နှာခေါင်းရိုးကျိုးခြင်း

အကျဉ်းချုပ်အကြောင်းအရာ

နှာခေါင်းအတွင်းရှိ အရိုးများ သို့မဟုတ် အရိုးနုများ ကျိုးအက်ခြင်း သို့မဟုတ် ပဲ့ထွက်သွားခြင်းဖြစ်လျှင် နှာခေါင်းရိုး ကျိုးခြင်း (Broken or Fractured nose) ဖြစ်ပေါ်လာပါသည်။ ယင်းသည် အသက်ရှူရ ခက်ခဲခြင်း၊ နှာခေါင်းသွေးယိုခြင်းနှင့် နာကျင်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ နှာခေါင်းရိုးကျိုးခြင်း (Nasal fracture) ဆိုသည့် ဝေါဟာရကို နှာခေါင်းကျိုးခြင်း (Broken nose) ဟူသော ဝေါဟာရနှင့် အဓိပ္ပာယ်တူ ဖလှယ်၍ အသုံးပြုလေ့ရှိကြသည်။

နှာခေါင်းရိုး ကျိုးသွားပါက နှာခေါင်းတစ်ဝိုက်နှင့် မျက်လုံးအောက် ဧရိယာတွင် ရောင်ရမ်းခြင်းနှင့် ညိုမည်းစွဲခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။ အထူးသဖြင့် နှာခေါင်း ပုံစံပျက်သွားသည့်အခါ သို့မဟုတ် ကွေးကောက်သွားသည့်အခါ အသက်ရှူရ ခက်ခဲခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။ ပြင်းထန်သော ဖြစ်စဉ်များတွင် နှာခေါင်းအတွင်း သွေးခဲစွဲခြင်း (Nasal hematoma) အထိ ဖြစ်ပွားနိုင်သည်။

မျက်နှာ ထိခိုက်ဒဏ်ရာရစေသည့် ခန္ဓာကိုယ်ချင်း ထိတွေ့ဆောင့်မိသော အားကစားများ၊ ရိုက်ပုတ်ထိုးနှက်ပွဲများ၊ ချော်လဲခြင်းများနှင့် မော်တော်ယာဉ် မတော်တဆမှုများသည် နှာခေါင်းရိုးကျိုးရခြင်း၏ အတွေ့ရများသော အကြောင်းအရင်းများ ဖြစ်ကြသည်။ အနည်းငယ် သာမန်မျှ ကျိုးအက်ခြင်းမျိုးသည် သူ့အလိုလို ပြန်လည်ကောင်းမွန်သွားနိုင်သည်။ သို့သော် ပြင်းထန်သော သို့မဟုတ် နေရာအများအပြား ကျိုးအက်သော ဖြစ်စဉ်များတွင်မူ ကျိုးသွားသော နှာခေါင်းရိုးကို နေရာမှန် ပြန်ဆက်ပေးရန် ကုသမှု သို့မဟုတ် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ပေမည်။

ရောဂါလက္ခဏာများ

နှာခေါင်းရိုး ကျိုးထားသော သူများသည် အောက်ပါ လက္ခဏာများနှင့် ပြသချက်များကို ကြုံတွေ့ရနိုင်ပါသည် –

  • ကိုင်ကြည့်ပါက နာကျင်ခြင်းနှင့် ထိစိမ့်နာ ဖြစ်ခြင်း
  • နှာခေါင်းအတွင်းနှင့် နှာခေါင်းတစ်ဝိုက် ရောင်ရမ်းခြင်း
  • နှာခေါင်း သို့မဟုတ် မျက်လုံးတစ်ဝိုက် ညိုမည်းစွဲခြင်း
  • နှာခေါင်းသွေးယိုခြင်း
  • နှာခေါင်း ပိတ်ဆို့ခြင်း
  • နှာခေါင်းအတန်းရိုးအတွင်း သွေးခဲစွဲခြင်း (Nasal septal hematoma)
  • နှာခေါင်း ပုံစံပျက်ယွင်းခြင်း သို့မဟုတ် ကွေးကောက်သွားခြင်း
  • နှာခေါင်းမှတစ်ဆင့် အသက်ရှူရန် ခက်ခဲခြင်း
  • နှာခေါင်းမှ အကျဲရည်/နှာရည်များ ထွက်ခြင်း

