ်ခါတစ်ရံတွင် စက်ရုပ်အကူအညီဖြင့် ပြုလုပ်သော နှလုံးခွဲစိတ်မှုနှင့် ထိခိုက်မှုနည်းသော (Minimally invasive) ခွဲစိတ်မှုများကိုလည်း အသုံးပြုနိုင်ပါသည်။
- ပိုက်ထည့်၍ ပြုပြင်ခြင်း (Catheter-based repair): ပုံရိပ်ဖော်နည်းလမ်းများကို အသုံးပြု၍ ပါးလွှာပြီး ပျော့ပြောင်းသော ပိုက် (Catheter) ကို ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် နှလုံးသို့ ထည့်သွင်းပါသည်။ ထို့နောက် အပေါက်ကို ပိတ်ရန် ပိုက်အတွင်းမှတစ်ဆင့် ပိုက်ကွန်ကဲ့သို့ အဖာ (Mesh patch) သို့မဟုတ် အပိတ်ကိရိယာကို ထည့်သွင်းပါသည်။ အဆိုပါ အပိတ်ကိရိယာ ပတ်ပတ်လည်တွင် နှလုံးတစ်ရှူးများ ပြန်လည်ကြီးထွားလာသောအခါ အပေါက်သည် အမြဲတမ်း ပိတ်သွားမည် ဖြစ်သည်။Catheter ဖြင့် ပြုပြင်ခြင်းကို Secundum ASD အမျိုးအစားတွင်သာ ပြုလုပ်လေ့ရှိပါသည်။ သို့သော် အလွန်ကြီးမားသော Secundum ASD အချို့အတွက်မူ နှလုံးခွဲစိတ်မှု (Open heart surgery) လိုအပ်နိုင်ပါသည်။
ခွဲစိတ်မှုပြုလုပ်ပြီးသူများအနေဖြင့် ခွဲစိတ်မှုအပြီး နောက်ဆက်တွဲ ပြဿနာများ ရှိ၊ မရှိ စစ်ဆေးရန် ပုံမှန်စစ်ဆေးမှုများနှင့် Echocardiogram ရိုက်ခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ နှလုံးအဆို့ရှင် ပြဿနာများ၊ နှလုံးခုန်မမှန်ခြင်း၊ အဆုတ်သွေးတိုးခြင်းနှင့် နှလုံးပျက်စီးခြင်း (Heart failure) တို့သည် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲ ပြဿနာအချို့ ဖြစ်ပါသည်။
ကြီးမားသော ASD ရှိပြီး အပေါက်ကို ခွဲစိတ်ပြုပြင်ခြင်း မပြုလုပ်သော သူများတွင် ရေရှည်ရလဒ်များမှာ ပိုမိုဆိုးရွားတတ်ပါသည်။ ၎င်းတို့သည် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ခက်ခဲခြင်း (Functional capacity လျော့နည်းခြင်း) နှင့် အဆုတ်သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါသည်။
