နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့သည် ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါနေ့ ဖြစ်ပြီး၊ မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏ ချစ်ခင်ရသူများ၌ မှတ်ဉာဏ်၊ အတွေးအခေါ်နှင့် အမူအကျင့် ပုံစံပြောင်းလဲမှုများကို ပိုမိုဂရုပြု စောင့်ကြည့်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ အယ်လ်ဇိုင်းမားရောဂါ သည် မေ့လျော့ခြင်း လက္ခဏာတစ်ခုတည်းဖြင့်သာ ပေါ်ပေါက်သည် မဟုတ်ပါ။ ဝေဒနာရှင်သည် မေးခွန်းတစ်ခုတည်းကိုပင် ထပ်ခါတလဲလဲ မေးမြန်းခြင်း၊ ရင်းနှီးပြီးသား နေရာများတွင် လမ်းပျောက်ခြင်း၊ ယခင်က လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့သည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ခက်ခဲလာခြင်း သို့မဟုတ် စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်ပါသည်။
လက်ရှိတွင် အဆိုပါ ရောဂါလက္ခဏာများကို သက်သာကောင်းမွန်စေနိုင်မည့် ကုသမှုများ ပေါ်ပေါက်လျက်ရှိသော်လည်း ကုသမှုကို စောစီးစွာ ခံယူရမည် ဖြစ်ပါသည်။ ပုံမှန်မဟုတ်သည့် လက္ခဏာများကို စောစီးစွာ သိရှိပြီး ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှု ခံယူခြင်းဖြင့် ဆရာဝန်များအနေဖြင့် လူနာတစ်ဦးချင်းစီနှင့် သင့်လျော်မည့် ကုသမှုနှင့် ပြုစုစောင့်ရှောက်မှု အစီအစဉ်များကို ရေးဆွဲဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ
အယ်လ်ဇိုင်းမားရောဂါ သည် မှတ်ဉာဏ်၊ အတွေးအခေါ်၊ ဘာသာစကားအသုံးပြုမှု၊ ဆုံးဖြတ်ချက်ချနိုင်မှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းတို့ကို တဖြည်းဖြည်း ထိခိုက်စေသည့် ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး ရောဂါရင့်လာသည်နှင့်အမျှ ပိုမိုထင်ရှားလာလေ့ရှိပါသည်။ အယ်လ်ဇိုင်းမားရောဂါသည် သတိမေ့ရောဂါ (Dementia) ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းဖြစ်သော်လည်း သတိမေ့ရောဂါ ခံစားနေရသူတိုင်း အယ်လ်ဇိုင်းမားရောဂါ ရှိသည်ဟု မဆိုနိုင်ပါ။
အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားရသည့် အတိအကျ အကြောင်းရင်းကို ယနေ့ထက်တိုင် အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးပါ။ သို့သော်လည်း အာရုံကြောဆဲလ်များ၏ လုပ်ဆောင်ချက်များကို နှောင့်ယှက်ပြီး ဦးနှောက်ဆဲလ်များကို တဖြည်းဖြည်း ယိုယွင်းပျက်စီးစေသည့် အေမီလွိုက်-ဘီတာ (Amyloid-beta) ပရိုတင်းများ စုပုံလာခြင်းနှင့် တော (Tau) ပရိုတင်းများ ပုံမှန်မဟုတ်ခြင်းအပါအဝင် ဦးနှောက်အတွင်း ပြောင်းလဲမှုများနှင့် ဆက်စပ်လျက်ရှိပါသည်။ အဆိုပါ ပြောင်းလဲမှုများသည် ထင်ရှားသော လက္ခဏာများ မပေါ်ပေါက်မီ နှစ်ပေါင်းများစွာကတည်းက စတင်ဖြစ်ပေါ်နေနိုင်ပါသည်။
ထို့ပြင် အသက်အရွယ်၊ မျိုးရိုးဗီဇ၊ ကျန်းမာရေးအခြေအနေနှင့် နေထိုင်မှုပုံစံတို့အပါအဝင် အချက်အလက်များစွာသည်လည်း အဆိုပါရောဂါ ဖြစ်ပွားနိုင်ခြေနှင့် ဆက်စပ်လျက်ရှိပါသည်။
အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်သည့် အချက်များ
အသက်အရွယ် – အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာသော်လည်း အယ်လ်ဇိုင်းမားရောဂါသည် သက်ကြီးရွယ်အိုတိုင်း မလွှဲမသွေ ကြုံတွေ့ရမည့် ပုံမှန်ဇရာဖြစ်စဉ်တစ်ခု မဟုတ်ပါ။
မျိုးရိုးဗီဇနှင့် မိသားစုရောဂါရာဇဝင် – မိသားစုဝင်များထဲတွင် အဆိုပါရောဂါ ခံစားနေရသူရှိပါက ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနိုင်သော်လည်း ယင်းသည် အယ်လ်ဇိုင်းမားရောဂါ ဧကန္တ ဖြစ်ပွားမည်ဟု မဆိုလိုပါ။
