မာကယ်ဆဲလ် အရေပြား ကင်ဆာ ရောဂါ

မာကယ်ဆဲလ် အရေပြား ကင်ဆာ ရောဂါ

အကြောင်း သိကောင်းစရာ

အရေပြား၏ နျူရိုအင်းဒိုခရိုင်း ကင်ဆာ (neuroendocrine carcinoma of the skin) ဟုလည်း ခေါ်ဆိုသော မာကယ်ဆဲလ် ကင်ဆာ (Merkel cell carcinoma) သည် အပြာရောင် သို့မဟုတ် အနီရောင် ပြောင်းလဲနေသော အဖုအကျိတ်ဖြင့် ပေါ်ပေါက်လာသည့် ရှားပါးသော အရေပြားကင်ဆာ အမျိုးအစားဖြစ်သည်။ ယင်းသည် ပြင်းထန်နိုင်ပြီး ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများသို့ မကြာခဏ ပျံ့နှံ့လေ့ရှိသည်။ မာကယ်ဆဲလ် ကင်ဆာကို သက်ကြီးရွယ်အိုများ၊ နေရောင်ခြည်နှင့် ထိတွေ့မှု ကြာရှည်သူများ သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းသူများတွင် အများအားဖြင့် တွေ့ရှိရသည်။

ရောဂါလက္ခဏာများ

မာကယ်ဆဲလ် ကင်ဆာ၏ အဖြစ်အများဆုံး စတင်ဖြစ်ပွားမှုမှာ နာကျင်မှုမရှိဘဲ လျှင်မြန်စွာ ကြီးထွားလာသော အဖုအကျိတ် အသေးလေး အရေပြားပေါ်တွင် ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ အဖုအကျိတ်သည် အရေပြား အရောင်အတိုင်း သို့မဟုတ် အနီရောင်၊ အပြာရောင် သို့မဟုတ် ခရမ်းရောင် ပုံသဏ္ဌာန် ရှိနိုင်ပြီး ဦးခေါင်း၊ မျက်နှာ သို့မဟုတ် လည်ပင်းတို့တွင် အများအားဖြင့် တွေ့ရှိရသော်လည်း ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများတွင်လည်း တွေ့ရှိနိုင်သည်။

အဖုအကျိတ်တွင် အောက်ပါ ဝိသေသလက္ခဏာများ ရှိနိုင်သည် –

  • မောက်တက်နေခြင်း သို့မဟုတ် ခွက်မှောက် ပုံသဏ္ဌာန်ရှိခြင်း
  • ဝက်ခြံ သို့မဟုတ် အင်းဆက်ကိုက်ခံရသည့် ဒဏ်ရာနှင့် ဆင်တူခြင်း
  • လျှင်မြန်စွာ ကြီးထွားလာခြင်း
  • ကိုင်ကြည့်ပါက မာကျောခြင်း၊ ယားယံခြင်း၊ ထိလျှင် နာခြင်း သို့မဟုတ် ကိုက်ခဲခြင်း

သင့်တွင် ပုံသဏ္ဌာန်၊ အရောင်၊ အရွယ်အစား အပြောင်းအလဲရှိသော သို့မဟုတ် လျှင်မြန်စွာ ကြီးထွားလာသော၊ သွေးထွက်သော သံသယဖြစ်ဖွယ် မှဲ့ခြောက် သို့မဟုတ် မှဲ့များကို တွေ့ရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

