ပေါင်ရှေ့ကြွက်သားအရွတ်ပြဲခြင်း
ခြုံငုံသုံးသပ်ချက်
အရွတ်များသည် ကြွက်သားများနှင့် အရိုးများကို
ဆက်သွယ်ပေးထားသော အားကောင်းသည့် တစ်ရှူးများဖြစ်သည်၊၊ ဒူးကွေးထားရာမှ ပြန်ဆန့်ထုတ်ရာတွင် အရေးပါဆုံးသော အရွတ်မှာ ပေါင်ရှေ့ကြွက်သားအရွတ် ဖြစ်သည်၊၊ ဤအရွတ်တွင် အနည်းငယ် ပြဲသွားရုံမျှဖြင့် လမ်းလျှောက်ရန် သို့မဟုတ် လှုပ်ရှားမှုများပြုလုပ်ရန် ခက်ခဲနိုင်သည်၊၊ ပေါင်ရှေ့ကြွက်သားအရွတ် လုံးဝပြတ်သွားပါက မသန်မစွမ်း ဖြစ်သွားနိုင်သော ပြင်းထန်သည့် ဒဏ်ရာဖြစ်သည်၊၊ ခွဲစိတ်ကုသမှု ခံယူရန် အမြဲလိုလို လိုအပ်တတ်ပြီး ဒူးခေါင်းပုံမှန်ပြန်လည် လှုပ်ရှားနိုင်စေရန် ကာယလေ့ကျင့်ခန်း ကုထုံးများလည်း လိုအပ်ပါသည်၊၊ ပေါင်ရှေ့ကြွက်သားအရွတ် ပြဲခြင်း သို့မဟုတ် ပြတ်ခြင်းသည် အဖြစ်နည်းပါသည်၊၊ ခုန်ခြင်း သို့မဟုတ် အပြေးအားကစား ပြုလုပ်သော သက်လတ်ပိုင်း အားကစားသမားများတွင် အဖြစ်များပါသည်၊၊
ပေါင်ရှေ့ကြွက်သားအရွတ် ဒဏ်ရာအမျိုးအစားများ
တစ်စိတ်တစ်ပိုင်းအရွတ်ပြဲခြင်းနှင့် အရွတ်လုံးဝပြတ်ခြင်းဟူ၍ နှစ်မျိုးရှိပါသည်၊၊
တစ်စိတ်တစ်ပိုင်း အရွတ်ပြဲခြင်း– အရွတ်သည် လုံးဝပြတ်တောက်သွားခြင်း မဟုတ်ဘဲ အနည်းငယ်စုတ်ပြဲသွားခြင်း ဖြစ်သည်၊၊ ကြိုးတစ်ချောင်းကို ဆွဲဆန့်လိုက်သောအခါ အမျှင်အချို့ ပြတ်ထွက်သွားသော်လည်း ကြိုးတစ်ချောင်းလုံး မပြတ်သေးသည့် အခြေအနေမျိုးနှင့် တူသည်၊၊
အရွတ်လုံးဝပြတ်ခြင်း– အရွတ်သည် အရိုးမှ လုံးဝကွာထွက်သွားခြင်း သို့မဟုတ် တစ်ရှူးများ နှစ်ပိုင်းကွဲသွားသည်အထိ ပြတ်တောက်သွားခြင်း ဖြစ်သည်၊၊ အရွတ်လုံးဝပြတ်သွားသောအခါ ပေါင်ရှေ့ကြွက်သားသည် ဒူးခေါင်းအရိုးနှင့် ချိတ်ဆက်မှု မရှိတော့ပါ၊၊ ထိုသို့ ချိတ်ဆက်မှု မရှိတော့သဖြင့် ပေါင်ကြွက်သားညှစ်လိုက်သော်လည်း ဒူးကို ဆန့်ထုတ်၍ မရနိုင်တော့ပါ၊၊ လူနာများသည် ဒူးခေါင်းအထက်နားကို စမ်းသပ်ကြည့်ပါက ချိုင့်ခွက် သို့မဟုတ် ဟနေသည်ကို တွေ့ရှိနိုင်ပြီး ပြင်းထန်စွာ ရောင်ရမ်းခြင်းနှင့် သွေးခြေဥခြင်းများလည်း ဖြစ်နိုင်ပါသည်၊၊
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ထိခိုက်ဒဏ်ရာရခြင်း