နှလုံးနှင့် သွေးကြောကျန်းမာရေး – သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်း အဆီဓာတ် ပုံမှန်မဟုတ်ခြင်း၊ အဝလွန်ခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းတို့သည် ဦးနှောက်သို့ သွေးထောက်ပံ့ပေးသော သွေးကြောများကို ထိခိုက်စေနိုင်ပြီး သတိမေ့ရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်ပါသည်။
နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင် – ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ပေါင်းသင်းဆက်ဆံရေး နည်းပါးခြင်း၊ အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်း၊ အကြားအာရုံ ချို့ယွင်းမှုကို မကုသဘောထားခြင်းနှင့် လေထုညစ်ညမ်းမှုကို ရေရှည် ထိတွေ့ခံရခြင်းတို့သည်လည်း ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။
စောင့်ကြည့်ရမည့် အယ်လ်ဇိုင်းမားရောဂါ၏ လက္ခဏာ ၁၀ ချက်
အယ်လ်ဇိုင်းမားရောဂါ၏ အစောပိုင်း လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများတွင်တင် အကန့်အသတ်မရှိပါ။ အဆိုပါရောဂါသည် အတွေးအခေါ်၊ ပြောဆိုဆက်ဆံမှု၊ ဆုံးဖြတ်ချက်ချနိုင်မှုနှင့် အမူအကျင့်များကိုလည်း ထိခိုက်စေနိုင်ပါသည်။ အဆိုပါ ပြောင်းလဲမှုများသည် ပုံမှန်အားဖြင့် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုထင်ရှားလာလေ့ရှိပါသည်။
အယ်လ်ဇိုင်းမားရောဂါ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
ပြောဆိုခဲ့သည့် စကားများ သို့မဟုတ် ချိန်းဆိုမှုများကို မေ့လျော့ခြင်း နှင့် မေးခွန်းတစ်ခုတည်းကိုပင် ထပ်ခါတလဲလဲ မေးမြန်းခြင်း။
ချက်ပြုတ်ခြင်း၊ ကိရိယာတန်ဆာပလာများ အသုံးပြုခြင်း သို့မဟုတ် အဆင့်လိုက် လုပ်ဆောင်ရသည့် အလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းကဲ့သို့သော ရင်းနှီးပြီးသား နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ပိုမိုခက်ခဲလာခြင်း ။
ရက်စွဲ၊ အချိန် သို့မဟုတ် နေရာများနှင့် ပတ်သက်၍ ဇဝေဇဝါဖြစ်ခြင်း (ရင်းနှီးပြီးသား နေရာများတွင် လမ်းပျောက်ခြင်း အပါအဝင်)။
အသုံးစရိတ်များကို စီမံခန့်ခွဲခြင်း၊ အလုပ်များကို စီမံကိန်းချခြင်း သို့မဟုတ် လုပ်ဆောင်ချက်များကို မှန်ကန်သည့် အစဉ်လိုက် ပြီးစီးအောင် လုပ်ဆောင်ခြင်းကဲ့သို့သော စီစဥ်မှုနှင့် ပြဿနာဖြေရှင်းရန် ခက်ခဲလာခြင်း ။
စကားလုံး ရှာမရခြင်း၊ စကားလုံး အသုံးအနှုန်း မှားယွင်းခြင်း သို့မဟုတ် ပြောဆိုဆွေးနွေးမှုများကို အစဉ်မပြတ် လိုက်ပါပြောဆိုနိုင်ခြင်း မရှိခြင်းကဲ့သို့သော ပြောဆိုဆက်ဆံရေး ခက်ခဲမှုများ ရှိလာခြင်း ။
ပစ္စည်းများကို မကြာခဏ အမှတ်မဲ့ ထားမိခြင်း နှင့် မည်သည့်နေရာတွင် ထားခဲ့သည်ကို အစဉ်လိုက် ပြန်လည်စဉ်းစားနိုင်စွမ်း မရှိခြင်း။
အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာ ပြုစုစောင့်ရှောက်မှု သို့မဟုတ် ဘေးအန္တရာယ် ကင်းရှင်းရေးတို့နှင့် ပတ်သက်၍ ယခင်ကထက် ဆုံးဖြတ်ချက်ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းလာခြင်း ။
ပေါင်းသင်းဆက်ဆံရေး အဖွဲ့အစည်းဆိုင်ရာ လှုပ်ရှားမှုများ သို့မဟုတ် ဝါသနာပါရာ လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ပိုမိုခက်ခဲလာ သည့်အတွက် ယင်းတို့မှ ရုန်းထွက်လာခြင်း။
ဒေါသထွက်လွယ်ခြင်း၊ ပူပန်သောကရောက်ခြင်း၊ သံသယလွန်ကဲခြင်း သို့မဟုတ် အခြားသော အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုများကဲ့သို့ စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြောင်းလဲမှုများကို ကြုံတွေ့ရခြင်း ။