မာကယ်ဆဲလ် ကင်ဆာ ဖြစ်ပွားရသည့် အကြောင်းအရင်းကို တိကျစွာ မသိရှိရသေးပါ။ ကင်ဆာသည် ယေဘုယျအားဖြင့် ပုံမှန်ဆဲလ်၏ DNA မျိုးရိုးဗီဇ ပြောင်းလဲမှုမှ စတင်သည်။ ဆဲလ်၏ မျိုးရိုးဗီဇ ပြောင်းလဲမှုသည် ထိန်းချုပ်မရသော ဆဲလ်ပွားများမှုကို ဖြစ်ပေါ်စေပြီး အကျိတ် ဖြစ်ပေါ်လာစေသည်။ မာကယ်ဆဲလ် ကင်ဆာသည် အရေပြား၏ အပြင်ဘက်ဆုံး အလွှာ (epidermis) ၏ အောက်ခြေတွင် တည်ရှိသော မာကယ်ဆဲလ်များမှ စတင်သည်။ အဆိုပါ ဆဲလ်များသည် အထိအတွေ့ ခံစားမှုကို ရရှိသော အရေပြားရှိ အာရုံကြော အဆုံးများနှင့် တွဲကပ်နေသည်။

မာကယ်ဆဲလ် ကင်ဆာ ဖြစ်ပွားရသည့် အကြောင်းအရင်းသည် မာကယ်ဆဲလ် ပိုလီယိုမာဗိုင်းရပ်စ် (Merkel cell polyomavirus) ဟုခေါ်သော မည်သည့် လက္ခဏာမျှ မပြသည့် အရေပြားတွင် တွေ့ရသော ဗိုင်းရပ်စ်တစ်မျိုးနှင့် ဆက်စပ်နေသည်။ မာကယ်ဆဲလ် ကင်ဆာ ဖြစ်ပွားစေရာတွင် အဆိုပါ ဗိုင်းရပ်စ်၏ အခန်းကဏ္ဍကို တိကျစွာ မသိရှိရသေးသော်လည်း အခြားသော အချက်အလက်များသည် အဆိုပါ ရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုမို မြင့်မားစေကြောင်း အခိုင်အမာ ယုံကြည်ကြသည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

အောက်ပါတို့သည် မာကယ်ဆဲလ် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အချက်များ ဖြစ်ကြသည် –

  • ခရမ်းလွန်ရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့ခြင်း – အရေပြားဆဲလ်များ၏ DNA ကို ပျက်စီးစေသည့် နေရောင်ခြည်မှ သို့မဟုတ် အလှအပဆိုင်ရာ အသားညိုစက်များမှ ခရမ်းလွန်ရောင်ခြည် (UV) နှင့် လွန်ကဲစွာ ထိတွေ့ခြင်း။
  • ကိုယ်ခံအားစနစ် အားနည်းခြင်း – HIV ပိုး ကူးစက်ခံထားရခြင်း၊ ကိုယ်ခံအား နှိမ်နင်းဆေးများ သောက်သုံးနေရခြင်း သို့မဟုတ် နာတာရှည် သွေးကင်ဆာ ရောဂါ ရှိခြင်း။
  • အခြား အရေပြားကင်ဆာ ရာဇဝင် ရှိခြင်း – ဘေဆယ်ဆဲလ် ကင်ဆာ (basal cell carcinoma)၊ စကွေးမတ်စ်ဆဲလ် ကင်ဆာ (squamous cell carcinoma) သို့မဟုတ် မယ်လာနိုမာ (melanoma) ကဲ့သို့သော ရောဂါများ။
  • သက်ကြီးရွယ်အို ဖြစ်ခြင်း – ယင်းသည် ပုံမှန်အားဖြင့် အသက် သို့မဟုတ် ထို့ထက် ပိုမိုသော လူများတွင် ဖြစ်ပွားလေ့ရှိသော်လည်း မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။
  • အသားဖြူသူများ ဖြစ်ခြင်း – အသားဖြူသူများသည် အသားမည်းသူများထက် အဆိုပါ ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားသည်။

ရောဂါရှာဖွေခြင်း

မာကယ်ဆဲလ် ကင်ဆာကို ရောဂါအမည်တပ် အတည်ပြုရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ကြသည် –

