အရေပြား တီဆဲလ် လင်ဖိုးမား
အရေပြား တီဆဲလ် လင်ဖိုးမား (Cutaneous T-cell Lymphoma)
အရေပြား တီဆဲလ် လင်ဖိုးမား သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကူညီပေးသည့် သွေးဖြူဥ T-lymphocytes များမှ စတင်ဖြစ်ပွားလေ့ရှိသော ကင်ဆာအမျိုးအစား ဖြစ်သည်။ ၎င်းကို နွန်ဟော့ဂျ်ကင် လင်ဖိုးမား (non-Hodgkin’s lymphoma) ဟုလည်း ခေါ်ဆိုသည်။
ပုံမှန်မဟုတ်သော တီဆဲလ်များသည် အရေပြားကို အဓိက တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားရပြီး အနီရောင် အကွက်များ၊ စကေးကဲ့သို့ အဖတ်ကွာသော အကွက်ဝိုင်းများ သို့မဟုတ် အကျိတ်များ ဖြစ်ပေါ်စေသည်။ ရောဂါကြီးထွားမှုမှာ အများအားဖြင့် ဖြေးညှင်းသည်။
အဓိက အမျိုးအစားခွဲများမှာ –
- Mycosis fungoides: အရေပြား တီဆဲလ် လင်ဖိုးမား တွင် အတွေ့ရများဆုံး အမျိုးအစား ဖြစ်သည်။ အရေပြားတွင်သာ ဖြစ်ပွားပြီး ဖြေးညှင်းစွာ တိုးတက်လာသည်။
- Sézary syndrome: အရေပြားနှင့် သွေးကြောထဲတွင် ဖြစ်ပွားသည်။
- CD30-positive lymphoproliferative disorders: အရေပြား တီဆဲလ် လင်ဖိုးမား အချို့မှာ လျင်မြန်စွာ ပျံ့နှံ့နိုင်စွမ်း ရှိသည်။
လက္ခဏာများ
- ယားယံပြီး အဖတ်ကွာသော သို့မဟုတ် ကြွတက်နေသော အရေပြား အကွက်ဝိုင်းများ
- ခန္ဓာကိုယ်အနှံ့ အလွန်ယားယံသော အနီကွက်များ ဖြစ်ခြင်း
- အရေပြားတွင် အဖုအကျိတ်များ ထွက်ခြင်း
- ဘေးပတ်ဝန်းကျင် အရေပြားနှင့် အရောင်မတူသော အကွက်များ ဖြစ်ခြင်း
- ပြန်ရည်ကျိတ်များ ကြီးခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- လက်ဝါးနှင့် ခြေဝါးရှိ အရေပြားများ ထူလာခြင်း
- ဆံပင်ကျွတ်ခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ အရေပြား တီဆဲလ် လင်ဖိုးမား ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရှိသေးပါ။ ကင်ဆာသည် ဆဲလ်များ၏ ဒီအန်အေ (DNA) ပြောင်းလဲဖောက်ပြန်မှုကြောင့် စတင်လေ့ရှိသည်။ ဒီအန်အေ ပြောင်းလဲမှုများသည် ဆဲလ်များကို လျင်မြန်စွာ ကြီးထွားပွားများစေပြီး ပုံမှန်မဟုတ်သော ဆဲလ်အမြောက်အမြားကို ထုတ်လုပ်ပေးသည်။
အဆိုပါ ဖောက်ပြန်မှုများကြောင့် အရေပြားကို တိုက်ခိုက်သည့် ပုံမှန်မဟုတ်သော တီဆဲလ်များ ပိုမိုများပြားလာသည်။ တီဆဲလ်များသည် ပုံမှန်အားဖြင့် ရောဂါကူးစက်မှုကို တိုက်ဖျက်ပေးသည့် ခုခံအားစနစ်တွင် ပါဝင်သော်လည်း ယင်းဆဲလ်များ အရေပြားကို အဘယ်ကြောင့် တိုက်ခိုက်ရသည်ကို ဆရာဝန်များ အနေဖြင့် တိကျစွာ မသိရှိသေးပါ။
ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
- ခန္ဓာကိုယ် စစ်ဆေးခြင်း: စပါးရှယ်လစ် ဆရာဝန်မှ အရေပြားကို သေချာစွာ စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်သည်။ အဖုအကျိတ်များ၊ အဖတ်ကွာသော အကွက်များကို ကြည့်ရှုစစ်ဆေးမည် ဖြစ်ပြီး အခြားအင်္ဂါများနှင့် ပြန်ရည်ကျိတ်များကိုလည်း စစ်ဆေးမည် ဖြစ်သည်။
- သွေးစစ်ခြင်း: သွေးဆဲလ် အရေအတွက်၊ အီလက်ထရိုလတ် (electrolytes)၊ ကျောက်ကပ်နှင့် အသည်း လုပ်ဆောင်ချက်များကို စစ်ဆေးမည် ဖြစ်သည်။ ထို့အပြင် သွေးထဲတွင် လင်ဖိုးမား ဆဲလ်များ ပါဝင်မှု ရှိမရှိနှင့် မည်မျှရှိသည်ကို တိကျသော စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။
- အရေပြား အသားစယူ စစ်ဆေးခြင်း: ကင်ဆာဆဲလ်များ ပါဝင်မှု ရှိမရှိ စစ်ဆေးရန် အရေပြား အသားစယူ စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်သည်။ သေးငယ်သော အနာများအတွက် punch biopsy နည်းလမ်းကို အသုံးပြုပြီး ကြီးမားသော အနာများအတွက် excision biopsy နည်းလမ်းကို အသုံးပြုသည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ: ကင်ဆာ ပျံ့နှံ့မှုကို သိရှိနိုင်ရန် PET scan၊ CT scan နှင့် MRI တို့ကို ရိုက်ကူး စစ်ဆေးနိုင်ပါသည်။