အကွာအဝေး သို့မဟုတ် အနက်ကို ခန့်မှန်းရ ခက်ခဲခြင်း ကဲ့သို့သော အမြင်အာရုံနှင့် နေရာအကွာအဝေး ဝေဖန်ပိုင်းခြားနိုင်စွမ်း ခက်ခဲမှုများ ရှိလာခြင်း (ယင်းသည် လမ်းလျှောက်ခြင်း၊ လှေကားထစ်များ အသုံးပြုခြင်း သို့မဟုတ် ယာဉ်မောင်းနှင်ခြင်းတို့ကို ပိုမိုခက်ခဲစေနိုင်ပါသည်)။
ရောဂါလက္ခဏာများကို စောစီးစွာ ခွဲခြားသိရှိနိုင်ရန်အတွက် အဓိကကျသော အချက်မှာ မှတ်ဉာဏ်၊ အတွေးအခေါ် သို့မဟုတ် အမူအကျင့် ပြောင်းလဲမှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး အလုပ်ခွင်၊ ခရီးသွားလာခြင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာ ပြုစုစောင့်ရှောက်ခြင်းကဲ့သို့သော နေ့စဉ်လူမှုဘဝကို စတင်နှောင့်ယှက်လာခြင်း ရှိ/မရှိပင် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှု ခံယူရန် အကြံပြုအပ်ပါသည်။
မေ့လျော့ခြင်း သို့မဟုတ် စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့နည်းခြင်းတို့သည် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာများ၊ စိတ်ဓာတ်ကျရောဂါ၊ သိုင်းရွိုက်ရောဂါများ သို့မဟုတ် အချို့သော ဗီတာမင်ဓာတ် ချို့တဲ့ခြင်းအပါအဝင် အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ သင့်တော်မှန်ကန်သော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ခံယူခြင်းဖြင့် ရောဂါအကြောင်းရင်းကို တိကျစွာ ဖော်ထုတ်နိုင်မည် ဖြစ်ပြီး လူနာတစ်ဦးချင်းစီနှင့် အသင့်တော်ဆုံး ပြုစုစောင့်ရှောက်မှုကို ဆုံးဖြတ်ပေးနိုင်မည် ဖြစ်ပါသည်။
သတိမေ့ရောဂါ ( Dementia) နှင့် အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) တို့၏ ကွဲပြားခြားနားချက်
လူအများစုသည် သတိမေ့ရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါတို့ကို ရောဂါတစ်ခုတည်းဟု ထင်မြင်ယူဆလေ့ရှိကြသော်လည်း ယင်းတို့သည် အဓိပ္ပာယ်ချင်း မတူညီကြပါ။
သတိမေ့ရောဂါ (Dementia) ဆိုသည်မှာ မှတ်ဉာဏ်၊ အတွေးအခေါ်၊ ပြောဆိုဆက်ဆံမှု သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းတို့ကို ထိခိုက်စေသည့် ဦးနှောက်လုပ်ဆောင်ချက် ချို့ယွင်းမှုကို ဖော်ပြသော အထွေထွေအသုံးအနှုန်းဖြစ်ပါသည်။ အယ်လ်ဇိုင်းမားရောဂါသည် သတိမေ့ရောဂါကို ဖြစ်ပွားစေနိုင်သည့် ရောဂါများအနက် တစ်ခုဖြစ်ပြီး အဖြစ်အများဆုံးသော အကြောင်းရင်းလည်း ဖြစ်ပါသည်။
သတိမေ့ရောဂါသည် ဦးနှောက်သွေးကြောကျဉ်း/ပိတ်/ပေါက်ခြင်း (Stroke)၊ လူးဝီးဗောဒီ သတိမေ့ရောဂါ (Lewy body dementia) နှင့် ရှေ့ဦးနှောက်ပိုင်းဆိုင်ရာ ဇရာစွဲရောဂါ (Frontotemporal dementia) အပါအဝင် အခြားသော ကျန်းမာရေးအခြေအနေများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မှတ်ဉာဏ် သို့မဟုတ် စဉ်းစားတွေးခေါ်နိုင်စွမ်းများ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာပါက မူလဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန်နှင့် သင့်တော်သည့် ပြုစုစောင့်ရှောက်မှု အစီအစဉ်ကို ရေးဆွဲနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှု ခံယူရန် အရေးကြီးပါသည်။
အယ်လ်ဇိုင်းမားရောဂါ၏ အဆင့်များ
အယ်လ်ဇိုင်းမားရောဂါကို စတင်ဖြစ်ပွားချိန်၊ အလယ်အလတ်အဆင့်နှင့် ပြင်းထန်သည့်အဆင့်ဟူ၍ အဓိက အဆင့်သုံးဆင့် ခွဲခြားနိုင်ပါသည်။ အဆင့်တစ်ခုစီသည် လူနာ၏ သီးခြားလွတ်လပ်စွာ နေထိုင်နိုင်စွမ်းနှင့် ကိုယ်ရေးကိုယ်တာ ပြုစုစောင့်ရှောက်နိုင်စွမ်းတို့ကို မတူညီသော ပုံစံဖြင့် ထိခိုက်စေပါသည်။ ရောဂါ တိုးတက်ရင့်မာမှု နှုန်းထားသည်လည်း လူတစ်ဦးနှင့်တစ်ဦး အလွန်ကွဲပြားနိုင်ပါသည်။
စတင်ဖြစ်ပွားချိန် အဆင့်
