ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းနှာရည်ယိုခြင်း
အကျဉ်းချုပ်
နှာရည်ယိုခြင်းသည် အအေးမိခြင်းကဲ့သို့သော နှာရည်ကျခြင်း၊မျက်လုံးယားယံခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်းနှင့် မျက်နှာအတွင်းဖိအားများခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်စေသော အခြေအနေတစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော တုပ်ကွေးရောဂါနှင့်မတူညီပါ။ ပတ်ဝန်းကျင်ရှိ အန္တရာယ်မရှိသော အရာ၊အမှုန်အမွှားတစ်ခုနှင့် ဓာတ်မတည့်ခြင်းကြောင့် ဤအခြေအနေကို ဖြစ်ပေါ်စေပါသည်။
နှာရည်ယိုခြင်းကို ဖြစ်စေနိုင်သော ဓာတ်မတည့်မှုများတွင် ပန်းဝတ်မှုန်များ၊ ဖုန်မှုန့်များနှင့် အမွေးအမှင်ရှိသော တိရစ္ဆာန်များမှ အိမ်မွေးတိရစ္ဆာန်အမွေးများကြောင့် အဖြစ်များသည်။ ဤအရာများအပေါ် ဓာတ်မတည့်မှုကြောင့် လူ၏ခန္ဓာကိုယ်သည် ဟစ်စတမင်းဟုခေါ်သော ဓာတ်တစ်မျိုးကို ထုတ်လွှတ်လာစေသည်။ ၎င်းမှတစ်ဆင့် နှာခေါင်းယားယံခြင်း၊ နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် မျက်လုံးယားယံခြင်း အပါအဝင် ရောဂါလက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်လာစေနိုင်သည်။
နှာရည်ယိုခြင်းသည် လူတစ်ဦး၏ နေ့စဉ်ဘဝဆောင်တာကို ထိခိုက်စေနိုင်ပြီး အလုပ်ခွင်များ၊ကျောင်းများတွင် အာရုံစူးစိုက်ရန် ခက်ခဲစေသည်။ သို့သော် ဤအခြေအနေကို ကုသကာကွယ်ရန် နည်းလမ်းများရှိပါသည်။ ဓာတ်မတည့်မှုကို ဖြစ်စေသော အရာများကို ရှောင်ရှားခြင်းသည် ရောဂါလက္ခဏာများကို လျှော့ချရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူနိုင်သော ဆေးဝါးများ အပါအဝင် အခြားကုသမှုနည်းလမ်းအမျိုးမျိုးလည်း ရှိပြီး ဤကုသမှုများသည် ရောဂါလက္ခဏာများကို သက်သာစေပြီး ဘဝနေပျော်မှုကို မြှင့်တင်ပေးနိုင်ပါသည်။
ရောဂါလက္ခဏာများ
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းနှာရည်ယိုခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-
- နှာခေါင်းပိတ်ခြင်း
- နှာရည်ကျခြင်း
- ခေါင်းကိုက်ခြင်း
- နှာချေခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်း သို့မဟုတ် နှာခေါင်းယားယံခြင်း
- မျက်နှာအတွင်းပိုင်း ပါးအတွင်းပိုင်း နာကျင်ခြင်း
- မျက်လုံးနီခြင်း၊ယားခြင်း၊မျက်ရည်ပူကျခြင်း
- လည်ချောင်းအတွင်းဘက်နောက်ဘက်သို့ အချွဲများ ယိုစိမ့်ခြင်း
- အိပ်ရေးပျက်ခြင်းကြောင့် မကြာခဏ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း
- မျက်လုံးတစ်ဝိုက်ရှိအရည်ပြားသည် ယောင်ယမ်းပြီး ထိခိုက်ထားသလိုထင်ရခြင်း
နှာရည်ယိုခြင်းဖြစ်ပေါ်စေသော ဓာတ်မတည့်ခြင်းများ