နှာခေါင်းရိုး ကျိုးခြင်းသည် အမြဲတမ်း အရေးပေါ် စောင့်ရှောက်မှု ခံယူရန် မလိုကောင်း မလိုနိုင်သော်လည်း ဆေးဝါးကုသမှုကို အချိန်မီ ရယူရန် အရေးကြီးပါသည်။ စောစီးစွာ ကုသမှု ခံယူခြင်းသည် အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် ပုံစံပျက်ယွင်းကျန်ခဲ့ခြင်းကဲ့သို့သော ရေရှည် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

အကယ်၍ ထိန်းချုပ်ရန် ပထမအကြိမ် ကြိုးစားသော်လည်း နှာခေါင်းသွေးယိုခြင်း ဆက်လက်ဖြစ်ပေါ်နေပါက၊ အသက်ရှူရခက်ခဲလာပါက၊ ဦးခေါင်း သို့မဟုတ် လည်ပင်း ထိခိုက်ဒဏ်ရာပါ ရှိနေပါက၊ နှာခေါင်း ပုံစံ အလွန်အမင်း ပျက်ယွင်းနေပါက သို့မဟုတ် နှာခေါင်းမှ ကြည်လင်သော အရည်များ စိမ့်ထွက်နေပါက ချက်ချင်း အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် အရေးကြီးပါသည်။

အကြောင်းရင်းများ

နှာခေါင်းရိုး ကျိုးခြင်းသည် မာကျောသော အရာတစ်ခုခုနှင့် ပြင်းထန်စွာ ရိုက်ခတ်မိခြင်း (Blunt force trauma) ကြောင့် ဖြစ်ပွားနိုင်သည်။ ယင်းသည် ရိုက်ပုတ်ထိုးနှက်ပွဲများ၊ ချော်လဲခြင်းများ၊ မော်တော်ယာဉ် တိုက်ခိုက်မှုများနှင့် အားကစားဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများတွင် အဖြစ်များလေ့ရှိသည်။ တံခါး သို့မဟုတ် နံရံကဲ့သို့သော ငြိမ်နေသည့် အရာများကို ဝင်တိုက်မိခြင်း သို့မဟုတ် နပန်းလုံးသကဲ့သို့ ကြမ်းတမ်းစွာ စကစားခြင်းတို့ကြောင့်လည်း နှာခေါင်းရိုး ကျိုးသွားနိုင်ပါသည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ

နှာခေါင်းရိုး ကျိုးခြင်းသည် အတော်အတန် အဖြစ်များပြီး မျက်နှာပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ အားလုံး၏ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိသည်။ ကိန်းဂဏန်း အချက်အလက်များအရ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားနိုင်ခြေ ရှိသည်။

အချို့သော လှုပ်ရှားမှုများသည်လည်း နှာခေါင်းရိုး ကျိုးနိုင်ခြေ အန္တရာယ်ကို မြင့်တက်စေသည်၊ ဥပမာ – စက်ဘီးစီးခြင်း၊ ရိုက်ပုတ်ထိုးနှက်ပွဲများတွင် ပါဝင်ခြင်း၊ အလေးမခြင်း၊ အကာအကွယ်မပါဘဲ ခန္ဓာကိုယ်ချင်း ထိတွေ့ဆောင့်မိသော အားကစားများ ဆော့ကစားခြင်းနှင့် ထိုင်ခုံခါးပတ် မပတ်ဘဲ ကားမောင်းခြင်းတို့ ဖြစ်ကြသည်။