လူနာများသည် ပုံမှန်အားဖြင့် အခြားသူ၏ အကူအညီမပါဘဲ သီးခြားလွတ်လပ်စွာ ဆက်လက်နေထိုင်နိုင်ပြီး မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်ကြသေးသည်။ သို့သော် အချို့သော လှုပ်ရှားဆောင်ရွက်မှုများ၊ အထူးသဖြင့် စီမံကိန်းချခြင်း သို့မဟုတ် အဆင့်များစွာ ပါဝင်သည့် အလုပ်များကို လုပ်ဆောင်ရန် ပိုမိုခက်ခဲလာနိုင်ပါသည်။ လူနာသည် နေ့စဉ်လုပ်ငန်းဆောင်တာ အများစုကို အကူအညီမလိုဘဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်သေးသော်လည်း မိသားစုဝင်များ သို့မဟုတ် လူနာနှင့် နီးစပ်သူများသည် ပြောင်းလဲမှုများကို စတင်သတိပြုမိလာနိုင်ပါသည်။
အလယ်အလတ် အဆင့်
လူနာများသည် အစားအစာ ပြင်ဆင်ခြင်း၊ ဆေးသောက်ခြင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲခြင်း သို့မဟုတ် အဝတ်အစား ဝတ်ဆင်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အကူအညီ ပိုမိုလိုအပ်လာပါသည်။ အိပ်စက်မှု၊ စိတ်နေစိတ်ထားနှင့် အမူအကျင့်များ ပြောင်းလဲခြင်းတို့လည်း ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုဝင်များသည် ပြုစုစောင့်ရှောက်ပေးရန်နှင့် လူနာ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို ထိန်းသိမ်းပေးရန်အတွက် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာရပါသည်။
ပြင်းထန်သည့် အဆင့်
လူနာများသည် နေ့စဉ်လုပ်ငန်းဆောင်တာ အများစုအတွက် ပြုစုစောင့်ရှောက်သူများအပေါ် လုံးဝမှီခိုလာရပါသည်။ ပြောဆိုဆက်ဆံနိုင်စွမ်းနှင့် သွားလာလှုပ်ရှားနိုင်စွမ်းတို့ ကျဆင်းသွားနိုင်ပြီး အစားအစာ စားသုံးခြင်းနှင့် မျိုချခြင်းတို့တွင် ခက်ခဲမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဤအဆင့်တွင် ပြုစုစောင့်ရှောက်မှုသည် ဘေးအန္တရာယ် ကင်းရှင်းရေး၊ အာဟာရပြည့်ဝရေး၊ နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွားအောင် တားဆီးပေးရေးနှင့် လူနာ၏ လူနေမှုဘဝ အရည်အသွေးကို ထိန်းသိမ်းပေးရေးတို့အပေါ် အဓိကထား ဆောင်ရွက်ရပါသည်။
အယ်လ်ဇိုင်းမားရောဂါကို အဆင့်များ ခွဲခြားသတ်မှတ်ခြင်းသည် ဆရာဝန်များနှင့် မိသားစုများအတွက် သင့်တော်သည့် စစ်ဆေးကုသမှုနှင့် ပြုစုစောင့်ရှောက်မှုများကို စီမံကိန်းချရန် ကူညီပေးသော်လည်း ရောဂါ မည်မျှမြန်မြန် ရင့်မာလာမည် သို့မဟုတ် လူနာ မည်မျှကြာရှည် အသက်ရှင်မည်ဆိုသည်ကိုမူ အတိအကျ မဆုံးဖြတ်နိုင်ပါ။
အယ်လ်ဇိုင်းမားရောဂါ အမည်တပ် စစ်ဆေးဖော်ထုတ်ခြင်း
အယ်လ်ဇိုင်းမားရောဂါကို အမည်တပ် စစ်ဆေးဖော်ထုတ်ရာတွင် မေ့လျော့ခြင်းတစ်ခုတည်းကို စစ်ဆေးခြင်းထက် ပိုမိုကျယ်ပြန့်ပါသည်။ ဆရာဝန်များသည် လူနာ၏ မှတ်ဉာဏ်၊ အတွေးအခေါ်၊ အမူအကျင့်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းတို့အပြင် ဆင်တူသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည့် အခြားသော ကျန်းမာရေးအခြေအနေများကိုပါ စုံစမ်းစစ်ဆေးကြပါသည်။
စစ်ဆေးဆန်းစစ်မှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –
ရောဂါရာဇဝင်နှင့် ပြောင်းလဲမှုများကို စန်းစစ်ခြင်း – မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ မည်သည့်အချိန်တွင် စတင်ခဲ့သည်၊ ရောဂါလက္ခဏာများ မည်သို့ပြောင်းလဲလာသည်နှင့် နေ့စဉ်လူမှုဘဝကို မည်မျှအထိ ထိခိုက်စေသည်ဆိုသည်တို့ကို စုံစမ်းစစ်ဆေးခြင်း ပါဝင်ပါသည်။ ဆရာဝန်များသည် မိသားစုဝင်များ သို့မဟုတ် ပြုစုစောင့်ရှောက်သူများထံမှလည်း အပိုဆောင်း အချက်အလက်များကို ရယူနိုင်ပါသည်။
စဉ်းစားတွေးခေါ်နိုင်စွမ်းကို စစ်ဆေးခြင်း – မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်မှု၊ ဘာသာစကားအသုံးပြုမှု၊ စီမံကိန်းချနိုင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်သည့် စွမ်းရည်များကို ဆန်းစစ်ရန် ဖြစ်ပါသည်။