ခြေထောက်ကို မြေကြီးပေါ်ထောက်ပြီး ဒူးအနည်းငယ်ကွေးနေသည့် အခြေအနေတွင် ခြေထောက်ပေါ်သို့ အားသက်ရောက်မှု ကြီးမားသွားပါက အရွတ်ပြတ်လေ့ရှိသည်၊၊ ဥပမာအားဖြင့် ဘတ်စကက်ဘော ကစားစဉ် ခုန်လိုက်ပြီး ပြန်အကျတွင် အနေအထားမမှန်ခြင်းမျိုး ဖြစ်သည်၊၊ ထိုသို့ ပြန်ကျချိန်တွင် သက်ရောက်အား များလွန်းသောကြောင့် အရွတ်ပြတ်သွားခြင်း ဖြစ်သည်၊၊ ချော်လဲခြင်း ဒူးခေါင်းအရှေ့ဘက်ကို တိုက်ရိုက်ထိခိုက်ခြင်းနှင့် ပြတ်ရှဒဏ်ရာများကြောင့်လည်း အရွတ်ပြတ်နိုင်သည်၊၊
အရွတ်အားနည်းခြင်း
အရွတ်အားနည်းနေပါက ပိုမိုလွယ်ကူစွာ
ပြတ်တောက်နိုင်သည်၊၊ အောက်ပါအချက်များကြောင့် အရွတ်အားနည်းခြင်း ဖြစ်ပေါ်နိုင်ပါသည်၊၊
အရွတ်ရောင်ရမ်းခြင်း – ပေါင်ရှေ့ကြွက်သားအရွတ် ရောင်ရမ်းပါက အရွတ်ကို အားနည်းစေပြီး အသေးစား စုတ်ပြဲခြင်းများ ဖြစ်စေနိုင်သည်၊၊ အပြေးသမားများနှင့် အခုန်လှုပ်ရှားရသော အားကစားသမားများသည် ပုံမှန်လူများထက် အရွတ်ရောင်ရမ်းခြင်း ပိုဖြစ်နိုင်သည်၊၊
နာတာရှည်ရောဂါများ – သွေးလည်ပတ်မှုကို ထိခိုက်စေသော ရောဂါများသည်လည်း အရွတ်ကို အားနည်းစေနိုင်သည်၊၊ အရွတ်ကို အားနည်းစေနိုင်သော နာတာရှည်ရောဂါများမှာ –
- နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း သို့မဟုတ် ကျောက်ကပ်ဆေးနေရခြင်း
- ဂေါက်ရောဂါ
- အဆစ်အမြစ်ရောင်ရောဂါ
- ပိုးဝင်ခြင်း
- သွေးကင်ဆာ
- ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာရောဂါများ
- ဆီးချိုရောဂါ
- ပါရာသိုင်းရွိုက်ဟော်မုန်းများခြင်းနှင့်
- အက်စ်အယ်လ်အီး ရောဂါတို့ ဖြစ်ကြသည်၊၊
စတီးရွိုက်ဆေးသုံးစွဲခြင်း
ကော်တီကိုစတီးရွိုက်ဆေးများ သုံးစွဲခြင်းသည် ကြွက်သားနှင့် အရွတ်များကို အားနည်းစေသည်၊၊
ဖလိုရိုကွီနိုလုံး ပိုးသတ်ဆေးများ ဤပိုးသတ်ဆေးအမျိုးအစားသည် ပေါင်ရှေ့ကြွက်သားအရွတ်ပြတ်ခြင်းနှင့် ဆက်စပ်မှုရှိသည်၊၊
လှုပ်ရှားမှုမရှိဘဲနေခြင်း အချိန်ကြာမြင့်စွာ လမ်းမလျှောက်ဘဲ နေပါက ဒူးကို ထောက်ပံ့ပေးထားသော ကြွက်သားများနှင့် အရွတ်များ၏ သန်မာမှုနှင့် ပျော့ပျောင်းမှု လျော့ကျသွားတတ်သည်၊၊
ရောဂါလက္ခဏာများ
အရွတ်ပြတ်သွားချိန်တွင် ဆွဲဆုတ်သွားသကဲ့သို့
သို့မဟုတ် ဖောက်ခနဲ မြည်သံကဲ့သို့ ခံစားရတတ်သည်၊၊ ထို့နောက် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာပြီး ဒူးကို ဆန့်ထုတ်၍ မရတော့ခြင်းများ ဖြစ်တတ်သည်၊၊ အခြားလက္ခဏာများမှာ
- သွေးခြေဥခြင်း
- ကြွက်တက်ခြင်း
- ထိကိုင်ပါက နာကျင်ခြင်း
- ဒူးခေါင်းအထက်တွင် အရွတ်ပြတ်သွားသော နေရာ၌ ချိုင့်ခွက်ဖြစ်နေခြင်း