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းနှာရည်ယိုခြင်း၏ လက္ခဏာများသည် အမြဲတစေ ဖြစ်ပွားနိုင်သည် သို့မဟုတ် ရာသီအလိုက် ဖြစ်ပွားနိုင်ပြီး တစ်နှစ်တာ၏ အချိန်ရာသီတစ်ခုခုအတွင်း စတင်ဖြစ်ပွားလာနိုင်သည် သို့မဟုတ် ပိုမိုဆိုးရွားလာနိုင်သည်။
နှာရည်ယိုခြင်းဖြစ်ပေါ်စေသော ဓာတ်မတည့်ခြင်းများတွင် အောက်ပါအချက်အလက်များပါဝင်သည်။
- နွေဦးရာသီအစတွင် အထွက်များသော သစ်ပင်ဝတ်မှုန်။
- နွေရာသီနှင့် နွေဦးရာသီနှောင်းပိုင်းတွင် အထွက်များသော မြက်ဝတ်မှုန်။
- ဆောင်းဦးရာသီတွင် ပျံ့နှံ့နေတတ်သော ပေါင်းပင်ဝတ်မှုန်။
- တစ်နှစ်ပတ်လုံးရှိနေတတ်သော ဖုန်မှုန့်များနှင့် ပိုးဟပ်ချေးများ။
- အိမ်မွေးတိရစ္ဆာန်အမွေးများသည် တစ်နှစ်ပတ်လုံး ဓာတ်မတည့်မှုဖြစ်ပေါ်စေတတ်ပြီး အထူးသဖြင့် ဆောင်းရာသီတွင် အိမ်များအလုံပိတ်ထားသည့်အခါမျိုးတွင် လက္ခဏာများပိုဆိုးနိုင်သည်။
- အိမ်အတွင်း၊အပြင်ရှိ မှိုများသည် ရာသီအလိုက်နှင့် တစ်နှစ်ပတ်လုံး ၂မျိုးမတူညီသောဓာတ်မတည့်မှုများဖြစ်စေနိုင်သည်။
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းနှာရည်ယိုခြင်းနှင့် တုပ်ကွေးအအေးမိခြင်းကွာခြားချက်များ
ဤလက္ခဏာများသည် ဆင်တူနိုင်သောကြောင့် ၄င်းတို့၂မျိုးကို ခွဲခြားသိရှိရန် ခက်ခဲနိုင်သည်။
- ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းနှာရည်ယိုခြင်း : နှာရည်ယိုခြင်း၊နှာရည်တောက်တောက်ကျခြင်းဖြစ်ပေါ်လာသော်လည်း အဖျားမရှိပါ။ ဓာတ်မတည့်သောအရာများထိတွေ့ချိန်တွင် ရောဂါလက္ခဏာများ ချက်ချင်းပေါ်လာပြီး ဓာတ်မတည့်မှုနှင့်ထိနေသရွေ့သာ ခံစားရသည်။
- အအေးမိခြင်း : အဝါရောင်နှာရည်များ၊နှာရည်အပျစ်များသည် အဖျားအနည်းငယ်တက်ခြင်း၊ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းတို့နှင့်အတူ တွဲဖက်ဖြစ်ပေါ်လာသည်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်အတွင်း ရောဂါလက္ခဏာများစတင်ပြီး ၃ ရက်မှ ၇ ရက်အထိ ကြာရှည်နိုင်သည်။
ဤလက္ခဏာများခံစားရလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ-
- နှာရည်ယိုခြင်း၏ ရောဂါလက္ခဏာများ မသက်သာခြင်း။
- ဓာတ်မတည့်ခြင်းကိုကုသမှုများသည် ရောဂါလက္ခဏာများကို မသက်သာစေခြင်း သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော ဘေးထွက်ဆိုးကျိုးများရှိနေခြင်း။
- နှာရည်ယိုခြင်းကို ပိုမိုဆိုးရွားစေနိုင်သော ရောဂါများ – နှာခေါင်းအသားပိုများရှိခြင်း၊ ပန်းနာရင်ကျပ်ရောဂါ သို့မဟုတ် နှာခေါင်းပိုးဝင်ခြင်းများခံစားနေရခြင်း။
လူအများစု၊ အထူးသဖြင့် ကလေးငယ်များသည် နှာရည်ယိုခြင်း၏ လက္ခဏာများကို ကျင့်သားရလာတတ်ပြီး ရောဂါလက္ခဏာများ ပြင်းထန်လာမှသာ ကုသမှုခံယူရန် နှောင့်နှေးစေသည်။ သို့သော် အချိန်တော် သင့်လျော်သော ဆေးကုသမှုခံယူခြင်းသည် နှာရည်ယိုခြင်းကို သက်သာစေနိုင်ပါသည်။