  • ခန္ဓာကိုယ် ပုံမှန်စစ်ဆေးခြင်း – ဆရာဝန်သည် သင့် အရေပြားပေါ်ရှိ မှဲ့များ၊ မှဲ့ခြောက်များ၊ အရေပြား အရောင် ပြောင်းလဲမှုများနှင့် အခြား မူမမှန်မှုများကို စစ်ဆေးပါလိမ့်မည်။
  • အရေပြား အသားစယူ စစ်ဆေးခြင်း (Skin biopsy) – ဆရာဝန်သည် ကင်ဆာဆဲလ်များ ရှိမရှိ ဓာတ်ခွဲခန်းတွင် အဏုကြည့်မှန်ပြောင်းအောက်၌ စစ်ဆေးရန် သံသယဖြစ်ဖွယ် အရေပြား တစ်ရှူး နမူနာကို ထုတ်ယူပါလိမ့်မည်။

ကင်ဆာ ပျံ့နှံ့မှု အတိုင်းအတာကို ဆုံးဖြတ်ခြင်း

မာကယ်ဆဲလ် ကင်ဆာ၏ အဆင့်ကို အောက်ပါ စစ်ဆေးမှုများ အသုံးပြု၍ ဆုံးဖြတ်နိုင်သည် –

  • စင်တီနယ် ပြန်ရည်ကျိတ် အသားစယူ စစ်ဆေးခြင်း (Sentinel node biopsy) – အဆိုပါ နည်းပညာသည် ကင်ဆာသည် ပြန်ရည်ကျိတ်များထံ သို့ ရောက်ရှိခြင်း ရှိမရှိ စစ်ဆေးရန် ကင်ဆာ အနီးတွင် ဆေးရောင် ထိုးသွင်းပြီး ပြန်ရည်စနစ်အတွင်း ဖြတ်သန်း စီးဆင်းစေခြင်း ဖြစ်သည်။
  • ပုံရိပ်ဖော် စစ်ဆေးမှုများ – ကင်ဆာသည် အခြား အင်္ဂါများသို့ ပျံ့နှံ့သွားခြင်း ရှိမရှိ ဆုံးဖြတ်ရန် ရင်ဘတ် ဓာတ်မှန် (Chest X-ray) နှင့် သင့်ရင်ဘတ်နှင့် ဝမ်းဗိုက်၏ ကွန်ပျူတာဓာတ်မှန် (CT scan) တို့ကို ဆရာဝန်က အကြံပြုပါလိမ့်မည်။ ပြုလုပ်နိုင်သည့် အခြား စစ်ဆေးမှုတစ်ခုမှာ ပိုစီထရွန် ထုတ်လွှတ်မှု ဓာတ်မှန် (PET scan) သို့မဟုတ် အော့တရီယိုတိုက် စကန် (octreotide scan) ဖြစ်သည်။ PET scan ရိုက်စဉ်အတွင်း ကင်ဆာဆဲလ်များ ပျံ့နှံ့သွားခြင်း ရှိမရှိ စစ်ဆေးရန် ရေဒီယိုသတ္တိကြွ ခြေရာခံပစ္စည်းတစ်ခုကို ထိုးသွင်းသည်။

မာကယ်ဆဲလ် ကင်ဆာကို အဆင့် မှ အထိ အဆင့် သတ်မှတ်နိုင်သည်။ အနိမ့်ဆုံး ကိန်းဂဏန်းသည် ကင်ဆာသည် အရေပြား၏ အပြင်ဘက်ဆုံး အလွှာတွင်သာ သီးသန့် ရှိနေကြောင်း ညွှန်ပြသည်။ အကယ်၍ အဆင့် ရောက်ရှိပါက ကင်ဆာသည် အဆင့်မြင့် ရောက်ရှိသွားပြီး ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီ (metastasis) ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။

ကုသခြင်း

(Treatment)

မာကယ်ဆဲလ် ကင်ဆာအတွက် ကုသမှု နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ကြသည် –