- ဒူးခေါင်း မခိုင်တော့သဖြင့် လမ်းလျှောက်ရန် ခက်ခဲခြင်း
- အရွတ်ပြတ်သွားပါက ဒူးခုံ သည် အောက်သို့ လျှောကျ သို့မဟုတ် တွဲကျသွားတတ်ပါသည်၊၊
**
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း
ဆရာဝန်က လူနာ၏ ကျန်းမာရေးအခြေအနေနှင့်
လက်ရှိခံစားနေရသော လက္ခဏာများကို မေးမြန်းဆွေးနွေးပါလိမ့်မည်၊၊ လူနာ၏ ရောဂါရာဇဝင်များကိုလည်း မေးမြန်းပါလိမ့်မည်၊၊ ယခင်က ပေါင်ရှေ့ကြွက်သား သို့မဟုတ် ဒူးအရွတ်ဒဏ်ရာရဖူးခြင်း ပေါင်ရှေ့ကြွက်သားအရွတ်ရောင်ဖူးခြင်း သို့မဟုတ် ဒဏ်ရာရနိုင်ခြေများစေသော အခြားကျန်းမာရေးပြဿနာများ ရှိမရှိ ပြောပြရန် လိုအပ်ပါသည်၊၊
ရောဂါလက္ခဏာများနှင့် ရာဇဝင်ကို မေးမြန်းပြီးနောက် ဆရာဝန်က ဒူးကို သေချာစွာ စမ်းသပ်စစ်ဆေးပါလိမ့်မည်၊၊ ပြဿနာ၏ အကြောင်းရင်းအတိအကျကို သိရှိနိုင်ရန် ဒူးကို မည်မျှ ဆန့်ထုတ်နိုင်သည် သို့မဟုတ် ဖြောင့်တန်းအောင် လုပ်နိုင်သည်ကို စစ်ဆေးပါလိမ့်မည်၊၊ ဤစစ်ဆေးမှုသည် နာကျင်နိုင်သော်လည်း ပေါင်ရှေ့ကြွက်သားအရွတ်ပြတ်ခြင်း ရှိမရှိ သိရှိနိုင်ရန် အရေးကြီးပါသည်၊၊
ပုံရိပ်ဖော်စစ်ဆေးခြင်းများ
ဆရာဝန်သည် ရောဂါအဖြေရှာရာတွင် အထောက်အကူဖြစ်စေရန်
ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်ရန် ညွှန်ကြားနိုင်ပါသည်၊၊
ဓာတ်မှန်ရိုက်ခြင်း ပေါင်ရှေ့ကြွက်သားအရွတ် ပြတ်သွားပါက ဒူးခုံအရိုးသည် နေရာရွေ့သွားတတ်သည်၊၊ ဒူးကို ဘေးတိုက် ဓာတ်မှန်ရိုက်ကြည့်ပါက ၎င်းကို ထင်ရှားစွာ မြင်ရတတ်သည်၊၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် အရွတ်လုံးဝပြတ်သွားခြင်းကို သိရှိနိုင်ပါသည်၊၊
သံလိုက်ဓာတ်မှန်ရိုက်ခြင်း သံလိုက်ဓာတ်မှန်သည် ပေါင်ရှေ့ကြွက်သားအရွတ်ကဲ့သို့သော တစ်ရှူးများကို ရိုးရိုးဓာတ်မှန်ထက် ပိုမိုပြတ်သားစွာ မြင်ရစေသည်၊၊ အရွတ်မည်မျှပြတ်သွားသည်နှင့် ပြတ်သွားသောနေရာကို သိရှိနိုင်သည်၊၊ တူညီသောလက္ခဏာပြသည့် အခြားဒဏ်ရာများနှင့် ခွဲခြားရန် သို့မဟုတ် အရွတ်အနည်းငယ်ပြဲခြင်းနှင့် လုံးဝပြတ်ခြင်းကို ခွဲခြားရန် တစ်ခါတစ်ရံ သံလိုက်ဓာတ်မှန်ရိုက်ရန် လိုအပ်တတ်သည်၊၊
ကုသခြင်း
ကုသမှုပုံစံကို ဆုံးဖြတ်ရာတွင် ဆရာဝန်သည် လူနာ၏
အသက်၊ လှုပ်ရှားမှုပမာဏနှင့် အရွတ်ပြတ်သည့် အမျိုးအစားနှင့် ပမာဏတို့ကို ထည့်သွင်းစဉ်းစားပါလိမ့်မည်၊၊
ခွဲစိတ်ရန်မလိုသော ကုသမှုများ
အများဆုံး အသုံးပြုသော နည်းလမ်းများမှာ