အကြောင်းရင်းများ
လေထုထဲမှ အန္တရာယ်မရှိသော အရာများ၊အမှုန်များကို ကိုယ်ခံအားစနစ်မှ ဓာတ်မတည့်ခြင်းကြောင့်တုံ့ပြန်သည့်အနေဖြင့် IgE ကဲ့သို့သော ဓာတ်မတည့်ခြင်းကို ဖြစ်စေသောဓာတ်များ ထုတ်လုပ်သည့်အခါ ဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်သည် အရင်ဓာတ်မတည့်ခြင်းကိုဖြစ်ပေါ်စေခဲ့သော အရာ၊အမှုန်များနှင့် တူညီသော ဓာတ်မတည့်မှုတစ်ခုနှင့် ထပ်မံထိတွေ့သောအခါ ကိုယ်ခံအားစနစ်မှ histamine ကဲ့သို့သော ဓာတုပစ္စည်းများကို ထုတ်လွှတ်ပြီး နှာခေါင်း၊ မျက်လုံးနှင့် လည်ချောင်းတွင် ရောင်ရမ်းခြင်းနှင့် ယားယံခြင်းကို ဖြစ်စေနိုင်သည်။ နှာရည်ယိုခြင်းကို ဖြစ်စေနိုင်သော ဓာတ်မတည့်မှုများတွင် ဖုန်မှုန့်များ၊ ပန်းဝတ်မှုန်များ၊ အိမ်မွေးတိရစ္ဆာန် အမွေးများ၊ မှိုမျိုးစေ့များနှင့် ပိုးဟပ်တံတွေးနှင့် ပိုးဟပ်ချေးများ ပါဝင်သည်။ ထို့အပြင် အစားအစာဓာတ်မတည့်မှုများသည်လည်း နှာခေါင်းနှင့် လည်ချောင်း ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး အချို့အခြေအနေများတွင် အသက်အန္တရာယ်ရှိနိုင်သည်။
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်း နှာရည် ယိုခြင်း ဖြစ်ပေါ်စေ လွယ်သော အကြောင်း အရာများ
အောက်ပါအချက်များသည် ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်း ရောင်ရမ်း နှာရည် ယိုခြင်း ပိုမို ဖြစ်ပေါ် စေနိုင်သည်။
- မိဘ သို့မဟုတ် မောင်နှမကဲ့သို့သော မိသားစုအရင်းများတွင် ဓာတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ရောဂါရှိခြင်း
- အရေပြားယားယံရောင်ရမ်းရောဂါရှိခြင်း သို့မဟုတ် နှင်းခူရောဂါရှိခြင်း။
- နှာခေါင်းအတွင်းပိုင်းကို ယားယံစေသော ဆေးလိပ်ငွေ့နှင့် ပြင်းထန်သောအနံ့များနှင့် ထိတွေ့မှုရှိခြင်း။
- ကလေးအသက် ပထမနှစ်အတွင်း မိခင်ဆေးလိပ်သောက်ခြင်း။
- ဖုန်မှုန့်များ သို့မဟုတ် တိရစ္ဆာန်အမွေးများကဲ့သို့သော ဓာတ်မတည့်မှုများ အမြဲရှိနေနိုင်သော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း။
- ပန်းနာရင်ကျပ် သို့မဟုတ် အခြားဓာတ်မတည့်သောရောဂါများ ရှိခြင်း။
ရောဂါရှာဖွေခြင်း
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းနှာရည်ယိုခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဆရာဝန်သည် ကိုယ်ခန္ဓာအား စစ်ဆေးခြင်းအပြင် ရောဂါရာဇဝင်၊ လက္ခဏာများနှင့် ဓာတ်မတည့်မှုကို ဖြစ်စေသော အကြောင်းရင်းများကို မေးမြန်းပါမည်။ ထို့နောက် အောက်ပါစစ်ဆေးမှုများအနက် တစ်ခု သို့မဟုတ် နှစ်ခုလုံးကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်-
