သန်ပြားကောင်ကူးစက်ရောဂါ

အကျဉ်းချုပ်

သန်ပြားကောင်သည် လူများ၊ မွေးမြူရေး တိရစ္ဆာန်များ၊ ကြောင်များနှင့် ခွေးများ အပါအဝင် အသားစားသော သတ္တဝါမျိုးစုံ၏ အူအတွင်း နေထိုင်အစာစားသော ကပ်ပါးကောင်တစ်မျိုး ဖြစ်သည်။ အရွယ်ရောက်ပြီးသော သန်ပြားကောင်များသည် အာဟာရဓာတ်များကို စုပ်ယူနိုင်ရန်အတွက် သတ္တဝါအတွင်း နေထိုင်ခြင်းအပေါ် မှီခိုသည်။ ၎င်းတို့သည် ခေါင်းများကို ထိုသတ္တဝါ၏ အူအတွင်းနံရံသို့ တွယ်ကပ်ထားပြီး အစာချေဖျက်နေသည့် အစားအစာများမှ အာဟာရများကို စုပ်ယူသည်။ သန်ပြားကောင်တွင် သန်လောင်းအိတ်အဆင့်ဟု ခေါ်သော အသက်မဝင်သေးသည့် အဆင့်တစ်ခုရှိပြီး ၎င်းသည် ခန္ဓာကိုယ် အစိတ်အပိုင်းအမျိုးမျိုးတွင် ရှင်သန်နိုင်ကာ သန်ပြား သားလောင်းအိတ် ကူးစက်ခြင်း အခြေအနေကို ဖြစ်ပေါ်စေသည်။

ပုံမှန်အားဖြင့် အူအတွင်း သန်ပြားကောင်ရှိနေခြင်းသည် အပျော့စား လက္ခဏာများကိုသာ ဖြစ်စေသော်လည်း ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနှင့် ဝမ်းလျှောခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် လက္ခဏာများ ပေါ်ပေါက်လာနိုင်သည်။ သန်ပြားသားလောင်းအိတ်များသည် ဦးနှောက်၊ အသည်း၊ အဆုတ်၊ နှလုံး သို့မဟုတ် မျက်လုံးကဲ့သို့သော အရေးကြီးသည့် ခန္ဓာကိုယ်နေရာများတွင် ဝင်ရောက်သွားပါက ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ သန်ပြားကောင် ကူးစက်ရောဂါကို တိုက်ဖျက်ရန် ကပ်ပါးပိုးသတ်ဆေးများကို အသုံးပြုသည်။ သန်လောင်းအိတ် ပိုးဝင်ခြင်းအတွက် ကုသမှုများတွင် ကပ်ပါးပိုးသတ်ဆေးများ အသုံးပြုခြင်းအပြင် သားလောင်းအိတ်များကို ခွဲစိတ်ဖယ်ရှားခြင်းများလည်း ပါဝင်နိုင်သည်။ လက္ခဏာများကို သက်သာစေရန် အခြားဆေးဝါးများကိုလည်း ပေးနိုင်ပါသည်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် သန်ပြားကောင် ပိုးဝင်သည့် နေရာပေါ် မူတည်၍ ကွဲပြားသည်