ရောဂါရှာဖွေခြင်း

နှာခေါင်းရိုး ကျိုးခြင်းကို ရောဂါအမည်တပ် စစ်ဆေးရန်အတွက် ကျန်းမာရေးစောင့်ရှောက်ပေးသူသည် ပုံမှန်အားဖြင့် စမ်းသပ်စစ်ဆေးခြင်း (Physical examination) ဖြင့် စတင်ပါလိမ့်မည်။ အဆိုပါ စစ်ဆေးမှုအတွင်း ဆရာဝန်သည် နှာခေါင်းအဆက်ရိုးတစ်လျှောက်ကို အသာအယာ ဖိကြည့်မည်ဖြစ်ပြီး နှာခေါင်းလမ်းကြောင်းများအတွင်း ပိတ်ဆို့မှုများ ရှိ၊ မရှိ စစ်ဆေးပါလိမ့်မည်။ ထို့အပြင် နှာခေါင်းပတ်ဝန်းကျင် ဧရိယာများကို အကဲဖြတ်စစ်ဆေးပြီး အခြားအရိုးကျိုးအက်သည့် လက္ခဏာများကို ရှာဖွေပါလိမ့်မည်။ စမ်းသပ်စစ်ဆေးစဉ်အတွင်း ထုံဆေး ပေးထားနိုင်ပါသည်။

ထိခိုက်ဒဏ်ရာ၏ ပြင်းထန်မှုအပေါ် မူတည်၍ ဆရာဝန်သည် ကျိုးသွားသော နှာခေါင်းရိုးကို သေချာစွာ စစ်ဆေးနိုင်ရန်အတွက် ဓာတ်မှန် (X-ray) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ကဲ့သို့သော ထပ်ဆောင်းစစ်ဆေးမှုများကို တောင်းဆိုနိုင်ပါသည်။

ကုသမှု

သင့်တော်သော ကုသမှုနည်းလမ်းကို ထိခိုက်ဒဏ်ရာ၏ ပြင်းထန်မှုအလိုက် ဆုံးဖြတ်ပါသည်။ ကုသမှု ရွေးချယ်စရာများမှာ ပုံမှန်အားဖြင့် နှာခေါင်းကို ရေခဲကပ်ပေးခြင်းမှသည် ခွဲစိတ်ကုသခြင်းအထိ ပါဝင်ပါသည်။ အနည်းငယ်သာ ထိခိုက်သည့် ဒဏ်ရာများကို ထိခိုက်ထားသော ဧရိယာတွင် ရေခဲကပ်ပေးခြင်းနှင့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းတို့ဖြင့် ကုသနိုင်ပါသည်။ အကယ်၍ နှာခေါင်းရိုးကျိုးခြင်းသည် နှာခေါင်း ကွေးကောက်သွားခြင်း သို့မဟုတ် ပုံစံပျက်ယွင်းသွားခြင်း မရှိပါက နေရာမှန် ပြန်ဆက်ပေးရန် သို့မဟုတ် ခွဲစိတ်ရန် လိုအပ်မည် မဟုတ်ပါ။ ကျိုးသွားသော နှာခေါင်းရိုးသည် ပုံမှန်အားဖြင့် သုံးပတ်မှ ခြောက်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာလေ့ရှိပါသည်။

  • လက်ဖြင့် နေရာမှန် ပြန်လည်ပြင်ဆင်ခြင်း (Manual realignment) – ထိခိုက်ဒဏ်ရာကြောင့် နှာခေါင်းအရိုးများ နေရာလွဲသွားပါက ကျန်းမာရေးစောင့်ရှောက်ပေးသူသည် အဆိုပါ အရိုးများကို နေရာမှန် ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်ပါလိမ့်မည်။ ယင်းအတွက် ပုံမှန်အားဖြင့် အရိုးများနှင့် အရိုးနုများကို မူလနေရာသို့ အသာအယာ ပြန်လည်တွန်းမသွင်းမီ မိန်းမကိုယ်/နှာခေါင်းသုံး လိမ်းထုံဆေးဖြင့် နှာခေါင်းကို ထုံစေရန် ပြုလုပ်ရပါသည်။ ကျိုးအက်နေသော အရိုးများနှင့် အရိုးနုများကို ဖြောင့်တန်းစေရန် အထူးပြုလုပ်ထားသော ကိရိယာများကို အသုံးပြုလေ့ရှိပါသည်။ လူနာ၏ အသက်အရွယ်နှင့် ထိခိုက်ဒဏ်ရာ၏ ပြင်းထန်မှုအပေါ် မူတည်၍ မေ့ဆေး (General anesthesia) ပေးရန် လိုအပ်နိုင်ပါသည်။