- အရေပြားပေါ်တွင် ဓာတ်မတည့်မှု စမ်းသပ်ခြင်း (Skin prick test): ဓာတ်မတည့်မှုဆိုင်ရာ အထူးကုဆရာဝန်များသည် လက်မောင်း သို့မဟုတ် ကျောဘက် အရေပြားပေါ်သို့ ဓာတ်မတည့်မှုကို ဖြစ်စေသော ပစ္စည်း (Allergen) အနည်းငယ်စီကို အပ်ဖြင့် အသာအယာ ထိုးသွင်းစစ်ဆေးခြင်း ဖြစ်ပါသည်။ ၁၅ မိနစ်မှ ၂၀ မိနစ်အတွင်း အင်ပြင်ထခြင်း သို့မဟုတ် အဖုအပိမ့်ထွက်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ပါမည်။ အကယ်၍ ဓာတ်မတည့်မှု ရှိပါက အဆိုပါနေရာသည် နီမြန်းခြင်း၊ ယားယံခြင်းနှင့် အင်ပြင်များ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ ဤနည်းလမ်းသည် ဓာတ်မတည့်မှုကို ရှာဖွေဖော်ထုတ်ရန်အတွက် ဘေးကင်းပြီး ထိရောက်သော စစ်ဆေးမှုတစ်ခု ဖြစ်ပါသည်။
- သွေးစစ်ဆေးခြင်း (Allergy blood test): သင့်ခန္ဓာကိုယ်၏ ခုခံအားစနစ်က ဓာတ်မတည့်ပစ္စည်းတစ်ခုခုအပေါ် မည်သို့တုံ့ပြန်သည်ကို သိရှိရန် သွေးနမူနာယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ဖြစ်ပါသည်။ ဤစစ်ဆေးမှုသည် ဓာတ်မတည့်မှုကို ဖြစ်စေသော သွေးအတွင်းရှိ Immunoglobulin E (IgE) ပဋိပစ္စည်း (Antibody) အရေအတွက်ကို တိုင်းတာခြင်း ဖြစ်ပါသည်။
ကုသခြင်း
ဓာတ်မတည့်မှုကို ဖြစ်စေသော အရာများကို သိရှိပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်၍ ကုသမှုအစီအစဉ် ရေးဆွဲခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။ အကောင်းဆုံးနည်းလမ်းမှာ ဓာတ်မတည့်မှုဖြစ်စေသော အရာများနှင့် ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချရန်ဖြစ်ပြီး လက္ခဏာအနည်းငယ်သာရှိပါက ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးဝါးများဖြင့် လုံလောက်နိုင်သော်လည်း ပြင်းထန်ပါက ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများ လိုအပ်နိုင်ပါသည်။ အထိရောက်ဆုံးသော သက်သာမှုကို ရရှိရန် ဆေးဝါးများကို ပေါင်းစပ်အသုံးပြုခြင်း သို့မဟုတ် ဆေးဝါးအမျိုးမျိုးကို စမ်းသပ်အသုံးပြုကြည့်ခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
အကယ်၍ ကလေးငယ်များတွင် ဓာတ်မတည့်မှုကြောင့င့် နှာစေး၊ နှာချေခြင်း ဝေဒနာခံစားရပါက ဆေးဝါးအားလုံးသည် ကလေးများနှင့် သင့်လျော်မှု မရှိနိုင်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရန်နှင့် ဆေးညွှန်းစာများကို ဂရုတစိုက် ဖတ်ရှုရန် အလွန်အရေးကြီးပါသည်။ ကုသမှုနည်းလမ်းများတွင် ဆေးဝါးဖြင့် ကုသခြင်း၊ ခုခံအားစနစ်ကို လှုံ့ဆော်ကုသခြင်း (Immunotherapy) နှင့် နှာခေါင်းအတွင်းကို ဆားရည်ဖြင့် ဆေးကြောခြင်း (Nasal saline rinses) တို့ ပါဝင်နိုင်ပါသည်။
ဆေးဝါးဖြင့်ကုသခြင်း