  • အူအတွင်း သန်ပြားကောင် ပိုးဝင်ခြင်း အူတွင်း သန်ပြားကောင်ရှိသည့်တိုင် မည်သည့် လက္ခဏာမျှ မပြသနိုင်သည်လည်း ရှိသည်။ သန်ကောင် အရေအတွက်နှင့် သန်ပြားကောင် မျိုးစိတ်ပေါ် မူတည်၍ ရောဂါလက္ခဏာများ ပြင်းထန်မှု ကွာခြားနိုင်သည်။ ဖြစ်နိုင်သော လက္ခဏာများမှာ
    • ဝမ်းလျှောခြင်း
    • လေပွခြင်း
    • ဆာလောင်ခြင်း
    • ဆားများသော အစားအစာ စားချင်စိတ် ပြင်းပြခြင်း
    • ဝမ်းပျော့ပျော့သွားခြင်း
    • အစာစားချင်စိတ် လျော့နည်းခြင်း
    • ဗိုက်နာခြင်း
    • ဗိုက်မအီမသာဖြစ်ခြင်း သို့မဟုတ် ပျို့အန်ခြင်း
    • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • သန်လောင်းအိတ် ပိုးဝင်ခြင်း ရောဂါဖြစ်စေသော သန်လောင်းအိတ်များ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် ရှိသည်ပေါ် မူတည်ပြီး လက္ခဏာများ ကွဲပြားသည်
    • ဦးနှောက် သို့မဟုတ် ကျောရိုးမ
      • အပြုအမူ ပြောင်းလဲခြင်း
      • ခေါင်းမူးခြင်း
      • ခေါင်းကိုက်ခြင်း
      • ကြွက်သား အားနည်းခြင်း
      • ကျောရိုး သို့မဟုတ် ခြေလက်များတွင် အာရုံကြော နာကျင်ခြင်း
      • ဟန်ချက် မထိန်းနိုင်ခြင်း
      • အတက်ရောဂါ ရခြင်း
    • အခြား အင်္ဂါအစိတ်အပိုင်းများ ယင်းတို့သည် ထိုအင်္ဂါ၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။ ဥပမာအားဖြင့် သန်လောင်းအိတ်များသည် နှလုံး အဆုတ် သို့မဟုတ် အသည်းတွင် ပြင်းထန်သော ရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။ လက္ခဏာများသည် အမျိုးမျိုး ကွဲပြားနိုင်သည်။ တစ်ခါတစ်ရံတွင် စမ်းသပ်၍ ရနိုင်သော အဖုအကျိတ်များ ရှိနိုင်သည်။ သန်လောင်းအိတ် ပိုးဝင်သည့်နေရာသည်လည်း နာကျင်ကာ ရောင်ရမ်းနေနိုင်သည်။

သန်ပြားကောင် ကူးစက်ရောဂါ၏ မည်သည့် လက္ခဏာ သို့မဟုတ် အရိပ်အယောင်ကိုမဆို ခံစားရပါက ဆေးကုသမှု ခံယူသင့်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