ခန္ဓာကိုယ်နှင့် အာရုံကြောစနစ်ဆိုင်ရာ စစ်ဆေးခြင်း – ရောဂါလက္ခဏာများနှင့် ဆက်စပ်နေနိုင်သည့် ပုံမှန်မဟုတ်သည့် အခြေအနေများကို ဖော်ထုတ်ရန် ဖြစ်ပါသည်။
သွေးစစ်ဆေးခြင်း – မှတ်ဉာဏ်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို ထိခိုက်စေနိုင်သည့် အခြားသော အကြောင်းရင်းများကို ဖော်ထုတ်ရန်နှင့် သွေးတွင်းရှိ အေမီလွိုက်-ဘီတာ (Amyloid-beta) ဓာတ်ကို စစ်ဆေးရန် ဖြစ်ပါသည်။
ဦးနှောက်ကို ဓာတ်မှန်ရိုက်ကူး စစ်ဆေးခြင်း – ဦးနှောက်၏ တည်ဆောက်ပုံကို ဆန်းစစ်ရန်နှင့် အလားတူ လက္ခဏာများ ဖြစ်ပေါ်စေသည့် အခြားအကြောင်းရင်းများကို ဖယ်ရှားနိုင်ရန်အတွက် MRI၊ CT သို့မဟုတ် PET scans များကို အသုံးပြုနိုင်ပါသည်။
အချို့သော လူနာများအတွက် ဆရာဝန်များသည် သွေးစစ်ဆေးခြင်း သို့မဟုတ် အာရုံကြောမကြီး အရည် (Cerebrospinal fluid) ကို စစ်ဆေးခြင်းကဲ့သို့သော အယ်လ်ဇိုင်းမားရောဂါနှင့် ဆက်စပ်နေသည့် ဇီဝမှတ်တိုင်များ (Biomarkers) အတွက် အပိုဆောင်း စစ်ဆေးမှုများကို လမ်းညွှန်ပေးနိုင်ပါသည်။ ထိုသို့ ဆုံးဖြတ်ခြင်းသည် လူနာ၏ ရောဂါလက္ခဏာ၊ ရောဂါအဆင့်နှင့် တစ်ဦးချင်းစီ၏ သင့်လျော်မှုတို့အပေါ် မူတည်ပါသည်။
ပုံမှန်မဟုတ်သည့် လက္ခဏာများကို သတိပြုမိသည်နှင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုကို ချက်ချင်း ခံယူခြင်းသည် ရောဂါအကြောင်းရင်းကို ဖော်ထုတ်ရန် ကူညီပေးနိုင်ပြီး ပြုစုစောင့်ရှောက်မှု အစီအစဉ်များကို စောစီးစွာ စတင်နိုင်စေပါသည်။ ထို့ပြင် လူနာများနှင့် မိသားစုဝင်များအတွက် စစ်ဆေးကုသမှု၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် နောင်တွင် လိုအပ်လာမည့် နေ့စဉ်လူမှုဘဝ လိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်လည်း ကူညီပေးပါသည်။
ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးမှ အတွေးအခေါ်နှင့် အမူအကျင့်ဆိုင်ရာ အာရုံကြောအထူးကု ဆရာဝန်ကြီး Dr. Duangkamol Singwicha က မှတ်ဉာဏ်၊ အတွေးအခေါ် သို့မဟုတ် အမူအကျင့် ပြောင်းလဲမှုများသည် နေ့စဉ်လူမှုဘဝကို စတင်နှောင့်ယှက်လာပါက ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ခံယူရန် အကြံပြုထားပါသည်။ မေ့လျော့ခြင်းသည် အခြားသော အကြောင်းရင်းများစွာ ကြောင့်လည်း ဖြစ်ပွားနိုင်ပြီး ရောဂါအကြောင်းရင်းကို စောစီးစွာ ဖော်ထုတ်နိုင်ခြင်းသည် သင့်တော်မှန်ကန်ပြီး ထိရောက်သော ကုသမှုကို ရရှိစေရန် ကူညီပေးနိုင်ပါသည်။
အယ်လ်ဇိုင်းမားရောဂါ ကုသခြင်း
တစ်ဦးချင်းစီ၏ သင့်လျော်မှုကို သီးခြားဆန်းစစ်ရန် လိုအပ်သော်လည်း လက်ရှိတွင် ရောဂါအခြေအနေကို သက်သာကောင်းမွန်စေနိုင်သည့် ကုသမှု နည်းလမ်းများ ပေါ်ပေါက်လျက်ရှိပါသည်။ ထို့ပြင် ရောဂါလက္ခဏာများကို နှေးကွေးသွားစေပြီး လူနာများအနေဖြင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုကြာရှည် လုပ်ဆောင်နိုင်စွမ်းရှိစေရန် ကူညီပေးသည့် ဆေးဝါးများလည်း ရှိပါသည်။
မှတ်ဉာဏ်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို အထောက်အကူပြုရန် ဆေးဝါးများကို အသုံးပြုနိုင်ပါသည်။ စတင်ဖြစ်ပွားချိန် အဆင့်တွင်ရှိသော အချို့သော လူနာများအတွက် ရောဂါ တိုးတက်ရင့်မာမှုကို နှေးကွေးစေနိုင်သည့် ကုသမှုများကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ဆရာဝန်များသည် အဆိုပါ ကုသမှုများ သင့်လျော်မှု ရှိ/မရှိ ဆန်းစစ်ပေးမည်ဖြစ်ပြီး လူနာကို အနီးကပ် စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ပါသည်။