နှာခေါင်းတွင်းထည့် စတီးရွိုက်ဆေးများ (Nasal Corticosteroids)- ၎င်းတို့သည် နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းနှင့် ယားယံခြင်းတို့ကို ကာကွယ်ကုသရာတွင် အထိရောက်ဆုံးဖြစ်ပြီး ကုသမှု၏ ပထမဦးစားပေး ဆေးဝါးများဖြစ်ပါသည်။
- ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော နှာခေါင်းဖြန်းဆေးများ: mometasone၊ budesonide၊ fluticasone နှင့် triamcinolone တို့ ပါဝင်ပါသည်။
- ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရသော ပေါင်းစပ်ဆေးများ: အင်တီဟစ်တမင်း (Antihistamine) နှင့် စတီးရွိုက် (Steroid) ကို ပေါင်းစပ်ထားသည့် ဆေးများဖြစ်ပြီး azelastine နှင့် fluticasone ပေါင်းစပ်ဆေး သို့မဟုတ် mometasone နှင့် olopatadine ပေါင်းစပ်ဆေးများ ဖြစ်ပါသည်။
- လူအများစုအတွက် ဤနှာခေါင်းတွင်းထည့် စတီးရွိုက်ဆေးများကို ရေရှည်ကုသမှုအဖြစ် ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။ အချို့သူများတွင် နှာခေါင်းအတွင်း ကျိန်းစပ်ခြင်း၊ မကောင်းသော အရသာ သို့မဟုတ် အနံ့ရခြင်းတို့ ကြုံတွေ့ရနိုင်သော်လည်း စတီးရွိုက်နှာခေါင်းဖြန်းဆေးကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးဖြစ်ခြင်းမှာ အလွန်ရှားပါးပါသည်။
အင်တီဟစ်တမင်း (Antihistamines)- ဤဆေးဝါးများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်က ဓာတ်မတည့်ပစ္စည်းတစ်ခုခုကို တုံ့ပြန်သည့်အခါ ထွက်ရှိလာပြီး ရောဂါလက္ခဏာများကို ဖြစ်စေသည့် “ဟစ်တမင်း” (Histamine) ဓာတ်ထုတ်လုပ်မှုကို ပိတ်ဆို့ပေးပါသည်။ ၎င်းတို့သည် ယားယံခြင်း၊ နှာချေခြင်းနှင့် နှာရည်ယိုခြင်းတို့ကို သက်သာစေသော်လည်း နှာပိတ်ခြင်းအတွက်မူ အာနိသင်နည်းပါးပါသည်။ အဆိုပါဆေးများကို များသောအားဖြင့် သောက်ဆေး (ဆေးပြား) အဖြစ် အသုံးပြုလေ့ရှိသော်လည်း နှာခေါင်းဖြန်းဆေးနှင့် မျက်စိယားယံခြင်းအတွက် မျက်စဉ်းဆေး ပုံစံများဖြင့်လည်း ရရှိနိုင်ပါသည်။
- ဆရာဝန်ညွှန်ကြားချက်မလိုသော သောက်ဆေးများ: fexofenadine၊ cetirizine နှင့် loratadine။
- ဆရာဝန်ညွှန်ကြားချက်မလိုသော နှာခေါင်းဖြန်းဆေး: azelastine။
- ဆရာဝန်ညွှန်ကြားချက်မလိုသော မျက်စဉ်းဆေးများ: ketotifen fumarate နှင့် olopatadine။
- ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရသော နှာခေါင်းဖြန်းဆေး: olopatadine။
Antihistamine ဆေးဝါးများသည် ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ ခြောက်သွေ့ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။ အချို့သော သောက်ဆေးများသည် အိပ်ငိုက်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အိပ်စက်ရခက်ခဲခြင်းနှင့် သွေးဖိအား သို့မဟုတ် ဆီးသွားခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နေချိန်၊ နို့တိုက်နေချိန် သို့မဟုတ် ဆီးကျိတ်ကြီးခြင်းနှင့် ရေတိမ်ရောဂါရှိသူများအနေဖြင့် ဤဆေးများကို မသောက်မီ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးသင့်ပါသည်။