သန်ပြားကောင် မျိုးစိတ်အများစုသည် ၎င်းတို့၏ သက်တမ်းစက်ဝန်းကို ပြီးမြောက်ရန် ခိုအောင်းရာ နှစ်မျိုး လိုအပ်သည်။ ၎င်းတို့မှာ ကပ်ပါးကောင်သည် ဥမှ သန်လောင်းသို့ ကူးပြောင်းသည့် ကြားခံ ခိုအောင်းရာ နှင့် သန်လောင်းမှ အရွယ်ရောက် သန်ကောင်အဖြစ် ရင့်ကျက်သည့် အဓိက ခိုအောင်းရာ တို့ဖြစ်သည်။ ဥပမာအားဖြင့် အမဲသားသန်ပြားကောင်၏ သက်တမ်းစက်ဝန်းတွင် နွားနှင့် လူ နှစ်မျိုးစလုံး ပါဝင်သည်။ အမဲသားသန်ပြားကောင်၏ ဥများသည် ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ တည်ရှိနိုင်သည်။ ကြားခံ ခိုအောင်းရာဖြစ်သော နွားသည် ဤဥများဖြင့် ညစ်ညမ်းနေသော အသီးအရွက်များကို စားသုံးသောအခါ နွား၏အူအတွင်း၌ ဥများမှ သန်လောင်းများ ပေါက်လာသည်။ ထို့နောက် သန်လောင်းများသည် သွေးကြောထဲသို့ ဝင်ရောက်ကာ ကြွက်သားတစ်ရှူးများသို့ ရွေ့လျားသွားပြီး အိတ်ပုံစံဖြင့် နေရာယူသည်။ လူများသည် ဤသန်လောင်းအိတ်များ ပါဝင်သည့် မကျက်တကျက် အမဲသားကို စားသုံးမိသောအခါ အဓိက ခိုအောင်းရာ ဖြစ်လာပြီး သန်ပြားကောင် ပိုးဝင်ခြင်းကို ဖြစ်စေသည်။ လူ့အူအတွင်း၌ အိတ်များမှ အရွယ်ရောက် သန်ပြားကောင်များ ထွက်လာပြီး အစာစား မျိုးပွားရန်အတွက် အူနံရံသို့ တွယ်ကပ်ကာ နောက်ဆုံးတွင် ဝမ်းနှင့်အတူ သန်ပြားဥများကို ထုတ်လွှတ်သည်။ လူများတွင် သန်ပြားကောင် ပိုးဝင်ခြင်းသည် အမဲသား၊ ဝက်သား သို့မဟုတ် ငါးကဲ့သို့သော အသားစိမ်း သို့မဟုတ် မကျက်တကျက် အသားများကို စားသုံးခြင်းမှတစ်ဆင့် ဖြစ်ပွားနိုင်သည်။ အချို့ကိစ္စများတွင် လူများသည် သန်ပြားကောင် မျိုးစိတ်အချို့အတွက် ကြားခံ ခိုအောင်းရာအဖြစ်လည်း လုပ်ဆောင်နိုင်သည်။ ၎င်းသည် ခွေးများ၏ ဝမ်းထဲတွင် သန်ပြားကောင်ဥများဖြင့် ညစ်ညမ်းနေသော အစားအစာ သို့မဟုတ် ရေကို စားသုံးမိခြင်းမှတစ်ဆင့် ဖြစ်ပွားလေ့ရှိသည်။ စားသုံးမိသော ဥများသည် အူအတွင်း၌ ပေါက်လာပြီး သန်လောင်းများသည် သွေးကြောမှတစ်ဆင့် ပျံ့နှံ့ကာ ခန္ဓာကိုယ် တစ်ရှူးအမျိုးမျိုးတွင် အိတ်များ ဖွဲ့စည်းသည်။ ဤသန်လောင်းအိတ်များသည် လူများတွင် အရွယ်ရောက် သန်ကောင်အဖြစ်သို့ ပြောင်းလဲခြင်း မရှိသော်လည်း ပိုးဝင်ပြီး နှစ်ပေါင်းများစွာကြာပြီးနောက် ခုခံအားစနစ်၏ တုံ့ပြန်မှုကြောင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

သတိပြုရန်မှာ သန်ပြားကောင် သက်တမ်းစက်ဝန်းတွင် ခြွင်းချက်များလည်း ရှိသည်-

  • ဝက်သားသန်ပြားကောင် လူများသည် အဓိက ခိုအောင်းရာ သို့မဟုတ် ကြားခံ ခိုအောင်းရာ နှစ်မျိုးလုံးအဖြစ် လုပ်ဆောင်နိုင်သည်။ မကျက်တကျက် ဝက်သားကို စားသုံးခြင်းသည် အရွယ်ရောက် ဝက်သားသန်ပြားကောင် ကူးစက်မှုကို ဖြစ်စေနိုင်ပြီး ဝမ်း စွန့်ထုတ်သောအခါ ပါလာသော ဥများသည် တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်းကြောင့် အခြားသူ သို့မဟုတ် မိမိကိုယ်တိုင် သန်လောင်းအိတ် ပိုးဝင်ခြင်းကို ဖြစ်စေနိုင်သည်။
  • ပုပုသေးသေး သန်ပြားကောင် လူများသည် ညစ်ညမ်းသော အစားအစာ သို့မဟုတ် ရေ သို့မဟုတ် လက်သန့်ရှင်းမှု အားနည်းခြင်းကြောင့် သန်ပြားကောင်ဥများကို စားသုံးမိသည်။ ဥများသည် အူအတွင်း၌ ပေါက်ပြီး သန်လောင်းများသည် အူနံရံတွင် တွယ်ကပ်ကာ အိတ်များ ဖွဲ့စည်းပြီး အရွယ်ရောက် သန်ပြားကောင်အဖြစ် ကြီးထွားလာသည်။ ဥအချို့သည် ဝမ်းနှင့်အတူ အပြင်သို့ ထွက်သွားသော်လည်း အချို့မှာ အူအတွင်း၌ပင် ပေါက်ကာ ပိုးကူးစက်မှု စက်ဝန်းကို ဆက်လက် လည်ပတ်စေသည်။