ဆေးဝါးကုသမှုအပြင် အထွေထွေကျန်းမာရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော နေ့စဉ်နေထိုင်မှု အလေ့အထများကို ထိန်းသိမ်းရန်လည်း အရေးကြီးပါသည်။ သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှု၊ လုံလောက်သော အိပ်စက်မှု၊ အာဟာရပြည့်ဝသော အစားအစာများနှင့် လူနာ၏ စွမ်းဆောင်ရည်နှင့် ကိုက်ညီသည့် လှုပ်ရှားဆောင်ရွက်မှုများသည် လူနာများ ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ အရည်အသွေးကို ထိန်းသိမ်းနိုင်ရေးတို့အတွက် ကူညီပေးနိုင်ပါသည်၊၊
အယ်လ်ဇိုင်းမား ဝေဒနာရှင်တစ်ဦးကို ဘေးအန္တရာယ်ကင်းစွာ မည်သို့ ပြုစုစောင့်ရှောက်မည်နည်း
လူနာများကို ၎င်းတို့၏ စွမ်းဆောင်ရည်အလိုက် တတ်နိုင်သမျှ သီးခြားလွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် တိုက်တွန်းပေးသင့်ပြီး တစ်ချိန်တည်းမှာပင် ဘေးအန္တရာယ် ကင်းရှင်းရေးကို ထိန်းသိမ်းပေးခြင်းနှင့် ရောဂါအဆင့်အလိုက် ပတ်ဝန်းကျင်ကို ပြုပြင်ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးရပါမည်။
မိသားစုများအနေဖြင့် အောက်ပါ လက်တွေ့ကျသော နည်းလမ်းများဖြင့် စတင် ဆောင်ရွက်နိုင်ပါသည် –
နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း အစဉ်တစိုက် ထိန်းသိမ်းပါ – မလိုအပ်သော ဇဝေဇဝါဖြစ်မှုများကို လျှော့ချပေးနိုင်ရန်အတွက် အိပ်ရာနိုးချိန်၊ အစားသောက်ချိန်၊ ဆေးသောက်ချိန်၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်နှင့် အိပ်စက်ချိန်တို့ကို နေ့စဉ် နီးပါးမျှ တူညီသော အချိန်များတွင် သတ်မှတ်ပေးထားပါ။
နေအိမ်ကို ဘေးအန္တရာယ်ကင်းပြီး သွားလာရ လွယ်ကူအောင် ပြုလုပ်ပါ – လုံလောက်သော အလင်းရောင် ရှိပါစေ။ သွားလာသည့် လမ်းကြောင်းများကို ရှင်းလင်းထားပါ။ ခလုတ်တိုက်နိုင်သည့် အဟန့်အတားများနှင့် အန္တရာယ်ရှိသောအရာများကို ဖယ်ရှားပေးထားပြီး မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို အမြဲတမ်း တူညီသောနေရာများတွင် ထားရှိပါ။
လျှောက်သွားခြင်းနှင့် လမ်းပျောက်ခြင်းမှ တားဆီးပါ – လူနာသည် လမ်းကြောင်းများကို မှတ်မိရန် ခက်ခဲလာပါက အိမ်အဝင်အထွက် တံခါးများကို သင့်တော်စွာ ပိတ်ဆို့လုံခြုံအောင် ပြုလုပ်ထားရှိရမည်ဖြစ်ပြီး လူနာထံတွင် မိသားစု ဆက်သွယ်ရန် အချက်အလက်များကို ထည့်သွင်းပေးထားရပါမည်။
ဆေးဝါးနှင့် ဘဏ္ဍာရေးဆိုင်ရာတို့တွင် ကူညီပေးပါ – လူနာသည် အဆိုပါ တာဝန်များကို စီမံခန့်ခွဲရန် ခက်ခဲလာပါက မိသားစုဝင်များက အကူအညီ ပေးရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် လူနာ ကိုယ်တိုင် လုပ်ဆောင်နိုင်သေးသည့် အလုပ်များနှင့် ဆုံးဖြတ်ချက်များတွင် လူနာကို ဆက်လက် ပါဝင်စေရပါမည်။
နားလည်မှုရှိစွာ ပြောဆိုဆက်ဆံပါ – တိုတောင်းပြီး ရှင်းလင်းသော စာကြောင်းများကို အသုံးပြုပါ၊ လူနာ ပြန်လည်ပြောဆိုနိုင်ရန် လုံလောက်သော အချိန်ပေးပါ၊ လူနာသည် ဖြစ်ရပ်များကို မတူညီဘဲ မှတ်မိနေပါက အငြင်းပွားခြင်းကို ရှောင်ကြဉ်ပါ။ စိတ်နေစိတ်ထား သို့မဟုတ် အမူအကျင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက ဖြစ်ပွားစေသော အကြောင်းရင်းများကို လေ့လာစောင့်ကြည့်ပြီး လူနာကို တည်ငြိမ်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုကို ခံစားရရှိစေရန် ကူညီပေးပါ။
ပြုစုစောင့်ရှောက်သူ၏ ကျန်းမာရေးသည်လည်း ထပ်တူပင် အရေးကြီးပါသည်။ မိသားစုဝင်များသည် ပြုစုစောင့်ရှောက်ရေး တာဝန်များကို မျှဝေယူကြရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် နားနေချိန် ရရှိစေရန် ဆောင်ရွက်ရပါမည်။ ထို့ပြင် ရေရှည် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများထံမှ အကြံဉာဏ်များ တောင်းခံသင့်ပါသည်။
အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချခြင်း
လက်ရှိတွင် အယ်လ်ဇိုင်းမားရောဂါကို မဖြစ်အောင် တားဆီးကာကွယ်နိုင်သည့် သေချာသော နည်းလမ်း မရှိသေးပါ။ သို့သော်လည်း အထွေထွေကျန်းမာရေးကို ဂရုစိုက်ခြင်းနှင့် ပြုပြင်ပြောင်းလဲ၍ရသော အန္တရာယ်ရှိသည့် အချက်အလက်များကို ထိန်းသိမ်းပြုပြင်ခြင်းတို့သည် သတိမေ့ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပြီး ရေရှည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။
ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်သည့် နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ – နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးနှင့် ဦးနှောက်ကျန်းမာရေးတို့အတွက် လမ်းခပ်သွက်သွက် လျှောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့သော မိမိ၏ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေတို့နှင့် သင့်လျော်သည့် လှုပ်ရှားဆောင်ရွက်မှုများကို ရွေးချယ်ပါ။
မူလခံစားနေရသော ကျန်းမာရေးအခြေအနေများကို စီမံခန့်ခွဲပါ – အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်း အဆီဓာတ် မြင့်မားခြင်းနှင့် သွေးကြောဆိုင်ရာ အခြေအနေများကို ထိန်းသိမ်းပါ၊ တစ်ချိန်တည်းမှာပင် ဆရာဝန်၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးမှုများကို ခံယူပါ။
အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ – သကြား၊ ပြည့်ဝဆီ သို့မဟုတ် ဆိုဒီယမ် (အငန်ဓာတ်) ပါဝင်မှု မြင့်မားသော အစားအစာများကို လျှော့ချပြီး ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ကောက်နှံတစ်ခုလုံး ပါဝင်သော အစားအစာများ၊ ငါးနှင့် သင့်တော်သော ပရိုတင်းဓာတ် ရင်းမြစ်များကို အဓိကထား စားသုံးပါ။
စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပါ – ဦးနှောက်ကို တက်ကြွစွာ လှုပ်ရှားစေရန်အတွက် စာဖတ်ခြင်း၊ အသစ်အဆန်းများကို လေ့လာခြင်း၊ ဝါသနာပါရာများကို လုပ်ဆောင်ခြင်းနှင့် မိသားစု၊ မိတ်ဆွေများနှင့် စကားပြောဆို ဆွေးနွေးခြင်းတို့တွင် အချိန်ပေးပါ။
လုံလောက်စွာ အိပ်စက်ပါ – အိပ်စက်မှုဆိုင်ရာ ပြဿနာများကို သင့်တော်စွာ ဖြေရှင်းပါ။ အကယ်၍ သင်သည် အိပ်မပျော်သည့်ရောဂါ၊ ပြင်းထန်စွာ ဟောက်ခြင်း သို့မဟုတ် အိပ်ပျော်စဉ် အသက်ရှူရပ်သည့် လက္ခဏာများကို ပုံမှန် ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပြီး ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပါ – မော်တော်ယာဉ်ဖြင့် ခရီးသွားသည့်အခါ ထိုင်ခုံခါးပတ် ပတ်ခြင်းနှင့် မော်တော်ဆိုင်ကယ် စီးနင်းသည့်အခါ ဆိုင်ကယ်စီးဦးထုပ် ဆောင်းခြင်းတို့ဖြင့် ဦးခေါင်း ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချပါ။
ဦးနှောက်ကျန်းမာရေးကို မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်းခြင်း မပြုဘဲ အသက်အလယ်အလတ် အရွယ်မှစတင်၍ အစဉ်တစိုက် ထိန်းသိမ်းသင့်ပါသည်။ အကြောင်းမှာ ဦးနှောက်ကျန်းမာရေးနှင့် ဆက်စပ်နေသည့် အချက်အလက်များစွာကို စောစီးစွာ ထိန်းသိမ်း ပြုပြင်နိုင်သောကြောင့် ဖြစ်ပါသည်။
အယ်လ်ဇိုင်းမားရောဂါသည် မှတ်ဉာဏ်၊ အတွေးအခေါ်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းတို့ကို ထိခိုက်စေပြီး ရောဂါ တိုးတက်ရင့်မာလာသည်နှင့်အမျှ ရောဂါလက္ခဏာများသည် တဖြည်းဖြည်း ပြောင်းလဲလာလေ့ရှိပါသည်။
မကြာခဏ မေးလေ့ရှိသော မေးခွန်းများ ( FAQs)
အယ်လ်ဇိုင်းမားရောဂါ၏ စောစီးစွာ ဖြစ်ပေါ်သော လက္ခဏာများမှာ မည်သည်တို့နည်း။
