အာခီလီးစ် အရွတ် ပြတ်တောက်ခြင်း

အခြုံငုံသုံးသပ်ချက် (Overview)
အက်ခိလီးစ် အရွတ် (Achilles tendon) သည် ခြေသလုံးမှ
ခြေဖနောင့်ရိုးနှင့် ဆက်သွယ်ထားသော ကြွက်သား၏ ကြမ်းတမ်းပြီး အမျှင်ဓာတ်ပါဝင်သည့် ဆက်သွယ်မှုတစ်သျှူးများဖြစ်သည်။ ၎င်းသည် ခြေကို အောက်သို့ ကန်ချခြင်း၊ ခြေချောင်းများကို အသုံးပြု၍ ခန္ဓာကိုယ်ကို မြှောက်တင်ခြင်းနှင့် လမ်းလျှောက်သည့်အခါ ခြေကို ဆွဲတင်ခြင်းတို့ကဲ့သို့ ခြေထောက်၏ လှုပ်ရှားမှုအများစုအတွက် မရှိမဖြစ် လိုအပ်သည်။
အားကစား သို့မဟုတ် အခြားလှုပ်ရှားမှုများကြောင့် သင့်ခြေထောက် အောက်ပိုင်း၏ နောက်ဘက်ကို ထိခိုက်မိပါက အက်ခိလီးစ် အရွတ်သည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ ပြဲထွက်ခြင်း သို့မဟုတ် စုတ်ပြတ်သွားခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤအခြေအနေကို အက်ခိလီးစ် အရွတ် စုတ်ပြတ်ခြင်း (Achilles tendon rupture) ဟု ခေါ်သည်။
လက္ခဏာနှင့် ရောဂါလက္ခဏာများ (Signs & Symptoms)
အက်ခိလီးစ် အရွတ် စုတ်ပြတ်ခြင်းသည် ရောဂါလက္ခဏာ
မပြဘဲလည်း ရှိနိုင်သော်လည်း အောက်ပါ လက္ခဏာများသည် အများအားဖြင့် ဖြစ်ပွားနိုင်သည်
- ထိခိုက်မှု ဖြစ်ပွားစဉ်တွင် “ဖောက်ကနဲ” အသံ ကြားရခြင်း
- လမ်းလျှောက်သည့်အခါ ထိခိုက်မိသော ခြေထောက်ကို အောက်ဘက်သို့ ကွေးညွှတ်ရန် သို့မဟုတ် ကန်ထွက်ရန် မစွမ်းဆောင်နိုင်ခြင်း
- ခြေသလုံးကို တစ်စုံတစ်ဦးမှ ကန်လိုက်သလို ခံစားရခြင်း
- ခြေထောက် အောက်ပိုင်း၏ နောက်ဘက်တွင် အညိုအမည်း စွဲခြင်း
- ထိခိုက်မိသော ခြေထောက်ကို အသုံးပြု၍ ခြေချောင်းများဖြင့် မတ်တပ်ရပ်ရန် မစွမ်းဆောင်နိုင်ခြင်း
- ထိခိုက်မိသော ခြေဖနောင့်နေရာ၌ ရုတ်တရက် ပြင်းထန်သော နာကျင်မှုနှင့် ရောင်ရမ်းမှု ဖြစ်ပေါ်ခြင်း
သင့်ခြေဖနောင့် နေရာတွင် “ဖောက်ကနဲ” အသံကြားရပြီး
ထိခိုက်ဒဏ်ရာ ရပြီးနောက် လမ်းလျှောက်ရန် မစွမ်းနိုင်ပါက အားကစား ဆိုင်ရာ ဆေးပညာရှင် သို့မဟုတ် အရိုးအထူးကု ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ဖြစ်ပွားစေသော အကြောင်းရင်းများ (Causes)
ခြေထောက်နေရာတွင် ပြင်းထန်သော အားတစ်ခု
သက်ရောက်ခြင်းက အက်ခိလီးစ် အရွတ်ကို စုတ်ပြတ်သွားစေနိုင်သည်။ ဤနေရာသည် သွေးထောက်ပံ့မှု သိပ်မရှိသောကြောင့် ပြန်လည်ကောင်းမွန်လာသည့် လုပ်ငန်းစဉ်သည် နှေးကွေးတတ်သည်။ အက်ခိလီးစ် အရွတ် စုတ်ပြတ်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းများမှာ-