ဖြစ်နိုင်ခြေရှိသော အချက်များ

သန်ပြားကောင် သို့မဟုတ် သန်လောင်းအိတ် ပိုးဝင်ခြင်းသည် အောက်ပါအချက်များကြောင့် ဖြစ်နိုင်သည်

  • အသားစိမ်း သို့မဟုတ် မကျက်တကျက် အသားများကို စားသုံးခြင်း အသားစိမ်းနှင့် ငါးစိမ်းကို စားသုံးခြင်းသည် သန်ပြားကောင် ပိုးဝင်နိုင်ခြေကို မြင့်တက်စေသည်။ အခြောက်ခံထားသော သို့မဟုတ် မီးခိုးကျပ်တိုက်ထားသော ငါးများတွင်လည်း သန်လောင်းအိတ်များ ပါဝင်နိုင်သည်။
  • ပိုးကူးစက်မှုနှုန်း မြင့်မားသော နေရာ ပိုးကူးစက်မှုနှုန်း မြင့်မားသော နေရာဒေသတွင် နေထိုင်ခြင်း သို့မဟုတ် သွားရောက်ခြင်းသည်လည်း ဖြစ်နိုင်ခြေရှိသော အချက်တစ်ခုဖြစ်သည်။
  • သန့်ရှင်းသောရေ မလုံလောက်ခြင်း သောက်သုံးရန် ရေချိုးရန်နှင့် အစားအစာ ပြင်ဆင်ရန်အတွက် သန့်ရှင်းသောရေ အလုံအလောက် မရှိပါက သန်ပြားကောင်ဥများနှင့် ထိတွေ့နိုင်ခြေ တိုးလာသည်။
  • တကိုယ်ရည်သန့်ရှင်းမှု နည်းပါးခြင်း လက်ကို စနစ်တကျ မဆေးကြောခြင်းကြောင့် ရောဂါကူးစက်နိုင်ခြေနှင့် ပြန့်ပွားနိုင်ခြေ တိုးလာသည်။ ထို့ပြင် မဆေးကြောထားသော ဟင်းသီးဟင်းရွက်များတွင်လည်း သန်ပြားကောင် ဥများ ရှိနေနိုင်သည်။
  • သန့်ရှင်းရေးနှင့် မိလ္လာစနစ် အားနည်းခြင်း လူတို့၏ မစင်စွန့်ပစ်မှုအတွက် သန့်ရှင်းရေးနှင့် မိလ္လာစနစ် မလုံလောက်ပါက မွေးမြူရေး တိရစ္ဆာန်များသည် လူ၏ သန်ပြားကောင် ဥများနှင့် ထိတွေ့နိုင်ခြေ ပိုများလာသည်။ တဖန် ပိုးဝင်နေသော အသားကို စားသုံးမိနိုင်ခြေကို တိုးလာစေသည်။

ရောဂါရှာဖွေခြင်း

လူနာတွင် သန်ပြားကောင် ပိုးဝင်ခြင်း ရှိမရှိကို သိရှိရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်