အဖြစ်များသော စောစီးစွာ ဖြစ်ပေါ်သည့် လက္ခဏာတစ်ခုမှာ လတ်တလော ဖြစ်ပျက်ခဲ့သည်များကို မေ့လျော့ခြင်း (ဥပမာ – ခုတင် ဖြစ်ပျက်ခဲ့သည့် အရာတစ်ခုကို မေ့သွားခြင်း၊ မေးခွန်းတစ်ခုတည်းကိုပင် ထပ်ခါတလဲလဲ မေးမြန်းခြင်း သို့မဟုတ် အချက်အလက်သစ်များကို မှတ်မိရန် ခက်ခဲခြင်း) ဖြစ်ပါသည်။ လူနာများသည် စီမံကိန်းချခြင်း၊ ဘာသာစကား အသုံးပြုမှု၊ ဆုံးဖြတ်ချက်ချခြင်း သို့မဟုတ် အချိန်နှင့် နေရာဒေသဆိုင်ရာ ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့တွင်လည်း ပြဿနာများကို စတင် ခံစားရနိုင်ပါသည်။ အဆိုပါ ပြောင်းလဲမှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး နေ့စဉ်လူမှုဘဝကို စတင်နှောင့်ယှက်လာပါက ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ခံယူရန် အကြံပြုအပ်ပါသည်။
အယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသလား။
လက်ရှိတွင် အယ်လ်ဇိုင်းမားရောဂါကို လုံးဝဥဿုံ ပျောက်ကင်းအောင် ကုသနိုင်သည့် ကုသမှု မရှိသေးသော်လည်း ကုသမှုများသည် အခြေအနေကို သက်သာကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။
အယ်လ်ဇိုင်းမားရောဂါ နောက်ဆုံးအဆင့် (ပြင်းထန်သည့်အဆင့်) ၏ လက္ခဏာများမှာ မည်သည်တို့နည်း။
ပြင်းထန်သည့် အဆင့်တွင် လူနာများသည် ပုံမှန်အားဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် အကူအညီ ပိုမိုလိုအပ်လာပါသည်။ ပြောဆိုဆက်ဆံနိုင်စွမ်းနှင့် သွားလာလှုပ်ရှားနိုင်စွမ်းတို့ ကျဆင်းသွားနိုင်ပြီး အစားအစာ စားသုံးခြင်းနှင့် မျိုချခြင်းတို့တွင်လည်း ခက်ခဲမှုများ ကြုံတွေ့ရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြုစုစောင့်ရှောက်မှုသည် အဓိကအားဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သက်တောင့်သက်သာ ရှိရေးနှင့် လူနေမှုဘဝ အရည်အသွေးတို့အပေါ် အဓိကထား ဆောင်ရွက်ရပါသည်။
အယ်လ်ဇိုင်းမားရောဂါကို မည်သို့ ကုသပါသနည်း။
ကုသမှုသည် လူနာ၏ ရောဂါလက္ခဏာနှင့် ရောဂါအဆင့်ပေါ်၌ မူတည်ပါသည်။ အထူးသဖြင့် စတင်ဖြစ်ပေါ်ချိန် အဆင့်များတွင် ရောဂါအခြေအနေကို သက်သာကောင်းမွန်စေနိုင်သည့် ကုသမှု နည်းလမ်းများ လက်ရှိတွင် ပေါ်ပေါက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပုံမှန်မဟုတ်သည့် လက္ခဏာများကို စောစီးစွာ သိရှိပြီး သင့်တော်သည့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုကို ခံယူခြင်းသည် ကုသမှုနှင့် ပြုစုစောင့်ရှောက်မှု အစီအစဉ်များကို ပိုမိုစောစီးစွာ စတင်နိုင်စေပြီး လူနာ၏ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူနေမှုဘဝ အရည်အသွေးတို့ကို အထောက်အကူပြုစေပါသည်။
ဘဝ၏ နောက်ဆုံးအချိန်အပိုင်းအခြားနီးကပ်ချိန် အယ်လ်ဇိုင်းမားရောဂါ၏ လက္ခဏာများမှာ မည်သည်တို့နည်း။
ရောဂါ၏ နောက်ဆုံးအဆင့်များတွင် လူနာများသည် ပြောဆိုဆက်ဆံနိုင်စွမ်းနှင့် သွားလာလှုပ်ရှားနိုင်စွမ်းတို့ ကန့်သတ်ချက် ရှိလာပြီး မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်း လုံးဝမရှိတော့သည်အထိ ဖြစ်လာနိုင်ပါသည်။ အစားအစာ စားသုံးခြင်း သို့မဟုတ် မျိုချခြင်းတို့တွင်လည်း ခက်ခဲမှုများ ကြုံတွေ့ရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘဝ၏ နောက်ဆုံးအဆင့်တွင် လူနာ၏ ဘေးအန္တရာယ် ကင်းရှင်းရေး၊ သက်တောင့်သက်သာ ရှိရေးနှင့် လူနေမှုဘဝ အရည်အသွေးတို့ကို ထိန်းသိမ်းပေးနိုင်ရန် အနီးကပ် ပြုစုစောင့်ရှောက်မှု လိုအပ်ပါသည်။
Medically Reviewed by
DR. VONGKANOK KOWATANAMONGKON
Neurology
Medical Neurology - Stroke and Vascular
Readers’ Rating
0.0 out of 5 stars (based on 0 reviews)