- အမြင့်မှ ပြုတ်ကျခြင်း
- ခုန်ပေါက်မှုများစွာ ပါဝင်သည့် အစွန်းရောက် အားကစားများ
- အလွတ်ကျသွားသည့် လှုပ်ရှားမှုများ (ဥပမာ- တွင်းထဲသို့ နင်းမိခြင်း)
ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများ (Risk factors)
အက်ခိလီးစ် အရွတ် စုတ်ပြတ်ခြင်းကို ဖြစ်ပေါ်စေသော ဘုံဖြစ်ပွားနိုင်ခြေရှိသည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်
- ကျား/မ။ အမျိုးသားများသည် အမျိုးသမီးများထက် အက်ခိလီးစ် အရွတ် စုတ်ပြတ်ရန် ပိုမို အလားအလာရှိသည်။
- အသက်။ အသက် ၃၀ မှ ၄၀ အတွင်း လူပုဂ္ဂိုလ်များတွင် ပိုမို အဖြစ်များသည်။
- အဝလွန်ခြင်း။ ကိုယ်အလေးချိန် လွန်ကဲသူများသည် အရွတ်ပေါ်တွင် ဝန်ပိုတင်သည်။
- အားကစား။ ဘောလုံး၊ တင်းနစ်၊ ဘတ်စကက်ဘော၊ အမေရိကန် ဘောလုံး နှင့် စကွက်ရှ် ကစားခြင်းကဲ့သို့ ပြေးခြင်း၊ ခုန်ခြင်း၊ လည်ထွက်ခြင်း၊ ရုတ်တရက် လှုပ်ရှားမှု ပြောင်းလဲခြင်းတို့ ပါဝင်သည့် ကစားနည်းများ။
- ဆေးဝါးအချို့ သုံးစွဲခြင်း။ နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချရန် အသုံးပြုသော စတီးရွိုက် (Steroid) ထိုးဆေးများသည် အရွတ်များ၏ ခွန်အားကို လျော့ကျစေပြီး စုတ်ပြတ်ခြင်းကို ဦးတည်စေနိုင်သည်။ ဖလူရိုကွီနိုလုံး (Fluoroquinolones) (ဥပမာ- ciprofloxacin နှင့် levofloxacin) ကဲ့သို့သော ပဋိဇီဝဆေး အချို့သည်လည်း အက်ခိလီးစ် အရွတ် စုတ်ပြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ရောဂါရှာဖွေခြင်း
ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု (physical examination)
ပြုလုပ်၍ အရွတ်တွင် ဟာနေခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင်တတ်ခြင်း စသည်တို့ကို စစ်ဆေးမည်ဖြစ်ပြီး ၎င်းတို့သည် အက်ခိလီးစ် အရွတ် စုတ်ပြတ်ခြင်း၏ လက္ခဏာများ ဖြစ်နိုင်သည်။ သင့်ကို အာရုံကြော တုံ့ပြန်မှု (reflexes) ရှိ/မရှိ စစ်ဆေးရန်အတွက် အချို့သော လှုပ်ရှားမှုနှင့် ကိုယ်နေဟန်ထားများအတိုင်း လှုပ်ရှားခိုင်းမည်ဖြစ်သည်။
အရွတ်သည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ စုတ်ပြဲသွားခြင်း ရှိ/မရှိ ကြည့်ရှုရန်အတွက် အာထရာဆောင်း (ultrasound) သို့မဟုတ် သံလိုက်ပဲ့တင်ရိုက်ခတ်မှုဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း (Magnetic Resonance Imaging – MRI) တို့ကိုလည်း ညွှန်ကြားနိုင်ပါသည်။