  • အူအတွင်း သန်ပြားကောင် ပိုးဝင်ခြင်း
    • ကျန်းမာရေး ဝန်ဆောင်မှုပေးသူမှ ဝမ်းနမူနာကို စစ်ဆေး၍ အူအတွင်း သန်ပြားကောင် ပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးသည်။ ဓါတ်ခွဲခန်း စစ်ဆေးမှုများအတွင်း သန်ပြားကောင်၏ ဥများ သို့မဟုတ် အစိတ်အပိုင်းများကို တွေ့ရှိနိုင်သည်။ ဝမ်းနမူနာကို ရက်များစွာ ပေးရနိုင်ပါသည်။
  • သန်လောင်းအိတ် ပိုးဝင်ခြင်း
    • ပုံရိပ်ဖော် စစ်ဆေးခြင်း သန်လောင်းအိတ်များကို ရှာဖွေဖော်ထုတ်ရန် ကျန်းမာရေး ဝန်ဆောင်မှုပေးသူများသည် အာလ်ထရာဆောင်း၊ သံလိုက်ဓာတ်မှန် သို့မဟုတ် ကွန်ပျူတာ ဓာတ်မှန်ကဲ့သို့သော ပုံရိပ်ဖော် စစ်ဆေးမှုများကို အသုံးပြုသည်။ တစ်ခါတစ်ရံတွင် အခြား အခြေအနေတစ်ခုအတွက် စစ်ဆေးသော ပုံရိပ်ဖော် စစ်ဆေးမှုများမှတစ်ဆင့် သန်လောင်းအိတ်များကို မတော်တဆ တွေ့ရှိရနိုင်သည်။
    • သွေးစစ်ဆေးခြင်း ရောဂါရှာဖွေအတည်ပြုရန် သွေးစစ်ဆေးခြင်းကို အသုံးပြုနိုင်သည်။ ဓါတ်ခွဲခန်း၌ စစ်ဆေးသော သွေးနမူနာသည် သန်လောင်းအိတ်များကို တိုက်ထုတ်သည့် ခုခံအားစနစ်မှ ပဋိပစ္စည်းများကို ပြသနိုင်သည်။

ကုသခြင်း

အောက်ပါ နည်းလမ်းများသည် သန်ပြားကောင် ပိုးဝင်ခြင်းကို ကုသရန် ကူညီနိုင်သည်]

  • အူအတွင်း သန်ပြားကောင် ပိုးဝင်ခြင်း – အူအတွင်း သန်ပြားကောင် ပိုးဝင်ခြင်းကို ကုသရန် ကပ်ပါးပိုးသတ်ဆေးများကို အသုံးပြုသည်။ ထိုဆေးဝါးများတွင်-
    • ပရာဇီကွန်တယ် (Praziquantel)
    • အယ်လ်ဘန်ဒါဇော (Albendazole)
    • နိုက်ထာဇောက်ဆန်နိုက်(itazoxanide) တို့ ပါဝင်သည်။

ပရာဇီကွန်တယ်သည် သန်ကောင်ကို လေဖြတ်စေပြီး အူနံရံမှ ကွာကျစေသောကြောင့် ကျန်းမာရေး ဝန်ဆောင်မှုပေးသူများက ပုံမှန်အားဖြင့် အကြံပေးလေ့ရှိသည်။

ဤဆေးဝါးများသည် သန်ပြားကောင်များကို ထိရောက်စွာ ဖယ်ရှားနိုင်သော်လည်း ၎င်းတို့၏ ဥများကိုမူ မဖယ်ရှားနိုင်ပါ။ သန်ပြားကောင် ဥများ မိမိကိုယ်ကို သို့မဟုတ် အခြားသူများထံ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန် အိမ်သာအသုံးပြုပြီးနောက် ဆပ်ပြာနှင့်ရေဖြင့် လက်ကို သေချာစွာ ဆေးကြောရန် အရေးကြီးသည်။ ကုသမှု၏ ထိရောက်မှုကို အကဲဖြတ်ရန် ဝမ်းနမူနာများကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေး ဝန်ဆောင်မှုပေးသူမှ နောက်ထပ် ပြသရမည့်ရက်များကို သတ်မှတ်ပေးပါမည်။