နှာခေါင်းအရိုးများကို နေရာမှန် ပြန်ဆက်ပေးပြီးနောက် ဆရာဝန်သည် နှာခေါင်းပေါက်များအတွင်းသို့ ဂေါ်ဇ်စလုံးများ (Gauze packing) ထည့်သွင်းပေးနိုင်ပြီး နှာခေါင်းအပြင်ဘက်တွင် ပတ္တီးစည်းပေးနိုင်ပါသည်။ အချို့သော ဖြစ်စဉ်များတွင် ယာယီ ကျောက်ပျော့ (Splint) ကို ထည့်သွင်းပေးထားနိုင်ပါသည်။ တစ်ပတ်မှ နှစ်ပတ်အတွင်း ဂေါ်ဇ်စလုံးနှင့် ပတ္တီးများကို ဖယ်ရှားနိုင်ပါသည်။ နှာခေါင်းအတွင်းရှိ ဘက်တီးရီးယားများမှတစ်ဆင့် ပိုးမဝင်စေရန် အန်တီဘိုယိုတစ် (ပဋိဇီဝဆေး) များကိုလည်း ညွှန်းဆိုပေးလေ့ရှိပါသည်။

ရောင်ရမ်းမှုများ မရှိတော့ဘဲ လျော့ကျသွားစေရန်အတွက် လက်ဖြင့် နေရာမှန် ပြန်လည်မပြင်ဆင်မီ ရက်ပိုင်းမျှ စောင့်ဆိုင်းရသည်လည်း ရှိနိုင်ပါသည်။ ယေဘုယျအားဖြင့် အဆိုပါ လုပ်ငန်းစဉ်ကို အရိုးကျိုးပြီး ၁၄ ရက်အတွင်း သို့မဟုတ် ယင်းထက်စော၍ ပြီးစီးအောင် ပြုလုပ်ရမည် ဖြစ်သည်။

  • ခွဲစိတ်ကုသခြင်း (Surgery) – ပြင်းထန်စွာ နှာခေါင်းရိုးကျိုးသည့် ဖြစ်စဉ်များ (နေရာအများအပြား ကျိုးအက်ခြင်းများနှင့် နှစ်ပတ်ထက်မက ကုသမှုမယူဘဲ ပစ်ထားခဲ့သော ဖြစ်စဉ်များ ပါဝင်သည်) တွင် နှာခေါင်းအရိုးများကို နေရာမှန် ပြန်ဆက်ပေးရန်နှင့် အသက်ရှူရ ခက်ခဲခြင်းကို သက်သာစေရန်အတွက် ခွဲစိတ်ကုသမှုကို အကြံပြုလေ့ရှိပါသည်။ အရိုးကျိုးခြင်းကြောင့် သင့်နှာခေါင်း လမ်းကြောင်း ထိခိုက်သွားပါက အသက်ရှူသည့်အခါ ပိတ်ဆို့နေသည့် ခံစားချက် သို့မဟုတ် နှာပိတ်နေသည့် ခံစားချက်ကို ကြုံတွေ့ရနိုင်ပါသည်။ အဆိုပါ အခြေအနေမျိုးတွင် ပြန်လည်ဆန်းသစ်မှု ခွဲစိတ်ကုသခြင်း (Reconstructive surgery) ကို ကုသမှုတစ်ခုအဖြစ် အကြံပြုနိုင်ပါသည်။

Doctors who treat this condition