  • ခွဲစိတ်ကုသခြင်း – အကျိတ်နှင့် ယင်း၏ ပတ်ဝန်းကျင်ရှိ ကျန်းမာသော အရေပြား အချို့ကို ခွဲစိတ် ထုတ်ယူနိုင်ပြီး၊ ကင်ဆာ ပျံ့နှံ့သွားကြောင်း တွေ့ရှိရပါက ပြန်ရည်ကျိတ်များကိုပါ ခွဲစိတ် ထုတ်ယူနိုင်သည်။ မိုးခွဲစိတ်မှု (Mohs surgery) ဟုခေါ်သော လုပ်ငန်းစဉ်ကိုလည်း ဓားငယ်ကို အသုံးပြု၍ ကင်ဆာကို ဖြတ်တောက်ခြင်းဖြင့် ပြုလုပ်နိုင်သည်။ အဆိုပါ နည်းပညာသည် ကင်ဆာဆဲလ်များ ပါဝင်မှု ရှိမရှိ စစ်ဆေးရန် အဏုကြည့်မှန်ပြောင်းအောက်၌ အရေပြား ပါးပါးလွှာအလွှာကို ဓာတ်ခွဲစစ်ဆေးသည်။ ကင်ဆာဆဲလ်များ ရှိနေသေးပါက ကင်ဆာဆဲလ်များကို မတွေ့ရတော့သည့်အချိန်နှင့် အရေပြား အစွန်းပိုင်းတွင် အကျိတ် ကင်းစင်သွားသည်အထိ ယင်းလုပ်ငန်းစဉ်ကို ဆက်တိုက် ပြုလုပ်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း – ကင်ဆာဆဲလ်များကို သတ်ရန် ဓာတ်မှန်များနှင့် ပရိုတွန်များမှတစ်ဆင့် အားပြင်းသော စွမ်းအင်လှိုင်းကို အသုံးပြုသည်။ လူနာသည် စိစစ်ရေး ခုတင်ပေါ်တွင် လဲလျောင်းရပြီး စက်ကြီးတစ်လုံးသည် ခန္ဓာကိုယ်ရှိ ထိခိုက်နေသော သီးသန့်နေရာသို့ ဦးတည်ရန် လူနာ၏ ပတ်လည်တွင် လှည့်ပတ် လှုပ်ရှားပေးသည်။ အကျိတ် ဖယ်ရှားပြီးနောက် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို သတ်ရန် ခွဲစိတ်မှုအပြီးတွင် ဓာတ်ရောင်ခြည်ကို အသုံးပြုနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားသော ကင်ဆာဆဲလ်များကို သတ်ရန် တစ်မျိုးတည်း သီးသန့်လည်း အသုံးပြုနိုင်သည်။
  • ကိုယ်ခံအားမြှင့် ကုသခြင်း (Immunotherapy) – ကင်ဆာဆဲလ်များကို သတ်ရန် ခန္ဓာကိုယ်၏ ကိုယ်ပိုင် ကိုယ်ခံအားစနစ်ကို အသုံးပြုသည်။ ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသော မာကယ်ဆဲလ် ကင်ဆာကို ပစ်မှတ်ထား ကုသရန် အများအားဖြင့် အသုံးပြုသည်။
  • ဓာတုဆေးသွင်း ကုသခြင်း (Chemotherapy) – ကင်ဆာဆဲလ်များကို သတ်ရန် ပါးစပ်မှ သောက်သုံးသော သို့မဟုတ် သွေးပြန်ကြောမှ ပေးပို့သော၊ သို့မဟုတ် နှစ်မျိုးလုံး ပေးပို့သော ဆေးဝါးများကို အသုံးပြုသည်။ မာကယ်ဆဲလ် ကင်ဆာတွင် ဓာတုဆေးသွင်း ကုသခြင်းကို အသုံးပြုလေ့ မရှိသော်လည်း ကင်ဆာသည် ပြန်ရည်ကျိတ်များ သို့မဟုတ် အခြား ခန္ဓာကိုယ် အင်္ဂါများထံ ရောက်ရှိပါက အသုံးပြုနိုင်သည်။

 

Doctors who treat this condition