- ရိုးတွင်းခြင်ဆီ အသားစယူ စစ်ဆေးခြင်း: အပ် သို့မဟုတ် သေးငယ်သော ခွဲစိတ်မှု ပြုလုပ်၍ အရေပြား အကျိတ် သို့မဟုတ် ပြန်ရည်ကျိတ်များမှ အသားစယူ စစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ အရေပြား အသားစယူခြင်းဖြင့် ရောဂါကို အတည်ပြုနိုင်မည် ဖြစ်ပြီး ပြန်ရည်ကျိတ်၊ ရိုးတွင်းခြင်ဆီနှင့် သွေးနမူနာများကို စစ်ဆေးခြင်းဖြင့် ရောဂါ၏ အဆင့် (stage) ကို သတ်မှတ်နိုင်မည် ဖြစ်သည်။
ကုသခြင်း အရေပြား တီဆဲလ် လင်ဖိုးမား အတွက် ကုသနည်းမျိုးစုံ ရှိပြီး ရောဂါအဆင့်နှင့် အခြေအနေပေါ် မူတည်၍ အောက်ပါ ကုသမှုများအနက် သင့်တော်သည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသနိုင်ပါသည်။
- ဓာတုဗေဒဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို ဖျက်ဆီးသည့် ဆေးဝါးများကို သောက်ဆေး၊ သွေးကြောဆေး သို့မဟုတ် အရေပြားပေါ် သုတ်လိမ်းသည့် ဆေးဂျယ်လ်၊ ခရမ်၊ လိုရှင် များအဖြစ် အသုံးပြုနိုင်သည်။
- အလင်းရောင်ဖြင့် ကုသခြင်း (Phototherapy): အရေပြားကို ခရမ်းလွန်ရောင်ခြည် ultraviolet B သို့မဟုတ် ultraviolet A အလင်းတန်းများနှင့် ထိတွေ့ ကုသသည့် နည်းလမ်း ဖြစ်သည်။ အလင်းရောင် ခံယူလွယ်စေသည့် ဆေးဝါးများ အသုံးပြုပြီးမှ အလင်းပေးကုသခြင်း (photodynamic therapy) ကိုလည်း ပြုလုပ်နိုင်သည်။ ကင်ဆာဆဲလ်များသည် ပုံမှန်ဆဲလ်များကဲ့သို့ လျှင်မြန်စွာ ပြန်လည်မကြီးထွားနိုင်ပါ။
- ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် စွမ်းအင်ရောင်ခြည်များကို အသုံးပြုသည်။ ကင်ဆာ ဖြစ်ပွားသည့်နေရာ သီးသန့်ရှိပါက သင့်တော်သည်။ နေရာအများအပြားတွင် ဖြစ်ပွားပါက အခြားအင်္ဂါများကို ထိခိုက်မှုမရှိဘဲ အရေပြားကိုသာ ပစ်မှတ်ထားသည့် အီလက်ထရွန် ရောင်ခြည်တန်း (electron beams) များကို အသုံးပြုနိုင်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း: ခုခံအားစနစ်ကို ထိန်းချုပ်ရန် စတီးရွိုက် (Steroid) ဆေးဝါးများနှင့် အင်တာဖယ်ရွန် (Interferon) တို့ကို အသုံးပြုနိုင်သည်။ ဓာတုဗေဒဆေးဝါးများသည် ကင်ဆာဆဲလ်များနှင့် လျှင်မြန်စွာ ပွားများနေသော ဆဲလ်များကို ဖျက်ဆီးပြီး ဦးတည်ကုသဆေးများ (Targeted therapy) ကို အသုံးပြု၍ သီးသန့် ကင်ဆာဆဲလ်များကို ပစ်မှတ်ထား ကုသနိုင်သည်။
- သွေးဆဲလ်များကို အလင်းရောင်နှင့် ထိတွေ့ ကုသခြင်း (Extracorporeal photopheresis): လူနာကို အလင်းရောင် ခံယူလွယ်စေသည့် ဆေးဝါး ပေးထားပြီးနောက် သွေးကို စက်မှတစ်ဆင့် စစ်ထုတ်ကာ ခရမ်းလွန်ရောင်ခြည် အလင်းနှင့် ထိတွေ့စေပြီးမှ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ထည့်သွင်းသည့် နည်းလမ်း ဖြစ်သည်။
- ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်း (Bone marrow transplant): စတမ်းဆဲလ် အစားထိုးခြင်း (Stem cell transplant) ဟုလည်း ခေါ်သည်။ ရောဂါရှိသော ရိုးတွင်းခြင်ဆီကို ကိုက်ညီမှုရှိသော အလှူရှင်ထံမှ ကျန်းမာသော ရိုးတွင်းခြင်ဆီဖြင့် အစားထိုးခြင်း ဖြစ်သည်။ ကုသစဉ်အတွင်း ဓာတုဗေဒဆေးများ ပေးမည်ဖြစ်ပြီး ထို့နောက် ကျန်းမာသော ရိုးတွင်းခြင်ဆီကို ခန္ဓာကိုယ်အတွင်းသို့ ထိုးနှံပေးခြင်းဖြင့် ရိုးတွင်းခြင်ဆီ ပြန်လည် ဖြစ်ပေါ်စေရန် ကူညီပေးသည်။