နှာခေါင်းပွင့်ဆေးများ (Decongestants)- ဤဆေးသည် နှာခေါင်းအတွင်း ရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်သော နှာပိတ်ခြင်းနှင့် ဖိအားများကို လျှော့ချပေးပါသည်။ ၎င်းတို့သည် နှာစေး၊ နှာချေခြင်း၏ အခြားလက္ခဏာများကို မကုသနိုင်သောကြောင့် တစ်ခါတစ်ရံတွင် Antihistamines ကဲ့သို့သော အခြားဆေးဝါးများနှင့် ပေါင်းစပ်အသုံးပြုလေ့ရှိပါသည်။
ဤဆေးများကို အရည်၊ ဆေးပြားနှင့် နှာခေါင်းဖြန်းဆေး ပုံစံမျိုးစုံဖြင့် ရရှိနိုင်ပြီး ဆရာဝန်ညွှန်ကြားချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဝယ်ယူနိုင်ပါသည်။
- နှာခေါင်းဖြန်းဆေးများ: oxymetazoline နှင့် phenylephrine hydrochloride။
- သောက်ဆေးများ: pseudoephedrine။
သောက်ဆေးပုံစံ နှာခေါင်းပွင့်ဆေးများသည် သွေးတိုးခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ဆီးကျိတ်ကြီးသူများတွင် ဆီးသွားရခက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ အကယ်၍ သင့်တွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ ရှိပါက သို့မဟုတ် ကိုယ်ဝန်ဆောင်နေပါက ဤဆေးများကို မသုံးစွဲမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
နှာခေါင်းဖြန်းဆေးများကို တစ်ကြိမ်လျှင် (၂) ရက်မှ (၃) ရက်ထက် ပို၍ မသုံးသင့်ပါ။ အချိန်ကြာရှည်စွာ အသုံးပြုပါက နှာခေါင်းအတွင်း ပြန်လည်ရောင်ရမ်းခြင်း ဖြစ်ကာ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
Cromolyn sodium (ခရိုမိုလင် ဆိုဒီယမ်)- ဤဆေးသည် ဟစ်တမင်း (Histamine) ဓာတ်ထွက်ရှိမှုကို ဟန့်တားပေးခြင်းဖြင့် နှာစေး၊ နှာချေခြင်း ဝေဒနာများကို သက်သာစေသော ဆေးဝါးတစ်မျိုး ဖြစ်ပါသည်။ အကောင်းဆုံးရလဒ် ရရှိစေရန်အတွက် ရောဂါလက္ခဏာများ မစတင်မီ ကြိုတင်အသုံးပြုသင့်ပါသည်။ ဆရာဝန်ညွှန်ကြားချက်မလိုသော နှာခေါင်းဖြန်းဆေးများ ဝယ်ယူနိုင်ပြီး တစ်နေ့လျှင် အကြိမ်ရေအနည်းငယ် ဖြန်းပေးရန် လိုအပ်ပါသည်။ မျက်စဉ်းဆေးပုံစံ အသုံးပြုလိုပါက ဆရာဝန်ညွှန်ကြားချက် လိုအပ်ပါသည်။ ကံကောင်းသော အချက်မှာ Cromolyn sodium သည် ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးသော ဆေးဝါးဖြစ်ပါသည်