  • သန်လောင်းအိတ် ပိုးဝင်ခြင်း – ပိုးဝင်သည့်နေရာ သို့မဟုတ် ပြင်းထန်မှုအဆင့်အပေါ် မူတည်၍ သန်လောင်းအိတ် ပိုးဝင်ခြင်းကို ကုသပုံသည် ကွဲပြားသည်။ အသုံးများသော ကုသမှုများမှာ အောက်ပါအတိုင်း ဖြစ်သည် –
    • ကပ်ပါးပိုးသတ်ဆေးများ ဦးနှောက် သို့မဟုတ် ဗဟိုအာရုံကြောစနစ်အတွင်းရှိ သန်လောင်းအိတ်များအတွက် အယ်လ်ဘန်ဒါဇောနှင့် ပရာဇီကွန်တယ်တို့ကို အသုံးပြု၍ ကုသသည်။
    • သန်ကောင်ကျဆေး ဤဆေးဝါးသည် ကပ်ပါးသန်ကောင်များကို ဖယ်ရှားပြီး ရှင်သန်နေသော သန်လောင်းများပါရှိသည့် အိတ်များကို လျှော့ချပေးနိုင်သည်။ ကော်တီကိုစတီးရွိုက်နှင့် တွဲ၍ သန်ကောင်ကျဆေးများသည် အိတ်များ သေဆုံးခြင်းမှ ဖြစ်ပေါ်လာသော ရောင်ရမ်းမှုကို လျော့ပါးစေရန် ကူညီပေးနိုင်သည်။
    • အတက်ရောဂါ ကာကွယ်ဆေး အထူးသဖြင့် အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေပါက ယင်းကဲ့သို့သော လက္ခဏာများအတွက် ကုသမှုသည် စောစီးစွာ လိုအပ်နိုင်သည်။ ဤဆေးဝါးများသည် ဦးနှောက်ရှိ သန်လောင်းအိတ်များကြောင့် ဖြစ်ပေါ်လာသော အတက်ရောဂါကို ကာကွယ်ရန် သို့မဟုတ် ကုသရန် ကူညီပေးသည်။
    • ကော်တီကိုစတီးရွိုက် တစ်ရှူးများ ကြွက်သားများ သို့မဟုတ် အခြား အင်္ဂါအစိတ်အပိုင်းများတွင် သန်သားလောင်းအိတ်များက ရောင်ရမ်းမှုကို ဖြစ်ပေါ်စေသည့်အခါ ကော်တီကိုစတီးရွိုက်ကဲ့သို့သော ရောင်ရမ်းမှု ဆန့်ကျင်ဆေးများဖြင့် ကုသနိုင်သည်။
    • အရည်စုပ်ထုတ်ခြင်း အကယ်၍ သန်လောင်းအိတ်များသည် ပြဿနာများ ဖြစ်ပေါ်စေပါက အရည်စုပ်ထုတ်ခြင်းကို ရွေးချယ်နိုင်သည်။ ကျန်းမာရေး ဝန်ဆောင်မှုပေးသူသည် အပ်ကို အသုံးပြု၍ အိတ်အတွင်းမှ အရည်ကို ဖောက်ကာ ဖယ်ရှားနိုင်ပြီး နောက်ဆုံးတွင် သန်လောင်းများကို ကပ်ပါးပိုးသတ်ဆေးဖြင့် ဆေးကြောပေးသည်။
    • ခွဲစိတ်ကုသခြင်း အင်္ဂါအစိတ်အပိုင်း လုပ်ဆောင်ချက်ကို အန္တရာယ်ဖြစ်စေသော သန်လောင်းအိတ်များကို ခွဲစိတ် ဖယ်ရှားရန် လိုအပ်နိုင်သည်။
    • အရည်ထုတ်ပြွန် ဦးနှောက်အတွင်းရှိ ပိုလျှံနေသော အရည်များကို အရည်ထုတ်ပြွန်ဟု ခေါ်သည့် ပိုက်ကို အသုံးပြု၍ စုပ်ထုတ်ရန် လိုအပ်နိုင်သည်။

Doctors who treat this condition