အထောက်အကူပြု ကိရိယာဝတ်ဆင်ခြင်းနှင့် ကာယလေ့ကျင့်ခန်းကုထုံး ပြုလုပ်ခြင်းတို့ ဖြစ်သည်၊၊ အသေးစားနှင့် တစ်စိတ်တစ်ပိုင်း အရွတ်ပြဲခြင်း အများစုသည် ခွဲစိတ်စရာမလိုဘဲ သက်သာပျောက်ကင်းနိုင်ပါသည်၊၊
ငြိမ်အောင်ထားရှိခြင်း ဆရာဝန်သည် ဒူးထိန်းကိရိယာ သို့မဟုတ် ကျောက်ပတ်တီးစည်းရန် ညွှန်ကြားနိုင်ပါသည်၊၊ ဒူးကို ဖြောင့်တန်းစေခြင်းဖြင့် အနာကျက်စေပါသည်၊၊ ဒဏ်ရာရသော ခြေထောက်ပေါ်သို့ ကိုယ်အလေးချိန် အားမပြုမိစေရန် ချိုင်းထောက်သုံးရန် လိုအပ်ပါသည်၊၊ ဒူးထိန်းကိရိယာ သို့မဟုတ် ကျောက်ပတ်တီးကို သုံးပတ်မှ ခြောက်ပတ်အထိ ဝတ်ဆင်ရနိုင်ပါသည်၊၊
ကာယလေ့ကျင့်ခန်းကုထုံး နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာသွားပါက လေ့ကျင့်ခန်း စတင်လုပ်ဆောင်နိုင်သည်၊၊ သက်ဆိုင်သည့် သီးသန့်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ခြေထောက်သန်မာမှုနှင့် လှုပ်ရှားနိုင်မှုကို ပြန်လည်ရရှိစေသည်၊၊ ပေါင်ရှေ့ကြွက်သား သန်မာစေသော ခြေထောက်ဆန့်ထုတ်သည့် လေ့ကျင့်ခန်းများကို အဓိကထား လုပ်ဆောင်လေ့ရှိသည်၊၊
အချိန်ကြာလာသည်နှင့်အမျှ ဒူးထိန်းကိရိယာကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်လာကာ လှုပ်ရှားမှုပမာဏလည်း ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်၊၊ အားကစားနှင့် အခြားလှုပ်ရှားမှုများ ဘေးကင်းစွာ ပြန်လည်လုပ်ဆောင်နိုင်မည့်အချိန်ကို ဆရာဝန်က ဆွေးနွေးပြောပြပါလိမ့်မည်၊၊
ခွဲစိတ်ကုသခြင်း အကယ်၍ အရွတ်အများအပြားပြဲခြင်း သို့မဟုတ် အရွတ်ပျက်စီးခြင်းကြောင့် ပြဲခြင်းဖြစ်ပါက ပြတ်သွားသောအရွတ်ကို ပြန်ဆက်ရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်၊၊ ဒဏ်ရာရပြီး မကြာမီ ခွဲစိတ်ကုသမှု ခံယူသူများသည် ပိုမိုကောင်းမွန်တတ်သည်၊၊ စောစီးစွာ ကုသခြင်းဖြင့် အရွတ်များ အမာရွတ်ဖြစ်ပြီး တင်းကြပ်ကာ တိုသွားခြင်းမှ ကာကွယ်နိုင်သည်၊၊
အခြားခွဲစိတ်နည်းလမ်း ခွဲစိတ်ဆရာဝန်များသည် အရွတ်ကို အရိုးနှင့် တွဲဆက်ရန် ချုပ်ကြိုးကို အသုံးပြုသည့် နည်းလမ်းကိုလည်း သုံးနိုင်သည်၊၊ ဤနည်းလမ်းတွင် သတ္တုဖြင့်ပြုလုပ်ထားသော သေးငယ်သည့် ချုပ်ကြိုးများကို အသုံးပြုပြီး အရွတ်ကို အရိုးတွင် တွဲဆက်ခြင်းဖြစ်သည်၊၊ ဤသို့ပြုလုပ်ခြင်းဖြင့် ခွဲစိတ်ဆရာဝန်သည် ဒူးခေါင်းအရိုးတွင် အပေါက်ဖောက်စရာ မလိုတော့ပါ၊၊