Leukotriene modifier (လူကိုထရိုင်ရင်း အာနိသင်ပြောင်းလဲစေသောဆေး)– Montelukast (ဆေးအမည် – Singulair) သည် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရသော ဆေးပြားဖြစ်ပြီး ဓာတ်မတည့်မှုကြောင့်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါကို ကုသရန် အသုံးများပါသည်။ ၎င်းသည် “လူကိုထရိုင်ရင်း” (Leukotrienes) ဟုခေါ်သော ဓာတ်ပစ္စည်းများ၏ လုပ်ဆောင်ချက်ကို ပိတ်ဆို့ပေးပါသည်။ အဆိုပါ ဓာတ်ပစ္စည်းများသည် နှာခေါင်းအတွင်း ကျိန်းစပ်ခြင်းနှင့် နှာရည်အလွန်အကျွံထွက်ခြင်းကဲ့သို့သော ဓာတ်မတည့်မှုလက္ခဏာများကို ဖြစ်စေသည့် ခုခံအားစနစ်ရှိ ဓာတုပစ္စည်းများ ဖြစ်ပါသည်။ ဤဆေးသည် နှာခေါင်းဖြန်းဆေးများကို အသုံးမပြုနိုင်သူများ သို့မဟုတ် အပျော့စား ပန်းနာရင်ကျပ်ဝေဒနာရှိသူများအတွက် ကောင်းမွန်သော အစားထိုးကုသမှုတစ်ခု ဖြစ်ပါသည်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေဖြင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပြီး၊ ရှားရှားပါးပါး အခြေအနေများတွင် အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုစိတ် ဖြစ်ပေါ်ခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ အကယ်၍ သင့်တွင် ပုံမှန်မဟုတ်သော စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ ခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူသင့်ပါသည်။
နှာခေါင်းတွင်းထည့် Ipratropium (အိုင်ပရာထရိုပီယမ်) – ၎င်းသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူနိုင်သော နှာခေါင်းဖြန်းဆေးတစ်မျိုး ဖြစ်ပါသည်။ နှာခေါင်းအတွင်းရှိ ဂလင်းများမှ နှာရည်အလွန်အကျွံ ထွက်ရှိခြင်းကို တားဆီးပေးခြင်းဖြင့် ပြင်းထန်စွာ နှာရည်ယိုခြင်းကို သက်သာစေပါသည်။ သို့သော် နှာချေခြင်း၊ ယားယံခြင်း သို့မဟုတ် နှာပိတ်ခြင်းကဲ့သို့သော လက္ခဏာများအတွက်မူ အသုံးမဝင်ပါ။
ဤဆေးသည် နှာခေါင်းခြောက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်စိခြောက်သွေ့ကျိန်းစပ်ခြင်းကဲ့သို့သော အပျော့စား ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ခေါင်းမူးခြင်း၊ အမြင်အာရုံဝေဝါးခြင်းနှင့် ဆီးသွားရခက်ခဲခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်နိုင်ပါသည်။ အကယ်၍ သင့်တွင် ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ရေတိမ်ရောဂါရှိပါက ဤဆေးကို အသုံးမပြုရန် အကြံပြုထားပါသည်။
စတီးရွိုက်သောက်ဆေးများ (Oral corticosteroids) – Prednisone ကဲ့သို့သော စတီးရွိုက်ဆေးဝါးများကို ပြင်းထန်သော ဓာတ်မတည့်မှုလက္ခဏာများ သက်သာစေရန် အသုံးပြုနိုင်ပါသည်။ သို့သော် ဤဆေးများကို ရေရှည်သုံးစွဲပါက အတွင်းတိမ်ဖြစ်ခြင်း ၊ အရိုးပွခြင်း နှင့် ကြွက်သားအားနည်းခြင်း ကဲ့သို့သော ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သောကြောင့် များသောအားဖြင့် ကာလတိုအတွင်းသာ သောက်သုံးရန် ညွှန်ကြားလေ့ရှိပါသည်။