ကုသမှု (Treatment)
သက်ကြီးရွယ်အိုများသည် အများအားဖြင့်
ခွဲစိတ်မှုမပါသော ကုသနည်းကို နှစ်သက်ကြသည်။ ငယ်ရွယ်သူများ၊ ကိုယ်လက်လှုပ်ရှားမှု ပိုမိုလုပ်ဆောင်သူများနှင့် ပိုမိုပြင်းထန်သော ဒဏ်ရာရရှိသူများတွင်မူ ကုသမှုနည်းလမ်းသည် ခွဲစိတ်ကုသမှုဘက်သို့ ဦးတည်လေ့ရှိသည်။
ခွဲစိတ်မှုမပါသော နည်းလမ်း (Nonsurgical Approach)
အောက်ပါ နည်းစနစ်များသည် အထောက်အကူပြုနိုင်သည်
- ထိခိုက်မိသော ခြေထောက် အောက်ပိုင်း၏ နောက်ဘက် နေရာကို ရက်သတ္တပတ် အနည်းငယ်ကြာ အနားပေးခြင်း
- ရောင်ရမ်းမှု လျော့ကျစေရန် ခြေထောက်ကို မြှင့်ထားခြင်း
- ရေခဲဖိကပ်ခြင်း
- ဆိုင်မှ ဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်း
- အရွတ်ကို အနားပေးရန်အတွက် ကြိမ်လုံး၊ ခြေဖနောင့်ကို အောက်စိုက်ထားသည့် လမ်းလျှောက်ဘွတ်ဖိနပ် (heeled walking boot) သို့မဟုတ် ပတ်တီး (cast) ကဲ့သို့သော လမ်းလျှောက် အကူပစ္စည်းများ အသုံးပြုခြင်း
ခွဲစိတ်မှုမပါသော နည်းစနစ်များသည်
အထောက်အကူပြုနိုင်သော်လည်း အက်ခိလီးစ် အရွတ် စုတ်ပြတ်ခြင်းသည် ပြန်လည်ဖြစ်ပွားနိုင်ပြီး ပိုမိုကြာမြင့်သော ပြန်လည်ကောင်းမွန်ချိန် လိုအပ်နိုင်သည်။
ခွဲစိတ်ကုသခြင်း (Surgery)
အနည်းဆုံး ထိုးဖောက်ခွဲစိတ်မှု (Minimally invasive surgery)
ကို ပြုလုပ်နိုင်သည်။ ခွဲစိတ်မှု နည်းလမ်းတွင် အရွတ်များကို ဝင်ရောက်၍ ပြုပြင်ရန်အတွက် ခြေထောက် အောက်ပိုင်း၏ နောက်ဘက်တွင် သေးငယ်သော ခွဲကြောင်းတစ်ခု ပြုလုပ်ခြင်း ပါဝင်သည်။
ပြန်လည်ထူထောင်ရေး (Rehabilitation)
ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Physical therapy)
ကို ပြုလုပ်နိုင်သည်။ ၎င်းသည် လေးလမှ ခြောက်လအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သော်လည်း အချို့အခြေအနေများတွင် ရောဂါလက္ခဏာနှင့် နာကျင်မှုသည် တစ်နှစ်အထိ ကြာမြင့်နိုင်သည်။ လုပ်ဆောင်မှုဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Functional physical therapy) သည် ပုံမှန် လှုပ်ရှားမှုများကို ပြန်လည်ရရှိစေရန် ခန္ဓာကိုယ်၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လှုပ်ရှားမှုကို လေ့ကျင့်ပေးသော ပြန်လည်ထူထောင်ရေး အမျိုးအစားတစ်ခု ဖြစ်သည်။