ခုခံအားစနစ်ကို လှုံဆော်ကုသခြင်း
ဓာတ်မတည့်မှုအတွက် ထိုးဆေးများ (Allergy shots): ၎င်းကို Immunotherapy သို့မဟုတ် Desensitization therapy ဟုလည်း ခေါ်ဆိုပြီး သင့်ခန္ဓာကိုယ်၏ ခုခံအားစနစ်က ဓာတ်မတည့်ပစ္စည်းများအပေါ် တုံ့ပြန်ပုံကို ပြောင်းလဲပေးနိုင်ပါသည်။ အကယ်၍ သောက်ဆေးများက ထိရောက်မှုမရှိခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုး အလွန်များခြင်းတို့ ဖြစ်ပေါ်ပါက ဤထိုးဆေးများကို အသုံးပြုရန် အကြံပြုနိုင်ပါသည်။ (၃) နှစ်မှ (၅) နှစ်အထိ ကြာမြင့်သော ကာလအတွင်း ဓာတ်မတည့်ပစ္စည်း ပမာဏအနည်းငယ်ကို ပုံမှန်ထိုးနှံပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ကို အဆိုပါပစ္စည်းများနှင့် ယဉ်ပါးသွားစေရန်နှင့် ဆေးဝါးများအပေါ် မှီခိုရမှုကို လျှော့ချရန် ရည်ရွယ်ပါသည်။ ဤနည်းလမ်းသည် တိရစ္ဆာန်အမွေး၊ ဖုန်မှုန့် သို့မဟုတ် သစ်ပင်၊ မြက်နှင့် ပေါင်းပင်များမှ ဝတ်မှုန်များနှင့် ဓာတ်မတည့်သူများအတွက် အထူးအသုံးဝင်ပါသည်။ ထို့ပြင် ကလေးငယ်များတွင် ပန်းနာရင်ကျပ်ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။
လျှာအောက်ထား ဓာတ်မတည့်မှုကုသဆေးပြားများ (Sublingual allergy tablets): ၎င်းသည် ထိုးဆေးများအစား ဓာတ်မတည့်ပစ္စည်း ပမာဏအလွန်နည်းပါးစွာ ပါဝင်သော ဆေးပြားကို လျှာအောက်တွင် ထည့်၍ အရည်ပျော်စေသော နည်းလမ်းဖြစ်ပါသည်။ ဤဆေးပြားများကို များသောအားဖြင့် နေ့စဉ် သောက်သုံးရလေ့ရှိပါသည်။ ၎င်းသည် ဓာတ်မတည့်မှု အမျိုးအစားအားလုံးအတွက် ထိရောက်မှု မရှိနိုင်သော်လည်း ဖုန်မှုန့်နှင့် မြက်ဝတ်မှုန်များကြောင့် ဓာတ်မတည့်သူများအတွက် အလွန်အကျိုးရှိနိုင်ပါသည်။
နှာခေါင်းအတွင်းကို ဆားရည်ဖြင့် ဆေးကြောခြင်း
ဆားရည်နှာခေါင်းဖြန်းဆေး (Saline nasal spray): ဆားရည်ပါဝင်သော နှာခေါင်းဖြန်းဆေးများသည် နှာခေါင်းအတွင်းရှိ အချွဲများကို ကျဲသွားစေရန်နှင့် ခြောက်သွေ့နေသော နှာခေါင်းလမ်းကြောင်းများကို စိုစွတ်စေရန် ကူညီပေးပါသည်။ ၎င်းတို့ကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်ပြီး လိုအပ်သလို အကြိမ်ကြိမ် အသုံးပြုနိုင်ပါသည်။
နှာခေါင်းအတွင်း ဆေးကြောခြင်း (Nasal irrigation): နှာခေါင်းလမ်းကြောင်းများကို ဆားရည်ဖြင့် ဆေးကြောခြင်းသည် နှာပိတ်ခြင်းကို လျင်မြန်ပြီး ထိရောက်စွာ သက်သာစေသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ နှာခေါင်းကို ဆေးကြောသည့်အခါ နှာခေါင်းအတွင်းရှိ အချွဲများနှင့် ဓာတ်မတည့်မှုကို ဖြစ်စေသော အရာများကို တိုက်ချဖယ်ရှားပေးပါသည်။ ဆားရည်ကြည် ဆိုသည်မှာ ရေကို အခြေခံထားပြီး ဆား (ဆိုဒီယမ်) အနည်းငယ်နှင့် အခြားဒြပ်ပစ္စည်းများ ပါဝင်သော ဖျော်ရည်ဖြစ်ပါသည်
